ချန်ဂင်တို့စခန်း (၂၂၈)

“တူနှစ်ကိုယ် လျောင်းမွေ့ကြတာရယ်၊ ဆောင်းငွေ့ကကြွယ်ကြွယ်၊ လောင်းကလေးနဲ့ကွယ်။” တဲ့။ ဒီလောက်ချမ်းတဲ့အေးတဲ့အချိန်ကြီး ချောင်းထဲက လှေပေါ်မှာအိပ်ရင် သေရချည်ရဲ့ကွယ်။ မနက်ခင်းဆို ချောင်းရေက အငွေ့တွေပျံတက်ပြီး မြူတွေပိတ်နေတာ။ လူကလည်း ရေထိဖို့နေနေသာသာ မီးပုံနဲ့တောင် ခွါမရဘူး။ ဒီမှာတော့ ငါးဖမ်းတာ အဲ့လောက် အပင်ပန်းမခံကြပါဘူး။ ညဦးပိုင်း ချောင်းစပ်မှာ ဓါတ်မီးနဲ့ထိုးပြီး ကောက်ရိုက်လိုက်ရင် အိပ်ပျော်နေတဲ့ ငါးတွေ အကုန်မိတယ်။ အကောင်ရေများရင် ဘက်ထရီအိုးနဲ့ ရှော့တိုက်ဖမ်းကြတယ်။ အဲ့လိုမလုပ်ရဘူး ပြောပေမယ့် ခိုးလုပ်ကြတာပါပဲ။ ဘယ်သူစောင့်ကြည့်နိုင်တာလိုက်လို့။ ပိုဆိုးတာကတော့ ဟိုးအထက်ဘက်ထိတက်ပြီး ငါးမိုင်းခွဲကြတာပါ။ တခါတလေ မိုင်းက လက်ထဲမှာတင် ကွဲသွားလို့ ဖြတ်ပစ်ရတာတင် ၂ ယောက်ရှိသွားပြီ။ တစ်ခါတစ်ခါခွဲရင် ငါးတွေ ဘာလီပုံးနဲ့အပြည့်ရတယ်လေ။ သောင်းပြောင်းရောရာပေါ့။ ကြီးကြီးငယ်ငယ် အရွယ်အစားစားပဲ။ ငါးကလေးတွေက ချိုပေမယ့် ကိုယ်တို့သိပ်မစားဖြစ်ဘူး။ ခုတ်ရကိုင်ရ လက်ဝင်တယ်။ လူအများစာဆိုတော့ မပြီးနိုင်မစီးနိုင်။ ကြက်သား ဝက်သားလို တုံးတစ်ရေဆေးရုံနဲ့ ချက်မရဘူး။ အဲ့ဒါကြောင့် ငါးဝယ်ရင် အကောင်ကြီးကြီးဝယ်ပြီး ဆိုင်မှာ အကြေးထိုး ခုတ်ထစ်လာခဲ့တယ်။ ငါးမုတ်ဆိုရင် ကင်တယ်။ ငါးကြင်းဆိုရင် ကြော်တယ်။ မုန့်ဟင်းခါးချက်တယ်။ ချောင်းထဲက ငါးကလေးတွေ လာပေးရင်တော့ အမြီးဖြတ် ခေါင်းဖြတ်ပြီး ကြော်စားကြတယ်။

အင်းတော်ကြီးဘက်က လူနာတွေလာရင်တော့ အဆင်သင့် ကိုင်ပြီးသား ငါးတွေ ပုဇွန်တွေ ပါလာတတ်တယ်။ သူတို့ဆီက အရမ်းပေါတာကိုး။ မိုးတွင်းများဆို ကတ္တရာလမ်းပေါ် ရေကျော်လို့ ဖြတ်စီးရင် ငါးတွေငါးတွေဆိုတာ ဖြတ်ဖြတ်ကိုလူးနေတာပဲ။ ကားရပ်ပြီးကို စောင့်ကောက်တဲ့သူတွေရှိတယ်။ အဲ့ဒီငါးတွေက နေ့ကူးအောင် အထားမခံတော့ ဆေးကြောခုတ်ထစ် ဆားနယ်ပြီးမှ ယူလာကြတယ်။ နည်းနည်းငံတယ်။ ရခိုင်မုန့်တီချက်စားရင်တော့ အတော်ပဲ။ ပုဇွန်ဆိတ်သေးသေးလေးတွေလည်း လှော်ယူလာကြတော့ ငပိချက်ချက်စားကြတယ်။ ကချင်ပြည်နယ်မှာ ရခိုင်က ပင်လယ်စာတွေ မစားရဘူးလို့ ဘယ်သူပြောတုန်း။ ရွာမြီး ထမင်းဆိုင်က ရခိုင်သမချေဆီကို မြောက်ဦးက ရေခဲပုံးရောက်ရင် ကင်းမွန်၊ ရေဘဝဲ၊ ပုဇွန်ထုပ်၊ ကမာ၊ ငသလောက်၊ ငရွှေ၊ ငမန်းခြောက် စားလို့မကုန်အောင် ရတယ်။ ပိုက်ဆံတစ်ပြားမှ ပေးစရာ မလိုဘူး။

