ချန်ဂင်တို့စခန်း (၂၂၂)

လူတစ်ယောက် သေသွားတဲ့ကိစ္စဟာ ရယ်စရာကောင်းမယ် ပျော်စရာကောင်းမယ် လို့ ဘယ်တုန်းကမှ မတွေးမိဖူးပါဘူး။ ဒါပေမယ့်လည်း “ဗိုလ်လေး ဗိုလ်လေး။ တောင့်ထား တောင့်ထား။ လေယာဉ်တွေ လာပြီ။ လေယာဉ်တွေ လာပြီ။” ဆိုတဲ့ အသံဖိုင်ကတော့ အပြင်မှာ လူအစစ်ကြီး ဂိပါသော်ငြား အားရပါးရ ရယ်မောရသော ဟာသကြီးပါပဲ။ အဘတို့ ဂျင်းထည့်ချက်ကလည်း သေတာတောင် အသံမထွက်နိုင်တဲ့အထိ တဆုံးတစနော်။ အောက်လက်ငယ်သားတွေကို သေတဲ့အထိ ခိုင်းစားသွားသေးတာ။ အထက်ဂျင်းချည့် စပ်တာ မဟုတ်ပါဘူး။ အောက်ဂျင်းကလည်း စပ်သေးတာပဲ။ တပ်ရင်းဆိုင်းဘုတ်ရှေ့ ဟပ်စကီးပေါ်က ဓါတ်ပုံဆင်းရိုက်ပြီး “ပြန်လည်သိမ်းပိုက်ထားပါပြီ အဘ။” တဲ့။ ဓါတ်ပုံလည်းတင်ပြီးရော အလံဖြူလေးထောင်လိုက်ရော။ အံ့ဩပ။

ဘယ်လို စစ်ဗိုလ်စစ်သားတွေလဲကွယ်။ သူတို့အဘ၊ သူတို့အဖေ၊ သူတို့ဆရာတွေ ရှက်လွန်းလို့ အခါခါ သေရလောက်အောင် ရုပ်ပျက်ဆင်းပျက် သိက္ခာကျရတယ်။ မေတ္တာစူးတယ်၊ စိမ်ရေသင့်တယ်၊ ကျိန်စာဝတယ်၊ ဆိုတဲ့ မြန်မာစကားတွေဟာ သူတို့နဲ့ကျမှပဲ ကိုယ်တွေ့မျက်မြင် ကြုံဖူးတော့တာ။ ရာဇဝင်ရိုင်းတဲ့ သမိုင်းတရားခံကလည်း ဖြစ်ရဦးမယ်။ တိုင်းသိပြည်သိတင် မကဘူးနော်။ တကမ္ဘာလုံး မျက်စိအောက်မှာ လူသိရှင်ကြား သောက်ရှက်ကွဲရတဲ့ဘဝ။ ဒီအထဲမှာမှ ကိုယ်နဲ့တွေ့ရတာ သူတို့အတွက် ကျားရှေ့ မှောက်လျက်လဲတာပါပဲ။ အနာကို ဆားနဲ့ပက်သလို ထွန့်ထွန့်လူး ခံစားသွားရမယ့် စကားလုံးတွေ လုံးစေ့ပတ်စေ့သာ နားလည်အောင် ဖတ်တတ်ရင် “သေတာတောင် သူပြောတာလောက် မနာဘူး။” လို့ အောင့်မေ့သွားမယ်။

