ချန်ဂင်တို့စခန်း (၂၂၅)

ဆေးရုံက မိဆိတ်ကလေးက ဆိတ်ကလေး ၂ ကောင်မွေးတယ်။ အရင်ဆိတ်တွေကပေါက်ထားတာရောဆို ဆိတ်ဆယ်ကောင် ပြည့်တော့မှာပဲ။ မိဆိတ်တို့တစ်မြုံကတော့ ပိုင်ရှင်မရှိလို့ ဆေးရုံအပိုင် ဖြစ်သွားပြီ။ ကြက်တွေကလည်း စားဖိုဆောင်ထဲ ဝင်လိုက်ထွက်လိုက် အုလိုက်ဝပ်လိုက်နဲ့ တစ်မြုံပြီးတစ်မြုံပေါက်နေတာ ဘယ်နှစ်ကောင်မှန်းတောင် မမှတ်မိတော့ဘူး။ ဆေးရုံကကြက်မို့ တန်ဆောင်မုန်းလပြည့်တုန်းကတောင် မျက်စောင်းထိုးမခံရဘူး။ “ဆရာတို့ ကာလသားဟင်းချက်ချင် ကြက်တစ်ကောင် ပေးမယ်လေ။” ဆို လာလာပို့ကြသေး။ ကိုယ်တို့လည်း တခါတလေတော့ အိမ်ကြက်ကလေးဘာလေး ချက်စားတဲ့အခါ စားပါတယ်။ လုပ်ကိုင်ပေးမယ့်သူ ရှိရင်ပေါ့။ အခုတော့ မစားဖြစ်တာကြာလို့ ကြက်တွေများလာတာ။ ဆိတ်ကတော့ ဘေးမဲ့ပေးထားပါတယ်။ မနက်စောစောဆို မီးလှုံချင်လို့ လူတွေ မီးမမွှေးသေးခင်ကို မီးပုံဘေးမှာ လာလာစောင့်နေကြတယ်။ ခွေးတွေကလည်း တစ်သားပြီး တစ်သားပါပဲ။ ရွာထဲက လာလာယူသွားကြလို့သာ။ ကြောင်ကလည်း ၆ ကောင် ၇ ကောင်။ မွေးမြူရေးမလုပ်ပဲနဲ့ အကောင်ပလောင်တွေ တိုးပွါးနေရတာ။

အခုတော့ မိဆိတ်ကမွေးတဲ့ ကလေးတွေအတွက် မီးပုံဖိုပေးရတာနဲ့၊ သူ့အမေဆီ နို့စို့တတ်အောင် တပ်ပေးရတာနဲ့။ အရမ်းကို ဂရုစိုက်နေရတာပေါ့လေ။ ရာသီဥတုက အေးတယ် မဟုတ်လား။ အရင်ကဆို မိဆိတ် အိမ်ထဲဝင်မှာစိုးလို့ တံခါးတွေ အမြဲစောင့်ပိတ်နေရတာ။ သူကလည်း လစ်တာနဲ့ အိမ်ထဲဝင်ဖို့ချည်း ချောင်းနေတာ။ အထဲမှာ သူဝါးချင်တဲ့ ဖုန်းအားသွင်းကြိုးတွေ ရှိတယ်လေ။ သူ့ကြောင့် ခဏခဏဝယ်နေရတာပေါ့။ စက္ကူတွေတွေ့ရင်လည်း ဝါးတယ်။ ဆေးရုံမှာဆို လူနာတွေကို သွင်းထားတဲ့ drip set တွေကို ကိုက်ဆွဲပြီး ထွက်ပြေးတယ်။ ရိုက်လည်း မရဘူး။ မီးဖိုချောင်ထဲလည်း သူဝင်လို့ ပြူတင်းပေါက်တွေ တန်းရိုက်ပစ်ရတာ။ ဆိတ်ပေမယ့် လူစားတဲ့အစာပဲ စားတယ်။ “နင်တော့နော်။ ပေါ်မစားချင်လို့ ကြည့်နေတာ။” ဆိုရင်းကနေ ဘယ်အချိန် မူစကူဒူးလိုက်မှန်း မသိဘူး။ အခု ကလေး ၂ ကောင် ထွက်လာပြီ။ သွေးနုသားနုဆိုတော့ ခဏတဖြုတ် VIP လုပ်ပလေ့စေဦးပေါ့။