ကိုယ်တို့ဆေးရုံကို ကျွေးချင်မွေးချင်တဲ့သူတွေ မရှားပါဘူး။ လူတွေအများကြီး အားတက်သရော ဝိုင်းဝန်းလုပ်ကိုင်နေကြတာ ကိုယ်တွေ့မျက်မြင်ပဲဟာကို။ ခရစ္စမတ်လည်း ခရစ္စမတ်မို့၊ နယူးယားလည်း နယူးယားမို့၊ ဘာအထိမ်းအမှတ်မှ မရှိလည်း ကိုယ့်အထိမ်းအမှတ်နဲ့ကိုယ် အကျွေးအမွေးလေး လုပ်ပေးလိုက်ပါ ဆိုတဲ့သူတွေနဲ့။ ဟောဒီရွာ တစ်ရွာလုံး ကိုယ်တို့ဆေးရုံသာ လူတရုန်းရုန်းနဲ့ အစည်ကားဆုံးပါ။ ခွဲခန်းတစ်ခါဝင်ရင် လူ ၁၀ ယောက်ထက် မလျော့ဘူး။ တနေ့ ၃ ယောက်လောက် ခွဲရင် အဝတ်ခြင်းတောင်းတစ်ခုလုံး cap တွေ၊ mask တွေနဲ့ အပြည့်ပဲ။ တစ်ခါဝယ်ရင် ရာနဲ့ဝယ်လို့ မလောက်ဘူး။ ထောင်နဲ့ဝယ်ရတာ။ ခွဲခန်းထဲမှာ ပျင်းစရာမကောင်းတာတော့ သေချာတယ်လေ။ လူနာတွေက တစ်နေ့တစ်မျိုး မရိုးရဘူး။ ကိုယ်တောင် ရေးစရာတွေ ကုန်သွားတယ်လို့မှ မရှိတာ။

ဒီနေ့မနက် ခွဲလူနာ ၂ ယောက်ရှိတော့ အပြင်မှာ OPD လူနာ ပုံသွားတယ်။ ကိုယ်နဲ့ပြဖို့ စောင့်ခိုင်းထားတဲ့ ကလေးမလေးက အသက် ၇ နှစ်၊ ဖျားတာ၊ ဗိုက်နာတာ ၉ ရက် ရှိပြီတဲ့။ ဝမ်းသွားတာလည်း အချွဲတွေချည့်ပဲ လို့ ပြောတယ်။ စမ်းကြည့်တာတော့ အူအတက်နေရာက နာတယ်။ အသက်က ငယ်လွန်းတော့ တခြားဖြစ်နိုင်တာတွေလည်း ရှာပေးရဦးမယ်။ သွေးလွန်တုပ်ကွေးစစ်ကြည့်တာတော့ မတွေ့။ ဓါတ်ခွဲခန်းကို သွေးတွေဖောက်စစ်တာတော့ မနက်ဖြန်မှ သိရမယ်။ အဲ့ဒီအဖြေလေးတော့ စောင့်ကြည့်ချင်သေးတာ။ ရင်ဘတ်ဓါတ်မှန်ရိုက်တာတော့ ဗိုက်ထဲမှာ လေစိမ့်တာ မတွေ့ဘူး။ အူလည်းပိတ်မနေဘူး။ နားကြပ်နဲ့နားထောင်ရင် အူလှုပ်သံကြားရတယ်။ စောင့်မလား မစောင့်ဘူးလား စဉ်းစားရင်း ထမင်းပြန်စားကြတယ်။ ထမင်းစားပြီးတော့ ဗိုက်ပွတ်စက်ကလေးပြန်ထောက်ကြည့်။ အထဲမှာ ရေတွေ အများကြီးပဲ။ ပေါက်နေပြီ။ စောင့်လို့မရတော့ဘူး။ သို့သော် ၇ နှစ်ကလေးလေးမို့ မေ့ဆေးဆရာကိုတော့ တိုင်ပင်ရဦးမယ်။ ဘာနဲ့ပေးမလဲ၊ ဘယ်လိုပေးမလဲ၊ ဘယ်လောက်ပေးမလဲ ပေါ့။

