ချန်ဂင်တို့စခန်း (၂၂၄)

“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ။” လို့ ဦးလှထွတ်က ပြောဖူးတယ်။ အဲ့ဒီသုံးခုက အတူတူမှလည်း အဓိပ္ပါယ်ရှိလိမ့်မယ် လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းပွင့်လေးတွေ မမြင်ရရင် ဘယ်မှာ အဓိပ္ပါယ် ရှိပါ့မလဲ။ ခရစ္စမတ်သစ်ပင်ကြီးကို ဝါဂွမ်းတွေကပ်ပြီး နှင်းဖုံးအောင် လုပ်ပြရတာကို လှတယ်လို့ မထင်ပါဘူး။ နှင်းဝေတဲ့ဆောင်းမနက်ခင်းတွေဟာ လှလွန်းအားကြီးလို့ တကူးတက အိပ်ယာက ထပြီး ကြည့်ယူရလောက်အောင် တန်တာ။ တောင်ပေါ်တက်သွားလိုက်ရင် တိမ်တွေကို အပေါ်စီးက မြင်ရတော့ တိမ်ပင်လယ် လို့ တင်စားကြတာပေါ့။ ဟိုးဘက်က တောင်ထိပ်စွန်းတွေကို ကျွန်းကလေးများလို မြင်ရတယ်။ တောင်ခြေက လယ်ကွင်းပြင်တွေမှာလည်း တိမ်ဆိုင်းကလေးတွေ မြေမှာဝပ်လို့ တွေ့ရတယ်။ ဆောင်း ဆိုတာ နှင်းကိုမြင်ရမှ အဓိပ္ပါယ်ပြည့်စုံလိမ့်မယ်။ ဆောင်းကော နှင်းကော ရှိရုံနဲ့လည်း မလုံလောက်ဘူး။ ချစ်သူမရှိပြန်ရင် နွေးထွေးခြင်း ကင်းမဲ့လို့ အေးတိအေးစက်ကြီး နေလိမ့်ဦးမယ်။ ချစ်သူမပါရင် စောင်ဘယ်နှစ်ထပ်ခြုံခြုံ လေးရုံအပြင် ပိုမနွေးဘူး။ အနွေးဓါတ်က ကိုယ်ငွေ့က လာတာကိုး။ ဒီလိုတော့လည်း ဆရာဦးလှထွတ်က ပညာရှိကြီးပဲ။ ကိုယ်ကတော့ ချပ်ဝပ်နီအနွေးထည်လေးဝတ်ပြီး စောင်ခြုံလိပ်ကလေးထဲမှာ နွေးထွေးစွာ စာတွေရေးလို့နေတယ်လေ။ ဇိမ်ကျလိုက်တာ။ အရသာကို ရှိလို့။

မနေ့ညကတော့ မိုးညှင်းဘက်မှာ တစ်ညလုံး လက်နက်ကြီးတွေ တအုန်းအုန်းထုနေတာ သိမ့်သိမ့်ကိုတုန်နေရောပဲတဲ့။ မော်လူးဘက်ကို လှမ်းထုတာလေ။ sold out ဖြစ်သွားပြီဆိုတော့ စိစိညက်ညက် ကျေအောင် ချေမှုန်းဖို့ အမိန့်တော် ချမှတ်လိုက်ပြီပေါ့။ အမြောက်နဲ့ပစ်ရင် မြေကြီးတွေက ကျေချင် ကျေသွားလိမ့်မယ်။ ရင်ထဲမှာတော့ ကမ္ဘာမကျေဘူး။ စစ်ကိုင်းတိုင်း တစ်တိုင်းလုံးကို ပြာပုံအတိဖြစ်အောင် မီးတွေလိုက်ရှို့နေတာ ၅/ တွေ ရင်ထဲမှာ အမုန်းမီးတောက်တွေ လောင်မြိုက်နေအောင် ရှို့တာနဲ့ အတူတူပဲ။ လက်နက်ရှိမှ အနိုင်ကျင့်လို့ ရစတမ်းဆို ငါတို့လည်း လယ်မလုပ် ဝါးမခုတ်ဘူး။ သေနတ်ဝယ်ကိုင်ထားတယ်။ စစ်သား ရဲသား ပျူတပ်သား ရန်သူဆို ဗိုလ်မထားဘူး။ တဒိုင်းဒိုင်း ကောင်းဘွိုင်လိုပဲ သေနတ်နဲ့ပစ်မယ် ချစ်သူရေ။ ဒီအရပ်မှာတော့ ချစ်သူက နွေးထွေးရုံတင်မကဘူး။ လောင်ကျွမ်းသွားခဲ့ပြီ။ စစ်သား နဲ့ အညာသားဟာ သေခန်းပြတ်ပဲ သူငယ်ချင်း။ “စံပါယ်ရယ် သူငယ်ချင်းတွေမို့” လာမလုပ်နဲ့။ သားအဖချင်းတောင် အသုဘမပို့တော့ဘူး။

