ချန်ဂင်တို့စခန်း (၂၂၇)

ဆေးရုံ ၂ နှစ်ပြည့် ကို အလှူလုပ်ချင်နေတုန်း အလှူရှင်ကလည်း မနှစ်ကလို လှူချင်ပါတယ် လို့ ဆက်သွယ်လာတော့ တော်တော်လေး ဝမ်းသာသွားပါတယ်။ ကုန်ဈေးနှုန်းတွေက မနှစ်ကထက် ၂ ဆ တက်နေပေမယ့် မဖြစ်ဖြစ်အောင် လုပ်မယ် လို့ ရည်စူးထားပြီးသား။ အလှူလာမယ့်ဦးရေကလည်း မနှစ်ကထက် ၂ ဆမက ရှိတာ။ သို့သော်လည်း လူသိရှင်ကြား အကျယ်တဝင့်တော့ မလုပ်လို။ မာရ်နတ်မင်း တပည့်သားမြေးတွေသိရင် ပဇီကြီးမှာလို ဗုံးလာကျဲဦးမှာ မဟုတ်လား။ တိုးတိုးတိတ်တိတ် ကျိတ်စီစဉ်ပြီး အလှူမလုပ်ခင် ညနေရောက်မှ နက်ဖြန်မနက် ဆေးရုံကို မုန့်စားကြွပါဆိုပြီး တစ်အိမ်တက်ဆင်း သကြားလုံးနဲ့ လိုက်ဖိတ်တယ်။ အမေကြီးများအဖွဲ့က ချက်ပြုတ်ပြင်ဆင်ပေးပြီး အပျိုလူပျိုများအဖွဲ့က ဧည့်ခံကျွေးမွေးပါတယ်။ အကျွေးအမွေးကတော့ ရေစိမ်/ဆန်စီး ရှမ်းခေါက်ဆွဲပါ။ ရန်ကုန်မှာစားရတဲ့ ရှမ်းခေါက်ဆွဲနဲ့ နည်းနည်းမှ မတူပါဘူး။ သို့သော်လည်း ဒီအရပ် ရောက်ပြီးတဲ့နောက် ဒီခေါက်ဆွဲမျိုးကိုပဲ နှစ်နှစ်ခြိုက်ခြိုက် စားတတ်သွားပြီ။ မနှစ်တုန်းက ခေါက်ဆွဲ အချိန် ၂၀ ကုန်ခဲ့ပြီး ဒီနှစ်တော့ အချိန် ၄၀ ပြင်ဆင်ထားပါတယ်။

အားလုံး လိုလေသေးမရှိ ပြင်ထားပေမယ့်လည်း ညသန်းခေါင်ကျော် တစ်ချက်တီးတဲ့အခါ မိုးက ဆိုင်းမဆင့်ဗုံမဆင့် ရွာချလာရော။ ချက်တဲ့ပြုတ်တဲ့ကိစ္စတွေ ပြီးပေမယ့် ပစ္စည်းပစ္စယတွေ အမိုးအကာအောက်မှာ မဟုတ်ရင် မနက်ကျ ကျွေးစရာမရှိမှာစိုးလို့ ဓါတ်မီးတစ်လက် ထီးတစ်ချောင်းနဲ့ မိုးရွာထဲ ပစ္စည်းသိမ်း ထွက်ရပါတယ်။ သို့သော် အကုန်ရွှေ့ပြီးပြီ။ ချက်ပြုတ်သူ အမေကြီးများက မီးဖိုဟင်းအိုး စောင့်ရင်းအိပ်ကြတော့ သူတို့ပဲ အကုန် ဖုံးအုပ်သိမ်းဆည်းထားတာ။ အားနာစရာကြီး။ ဒီလောက်အေးတဲ့ချိန် အိမ်အပြင်မှာ အိပ်ကြရတယ်။ မနက် အရုဏ်တက်ခါနီးထိ မိုးက မတိတ်သေးဘူး။ တောင်းတွေ ပလုံးတွေနဲ့ မိုးရွာထဲ ဘုန်းကြီးကျောင်းထိ လမ်းလျှောက်သယ်နေရမှာစိုးလို့ ကမန်းကတမ်းသွားကြိုပေမယ့် မမီလိုက်ဘူး။ လေးနာရီထိုးကတည်းက ထသွားကြပြီတဲ့။ ဟိုရောက်မှ မီးမွှေး၊ ရေနွေးတည်၊ ခေါက်ဆွဲပြင် လုပ်ရဦးမှာကိုး။ အရုဏ်ဆွမ်းတွေလည်း ချက်ယူသွားပါတယ်။ ဆွမ်းလည်းဘုဉ်းပေး၊ ခေါက်ဆွဲလည်း ဘုဉ်းပေးလို့ရအောင်ပေါ့။ သို့သော် ခေါက်ဆွဲချည့် ဘုဉ်းပေးကြတယ်။ ခေါက်ဆွဲကလည်း ကောင်းတာကိုး။