ကိုယ်တို့ဆေးရုံဟာ မွေးဖွားခြင်း ဇာတိချက်မြှုပ် ဖြစ်ဖို့ရာအတွက် နေရာကောင်းလေး တစ်ခုဖြစ်နေပြီ။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ မီးဖွားသန့်စင်သွားတဲ့ လူနာတွေ မနည်းတော့ဘူး။ “ချန်ဂင်ဆေးရုံမှာ မွေးတဲ့ကလေးလေးလေ။” ဆို တသက်လုံးအမှတ်တရ ရှိနေတော့မှာပေါ့။ လူတစ်ယောက်ရဲ့ဘဝ အစပြုရာနေရာကို ဘယ်သူကများ အလွယ်တကူ မေ့ပျောက်ပစ်မှာမို့လဲ။ အဲ့သလိုပဲပေါ့လေ။ လူပေါင်းများစွာ မရှုမလှ အသက်သေဆုံးရာ စစ်ဗိုလ်စစ်သားတွေ အာဏာသိမ်းတဲ့ ဟောဒီ ၃ နှစ်တာကာလကိုလည်း မြန်မာနိုင်ငံသားတွေ ဘယ်တော့မှ မေ့နိုင်ကြမှာ မဟုတ်ဘူး။ ငါ့သားလေးတွေ ငါ့သမီးလေးတွေကို သူတို့ ဘယ်လိုတွေတောင် လုပ်ရက်ကြတာ ဆိုပြီး သေရာပါမယ့် စိတ်ဒဏ်ရာတွေ ရခဲ့ကြတာလေ။ “အမိန့်ပေးလို့ လုပ်ရပါတယ်။” တစ်ခွန်းနဲ့ သင်ပုန်းချေနိုင်ပါ့မလား။ စဉ်းစားပေါ့။ ချန်ဂင် နဲ့ ကြင်စိုး တန်ဖိုးချင်း ဘယ်လောက်ကွာသလဲ။ သိပြီလား။ နှိုင်းစရာ ယှဉ်စရာကို မဟုတ်ဘူး။

ဆေးရုံမှာ မွေးလူနာတွေ နေရာမဆန့်တော့လို့ မွေးခန်းအသစ်ဆောက်ပြီး မွေးခုံ ၂ ခုံ အပြိုင်ထားတယ်။ မွေးပေးမယ့် ဆရာဝန်၊ ဆရာမ၊ သင်တန်းသူတွေကိုလည်း အလှည့်ကျ အဆိုင်းနဲ့ သင်ပေးတယ်။ ဗိုက်အပ် ဗိုက်စမ်းကတည်းကသင်ထားတာ။ မွေးခန်းကို နတ်ကြီးစင် ညောင်ပင်ကြီးအောက် ဆောက်မိလို့ အရှင်ရုက္ခစိုးမင်းကြီးကိုလည်း ကန်တော့ပွဲနဲ့ တောင်းပန်ထားရတယ်။ သားဆုပန်ချင်လည်း အဲ့ဒီအောက်သာ ပန်ကြပစေတော့။ ချန်ဂင်ဆေးရုံမှာ ပထမအိုဂျီ၊ ဒုတိယအိုဂျီ နှစ်ဆက် သင်ကြားပေးထားသော စည်းစံနစ်အတိုင်း ရှိတယ်။ အမှားမလုပ်ဖို့ အလွယ်မလုပ်ဖို့လည်း အတန်တန်မှာထားတယ်။ နောက်လူတွေ အတုခိုးမှားသွားမှာစိုးလို့။