အဲ့ဒီဘက်မှာလည်း ဆရာဝန်တွေအများကြီး၊ ဆေးရုံတွေလည်း အများကြီး ရှိပါတယ်။ ခွဲစိတ်တဲ့အတွေ့အကြုံလိုချင်လို့ ကိုယ့်ဆေးရုံမှာ training လာလာယူတဲ့သူတွေ ရှိတယ်။ လေးခါပြန်ခွဲရတဲ့ colostomy လူနာကလည်း သူတို့ဆီက လွှတ်တာ။ အဲ့ဒီဆရာဝန်လေးတွေ ကိုယ်တို့ထက်သာတာက “နုမလား ကြမ်းမလား။ ရတယ်။ Ready. Let’s go.” ပဲ။ ဒီလာမှာမို့လို့ သေနတ်တွေ ထားခဲ့တာ။ ဒေါက်တာလေးက သူတို့ရဲ့ sniper ။ အူကြောင်ကြောင်တော့ သွားမလုပ်နဲ့။ လာ သွားမယ် ဟောလီးဝုဒ်။ ဂီတာတီးပြီး သီချင်းဆိုတဲ့ ရွှေမန်းမြို့ရဲ့ ကျက်သရေဆောင် ဆယ်လီလေးလည်း အဲ့ဒီမှာ ရှိတယ်။ မြင်ရင် ကြွေသွားမယ်။ နင် မြင်ရင် ကြွေသွားမယ်။ အသံပလံမကြားပဲ အမှန်အကန် ကစားနေတဲ့ players တွေရှိလို့ ဒီပွဲက ဒီအထိရောက်လာတာပါလေ။

အခုလောက်ဆို တရုတ်ကြီးက ဖြန်ဖြေသော်လည်း အလကားပဲဆိုတာ ကြင်စိုးလည်း သိလောက်ပြီ။ ဘောင်းဘီထဲ ရှူရှူးတွေ ထွက်ကျနေပြီလား မပြောတတ်။ သေသမျှသာ လျော်ကြေးပေးရရင် အောင်မြင့်မိုရ်မင်း ကုမ္ပဏီတော့ ကုန်းကောက်စရာတောင် ကျန်မှာ မဟုတ်။ မလျော်နိုင်လို့ သူရဘွဲ့လေး ကောက်ကောက်တပ်ပြီး ဖလာကြိတ်ပုံရတယ်။ သေရဘွဲ့လို့ပဲ ပြောင်းခေါ်လိုက်ပါလား။ ထောင်ထဲက တပ်ပြေးတွေ ရှေ့တန်းလွှတ်ရင် ထပ်ပြေးကြမှာ။ စားရိတ်ကုန်ရုံပဲ ရှိမယ်။ တပ်ထောက်ခံသူတွေကို လွှတ်ဖို့ကောင်းတာပေါ့။ အေးနေဝင်းတို့၊ ယုန်လေးတို့၊ မင်းအုပ်စိုးတို့။ အသက်နဲ့လဲပြီး ပေးဆပ်ပါ့မယ် ကြွေးကြော်နေတာ။ အခွင့်အရေးလေး ပေးသင့်ပါတယ်။ တပ်မတော်ကြီးကို ဒီချိန်မကယ်၊ ဘယ်အချိန်ကယ်မလဲ။ အပြောတွေရပ်။ အလုပ်နဲ့ သက်သေပြစမ်းပါ။ ဆုန်သင်းပါရ်နဲ့ ဝါးညှပ် ကရအောင်။ လာ။ “သေချင်ရင် ဒီကိုလာ။ ဒီကိုလာ သေချင်တယ်ဆို။ ရှေ့တက်လာ။” ခမ်မောင်း ခမ်မောင်း။

သုံးနှစ်သုံးမိုး ဆိုတဲ့ အချိန်ကာလဟာ ကိုယ်တို့အတွက် mature ဖြစ်ဖို့ ကောင်းကောင်း လုံလောက်ပါတယ်။ အဆင်မပြေမှု နဲ့ ဆင်းရဲဒုက္ခ တော်တော်များများကိုလည်း အသားကျလာခဲ့ပြီ။ Ma Ma’s boy လေးတွေ Daddy’s girl လေးတွေ မဟုတ်တော့ဘူး။ စိတ်ပျက်အားငယ်ပြီး ဒီပရက်ရှင်ကောင်ဇိုးလေး လုပ်နေတာ တစ်ယောက်မှ မရှိဘူး။ အဲ့ဒီအဆင့်တွေ ကျော်ဖြတ်လာခဲ့ပြီ။ အရာရာကို ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစား ဆုံးဖြတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်လာတာ။ လမ်းအဆုံးကိုမြင်နေရမှ နောက်ပြန်လှည့်တဲ့အလုပ်ကို ဘယ်သူမှ မလုပ်ဘူး။ You’ve messed up with the wrong guys Mr Kyin Soe. မင်းအဆင့်က TikTok ကတဲ့ ကျော်ဝင်းစိန်လောက်ကို gangster အမှတ်နဲ့ လက်သပ်မွေးနေရတာ။

ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်လာလိုက်တာ လူနာတွေလည်း တက်လိုက်ဆင်းလိုက်၊ ခွဲလိုက်ပြန်လိုက်နဲ့ပေါ့။ မြို့ပေါ်ကလူတွေကလည်း ဆီကလေးတန်းစီလိုက်၊ မီးလာတုန်း ရေတင်လိုက်၊ ဘားတွေကလပ်တွေမှာ အရက်သောက်ရင်း အဆိုတော်ကြီး​တွေကို ထမင်းကျွေးလိုက်၊ ဝိန့်စိန်ရွှေဆိုင်က သိန်း ၆၅၀၀ တန် ကံစမ်းမဲဖောက်တာ ငေးရင်းမောရင်း ဒီတစ်ခါ ကိုယ့်ရှိတာလေး ထုတ်ရောင်းရင် ဘယ်လောက်ရမှာလဲ မှန်းဆလိုက်နဲ့ပေါ့။ ကိုယ်တို့တတွေ လေယာဉ်လာတာ မတုန်လှုပ်တော့သလို သူတို့တတွေလည်း အုန်းနဲ ဒိုင်းကနဲ အသံတွေကို နားယဉ်သွားကြပြီ။ မသာယာနိုင်တာဘယ်မှာပဲ ရှိသလဲ သိတယ် မဟုတ်လား။ သည်တောင်ကို မောင်ဖြိုတာ မြင့်မိုရ်ကြီး ပြိုဆင်းလာပြီကော။ စခန်းတွေ တစ်ခုပြီး တစ်ခု၊ မြို့တွေ တစ်မြို့ပြီး တစ်မြို့။ အောင်ပွဲတွေ နေ့တိုင်းရှိနေတာ။ တော်လှန်ရေးကြီးကတော့ “သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူး ရှင်” ဖြစ်သွားပြီ။ အိမ်အပြန်လမ်းကို စိတ်လည်းမစောဘူး။ စိတ်လည်းမမောဘူး။ သာသာယာယာ အရသာခံပြီး ဖြတ်သန်းနေတယ်။

ကိုယ်တို့မှာ နေ့တိုင်း အလုပ်နဲ့လက်နဲ့ မပြတ်အောင် ရှိပါတယ်။ ခွဲလူနာ၊ မွေးလူနာ၊ စာသင်ရမယ့်လူနာ။ ရိုးကို မရိုးနိုင်ဘူး။ ဆေးတွေဝါးတွေလည်း အလျဉ်မပြတ်ကို ဖြည့်နေရတာ။ သင်တန်းသားတွေ ရှိလို့ glove တွေ mask တွေကအစ ထောင်နဲ့ချီ ဝယ်ရတယ်။ လူနာပဲဖြစ်ဖြစ်၊ သင်တန်းသား ဗော်လံတီယာပဲဖြစ်ဖြစ် အကုန်လုံးကို ယနေ့ကြွလာ မိတ်သဟာ လို့ သဘောထားပြီး service ပေးနေတာ။ ချမ်းသာကိုယ်စိတ်မြဲကြပါစေ လို့ စိတ်ထဲမှာ မေတ္တာထားရတာပေါ့။ သို့သော်လည်း ဒီဆေးရုံကြီးကို ကြည့်ပြီး ယူကြုံးမရ အပူလုံးကြွနေတဲ့သူတွေကလည်း သပ်သပ်ကို ရှိတာနော်။ “ကြည့်ကောင်းလို့ ကြည့်နေကြတာလား အဘတို့ရဲ့။” “ဒီိလိုပဲ လွှတ်ထားတော့မှာလား ဘုရားတကာကြီးတွေရဲ့။” ဆို Facebook ပေါ် location ပြပြီး တက်တက်အော်နေတဲ့ ဘောမလေးတွေဆိုတာ ထွန့်ထွန့်ကို လူးလို့။ ရန်ကုန်မှာကတည်းက “ဒီဆရာဝန်ကို ဘာဖြစ်လို့ လွှတ်ထားရတာလဲ။” ဆိုတဲ့ အကြံပေးပုဂ္ဂိုလ်ကြီးတွေ ခဏခဏ တွေ့ဖူးနေကျပဲဟာ။ ကိုယ့်ဆီက အသစ်တက်လာတဲ့စာတိုင်းဟာ အဲ့ဒီလူတွေကို “ကျန်းမာတော်မူကြပါစ ခင်ဗျာ။” လို့ နှုတ်ဆက်လိုက်သလို သဘောထားပါတယ်။ နေထိုင်မကောင်းရင် အမြောက်ဆန် ဗုံးဆန်မှန်ရင် ဒီမှာလာကုကြပေါ့။ ဟုတ်ပြီလား။ ကုပေးမှာပါ။ အမှားကို အမှားမှန်းမသိပဲ သေသွားရင် နောင်တ မရလိုက်မှာစိုးလို့။ အဲ့ဒီလူတွေ ပူလောင်နေပုံ မြင်ရတာကိုက အရသာရှိတာ။ သူတို့အဘကဖြင့် ကိုယ့်ဆေးရုံဆီ စစ်ကြောင်းထိုးဖို့နေနေသာသာ တိုင်းမှူးတွေ လက်နက်ချမသွားအောင် အသည်းအသန် ရုန်းကန်နေရတာ။ ဘာတဲ့။ “စကစထဲမှာ လက်နက်ချ အညံ့ခံရလောက်အောင် သူရဲဘောကြောင်တဲ့စစ်သား တစ်ယောက်မှ မရှိဘူး။” တဲ့။ ငါ့မယ် ရယ်လိုက်ရတာလေ။