ဘုန်းကြီးကျောင်းက ပြန်လာတဲ့အထိ မိုးကလည်း မတိတ်ဘူး။ ဘယ့်နှယ်လုပ်မတုန်း။ လေဟာပြင်မှာ ခင်းကျင်းကျွေးမွေးဖို့ ပြင်ဆင်ထားတာ။ မတတ်နိုင်တော့ဘူး။ ကိုယ်တို့နေတဲ့ အိမ် ၄ အိမ်ဖွင့်ပြီး အခင်းခင်း စားပွဲပြင်ပြီး ကျွေးရတော့တယ်။ နေရာ ၄ နေရာ ကွဲသွားတာပေါ့။ ဧည့်သည်တွေလာတော့ လိုက်ဧည့်မခံနိုင်ဘူး။ ဝင်လာတဲ့ လူအရေအတွက်ကြည့်ပြီး ဘယ်အိမ်မှာ ဘယ်နှစ်နေရာ လွတ်သလဲ ချိန်ပြီး လွှတ်ရတယ်။ အိမ်တွေပြည့်သွားလို့ ခုံတန်းလျား အပြင်မှာ ထုတ်ပြီး ဝိုင်းပြင်ပေးရသေးတယ်။ ဘယ်ချိန်မိုးတိတ်သွားမှန်းတောင် သတိမထားမိလိုက်။ ၁၁ နာရီကျော်မှ မရှိတော့ဘူး။ ကုန်ပြီ ဆို သိမ်းလိုက်ရတယ်။ ကိုယ်တို့တော့ နောက်တစ်ထပ်ပြန်စားကြတာပေါ့။ စားလို့လည်းကောင်း၊ ပျော်စရာလည်းကောင်း။ ပင်ပန်းတာတစ်ခုပဲ။

ဆေးရုံက လူနာတွေရော လူနာစောင့်တွေရော အကုန်စားကြရပါတယ်။ မနက်ပိုင်း OPD လာပြတဲ့သူတွေကို နေ့လည်မှ ပြန်လာခိုင်းရတာပေါ့။ ဒီနေရာမှာ ဒီဆေးရုံရှိနေတာ ၂ နှစ်တောင် ပြည့်သွားပြီဆိုတော့ လူနာတွေက မလာပဲ ဘယ်နေလိမ့်မလဲ။ ခေတ်ကာလ ဆေးကုစားရိတ်များ လူနာတွေ မပြောနဲ့။ ကိုယ်ကိုယ်တိုင်တောင် ဘုရားတရတယ်။ Severe Anaemia နဲ့ ယောက်ကျားလူနာတစ်ယောက် Stool for occult blood positive ထွက်နေလို့ colonoscope ကြည့်ခဲ့ပါ ဆိုပြီး မကန လွှတ်လိုက်တာ ကြည့်ခ ၈ သိန်းတောင် ပေးရသတဲ့။ CT ထပ်ရိုက်မယ်၊ ဆေးရုံတက်မယ်၊ ခွဲရမယ်ဆိုရင် သိန်း ၁၀၀ လောက်များ ကုန်မလား မသိဘူး။

