ချန်ဂင်တို့စခန်း (၂၂၁)

“အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ပွဲကြိုက်တဲ့ ခင်နှမရယ်။” တဲ့။ မြို့ပေါ်မှာတော့ ဟုတ်မှာပေါ့လေ။ ကိုယ်တို့ဆီမှာတော့ ပိုက်ဆံမပေးရတဲ့ ပျော်စရာတွေ တပုံကြီး။ ငွေကုန်ကြေးကျမရှိတဲ့ သာသာယာယာဇိမ်ခံနည်းတွေလည်း အများကြီးပါ။ အခုဆို ဆောင်းရာသီ မဟုတ်လား။ ချမ်းလာပြီ။ ဂွမ်းကပ်ထူထူလေးခင်း၊ အမွှေးပွဂွမ်းစောင်ကြီးထဲမှာ ကလီယိုပါထရာ ကော်ဇောနဲ့လိပ်သလို လိပ်ပြီး အိပ်ရတာ အင်မတန်ဇိမ်ကျတာပဲ။ ဒါတောင် ငယ်ထိပ်လွတ်ရင် အေးစက်နေလို့ သိုးမွှေးဦးထုပ်လေးဆောင်းပြီး အိပ်ရတယ်။ နွေးထွေးတဲ့အိပ်ယာလေးတစ်ခုဟာ ဆောင်းရာသီမှာ ဇိမ်ခံပစ္စည်းပဲ။ မအိပ်ချင်သေးရင် မီးပုံလေးဖိုပြီး လှုံရတာ စည်းစိမ်တစ်မျိုး။ မနက်လင်းရင်တော့ နေပူစာလှုံရတာလေးလည်း အရသာ။ ခုချိန်ဆို ခွဲခန်းဝင်ရင် အဲကွန်းတောင် ဖွင့်စရာ မလိုတော့ဘူး။ လူနာအတွက် မွေးကင်းစကလေးတွေအတွက် ရေနွေးအိပ်ကလေးတွေတောင် ပြင်ထားရသေး။ ကလေးလေးတွေလည်း ဇိမ်ခံချင်မှာပဲလေ။ ဖန်ပေါင်းချောင်လေး မရသေးပေမယ့် စပ္ကူဂျပ်ပုံးထဲမှာ ရေနွေးအိပ်ပေါ် စောင်ထူထူလေးခင်းပြီး blue photo လေး ပြပြပေးတယ်။ ဇိမ်ကျနေမယ် ထင်ပါတယ်။ ဆောင်းရာသီဆိုတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကလည်း ချိန်ညှိပေးသလား မသိပါဘူး။ အစားတွေလျှော့ပြီး အအိပ်တွေတိုးပေးတယ်။ hibernate လုပ်တဲ့သဘောပဲနေမယ်။ ခေါပုတ်တွေ၊ ပေါင်းတင်းတွေ အစားများလို့ ဝမ်းတောင် မာကျစ်ကျစ်ကလေး ဖြစ်သွားပြီ။

ဆောင်းရာသီရဲ့ အရသာဆိုတာ ရန်ကုန်မှာ မရှိဘူး။ ကိုယ့်အနေနဲ့တော့ ရန်ကုန်ကလွဲရင် ရောက်ခဲ့သမျှ နေရာတွေမှာ ဆောင်းရာသီရဲ့ အေးစက်ခြင်းတွေကို တစ်နေရာ နဲ့ တစ်နေရာ မတူအောင် ခံစားခဲ့ဖူးတယ်။ လောက်ကိုင် က ဆောင်း၊ ဘူတန် က ဆောင်း၊ အမ်း က ဆောင်း။ အခု အင်းတော်ကြီး ဆောင်း။ တစ်မျိုးစီ အေးသလို နွေးထွေးအောင် ကြိုးစားရတာလည်း တစ်ဘာသာစီပဲ။ ဘယ်နေရာမှာ ဘယ်လိုအေးအေး ရောက်တဲ့အရပ်မှာ လူနာတွေကို ခွဲစိတ်ကုသပေးနေတာကတော့ မပြောင်းလဲပါဘူး။ အလုပ်ထဲဝင်ပြီး ၁၁ နှစ်အကြာ ခွဲစိတ်ဆရာဝန်ဖြစ်တော့မှပဲ နယ်ကို ရောက်ဖူးတော့တာ မဟုတ်လား။

