ချန်ဂင်တို့စခန်း (၂၂၃)

ဆောင်းတွင်းကြီးမှာ မိုးတွေရွာတာ ဒီဒေသရဲ့ ထူးခြားချက်လား မသိပါဘူး။ ချမ်းရတဲ့အထဲ စွတ်စွတ်စိုစိုနဲ့။ နေမမြင်ရတဲ့ရက်တွေမှာ ဆိုလာတွေလည်း အားမဝင်တော့ဘူး။ ထင်းပုံတောင် အမိုးအကာအောက် ထားရတယ်။ ညနေ နေဝင်ပြီဆိုတာနဲ့ အပူချိန်တွေက လျော့ကျသွားတော့တာ။ ဘယ်လိုပဲ စောင်ခြုံကွေးတယ်ပြောပြော၊ အရေးပေါ် ခွဲလူနာ ရှိရင်တော့ ချမ်းချမ်းစီးစီး ခွဲခန်းထဲဝင်ကြရတာပဲ။ ဗိုက်နာတဲ့ မွေးလူနာတစ်ယောက် ရေမွှာမပေါက်ပဲ သွေးတွေ ဒလဟောဆင်းပြီး ရောက်လာလို့ ချက်ချင်းသွေးရှာပြီး ခွဲခန်းတန်းဝင်ကြပါတယ်။ Placenta previa နဲ့ APH ရပြီး ရောက်လာတာကိုး။ ညဦးပိုင်းကတင် ruptured ovarian cyst နဲ့ တစ်ယောက် ခွဲထားသေးတာ။ ခုတလော OG လူနာတွေ အလာစိပ်နေသလိုပဲ။ တစ်ခါလာ တစ်မျိုး မရိုးရဘူး။ Normal labor တွေကိုတော့ ကလေးတွေကို ပေးမွေးထားတယ်။ သူတို့ကို စာသင်ဖို့ အချင်းတန်းလန်းနဲ့ dummy အရုပ်ကလေးရယ်၊ pelvis girdle လေးရယ် ရရင် ကောင်းမှာပဲ။ Case တွေကတော့ တော်တော်စုံလာပါပြီ။ လုပ်လည်းလုပ်နိုင်နေကြပြီ။ ကိုယ့်မျက်စိအောက်မှာ ဆို ပေးလုပ်တာပေါ့။ ဒီမှာလာပြီး training ယူတဲ့ တချို့ဆရာလေးတွေဆို ပြန်တောင်သွားကြပြီ။ တတ်နိုင်သလောက်တော့သင်ပြပေးလိုက်တာပဲ။ ဘာမှ မရရင်တောင် သတိတော့ရကြမှာပါ။ ဒီဆေးရုံမှာ ဒီလို ဒီလိုတွေ လုပ်ကိုင် ခွဲစိတ်နေကြတယ် ဆိုတာ။

ဒီနှစ်ကုန်ရင် ဒီမှာ ဆေးရုံလာဖွင့်တာ ၂ နှစ်ပြည့်ပြီလေ။ ကျောက်တူးတဲ့သူတွေ ကျောက်အောင်သလိုမျိုး။ ရွှေတူးတဲ့သူတွေ ရွှေကြောမိသလိုမျိုး။ ကိုယ်တို့လည်း ဆေးကုတဲ့သူတွေမို့ လူနာတွေ တရစပ်ကုပေးနိုင်ဖို့ လူနာကြောကြီးများ မိသလား မပြောတတ်ပါဘူး။ ကြံစည်လုပ်ကိုင်သမျှ အကုန်အောင်မြင်ပါတယ်။ ဘာလေးလိုချင်လိုချင် တောင့်တတိုင်း ပြည့်စုံတယ်။ အခု မော်ကျူရီတစ်လုံး ထပ်ဆောက်ပြီးရင် ဆေးရုံအင်္ဂါရပ်တွေနဲ့ တော်တော်လေးပြည့်စုံသွားပြီ။ ဆေးရုံနောက်ကျောက ချောင်းကလေးဟိုဘက်ကူးလိုက်ရင် ၃ ချိုင်းကင်းကလည်း တန်းရောက်တော့တာဗျား။ နေရာထိုင်ခင်း အချက်အချာ ကျပါပေတယ်။