မသိတာ မဟုတ်ဘူး။ သိကိုသိတယ်။ ကုန်တာမှ လောက်တောင် မလောက်ဘူး။ အဲ့ဒီမှာ ခွဲပြီး အိမ်တစ်လုံးပြုတ်လာတဲ့လူနာ အူပိတ်လို့ သေလုမျောပါး ရောက်လာတော့ ကိုယ်ပဲ ပြန်ခွဲပေးခဲ့ရတယ်လေ။ “အရင်ခွဲထားတဲ့ ဆာဂျင်နဲ့ ပြန်ပြရမှာပါ။ Biopsy အဖြေကလည်း ကင်ဆာလို့ အသေအချာ ထွက်ထားတာပါ။ ကုသမှု မပြီးသေးပါဘူး။ ဆက်ကုရဦးမှာပါ။” လို့ ငြင်းပေမယ့်လည်း “ဆက်ကုစရာ ပိုက်ဆံတစ်ပြားမှ မရှိလို့ ဒီလာပါတယ်။” ဆိုတော့ စကားက ကုန်နေရော။ ၃ ပါတ်ပဲ ရှိသေးတယ် ဆိုတဲ့စကားကြောင့် မိုက်မိုက်ကန်းကန်း ထပ်ခွဲတယ်။ Adhesive Intestinal Obstruction ဖြစ်နေလို့ သူ့လည်း ဘုရားမ ကိုယ့်လည်း ဘုရားမ နဲ့ ပြန်ဆင်းသွားတယ်။ သေသေချာချာ မှာလိုက်တယ်။ “ကင်ဆာဆရာဝန်နဲ့ ပြဖြစ်အောင်ပြ။ မပြရင် အူပြန်ပိတ်လိမ့်မယ်။ နောက်တစ်ခါဆို ခွဲလည်း ရှင်မှာ မဟုတ်ဘူး။” လို့။

အမှန်တော့ ကိုယ်ကပဲ မသိတတ်တာပါ။ သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် သူ့ဆရာ သူပြန်ပြဖို့ ပိုက်ဆံမရှိတဲ့ လူနာက အကောင်းကြီး ရှိနေကာမှ ပိုက်ဆံအများကြီးကုန်တဲ့ ကင်ဆာဆေးတွေ ထပ်သွင်းရမယ် ဆိုတော့ ကြင်နာသူဟာ အရူးလား။ ကိုယ်ကိုယ်တိုင်က အရူးလား။ လူတွေအကုန်ဟာ အရူးလား။ ဘယ်သူကဖြင့် တစ်မူးသာမလဲ။ “ဘယ်တတ်နိုင်မလဲ ဆရာရယ်။ ကံတရားပေါ့။” လို့ ကိုယ့်ကိုတောင် ပြန်အားပေးသွားပါသေးတယ်။ သို့သော် သူတို့ ကံတရား က ၂ လ ကျော်ကျော်ပဲ ခံပါတယ်။

ဒီလူနာ ပြန်ရောက်လာတော့ ကိုယ်က ခွဲခန်းဝင်မယ့်ဆဲဆဲပါ။ ဗိုက်ကြီးတင်းပြီး ဆီးမပေါက်နိုင်ဘူး။ ဆီးသွားရင်လည်း ညှစ်ပြီးသွားရတယ်။ ဝမ်းကတော့ မချုပ်ဘူး။ သွားတောင်သွားနေသေးတယ်တဲ့။ ဆီးပိုက်ထည့်ခဲ့ဖူးလို့ urethral stricture ရသလား မသိဘူး။ ကလေးတွေ ထည့်ရခက်လိမ့်မယ် ထင်လို့ ကိုယ်တိုင်ပဲ ထည့်ပေးလိုက်ပါတယ်။ ခဲခဲယဉ်းယဉ်းပေမယ့် ဝင်သွားတယ်။ သို့သော် ဆီး နည်းနည်းလေးပဲ ထွက်တယ်။ ခွဲခန်းထဲက ပြန်ထွက်လာမှ သေချာပြန်စမ်းတော့မယ် လို့ ဆေးရုံတင်ထားလိုက်တယ်။