မေ့ဆေးဆရာဆီက အဖြေရပြီးတာနဲ့ အဲ့ဒီကလေးလေးကို ချော့ချော့မော့မော့ spinal ထိုးပြီး short GA လေးနဲ့ ခဏအိပ်ခိုင်းရတယ်။ ဗိုက်ကတော့ ဖွင့်လိုက်တာနဲ့ ပန်းထွက်လာတာ ပြည်တွေ ပြည်တွေ။ နည်းတာ မဟုတ်ဘူး။ အုန်းနို့ခေါက်ဆွဲဟင်းရည်တွေလိုပဲ။ အူမှာကပ်နေတဲ့ အုန်းနို့မလိုင်ဖတ်တွေနဲ့ သွေးရဲရဲလေးတွေ ဝေ့လာတော့ ငရုပ်ဆီရောင်ကလေးနဲ့ တူသွားတယ်။ တစ်ဗိုက်လုံး ဆေးလိုက်ရတာ။ ချောင်ကြိုချောင်ကြား အကုန်ကပ်ခဲနေတာပံ။ တော်တော်လေးသန့်ရှင်းရေးလုပ်ပြီးတော့မှ အောက်နားကအလုံးအထွေးကို ဖြည်းဖြည်းချင်းခွါပြီး ဧရာမအူအတက်ကြီးကို မွေးဖွားသန့်စင်ရတယ်။ လူကြီးလက်ညိုးလုံးလောက် တုတ်ပြီး အလည်မှာ စမြင်းတုံးနဲ့ ပိတ်နေတဲ့ ဘုသီးကြီး ရှိတယ်။ နာခါစတုန်းက သေချာမစမ်းပဲ တစ်ပါတ်လောက် ပုလင်းတွေချိတ်ပြီး ကုခဲ့ပုံရတယ်။ ကလေးဆိုတော့ မေ့ဆေးထုံဆေး ပေးရမှာလည်း အခက်အခဲ ရှိမှာပေါ့။ ဆာဂျင်မဟုတ်ပဲ ခွဲလို့ရတဲ့ အနေအထားလည်း မဟုတ်ပါဘူး။ ဥစ္စာရင်းမှန်လို့ ကိုယ့်ဆီရောက်လာတယ်ပဲ သဘောထားရမှပေါ့။ အတန်ပင် နောက်ကျနေသော်ငြားလည်းလေ။ ကိုယ်သာ အူကြောင်ကျားနဲ့ ဟိုစောင့်သည်စောင့် စောင့်နေမိရင် ရှင်ဖို့မလွယ်ဘူး။