ဖေ ၂၁ က စခဲ့လို့ သည်ကနေ့ထက်တိုင်အောင် ဟောဒီက သူတော်ကောင်းဆရာဝန်ကလေးကို တစ်ရက် မကောင်းကြံသောသူတို့သည်လည်း မကြံနိုင်ရာ။ နှစ်ရက် မကောင်းကြံသော သူတို့သည်လည်း မကြံနိုင်ရာ။ ၃ နှစ် ၃ မိုးကြာခဲ့ပြီလေ။ ဆက်ပြီးလည်း ကြံစည်ချင်သပဆို ကြံစည်ကြပေါ့။ ကိုယ်ကဖြင့် ဘယ့်နှယ့်မှ မနေပေါင်။ နေကောင်းကျန်းမာ စိတ်ချမ်းသာလျက်ပါပဲ။ ခုချိန်က အောင်ပွဲရ ပန်းဝင်ရမယ့်အချိန်။ ကျက်သရေရှိရှိ၊ မင်္ဂလာရှိရှိ၊ ဣန္ဒြေရရ၊ ကော်ဇောနီပေါ် လျှောက်သလို လျှောက်လာရမှာ။ ခွေးပြေးဝက်ပြေး ပြေးရမယ့်သူတွေကို ဘာလှည့်ကြည့်စရာ လိုမလဲ။ မျှော်နေစောင့်နေတဲ့သူတွေ ရင်ထဲမှာ အေးသွားအောင် အောင်ပြုံးလေး ပြုံးထားတယ်။ သူများအသက်တွေ သတ်ချင်တိုင်းသတ်ခဲ့ပြီး ကိုယ့်အလှည့်ကျမှ “အားတဲ့အချိန် ဘုရားစာပဲ ရွတ်နေပါ ငါ့ညီရာ။” ဆိုတဲ့သူတွေအတွက်လည်း လှောင်ပြုံးလေး ပြုံးထားတယ်။ ဟဲဟဲ။ အခုမှ တရေးနိုး၊ တပ်ဦးက ကျူးအောင်ချီနှင့်ပြီး ဖုန်တထောင်းထောင်း ခွေးတစီစီ နေရာဦးနေတဲ့ ပေါ်လွင်စိန်တွေ ထင်ရှားစိန်တွေ အတွက်လည်း ပြောင်ပြုံးလေးတစ်မျိုး ပြုံးရတာပဲ။ အဲ့သလိုမျိုး စကားတစ်ခွန်းမှ မပြောပဲ အပြုံးကလေးသက်သက်နဲ့ အဓိပ္ပါယ် ၃ မျိုးကွဲအောင် သရုပ်ဆောင်နိုင်မယ့်သူဆိုလို့ ကိုယ်ကလွဲရင် စိုင်းစိုင်းခမ်းလှိုင် တစ်ယောက်ပဲ မျက်စိထဲ ပြေးမြင်မိသေးတယ်ကွယ်။ ယူတိ့လည်း အခု စာဖတ်ရင်း သူ့မျက်နှာကြီး မျက်စိထဲမှာ မြင်နေကြပြီ မဟုတ်ဘူးလား။ ဟီးဟီး။