ခွဲခန်းထဲကထွက်တော့ စမ်းတဲ့ဆီ မရောက်ဘူး။ အဲ့ဒီလူနာက တချိန်လုံး ကမုတ်ခုံ နဲ့ ကုတင်ပေါ်ကို ကူးချည်သန်းချည်။ “ဝမ်းပျက်နေတာလား” ဆို “ဟုတ်တယ် ဆရာ” တဲ့။ ဒါဆို အူပိတ်တာတော့ မဟုတ်သေးဘူး ထင်တယ်။ drip တွေ antibiotics တွေ ပေးပြီး ဓါတ်မှန်ရိုက်ကြည့်တော့ အူက ပိတ်တော့ မပိတ်ဘူး။ လေစိမ့်နေတာ GUD လည်း မတွေ့ဘူး။ စောင့်ကြည့်ရဦးမယ်။ နှာခေါင်းပိုက်ထည့်၊ ဝမ်းချူပေါ့။ urine output က ၃၀၀ စီစီလောက်ပဲ ရတယ်။ ကျန်တဲ့ vital signတွေ အကုန်ကောင်းတယ်။

နောက်တစ်နေ့မနက်မှာ ဗိုက်ကြီးတင်းနေတုန်းပဲ။ abdomen girth တက်လာတယ်။ ဖင်ခေါင်းထဲ လက်နှိုက်စမ်းတာလည်း ဟောင်းလောင်းကြီး ဆိုတော့ အခြေအနေမဆိုးခင် ဗိုက်ပြန်ဖွင့်ဖို့ စဉ်းစားနေပြီ။ သွေးတွေဖောက်ပြီး ဓါတ်ခွဲခန်းကို ပို့ခိုင်းလိုက်တယ်။ ခုမနက်မှာ အစာအိမ်ပိတ်နေတဲ့ လူနာတစ်ယောက် ခွဲဖို့ပြင်ထားသေးတယ်လေ။ မနေ့ကတည်းက stomach wash out တွေ လုပ်ထားပြီးသား။ သူ့အရင်ခွဲရမယ်။ သူလည်း Major operation ပဲ ဥစ္စာ။ တကယ်လို့ growth မတွေ့ပဲ Benign stricture တွေ့ရင် DV + GJ နဲ့ပြီးမယ်။ လွန်ရောကျွံရော တစ်နာရီပေါ့။ အထဲမှာဖွင့်ကြည့်တော့ tumor လို growth ဘာမှ မတွေ့ဘူး။ Benign looking ရှိတယ်။ vagotomy လုပ်ဖို့ vagus လေးကို ကိုင်စမ်းရင်း စိတ်ပြောင်းသွားတယ်။ မတော်လို့များ အထဲကအနာက ကင်ဆာ ဖြစ်နေခဲ့ရင် အဲ့ဒီအချိန်ကျမှ ခွဲလို့ ရောဂါမစင်နိုင်တော့ဘူး။ အခု တစ်ခါတည်း ခွဲလိုက်တာ သူ့အတွက် ရလဒ်ပိုကောင်းမယ်။ အဲ့ဒါကြောင့် ကြာချင်ကြာပစေ။ အစာအိမ်ကို ဖြတ်ထုတ်ပြီး ပြန်ဆက်တဲ့ PG+GJ ပဲ လုပ်တော့မယ် ဆို Lymph nodes လေးတွေပါ စိမ်ပြေနပြေ လိုက်ထုတ်လိုက်တာ ၂ နာရီကျော် ကြာသွားရော။ ဟိုဆရာသမားတော့ ထမင်းစားနားပြီး နေ့လည်မှပဲ လုပ်တော့မယ်ပေါ့။