လူနာတွေဟာ ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ မရိုးနိုင် မထပ်နိုင်အောင်လည်း စုံတယ်။ စာနဲ့သာ ချရေးမထားရင် မှတ်တောင် မှတ်မိနိုင်မှာ မဟုတ်ဘူး။ ဆင်းသွားတဲ့လူနာတွေဆို ကိုယ် ဘယ်သူ့ကိုမှ မမှတ်မိဘူး။ အဟုတ်ပဲ။ ခဲခဲယဉ်းယဉ်း အသက်ကယ်ထားရတဲ့လူနာဆိုရင်တော့ ဆေးရုံက ပေးမဆင်းခင် “ခဏနေဦး။ ငါ မင်းနဲ့ ဓါတ်ပုံရိုက်ယူထားဦးမယ်။” ဆို သိမ်းသိမ်းထားတာတောင် တော်တော်များနေပြီ။ ဘာလူနာဆိုတာပဲ မှတ်မိတယ်။ ဘယ်သူ့နံမည်မှ မမှတ်မိဘူး။ ကိုယ့်အတွက်ကတော့ အခု လက်ရှိ ရောက်နေကုနေတဲ့လူနာကသာ အရေးကြီးဆုံးပဲ။ အာရုံက အဲ့ဒီထဲပဲ အမြဲရှိနေတော့ ကိုယ့်ကိုယ်ကိုယ်အတွက် ခံစားချက် သိပ်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်နိုင်မှတော့ သူများတွေအကြောင်း ဘာလို့ခေါင်းထဲထည့်ထားဦးမလဲ။ “I don’t care” မုဒ် အွန်ထားတာ ကြာလှပေါ့။ တောထဲတောင်ထဲမှာ ဒီပရက်ရှင်မဝင်အောင်၊ စိတ်ဓါတ်မကျအောင်၊ စိတ်အားမငယ်အောင် ဘယ်လိုနေရသလဲ လို့ သိချင်တဲ့သူတွေအတွက် အဲ့ဒါ ကိုယ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေတဲ့ နည်းလမ်းပဲ။ “ဟိုအရင်တုန်းကဆိုရင်” ဆိုတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ ပြန်မစဉ်းစားဘူး။ “ဒီလိုပုံနဲ့ မိုးကြီးချုပ်ခဲ့လျှင်” ဆိုတဲ့ အနာဂတ်ကိုလည်း တွေးမပူနိုင်ဘူး။ အခု ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဟောဒီဆေးရုံကနေ လူနာပေါင်း ၁၄၀၀၀ ကျော် အခမဲ့ ဆေးကုပေးခဲ့တယ်။ လူနာ ၉၀၀ ကျော် ဆေးရုံတင် ကုသပေးခဲ့တယ်။ လူနာ ၄၂၃ ယောက် ခွဲစိတ်ကုသပေးခဲ့တယ်။ ကလေး ၁၁၇ ယောက် မွေးဖွားပေးခဲ့တယ်။ အဲ့ဒီအလုပ်ထဲမှာ စိတ်နှစ်ထားတဲ့အတွက် ကိုယ့်မှာ တခြားအာရုံ မရှိဘူး။ ဒါကတော့ တောထဲတောင်ထဲမှာ နှစ်ရှည်လများ စိတ်ဓါတ်ခိုင်ခိုင်မာမာ နေနိုင်တဲ့ လျှို့ဝှက်ချက်ပါပဲ။

အဲ့ဒါထက်ပိုပြီး ပြတ်သားသွားစေတဲ့ အကြောင်းအရာကတော့ လူပီပီသသအဖြစ် ရှင်သန်နေထိုင်လိုတဲ့ ကိုယ့်ရဲ့ အသိဉာဏ်ပါပံ။ စစ်တပ်ကလူတွေ ကိုယ်တို့ကို လူလိုသူလို မဆက်ဆံတာ သူများတွေ မသိချင်ယောင်ဆောင်နေပေမယ့် ကိုယ်သိတယ်။ ဦးကိုနီကို လေဆိပ်မှာ ဗြောင်သတ်ပြီး ဗြောင်လိမ်ဗြောင်ငြင်းလုပ်ခဲ့တာလည်း စစ်သားတွေပဲ။ ယူထားတဲ့မိန်းမကို ထက်ပိုင်းဖြတ်ပြီး လမ်းမှာပစ်သွားတာဆို စစ်သားချည့်ပဲတောင် မဟုတ်။ ဆရာဝန်ပါဖြစ်နေသေးတယ်။ ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ အထူးကုပါရဂူ ဖြစ်နေရင်တောင် သူတို့စိတ်ဓါတ်က အဲ့သလိုပဲ။ ရန်ကုန်မြို့လည်မှာ သူများအိမ်ပေါ် တက်ပြီး သူတို့ကြောက်လို့ ဖအေဆီဝင်ပြေးတဲ့ လူမမယ်ကလေးငယ်ကို သေနတ်နဲ့ တည့်တည့်ပစ်ရဲတာလည်း စစ်သားပဲ။ စာဖွဲ့လို့မကုန်အောင် လူမဆန်တဲ့ စစ်ရာဇဝတ်မှုပေါင်း ထောင်သောင်းမက ကျူးလွန်နေတဲ့သူတွေကို မသိချင်ယောင်လည်း ဆောင်မထားနိုင်ဘူး။ မေ့မေ့ပျောက်ပျောက်နဲ့ ဒီအဖြစ်အပျက်မျိုး မရှိခဲ့သလို ပျော်ပါးမော်ကြွားပြီး မနေနိုင်ဘူး။ ကိုယ်နဲ့မှမဆိုင်တာ၊ ကိုယ့်ကိုမှ မထိခိုက်တာဆိုပြီး မချစ်သော်လည်း အောင့်ကာနမ်းနိုင်တဲ့ စိတ်ဓါတ် မရှိဘူး။ ဒီကောင်တွေနဲ့ အလိုက်အထိုက် မပေါင်းရင် ငါ့ကိုဖမ်းမှာ သတ်မှာပေါ့။ ငါ့ပိုင်ဆိုင်မှုတွေ အသိမ်းခံရမှာပေါ့။ ငါ့အလုပ် ငါ့ရာထူးလေး ပြုတ်သွားမှာပေါ့။ အစရှိတဲ့ stupidity တို့ cowardice တို့ ကိုယ့်မှာ မရှိတာလည်း တစ်ကြောင်းပေါ့လေ။ အဲ့ဒါရှိတဲ့သူတွေဆို ဘာကြီးဖြစ်နေနေ stupid cowards ထက် မပိုဘူး မဟုတ်လား။ ကြောက်တဲ့သူတွေ ပြန်မလှန်ရဲဘူး။ မကြောက်တဲ့သူတွေမို့ ဒီလမ်းလျှောက်နိုင်တာ။ ကြောက်ကြောက်နဲ့ ထွက်ပြေးပြီး ခိုလှုံခွင့်ရမှ ဝိပြဲပြီး ဆဲနိုင်တဲ့သူ မဟုတ်ဘူး။ သဘောပေါက်။