ကိုယ်တိုင်လည်း တောထဲနေတယ်ဆိုပြီး မဟုတ်တာ ဘာတစ်ခုမှ မလုပ်ဘူး။ ယောက်ကျားတွေကို သားကြောဖြတ်တဲ့အလုပ်တောင် လုပ်မပေးဘူး။ စစ်အစိုးရကိုဆန့်ကျင်တာ။ ဥပဒေကို ဆန့်ကျင်တာ မဟုတ်ဘူး။ သူပုန်ဆေးခန်းမို့လို့ illegal operations တွေ လုပ်ဖို့စိတ်ကူးမရှိဘူး။ ဘူတန်မှာတုန်းက လုပ်ပေးတယ်။ သူတို့နိုင်ငံရဲ့ ဥပဒေက ခွင့်ပြုလို့။ ဒီမှာ ခွင့်မပြုဘူး။ ဒါကြောင့်မို့ မလုပ်ဘူး။ ကိုယ်က မဟုတ်တာ လုပ်ပြရင် အငယ်တွေက အဟုတ်မှတ်ပြီး လိုက်လုပ်ကုန်မှာပေါ့။ ကိုယ့်ဆေးရုံကို လစ်ရင်လစ်သလို လုပ်တဲ့ဆေးရုံ အဖြစ်မခံနိုင်။ အိုဂျီမရှိတဲ့ အချိန်ဆို elective sterilization တောင် လုပ်မပေးဘူး။ Caesar လုပ်ရင်း absolute indication ရှိမှ လုပ်ပေးတယ်။

ဆရာဝန်တစ်ယောက်ရဲ့ အသက်ဟာ ethic လို့ပဲ ကိုယ်က ခံယူတယ်။ CDM လုပ်ပြီး အလုပ်ကို စွန့်ခွါလာတဲ့အခါ ဆေးရုံမှာ မကုပဲတန်းလန်းထားခဲ့တဲ့လူနာ တစ်ယောက်မှ မရှိဘူး။ ကိုဗစ်ကုသရေးအပါအဝင် ဆေးရုံက ကုသရေးယန္တရားတွေ ရပ်သွားတာ အာဏာသိမ်းလို့ ရပ်သွားတာ။ စစ်အစိုးရအောက်မှာ အလုပ်မလုပ်ချင်လို့ terminating the service လုပ်ခဲ့တာဟာ အလုပ်ရှင်အသစ်နဲ့ contract ဆက်မထိုးဘူး ဆိုတဲ့ သဘောပဲ။ လခလည်းမစားဘူး။ ပင်စင်လည်း မစားဘူး။ မထုတ်ရသေးတဲ့လခတောင် ၃ လစာမက ရှိတယ်။ ဆေးရုံကထွက်ပြီး အပြင်မှာ ဆေးခန်းထိုင်စားနေတာ မဟုတ်ဘူး။ ကိုယ်စီးတဲ့မြင်းကိုယ် အထီးမှန်း အမမှန်း သိတယ်။

လက်ခုပ်သံတွေကို သာယာပြီး virtual world နဲ့ actual world ကို မကွဲပြားလို့ မပြန်နိုင်တဲ့ လမ်းပေါ်ကနေ တောကြိုအုံကြား ရောက်သွားခဲ့တာ မဟုတ်ဘူး။ ဆေးရုံသက်တမ်း ၂ နှစ်တာဟာ ကိုယ့်ဘဝတသက်တာမှာ လူနာအများဆုံး ကုရခွဲရတဲ့ ကာလပဲ။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မီးကုန်ယမ်းကုန် ကြိုးစားခဲ့ရတဲ့ ကာလ။ ကြုံတွေ့ခဲ့သမျှ အရာရာကို စာနဲ့ပေနဲ့ မှတ်တမ်းချန်ရစ်ခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။ ကျောက်စိမ်းမှော်တွေကြားထဲလာခဲ့တယ်။ ကျောက်ခဲတစ်လုံးတောင် ကောက်မထားဘူး။ ရွှေမျောကွက်တွေကြားမှာ ဆေးကုနေတယ်။ ရွှေမှုံတစ်မှုံ ကိုယ်ပေါ်မှာ မရှိပါဘူး။ ဒါပေမယ့် နေ့ရက်တိုင်းကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနေပါတယ်။ အခုနေ မဟာဗန္ဓု မြို့ဓနု ဖြစ်သွားရင်တောင် နောင်တရစရာ အကြောင်းမရှိ။ ထိတ်လန့်တုန်လှုပ်စရာ အကြောင်းမရှိ။ ကိုယ်ယုံကြည်ရာကို လုပ်ရဲတဲ့သတ္တိ ရှိတယ်။ ရေးရဲတဲ့သတ္တိ ရှိတယ်။ ဟိုဘက်ကလူတွေမှာရော ဖတ်ရဲတဲ့သတ္တိ နဲ့ ခံနိုင်ရည် ရှိပါ့မလား။ နားလည်နိုင်တဲ့ ဉာဏ်ရည်တောင် ရှိမှာ မဟုတ်ဘူး။ စာအုပ်ထုတ်ဖြစ်ရင် ကိုယ်တိုင် လက်မှတ်ထိုးပြီး မေတ္တာလက်ဆောင်ပေးမယ်လေ။ ကြိုးစင်ပေါ်မတက်ခင် ဖတ်ကြည့်သွားပါလား။