နေ့လည်ကျတော့ ကြော်ငြာတစ်ဖြတ် ဝင်ပြန်တယ်။ chest tube ထည့်ထားတဲ့ lymphoma လူနာကလေးဟာ အဆုတ်တစ်ခြမ်း ပြန်ခဲလာတယ်။ မောလာတယ်။ chest tube ထဲမှာ fibrin clot တွေနဲ့ function ကောင်းကောင်း မလုပ်တော့ဘူး။ ဓါတ်မှန်ပြန်ရိုက်ပြီး chest tube အသစ်ပြန်ထည့်ကြတယ်။ ဒီကလေးက သိပ်မသက်သာဘူး။ ဗိုက်ထဲမှာ အကျိတ်ထပ်ထွက်လာတယ်။ လည်ပင်းမှာလည်း အကျိတ်ထွက်လို့ မျက်စိပါမှေးလာပြီ။ သူ့အတွက် ကင်ဆာဆေးက မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ မန္တလေး ဘယ်မှာမှ ရှာမရဘူး။ ရန်ကုန်အထိ မှာထားရတယ်။ လမ်းမှာ။ မရောက်သေးဘူး။ ကင်ဆာလူနာတွေ ကုရတာ တော်တော် စိတ်ဆင်းရဲစရာ ကောင်းတာပဲ။ Oncologist တွေ ဘယ်လိုများ ခံနိုင်ရည်ရှိသလဲ မပြောတတ်။

ကိုယ်ကတော့ ခွဲပဲခွဲတတ်တာဆိုတော့ ခွဲတဲ့စိတ်တဲ့ပညာကလေးနဲ့ လူနာအသက်ကို ခဏလောက် ဆွဲဆန့်နိုင်လည်း မနည်းပါဘူး။ ဒီမှာတော့ ဗိုက်ခွဲကြည့်လိုက်တာက CT ရိုက်ဖို့၊ endoscope ကြည့်ဖို့ လွှတ်တာထက် အကုန်အကျ သက်သာတယ်။ သူတို့ တစ်ပြားမှ ပေးစရာ မလိုဘူးလေ။ ကိုယ်လုပ်ပေးနိုင်တာလည်း ဒါပဲ ရှိတယ်။ ကိုယ့်ခွဲစိတ်မှုက လူနာအတွက် အကျိုးရှိဖို့ရာ သေချာတယ် ဆိုရင်ပေါ့။ လူနာပေါ် ဓါးတင်တဲ့အထိ အရာရာ အဆင်ပြေပြေပဲ။ ဗိုက်လည်းပွင့်ရော အထဲမှာ ညစ်ပတ်သော မြောင်းပုတ်ရေတွေ ဒလဟော ပန်းထွက်လာပါတယ်။ late perforation case ကြီးပဲ။ Abscesses တွေတောင် ဖြစ်နေပြီ။ GUD မတွေ့တာက အဲ့ဒီနေရာမှာ ပြည်တွေနဲ့ခဲကပ်ကုန်လို့နေမယ်။ သူပေါက်နေတာ တစ်ပါတ်တော့ မကလောက်ဘူး။ အပေါက်တွေဖာ၊ အကပ်တွေခွါ၊ အခေါက်တွေဖြည်၊ ဆေးကြောသန့်စင်၊ နေရာတကျပြန်ထားပြီး ဗိုက်ပြန်ပိတ်တော့ ၂ နာရီတောင် ကြာသွားပြီ။