လကုန်ခါနီးရင်တော့ တစ်ရွာလုံးဖိတ်ပြီး ခရစ္စမတ်လုပ်မယ် စိတ်ကူးတာပဲ။ မနှစ်တုန်းကလည်း လုပ်ခဲ့တယ်။ ရွာကိုအပ်လိုက်ရင် အမေကြီးများအဖွဲ့က ချက်ပြုတ်လုပ်ကိုင်ပေးပြီး အပျိုလူပျိုများအဖွဲ့က လာဧည့်ခံပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စပွန်ဆာပေးမယ့် အလှူရှင်ပေါ်လာသလို အပစ်အခတ်တွေ ခဏ ဘွာတေးခတ်ကြမယ် ဆိုတော့ စိတ်အေးလက်အေး ရှိရတာပေါ့။ အပြီးရပ်သွားမယ့် ကိစ္စမှ မဟုတ်တာ။ စိတ်ပူစရာ မလိုပါဘူး။ ရွာကလူတွေ စပါးသိမ်းပြီးကြပြီ။ ဒါပေသိ စစ်မီးမအေးလို့ စပါးကားတွေ ပေးမဝင်သေးဘူး။ စပါးရောင်းပြီးမှ တစ်နှစ်လုံး သုံးဖို့ပိုက်ဆံ အဲ့ဒီက ရမှာလေ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် ခရစ္စမတ်နေ့ ရောက်ရင် စစ်မတိုက်ကြပဲ နားထားတယ် လို့ ကြားဖူးတာပဲ။ ကလေးတွေလည်း စစ်ပန်းနေပြီ။ ဟာလေလျူးယား ကြပါစေဦး။

ကိုယ်တို့ဆီက တော်လှန်ရေးဟာ တရုတ်ကြီးတွေက “တိတ်စမ်း” လို့ တစ်ခွန်းပြောရုံနဲ့ ပွဲပြီးဇာတ်သိမ်းသွားမယ် ထင်လို့လား။ အဲ့ဒါဆို MRTV မြဝတီသတင်းတွေ အကြည့်များလို့ ဘောဆိပ်မွှန်တဲ့ ရောဂါလက္ခဏာပဲ။ ပြည်ပအားကိုး ပုဆိန်ရိုးက တို့မဟုတ်ဘူး။ ကြင်စိုးနဲ့ သားအဖတွေ။ ကြည်းရေလေ တပ်မတော်သားတွေက ၂ နှစ်သား PDF တွေကို တစ်ပွဲမှ နိုင်အောင်မတိုက်နိုင်လို့ သာလွန်အင်အားနဲ့ နှိပ်စက်နေပါတယ် ဆို တရုတ်ပြည်ပြေးပြီး ခြေသလုံးဖက် တားခိုင်းရတာ။ အလံဖြူထောင်တဲ့လူတွေထက်တောင် ရှက်ဖို့ကောင်းသေး။ ဗိုလ်လေးတို့ တောင့်မခံနိုင်တော့လို့ အဘဗိုလ်ချုပ်ကြီးကိုယ်တိုင် ဖျာအရှည်ကြီးခင်းလာခဲ့တယ်။ မှတ်ကရော။

သို့ပါသော်လည်း ပေါ့ကွယ်။ ဒီကောင်ကြီးတွေနဲ့ပလူးရင် အေကိုက်မလား ဖာကျိုးမလား တစ်ခုမဟုတ်တစ်ခု သေချာနေတော့ တာကောကြီးက “ဘယ်သူက မင်းပါပါးလဲ အခုတော့ သိပြီလား။” ဆို တစ်ကွက်ပြပြီး ပြန်လွှတ်လိုက်ပါတယ်။ လောက်ကိုင်မှာ စကစ တင်ထားတဲ့ ကိုးကန့်အုပ်ချုပ်ရေးတစ်ဖွဲ့လုံးကို ဖမ်းဝရမ်း ထုတ်ပေးလိုက်တယ်လေ။ MNDAA က တိုက်စရာတောင် မလိုတော့ဘူး။ ဆီဆားအစုံနဲ့ ဖြည်စားရုံကလေး။ ကိုးကန့်မှာ ရှိသမျှစစ်တပ်နဲ့ မြန်မာအစိုးရဝန်ထမ်းတွေ ဒီဇင်ဘာလကုန်ရင် အပြီးထွက်ပေးရမတဲ့။ အဲ့ဒီအတွက် လမ်းပြန်ပွင့်အောင် အပစ်အခတ်ရပ်ပေးမှာ။ ကိုယ့်စားရိတ်နဲ့ကိုယ် လစ်ကြပစေ တဲ့။ နို့မို့ဆို သူပဲဖမ်းပြီး ပြန်ပြန်လွှတ်ပေးနေရတာ အလုပ်ရှုပ်တယ်။ ကျန်တာကလည်း အရှုပ်ထုပ်တွေပဲ ကျန်နေတဲ့ဟာကို။ သူတို့အဘပစ္စည်းဆိုရင် KTV က ဇယားပါမကျန်အောင် ဟတ်စကီးနဲ့ ကယ်ထုတ်သွားပြီးသား။ လောက်ကိုင်းက လောင်မြန်ထိုတွေ ခေးကျားလော် ရှားပန်းလော်။ သူတို့ ကျုံးကော်ရန်တွေချည့်ပဲ နေကြမယ်။ တစ်လက်မအထိမခံဘူးဆို။ ဘယ့်နှယ်ရှိစ။