ချန်ဂင်ကို စာအုပ်ထုတ်ချင်လို့ လာကမ်းလှမ်းတဲ့သူတွေ ရှိပေမယ့် ကိုယ့်ဘက်က ခွင့်ပြုလို့ မရသေးတဲ့ အကြောင်းတွေ ရှိတယ်။ အဲ့ဒါကတော့ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ခုမှာ ကိုယ်ကိုယ်တိုင် သေမလား ရှင်မလား ကံသေကံမ မပြောနိုင်ဘူး။ အပိုင်းဘယ်လောက်ထိ ဆက်ရေးမှာလဲတောင် မပြောနိုင်။ အဲ့သလောက် အပိုင်းဆက်တွေ များလာရင် လူတွေကရော စိတ်ဝင်တစား ဖတ်ပါ့မလား ဆိုတာတောင် အာမမခံနိုင်။ စဉ်းစားကြည့်လေ။ နောက်ခံပိတ်ကားကလေးတောင် မလဲနိုင်ပဲ တောစခန်းတောင်စခန်းလေးမှာ မိုးလင်းပေါက် ကနေရတာ။ ကနေတဲ့မင်းသားကလည်း ရွှေမန်းတင်မောင် သေတုန်းကတောင် သူ့လောက် အသက်မကြီးသေးဘူး။ ဒါကြီးကို အပိုင်း ၂၀၀ ကျော်အောင် ကရတာ။ တစ်ခါလာလည်း မဲပြာပုဆိုး။ “ဘဦး ရေကူးနေသည်။ ချန်ဂင် ဆေးကုနေသည်။ ပလာစာအုပ် တစ်အုပ်ကုန်အောင် ရေးခဲ့။” လို့ အိမ်စာပေးသလို နေမှာပေါ့။