ကလေးတွေက “ဆရာ နားလိုက်ပါ။ သူတို့ပြန်ပိတ်လိုက်မယ်။” ဆိုပေမယ့် ပြန်နှိုးရမှာ စိတ်မချလို့ မေ့ဆေးစက်ဘက် ပြန်သွားပါတယ်။ ခုမှ ၅ နာရီပဲ ရှိသေးတယ်။ လူနာနိုးမှ ရေချိုး ထမင်းစားမယ်ပေါ့။ သို့သော် လူနာ မနိုးဘူးလေ။ ရှူတော့ ရှူနေတယ် သူ့ဘာသာ။ vital sign လည်း ကောင်းတယ်။ ဒါပေမယ့် မနိုးဘူး။ မေ့ဆေးဆရာဆီ ဖုန်းဆက်ပြီး reverse ထပ်ထိုးတယ်။ မနိုးဘူး။ tube မ out ပဲ လက်နဲ့ထိုင်ညှစ်ပေးနေတယ်။ Naloxone ထိုးလည်း မနိုး။ Pressure ကျလာလို့ Noradrenaline infusion ပေးတယ်။ Dobutrex infusion ပေးတယ်။ Monitor က ပြတာတွေ မမှန်တော့ဘူး။ သွေးပေါင်ကို လက်နဲ့ပဲ ညှစ်ချိန်တယ်။ လက်တစ်ဘက်က လည်ပင်းမှာ pulse ကို စမ်းပြီး နောက်လက်တစ်ဘက်က ဘောလုံးထိုင်ညှစ်နေတယ်။ သူမနိုးမချင်း ဒီလိုပဲ နေရတော့မယ်။ သူ့ဘာသူ လွှတ်ထားလည်း ရှူနေပေမယ့် စိတ်မချပါဘူး။ သူများလက်နဲ့တောင် စိတ်မချလို့ ကိုယ့်လက်နဲ့ပဲ ကိုယ်တိုင် ညှစ်တာ။ စိတ်ထဲမှာ ghost doctor ဇာတ်လမ်းတွဲထဲကလို ဒီကောင် ငါ့ကို အခန်းတစ်နေရာက ရပ်ကြည့်နေမလား မသိဘူး လို့ အောင့်မေ့မိသေးတယ်။ ကလေးတွေကို “ထမင်းပြန်စားပြီးမှ ပြန်လာခဲ့ကြ။” လို့ လွှတ်လိုက်ပြီး “ဒီကောင့်ကို ငါ ရအောင် ပြန်ခေါ်ဦးမယ်။” ဆိုတဲ့စိတ်နဲ့ တစ်ခုပြီးတစ်ခု လုပ်နေတယ်။ ၈ နာရီကျမှ လူနာပြန်နိုးလာပေတော့တယ်။ စိတ်လည်းမော လူလည်းမော။ လူတစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပဲ။

ထမင်းစားပြီးတော့ ward ထဲ သွားပြန်ကြည့်ပါတယ်။ ဆေးတပ်သားရဲဘော်လေးတွေက တစ်နာရီတစ်ခါ vital sign ယူပေးတယ်။ လိုအပ်မယ် ထင်တဲ့ဆေးတွေကို အကုန်လုံး တစ်ခုမှ မကျန်အောင် ထိုးတယ်။ မနက်သွားကြည့်တော့ လူနာက ငုတ်တုတ်ထထိုင်နေပြီ။ ဆရာတို့ ခွဲခန်းထဲမှာ သူ့နံမည် အော်အော်ခေါ်နေတာ သူအကုန်ကြားတယ်။ မှတ်မိတယ်တဲ့။ ဪ ကဲ။ ဖြစ်ပဲ ဖြစ်ရလေတယ်။ နေ့လည်ကျတော့ မနေ့က ခွဲကာနီး လူနာဆီက သွေးဖောက်ပို့လိုက်တဲ့ အဖြေတွေ ရလာတယ်။ urea တွေ၊ creatinine တွေ၊ potassium တွေ အကုန်တက်လိုက်တာမှ။ ပြဿနာက အဲ့ဒီမှာ။ လူနာက late perforation မှာ ဗိုက်နာတုန်းကမလာပဲ ဆေးသုံးပြီး သက်သာအောင်နေတယ်။ Renal shut down ရပြီး ဆီးနည်းသွားတော့မှ လာတာ။ မခွဲခင်မှာ drip တွေ ဖြည့်ပေမယ့် သူက ထိုင်လိုက်ထလိုက်၊ အိမ်သာသွားလိုက်နဲ့ cannula တွေ ပြုတ်ပြုတ်ထွက်လို့ အကုန်မဝင်။ ခွဲတဲ့အခါ renal function မကောင်းလို့ မေ့ဆေးတွေက တော်တော်နဲ့ မပြယ်။ Dobutrex တွေ Lasix တွေနဲ့ကျမှ urine က 2 liters လောက် ထွက်လာတာ။ တော်သေးတာပေါ့ ဒေါ်အေးသာကျော့ရယ်။