စစ်မတိုက်တတ်ရုံတင် မဟုတ်ဘူး။ တွေးခေါ်နိုင်စွမ်း ဉာဏ်ရည်နိမ့်တဲ့ကောင်တွေဆိုတော့ တရုတ်ကြီးက တားလိုက်ရင် ခါတိုင်းလိုပဲ ငြိမ်းချမ်းရေး နဲ့ ကားပါမစ် လဲလို့ရပြီ ဆို ပျော်နေကြမှာပေါ့။ Spring Revolution ဟာ Made in China ကြီးသာဆိုရင် ၃ နှစ်ခံစရာ အကြောင်း ရှိပါ့မလား။ စဉ်းစားလေ။ ဘာမှ အငြင်းပွါးစရာ မလိုဘူး။ အချိန်က အဆုံးအဖြတ် ပေးရင် ငါးလား ဖားလား ကွဲပြားလာမှာပဲ။ စောင့်ကြည့်လိုက်။ ဘုရားအလှူခံပုံးထဲနှိုက်ပြီး ဓါတ်ဆီဝယ်နေရတဲ့ကောင်တွေကို ဘယ်ချိန်ကောက်ရိုက်ရိုက်။ ခြင်းထဲကကြက်။ တော်နေကြာ သူ့တပ်က သူ့ပြန်တော်လှန်လို့ ကိုယ်မပါပဲ ပွဲပြီးသွားမှာတောင် စိုးနေရသေး။

ဒီအပစ်အခတ် ရပ်စဲရေးဟာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းပွဲတွေကနေ ငြိမ်းချမ်းရေးအထိ သွားမယ် မသွားမယ် မသေချာပေမယ့် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုရဲ့ တခဲနက်တော်လှန်ရေးကြီးကို မရှုမလှ ကျရှုံးနေပြီဆိုတဲ့ အချက်ကို သူတို့ကိုယ်တိုင် လူသိရှင်ကြား ဖွင့်ဟဝန်ခံလိုက်ရတဲ့အဖြစ်ကို ရောက်သွားတာ သေချာပါတယ်။ ဒီတစ်ခါ ဆွေးနွေးဖြစ်ရင်ကော ဦးသိန်းစိန်ခေတ်က ဆွေးနွေးပွဲတွေလို အထက်စီးက မောက်မောက်မာမာ ဆက်ဆံဦးမှာလား သိချင်လှတယ်။ “ခများ ဒါ ဘာသဘောနဲ့ မေးလိုက်တာလဲ။” တို့၊ “တော်ပြီ။ ခများ ဆက် မပြောနဲ့တော့။ နောက်တစ်ယောက်။” တို့ လုပ်ရဲဦးမလား၊ လုပ်ဝံ့ဦးမလား။ ကြည့်ကြသေးတာပေါ့။ မူဆယ် ကို ပြန်ရဖို့အတွက် စမူဆာဆယ်ခု ဘုရားမှာ လှူပြီး ဆုတောင်းကြည့်လေကွယ်။ အိမ်ကဟာမကြီးတွေကို ကြက်ပြုတ်ကလေး၊ ငှက်သိုက်ကလေး ပြင်ပေးတတ်အောင် သင်ထားပါဦး။