တကယ်တမ်းကျတော့ ဒီဇာတ်လမ်းက ကွက်စိတ်ဟောသလို ကိုယ်တစ်ယောက်တည်း ရှိသမျှ ဒိုင်ယာလော့ခ် လေယူလေသိမ်းလေး ပြောင်းရွတ်ပြီး မင်းသားလည်း ငါ၊ မင်းသမီးလည်း ငါ၊ လူကြမ်းလည်း ငါ၊ လူပြက်လည်း ငါ။ အဲ့လို က လို့ ရမလား။ ဆေးရုံမှာ အလုပ်လုပ်နေတာ လူ ၂၀-၂၅ ရှိတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းစီမှာ ရေးစရာ ပြောစရာ စရိုက်သဘာဝတွေ အပြည့်ပဲ။ ဒါပေမယ့်လည်း သူတို့ရဲ့ လုံခြုံရေး၊ သူတို့မိသားစုတွေဘအန္တရာယ်ကင်းရေးအတွက် သူတို့ကို အကုန်ဖျောက်ထားရတယ်။ ခုချိန်မှာ ကိုယ့်ဆီကို ထောက်ပို့လှူတန်းရင်တောင် လိုင်းပေါ်မှာ “သာဓုပါတော်။ အမည်မဖော်လိုသူ လှထုံမှ အလှူတော်ငွေ ငါးကျပ်။” လို့ နိဗ္ဗာန်ဆော် မလုပ်နိုင်ဘူး။ ကိုယ့်နောက်က စပွန်ဆာပေးတဲ့သူ ရှိလည်း “စိန်ချန်ဂင်လေး နောက်ကျွမ်းပစ်ဖို့ ဆုတော်ငွေများစွာနဲ့အတူ တောင်းဆိုလာပါသဖြင့်” လို့ ထုတ်ဖော်မပြောရဲဘူး။ နှုတ်ကြောင့်ကျေရင် ကိုယ်ကျေမှာ မဟုတ်ဘူး။ သူများကျေမှာလေ။ နားလည်ရတာပေါ့။ အဲ့လို ငဲ့ညှာစရာတွေ ထည့်မရေးပဲ စာအုပ်ထုတ်ရင် “သူကြီးဘုရား ရွာသားကောင်းမှု” လုပ်တယ် လို့ ခံစားရမှာပေါ့။ တစ်ယောက်ချင်း တစ်ယောက်ချင်းစီမှာ အမှတ်တရတွေ အများကြီး ရှိတယ်လေ။ အဲ့ဒါတွေ မပါရင် ချန်ဂင် မဖြစ်ဘူး။ သိမ်းထားရမယ့်အရာတွေ မဟုတ်ဘူး။ ရေးကို ရေးရမယ့်အရာတွေ။ အချိန်မဟုတ်သေးလို့ စောင့်နေတာ။ အဲ့ဒါတွေ မရေးလိုက်နိုင်ပဲ စာအုပ်ထွက်သွားရင် စာအုပ်ကြီးက ဘယ်လောက်ထူထူ မင်းကွန်းပုထိုးတော်ကြီးလို အပြီးလည်း မသပ်ဘူး လို့ အပြောခံရမှာပေါ့။

အခုကတော့ ဓါတ်တော်ချောင်းမှာ ဇာတ်တော်ကလည်း ပေါင်းတော့မှာ မဟုတ်လား။ မင်း မိဖုရား သားတော် သမီးတော်တို့ ဆုံရတော့မယ်။ ကန့်လန့်ကာနောက်ကွယ်မှာ ဆေးလိပ်ထွက်ဖွာနေတဲ့သူတွေလည်း တို့ပတ်လေးပုတ်၊ ဆံယဉ်ကလေး သိမ်းလို့ မီးရောင်အောက်ကို ဝင်ကြရတော့မယ်။ ဇာတ်ကောင်ကလေးတွေကို တစ်ယောက်ချင်းစီ မိတ်ဆက်လို့ “ဤသူကား ယခုမှသာလျှင် ဤသို့ဖြစ်သည် မဟုတ်။ ရှေးယခင်ကပင်….” ဆို အတိတ်ကိုလည်း ဆောင်တော်မူရဦးမှာ။ လူစုံတဲ့အခါ “ရွှေငွေလိုရာပစ္စည်း စည်းစိမ်ရှိအောင်လေ။ သစ်ဆန်း ခမ်းခမ်းနားနား ဇာတ်တော်သား မောင်ရေ” လို့ တစ်ဇာတ်လုံးကို ကိုင်လှုပ် နှိုးရဦးမလေ။ ဆုတွေလည်း တောင်းပေးရဦးမှာလေ။

“စီးပွါးရေးရယ် ကြီးပွါးရေးရယ် သမီးရည်းစားအရေးလည်း

အောင်ပါစေ။

ဇမ္ဗူတဝှမ်းမှာ လှူတန်းမယ့်သူတွေ အောင်ပါစေ။

မင်္ဂလာရက်မြတ်လက်ထပ်မယ့်သူတွေ အောင်ပါစေ။

ရွှေရေချမ်းလောင်းလို့လေ။

ကောင်းမြတ်တဲ့ အောင်စေ

မေတ္တာဝေ။”