ဒီကာလအတွင်းမှာ ကိုယ့်လိုပဲ တောထဲမှာ မရှိရှိတာနဲ့ မနိုင်ဝန်တွေထမ်းပြီး ရုန်းကန်လှုပ်ရှားနေးတဲ့ CDM ဆရာဝန်တွေ အများကြီး ရှိပါတယ်။ ဒီအထဲမှာ ကိုယ်ကတော့ အသံအထွက်ဆုံး လို့ တချို့တွေက ပြောကြမယ် ထင်ပါရဲ့။ “နင်က နည်းနည်းလုပ်ပြီး များများ အသံထွက်တဲ့အကောင်” လို့ ကောင်းချီးဩဘာ ထောပနာပေးမယ့်သူတွေက ပိုများနေဦးမလားပဲ။ နည်းနည်းလုပ်သလား များများလုပ်သလားဆိုတာ စာထဲမှာထည့်ရေးတဲ့ case volume နဲ့တင် သိသာပါတယ်။ register စာအုပ်ထဲက စာရင်းဇယားတွေနဲ့ဆို ပိုတောင် ခိုင်လုံဦးမယ်။ လူသိအောင်လို့ နံမည်ကောင်းယူချင်လို့ အသံကောင်းဟစ်ပြနေတာ မဟုတ်ပါဘူး။ အသံမထွက်နိူင်ပဲ အလုပ်ပိနေတဲ့သူတွေကိုယ်စား သိကြားစေ သက်သေညွှန်းရတာပါ။ ဘာဖြစ်လို့ဆိုတော့ တချို့လူတွေဟာ အလွန် မျက်နှာပြောင်ပါတယ်။ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် သတ္တိမရှိလို့ နန်းစိန်လုပ်နေသော်ငြားလည်း သူချည်းပဲ စီမံထူးချွန်၊ စီးပွါးလူမှုထူးချွန်၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်ချစ်သားကောင်း၊ “နောက် ဘာရှိသေးသလဲ။ အကုန် ငါ့ပေး။” ဆို အသံကောင်းတွေ ဟစ်နေကြတာ။ သူတို့အချင်းချင်းလည်း con con လုပ်လိုက်ရတာ မပြောပါနဲ့။ မအလခေတ်မှာ ကျောင်းပြီးပါပြီ။ ဘွဲ့ရပါပြီ။ အလုပ်ဝင်ပါပြီ။ ဘွဲ့လွန်အောင်ပါပြီ။ ရာထူးတိုးပါပြီ။ အမျိုးမျိုး ဂုဏ်ဆာပြီး Congrats! Congrats! လက်ခုပ်တီးပေးနေတဲ့သူတွေ အသံတွေက ကျယ်လောင်နေပြီး တောထဲက ဆရာဝန်တွေရဲ့အသံက တိတ်နေလို့ ကိုယ်က ကိုယ်စားအော်ပေးရတာ။ သောင်းတိုက်က ကြားစေသားပဲ။ ကိုယ်တို့ရှုံးရင် “ဒီကောင်တွေက သောက်ရူးတွေလေ။” လို့ လက်ခုပ်လက်ဝါးတီးပြီး ဟားတိုက်ရယ်မှာ။ အခု ကိုယ်တို့ နိုင်ပြီလေ။ ကိုယ်တို့လည်း ဘာလို့ မရယ်နိုင်ရမှာလဲ။ အနည်းဆုံးတော့ မရှက်တတ်သူတွေကို ဘယ်သူက ရှက်ရမှာလဲ သိအောင် ပြပေးလိုက်မှာ။ ကိုယ့်မှာတွေ့ရတဲ့ အတွေ့အကြုံမျိုး၊ ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲမျိုးကို ကိုယ်လိုပဲ တောထဲမှာ၊ ရှေ့တန်းမှာ၊ စစ်တပ်ကချေမှုန်းခံရတဲ့ ရပ်ရွာတွေမှာ ရှိကြတဲ့ ဆရာဝန်တိုင်း ကြုံတွေ့ဖူးကြမှာပဲ။ နောင်တစ်ချိန်ကျရင် ဟောဒီ ၃ နှစ်ကာလ အတောအတွင်းမှာ ဘယ်ဆရာဝန်တွေက ဘယ်လိုဖြတ်သန်းခဲ့ပြီး ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်ဆိုတာ လေ့လာကိုးကားစရာ၊ ပြန်ပြောင်းပြောပြစရာတွေ အများကြီး ရှိလာဦးမှာ သေချာပါတယ်လေ။