ကိုယ်ဆေးကုတဲ့ လူနာတွေဆီက ရောဂါလက္ခဏာအကြောင်းကို ကောင်းကောင်းငိသလို ကိုယ်ရင်ဆိုင်နေရတဲ့ စစ်တပ်ကလူတွေနဲ့ သူတို့ရဲ့ လက်ပါးစေဝန်ထမ်းတွေအကြောင်းလည်း ကိုယ်ကောင်းကောင်းသိတာပေါ့။ သူတို့ဘက်က လက်နက်ချတယ်၊ အညံ့ခံတယ်၊ ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတာ ဘယ်လိုမှ မနိုင်တော့မှန်း သေချာတော့မှ ဆက်တိုက်ရင် သေမှာမို့လို့၊ ဆက်နေရင် ခုံရုံးနဲ့ ထိပ်တုံး တစ်ခုခု ရောက်တော့မှာမို့လို့ ကိုယ်လွတ်ရုန်းတာပါ။ တသက်လုံး သူများသတ်ဖြတ်လာပြီး သူ့သတ်ကာနီးမှ အမြင်မှန်ရပါပြီ ဆို အနိုင်နဲ့ပိုင်းချင်တာ။ လေယာဉ်ပျက်ကျလို့ အရှင်မိတဲ့ကောင်တွေ ကြည့်လေ။ “အို အဲ့ဒါတွေ အစက မို့ မသိလို့ပါ။” ဆိုပဲ။ ပြောရဲလိုက်တာ။ ဒီကောင်တွေ ဒီလိုဖြစ်လာစေဖို့ ဘယ်လိုအလျှော့ပေး ဆွေးနွေးညှိနှိုင်းမှုမျိုးကမှ မစွမ်းဆောင်နိုင်ဘူး။ တကမ္ဘာလုံးက ရှိသမျှခေါင်းဆောင်တွေ နားချလည်း လက်ခံမှာ မဟုတ်ဘူး။ တနိုင်င်လုံးရဲ့ ပြည်သူ့ဆန္ဒဆိုတာများ တဒိုင်းဒိုင်းနဲ့ အတောမသတ်အောင် နှိပ်ကွပ်တာ။ အခုလို သေအံ့မူးမူးအချိန်မှာတောင် စစ်တပ်စစ်တပ်ချင်းပဲအလံဖြူထောင် လက်နက်ချတာ။ မဆိုင်တဲ့နေရာမှာ အရပ်သားတွေကို ဗုံးကျဲသတ်ဖြတ်တာ မရပ်သေးဘူး။ အရပ်သားတွေကို အပစ်အခတ်ရပ်ဖို့ ဘယ်သူကမှ စေ့စပ်မပေးဘူး။ အပြန်အလှန် မရှိရင် ညှိစရာ မလိုဘူးလေ။ အပစ်ခံရတဲ့သူတွေသေရင် အပစ်အခတ်က အလိုလို ရပ်သွားမှာ မဟုတ်လား။ ဒီလူတွေကို ဒီလိုအညံ့ခံလာစေဖို့ မေတ္တာဓါတ်နဲ့ ဗုဒ္ဓံမြတ်စွာ လာဟောလည်း “အောင်သိန်းက အောင်ငြိမ်းယောက္ခပါ။” ဆို လက်မှိုင်ချရမှာပဲ။ ဘာမှ အမာလိုင်းတွေ အပျော့လိုင်းတွေ လာမရွေးနဲ့။ ဒီတစ်နည်းပဲ ရှိတယ်။ ဓါးကိုဓါးချင်း လှံကိုလှံချင်း။