တကယ်တမ်းကျတော့ ကိုယ်တွေကသာ ဇွဲနဘဲနဲ့ အရှုံးမပေးပဲ တောင့်ခံထားရတာ ၃ နှစ်တောင် ရှိတော့မှာလေ။ မြို့ပေါ်ကလူလည်း မြို့ပေါ်မို့လို့ တောင့်ခံထားရသလို တောထဲကလူတွေလည်း တောထဲမှာမို့လို့ တောင့်ခံထားရတာပဲ။ နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေလည်း သည်ကနေ့ သည်ကာလ ရောက်တဲ့အထိတိုင်အောင် စိတ်အားထက်သန်စွာ ဝိုင်းကြဝန်းကြရင်း တောင့်ခံလာခဲ့တာ။ မြန်မာတွေကို ရေတက်ငဇင်ရိုင်းတို့၊ ကောက်ရိုးမီးတို့နဲ့ လာနှိုင်းရင် ၃ နှစ်လုံးလုံး ဇွဲမလျှော့ မာန်မချခဲ့တဲ့ တော်လှန်ရေးဘက်တော်သားတွေကို လက်ဆုပ်လက်ကိုင်ပြလို့ရတယ်။ ၈၈ ဩဂုတ်တုန်းက တပြည်လုံး အုံကြွခဲ့တဲ့ မီးတောက်ဟာ စက်တင်ဘာလ မကုန်ခင် ငြိမ်းတယ်။ အခု ကိုယ်တို့ ဒီအချိန်ထိ တောင့်ခံနိုင်ခဲ့လို့ အောင်ပွဲနဲ့ လက်တကမ်းကို ရောက်လာတာ။ လောလောဆယ် အရေးအကြီးဆုံး အဆုံးအဖြတ်ပေးမယ့် end game ကို ရောက်လာပြီ။ ပန်းအဝင်မှာ မြင်းကောင်းခွါလိပ် မဖြစ်အောင် ဆက်ပြီး တောင့်ခံထားရဦးမယ်။

ဘာတွေကို တောင့်ခံနေရသလဲ မေးရင် ကိုယ်တို့ကို အသေရရ အရှင်ရရ၊ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ ဖမ်းချင်သတ်ချင်နေတဲ့ စစ်ဗိုလ်စစ်သားတွေ လက်ကနေ လွတ်မြောက် ရှင်သန်နိုင်အောင် တောင့်ခံထားရတယ်။ ဘယ်အရာကိုမှ မငဲ့ကွက်ပဲ၊ တွေ့ကြုံလာသမျှ အခက်အခဲတိုင်းကို ရင်ဆိုင်ပြီး ဒီကနေ့ ဒီအချိန်ထိတိုင်အောင် လက်မလျှော့၊ အရှုံးမပေး၊ အညံ့မခံပဲ သူတို့အမိန့်တွေ အာဏာတွေကို ဆန့်ကျင်ခဲ့တာ။ သွေးပူနေတုန်း မိုက်ရူးရဲဆန်တာ မဟုတ်သလို နှစ်တွေကြာလို့လည်း သွေးအေးမသွားခဲ့ဘူး။ ကိုယ်တို့ တောင့်ခံထားဆဲပဲ။ အစိုးရတစ်ဖွဲ့လုံးကို ထောင်ထဲထည့် အာဏာလုတဲ့ မင်းအောင်လှိုင်ဟာ ဟောဒီ ၃ နှစ်လုံးလုံး ကိုယ့်အပေါ်မှာ ဘယ်အရာကိုမှ အနိုင်မယူနိုင်ဘူး။ ကိုယ်ကသာ ဘယ်လိုအတားအဆီးရှိရှိ ကိုယ်လိုချင်တာကို ဖြစ်အောင် လုပ်ခဲ့တာ။