အပစ်ရပ်ပြီး လမ်းတွေပြန်ပွင့်သခိုက် ကိုယ်တို့လည်း ဆေးရုံအတွက် ပန်းရည်ဘဏ်တိုက် လုပ်ကြရမယ်လေ။ အကျွေးအမွေး အလှူအတန်းလေးလည်း ရှိမယ်။ ပဇီကြီး လို လာမလုပ်ဘူးလို့တော့ မျှော်လင့်ရတာပဲ။ ကာချုပ်ကတိနော်။ ကိုယ့်သားသမီး ကိုယ့်မိသားစုပဲ အသက်ရှိတာ ထင်တဲ့ လေသူရဲတွေကိုလည်း ဒီမှာ ချန်ဂင်တို့ ကလေးသူငယ်၊ သက်ကြီးရွယ်အို နဲ့ ရွာသူရွာသားတွေကို ဧည့်ခံကျွေးမွေးတော့မှာမို့ ဗုံးမိုးလက်ဆောင်ကလေးတွေ လာကျဲချင်ဦးမလား အကြောင်းကြားလိုက်ပါတယ်။ သူတို့စစ်တပ်ထဲမယ် “ဟယ် သတိုးအရူး၊ စစ်အတွင်းပြုသော သစ္စာသည်….” ဆို အမှန်အတိုင်း ပြောရဲတဲ့ စစ်သည် တစ်ကောင်မှ မပါပါဘူး မဟုတ်လား။ ဒင်းတို့ဘက်က ဥပါယ်တမျှင်လောက်များဖြင့် ကိုယ်တို့က ဘောမွှေး အကျွတ်အကျဲလောက်ပဲ သဘောထားတာ။ ဘောမ နေတဲ့ကောင်တွေကိုပဲ မီးမြိုက်ရှူခိုင်းလိုက်။ သိလား။

မယ်ရွေးပွဲမှာ နံကရိုင်းမယ်တော်ကြီး ဝင်ပူးလို့ ရချင်ရမယ်။ တော်လှန်ရေးမှာတော့ ကွမ်ရင်မယ်တော်ကြီး ဝင်ပူးလို့ ရမယ်မထင်ပါဘူး။ “ဘယ်အစိုးရတက်တက် ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘူး။” လို့ စကားကုန်ပြောထားတယ် မဟုတ်လား။ ဝမ်ယိပါပါးက ဝိုင်ဝိုင်းသီချင်းလေးနဲ့ နှုတ်ဆက်လိုက်ပါသတဲ့။

“နောက်လူရင်မှာ ပျော်နိုင်မှာပါ။ ငါ့အနား မလာနဲ့တော့။ အခုလို ပြောတာ မချစ်လို့ မဟုတ်ဘူးနော်။” ဆိုပဲ။

အမယ် ဘဘဦးမြင့်ဆွေကလည်း ဝိုင်ဝိုင်းသီချင်း ရတာပဲဟာ။

“တောင်းပန်ပျရှေ။ မျက်ရှက်ပါနက်။ မျော်လင့်နေရှဲ။ နေရယ်ကြယ်ရယ် အကြိမ်ကြိမ် ရှီးရှင်းခဲ့ပြီ။ လည်ပြန်ကြည့်လှည့် တမင်လေးရေ။” တဲ့။

ကဲ နောက်ဆုံးတော့ ဒီအဖိုးကြီးတွေ ဘေဂျင်းမှာ အန်ပလပ် ဝမ်းမန်းရှိုး နဲ့ ပွဲသိမ်းလာကြတာပေါ့။ ဖြေသိမ့်လိုက် ဘဲရီးတို့ ဖြေသိမ့်လိုက်။

“တငယ်ချင်း။ မင်းဘဝမှာ အမြဲပျော်ရွှင်ပါစေ။ အောင်မြင်ပါစေ။ တခါတရံမှာ ခါးသည်းလည်း ကျော်ဖြတ်လိုက်ပေါ့လေ။”

5, 4, 3, 2, 1.

“စွန်းနီရှင်းနျယ် ခွိုက်လိုင်”

အဲ့ဒါလေး ဆိုပြီးရင် ဗြောက်အိုးဖောက်လို့ရပြီဟု မှတ်ကြပါကုန်။