တကယ်ဆိုရင် အခုချိန်မှာ “ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ။” လို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးနေရတာ ကိုယ်တွေဖြစ်နေလိမ့်မယ် လို့ ဘယ်သူက ထင်မှာလဲ။ ကိုယ့်ဘာသာကိုယ်တောင် မယုံနိုင်ဘူး။ ခုနေခါ မယ်အိမ်လုံး မိအောင်လှိုင် ဆဲနေတာ စစ်တပ်ကလူတွေပဲ ရှိမယ်။ ဘူးလက် တို့ မောင်မြင့်တို့ဆို “ဟက်ကောင်မ။ ညည်းဖယ် ညည်းဖယ်။” နဲ့ ကက်ကက်ကိုလန်နေရောပဲ။ ကိုယ့်မှာသာ ရင်ဖုံးတိုက်ပုံ ရွှေစားလွယ်သိုင်းနဲ့ မျောက်အိုမျက်ခွက်ကြီးကို မြင်လိုက်တိုင်း သူ့ကျန်းမာရေးကို စိတ်ပူပြီး အဖိုးကြီးအိုခါးကုန်းကုန်း မသေပါနဲ့ဦး ဆုတောင်းနေရတာ။ ခုနေများ ခိုးကနဲခေါက်ကနဲ ကာလနာတိုက်သွားရင် ကိုယ်ရစရာရှိတဲ့ အကြွေးတွေ နောက်ဘဝလိုက်မတောင်းနိုင်လို့။ သေတာတော့ သေပါ။ ပြုထားသမျှ အကုသိုလ်ကလေးတွေ အားရပါးရ မချိမဆန့် ခံစားပြီးမှ ပိုးစိုးပက်စက်ကလေး သေစမ်းပါ လို့ အချိန်ဆွဲထားချင်မိတယ်။

ဘယ်လိုပဲ အချိန်ဆွဲဆွဲပါလေ။ နေ့တိုင်းနေ့တိုင်း စခန်းတွေ အသိမ်းခံရ၊ လက်နက်ချ အလင်းဝင်လိုက်ကြနဲ့ နောက်ထပ် ဘယ်နှစ်ရက် တောင့်ခံနိုင်မှာလဲ ဆိုတာ အားလုံးက စောင့်ကြည့်နေတာမို့ ရှည်ရှည်ဝေးဝေး ပြောနေစရာတောင် မလိုတော့ပါဘူး။ အိမ်ပြန်ရတော့မယ်။ လုပ်နေတဲ့အလုပ်တွေကို သပ်သပ်ရပ်ရပ် အဆုံးသတ်ပြီး နောက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စု အစိုးရလက်ထဲကို ပြည့်ပြည့်စုံစုံ လက်လွှဲပေးခဲ့မယ်။ ဇာတ်သိမ်းခန်းလေးကို လှလှပပ အနားသပ်မယ်လေ။

“ချိန်ခါမီ ပေါင်းမည်

မိန်ရာသီ တပေါင်းအမီ။

ချိန်ခါမီ ပေါင်းမည်

မျှော်တာကြာပြီ။

စင်ရော်စုံတွဲ နွှဲပျံသည်

သောင်ယံကမ်းမြင့်နဒီ။

မောင်မယ်ကြည်နူး မြူးပျော်သည်

ထူးမြတ်တဲ့ရာသီ။

ရာသီတော်ပွဲ သဲစေတီ

စဉ်လာရှေးထုံးညီ။

ကြည်လင်ရွှင်လန်း ပန်းဝေရီ

ဘေးမသန်း အေးချမ်းသည်။”