အခုချိန်မှာ ပိုလို့ပိုလို့တောင် တောင့်ခံရသေးတယ်။ ဖြတ်တောက်ပိတ်ဆို့ခြင်း နည်းပေါင်းစုံနဲ့ အညှာတာမဲ့ တိုက်ခိုက်ချေမှုန်းနေတဲ့ စစ်မြေပြင် နောက်တန်းတနေရာမှာ ကြံ့ကြံ့ခံပြီး ဆေးကုနေတဲ့ ဆေးရုံတစ်ရုံကို လိုလေသေးမရှိ ပြည့်စုံအောင် ပြင်ဆင်ပြီး အလုပ်လုပ်နေရတာ။ ဆေးဝါးပစ္စည်းတွေက ရန်ကုန်မှာတောင် ဝယ်မရ။ ဘာကားနဲ့မှ သယ်မရ။ ဆေးဖာမိရင် ပစ္စည်းသိမ်း၊ လူဖမ်း၊ ကားလိုင်းပါပိတ်သိမ်း၊ ဆေးဆိုင်ပါ ချိတ်ပိတ်တယ် ဆိုတဲ့ အတားအဆီး အဆင့်ဆင့်ကြားမှာ လာသမျှလူနာ အလကားဆေးပေးနိုင်တဲ့ တောထဲကဆေးရုံကို logistics လုပ်ရတာ တစ်နေ့ထက်တစ်နေ့ ပိုခက်လာပေမယ့် ခုထက်ထိ လုပ်နိုင်နေတုန်းပဲ။ ဘယ်သူ့အားကိုးနဲ့မှ မိုက်နေတာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် လုပ်နေတာ။ နောက်ပိုင်းကျရင် အခုထက် ပိုကြပ်လာမှာ ကြိုမြင်လို့ အခုကတည်းက လုံလောက်ရုံတင်မကဘူး။ ပိုလျှံ့ပေါများနေအောင် ဖြည့်တင်းထားတယ်။ ဘယ်လိုတွေတောင် ခဲခဲယဉ်းယဉ်း စုဆောင်းထားရသလဲ ကိုယ့်ဘာသာ အသိဆုံးမို့ “ဆရာတို့ဆီမှာ ပေါများနေတယ်ဆိုတော့လေ။ ဟိုဘက်ကတခြားလူတွေဆီ နည်းနည်းလောက် မျှပေးလိုက်မယ်နော်။” ဆိုပြီး အလှူလက်ဘက်နဲ့ မျက်နှာလုပ်တဲ့စကားကြားရင် သိပ်အသည်းနာတာ။

Logistics လုပ်ရခက်လာတာ လမ်းတွေပိတ်လို့၊ လမ်းခရီးမှာ အဖမ်းအဆီး အစစ်အဆေးများလို့ ချည့်ပဲ မဟုတ်ပါဘူး။ ဗိုလ်အောင်ဒင်ခေတ်တုန်းကလို အဝတ်အစားလဲ ရုပ်ဖျက်ပြီး မြို့ပေါ်ဆေးတက် ဝယ်လို့ ရတာမှ မဟုတ်တာ။ အဆက်အသွယ်၊ အချိတ်အဆက်နဲ့ ငွေချေ၊ ပစ္စည်းပို့ လုပ်ရတာပါ။ အင်တာနက်လိုင်းရော ဖုန်းလိုင်းရော ဖြတ်ဖြတ်ထားတဲ့အခါမှာ အဲ့ဒါတွေ ဘာတစ်ခုမှ လုပ်လို့ မရတော့ပါဘူး။ ကိုယ့်ဆေးရုံကလေး လည်ပတ်ဖို့ ရင်းနှီးစိုက်ထုတ် ကုန်ကျငွေကလည်း ရွှေကျင်ယူတာမဟုတ်။ ကျောက်တူးယူတာမဟုတ်။ ဘယ်သူနဲ့မှ အဆက်အသွယ်မရရင် ဘယ်ကမှ ရစရာ မရှိပါဘူး။ ကိုယ့်ဆေးရုံအတွက် အင်တာနက်ရဖို့ လိုတယ်ဆိုတာ Facebook သုံးဖို့၊ TikTok ဆော့ဖို့သက်သက် ဟုတ်ပါ့မလား။ Line ပေါ်မှာ စာရေးမတင်ရလို့လည်း ဘာမှဖြစ်မသွားပါဘူး။

ဆယ်ဇင်းကို ရောက်တုန်းက ကိုယ်တို့ရောက်ပြီး ၂ ရက် ၃ ရက်လောက်လည်းနေရော ဖားကန့်တစ်မြို့နယ်လုံး အင်တာနက်လိုင်းတွေ ဖြတ်ပလိုက်တယ်။ ခုထက်ထိတောင် ပြန်မပေးသေးဘူး။ လိုင်းပေါ်က တစ်လလောက် ပျောက်သွားတော့ စိတ်တွေပူကြလို့ တခြားလူတွေဆီကနေ နေကောင်းကျန်းမာတဲ့အကြောင်း သတင်းပါးရပါတယ်။ နောက်တော့ ရွာထဲမှာ IP star ရှိတဲ့အိမ်ကိုသွားပြီး ညနေဘက် ခနတဖြုတ် စာသွားသွားတင်ရတယ်။ ဆယ်ဇင်း လို့တောင် နံမည် မဖော်နိုင်သေးလို့ လှထုံတို့ရွာ ဆိုပြီး ရေးခဲ့တာ။ အဲ့ဒီကတည်းက ကိုယ့်အဖို့ အင်တာနက်လိုင်းက အမြဲကောင်းတယ်ရယ်လို့ မရှိပါဘူး။ ရတဲ့အခါ ရလိုက်။ မရတဲ့အခါ မရလိုက်ပါပဲ။ ရရင် တင်လိုက်တယ်။ မရသေးရင် ဖုန်းထဲမှာပဲ ရေးပြီးသိမ်းထားလိုက်တယ်။

ဆေးရုံဆောက်တော့ ရောက်ခါစမှာ ကိုယ့်ချည်းပဲမို့ အက်တာနက်လိုင်းက ကောင်းသေးတယ်ဗျ။ နောက်တော့ ရွာတည်ထားသလို လူတွေစည်လာတော့ လိုင်းမမိတော့ဘူး။ သုံးချင် ညသန်းခေါင်ကျော် သူများအိပ်ချိန်မှ ထသုံးလို့ ရတယ်။ ခုတော့ အချိန်ချည့်ပဲ မဟုတ်ဘူး။ နေရာပါ လိုက်လိုက်ဖမ်းရတယ်။ ခွဲခန်းရှေ့မှာ တခါတခါမိတယ်။ ရွာဦးက ကုက္ကိုပင်အောက်မှာ တခါတခါမိတယ်။ အဲ့ဒါမှမမိရင် လယ်ကွင်းထဲ သွားသုံး။ အဲ့လောက်မှ မရရင် ကတ္တရာလမ်းရှိတဲ့ သံလမ်းရိုးက မြို့တွေပေါ်တက်ပြီး သုံးရတယ်။ အခု ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်ထားတာ အဲ့ဒီ သံလမ်းရိုးမှာတောင် လိုင်းမရတော့ဘူး။

“ဆြာစိုးတို့ဆီမှာ စတားလင့် မရလို့လား မရဘူးလား။” လို့ မေးစရာ ရှိပါတယ်။ ရချင်လည်း ရမှာပေါ့။ ရလား မရလား က ကိုယ့်ဆီ ပစ္စည်းရောက်လာမှ သိရမှာလေ။ လောလောဆယ်တော့ မ​ရောက်သေးဘူး။ အဲ့ဒါကြောင့် မသိဘူး။ ရှင်းအောင်ပြောတာ။ ဒီလောက် အဖမ်းအဆီး အစစ်အဆေးများတဲ့ ကာလဒေသမှာ အဲ့ဒါကြီး ကိုယ့်ဆီပို့လို့ အဖမ်းခံ အစစ်ခံရမှာ ကိုယ်လည်း မလိုလားပါဘူး။ မရှိ မသုံးပဲနေမယ်။ တောင့်ခံထားတယ်။ ဘာမှ မဖြစ်ပါဘူး။ ခုထက်ထိတော့ up to date ဖြစ်ဆဲပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မရရတဲ့နည်းနဲ့ တောင့်ခံထားတယ်ဆိုတာ ပုဒ်ရေ ၂၂၂ တောင် ရောက်ခဲ့ပြီပဲ။ သဘောပေါက်လိုက်ပေါ့။

ကိုယ့်ရဲ့ရပ်တည်မှုဟာ ကိုယ်ထူကိုယ်ထ လို့ ပြောလို့ရပေမယ့် သူများ အထောက်အကူ အမှီသဟဲ မကင်းပါဘူး။ ဘယ်ကရရ ရနိုင်သမျှ resources တွေ အားလုံးကနေ အကူအညီယူပြီး ဘယ်သူ့အပေါ်ကိုမှ လုံးလုံးလျားလျား မှီခိုအားပြုမထားဘူး။ အကြောင်းတစ်ခုခုနဲ့ အရင်းလှဲလို့ အဖျားထင်းဖြစ်မှာကို မလိုလားလို့။ ကိုယ့်အတွက်နဲ့လည်း ဘယ်သူ့အပေါ်မှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ကိုယ်ယူတာများရင် သူများတွေဆီ မရောက်မှာတောင် ပူသေးတယ်။ တော်လှန်ရေးက ကိုယ်တစ်ယောက်တည်း ကွက်အောင်လို့ ပြီးမှာမှ မဟုတ်တာ။ “ရှေ့လျှောက်လို့ ပို၍ပို၍ ခက်ခဲကြပ်တည်းလာရင် ဘယ်လိုလုပ်မလဲ။” ဆိုတဲ့ မေးခွန်းအတွက် အဖြေ ကိုယ့်မှာ ရှိပါတယ်။ မလိုအပ်သေးလို့ ချမပြသေးတာ။ သုံးနှစ်လုံးလုံး ထောင်ထဲမရောက်၊ အခေါင်းထဲမရောက်အောင် တောင့်ခံလာခဲ့တဲ့ ကိုယ့်ရဲ့ survival skills က နည်းမှ မနည်းပဲ။ လေယာဉ်ကြီး လာမယ်ဆိုလို့ စောင့်နေတာ မဟုတ်ဘူး။ လက်နက်ကြီးပစ်ကူပေးမှ တိုက်ရဲတာ မဟုတ်ဘူး။ ရာထူးတိုးမပေးလည်းနေ။ သူရဘွဲ့ မရလည်းနေ။ ကိုယ့်ကိုယ်ကိုယ်လည်း မလိမ်ဘူး။ သူများကိုလည်း မလိမ်ဘူး။ အကြံအဖန်မခိုးတဲ့ အမှန်အကန် စိုး ရယ်ပါ။ တောင့်ခံထားလိုက်သမှ ဓါတ်တိုင် နဲ့ မခိုင် တွေ့ရသလိုကို အောင့်မေ့သွားမယ်။ ညှင်း ညှင်း ညှင်း ညှင်း။

“ဟိုတုန်းကထက် လှတယ်ထင်

တိုင်ပေါ် အလံစိုက်ချင်။

မယ်ရင်စီးပွါးစုလို့ ကုသိုလ်ကံပဲရှင်။ နှစ်ကိုယ်တူ လှူရအောင်ပ

မောင်ကပင် ဘယ့်နှယ်ရှောင်ကျဉ်။ နေကုန်နေဝင် ကြင်စဦးရဲ့

ကျေးဇူးတော် မျှော်ကာချင့်လျှင်။

နိုင်ငံမြို့တော် ပေါ်တွင်

ကုသိုလ်ပြုရာ ပါဝင်

သောတရှင်များ နားဆင်

အလှူ့အမကြီး နည်းသစ်ထွင်။

လေပါတီမြရင် ပြေဌာနီကပင်

အမျှဝေသဘင်။”