သူများတကာတွေ စစ်ဖြစ်လို့ ပြေးလွှားနေချိန်မှာ ဝဝလင်လင် စားသောက်ပြီး နွေးနွေးထွေးထွေး ဇိမ်ယစ်နေတဲ့အကြောင်း စာရေးတင်နေတာ ဘယ်လိုဆရာဝန်မျိုးပါလိမ့်။ “လိပ်ပြာလုံပါစေ ဒေါက်တာကြီးရယ်။” လို့ အပြောခံရတော့မှာပဲ။ ချမ်းချမ်းစီးစီး ဒီချိန်ကြီးမှာ အနွေးထည်မဆိုထားနဲ့ ဖိနပ်တောင်မပါပဲ တောထဲတောင်ထဲ ပြေးလွှားပုန်းရှောင်နေရတဲ့ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ အများကြီး ရှိတာ ကိုယ် မသိပဲ နေပါ့မလား။ မျက်စိအောက်တင်ပဲဟာကို။ ညဘက်ကြီး ၂ နာရီ ၃ နာရီ လေယာဉ်နဲ့ ဗုံးလာချလို့ အိပ်ကောင်းခြင်းမအိပ်ရတဲ့ ပြည်သူလူထုကြီးကလည်း ကိုယ်နဲ့အတူ ရှိပါတယ်။ ကိုယ်တောင် အိမ်မှာအိပ်ရင် စိတ်မချရလို့ တောထဲသွားသွား အိပ်နေပြီပဲဥစ္စာ။

ငရဲမှာနေရတဲ့သူတွေဟာ သူတို့ဘဝသူတို့ တပ်မက်ငြိတွယ်တဲ့ ဘဝတဏှာ ရှိနိုင်ပါဦးမလား လို့ တစ်ခါကမေးကြည့်ဖူးတယ်။ “ရှိတာပေါ့။” တဲ့။ “အချိန်တစ်ခုရောက်ရင် ငါတော့ ဟောဒီငရဲက လွတ်မြောက်တော့မှာ အမှန်။” ဆိုတဲ့စိတ်နဲ့ သူတို့ဘဝကို ဖက်တွယ်ထားကြတာတဲ့။ အမှန်ပါပဲ။ ကိုယ်တို့မှာ ဘယ်လောက်ပဲ ဒုက္ခတွေရောက်ရောက်၊ ဆောင်းဦးရွက်ကြွေ စစ်ခွေးသေတဲ့ သတင်းတွေ ကြားတိုင်းကြားတိုင်း “ငါတို့လွတ်မြောက်ဖို့ နေ့ရက်တွေ ပိုနီးလာပါပေါ့”

လို့ ဝမ်းသာအားရ စိတ်တက်ကြွရတာ ကိုယ့်ဒုက္ခကိုယ်မေ့သွားတဲ့အထိပါပဲ။ ဆိုးအောက်ဖြစ်သွားပါပြီ။ လွတ်မြောက်နယ်မြေဖြစ်သွားပါပြီဆိုတဲ့ မြို့တွေရွာတွေ တက်လာတိုင်း မန်ယူနိုင်ပွဲကြည့်မိတဲ့ ဆိုက္ကားသမားများလို ဖရဏာပီတိ ဂွမ်းဆီထိရတာ အမော။ တကယ်တော့ အဲ့သလို လက်လွှတ်ဆုံးရှုံးရတဲ့ မြို့တိုင်းရွာတိုင်းကို စစ်ခွေးတွေက မစားရတဲ့အမဲ သဲနဲ့ပက်ပြီး ထောင်းလမောင်းကျေအောင် မြေလှန်ဖျက်စီးကြတာ ကိုယ်တွေအသိဆုံးလေ။

ဒါပေမယ့်လည်း သေခါမှ သေရော။ ဒီကောင်တွေအောက်က လွတ်မြောက်ရာလမ်းစမို့ ဆူးခင်းလမ်းလည်း ပန်းမွေ့ယာအလားပါပဲ။ ဗမာပြည်က စစ်ဗိုလ်စစ်သားတွေကို မကြည့်ချင် မမြင်ချင်တော့တာ သည်တစ်သက် ဒီဘဝတင် မဟုတ်ဘူး။ နောင်သံသရာ ဘဝအဆက်ဆက် ဆုံကိုမဆုံချင်တော့တာ။ “နင်ရှိနေရင် ငါမနေဘူး။ သေပလိုက်မယ်။” ဆိုတဲ့ သဘောထားမျိုးပေါ့။ ဘယ့်နှယ်လဲ။ အာဏာသိမ်းရတာ တော်တော်မြိန်ရဲ့လား မင်းအောင်လှိုင်။ မသထာရေစာဆိုတာ ဘယ်လိုအရသာမျိုးလဲ သိပြီလား။ မီးပုံးပျံကြီး မှိုင်းဝလို့ နတ်ပြည်ရောက်မယ် ထင်မနေနဲ့။ ငရဲမီးစင်ပြီး မြေမျိုမှာ။ နားလည်လား။ ဒီရက်ပိုင်းမှာ ကျက်သရေတုန်းသော ဒင်းမျက်ခွက်ကြီးကို မျောက်အိုမီးမြှိုက်ထားသလို မြင်နေရတာကိုက ၇ ရက်သားသမီးအပေါင်း ဝမ်းသာလန်းဖြာ စန်းသဒ္ဓါပွါးစေပါတယ်။ အဲ့ဒါကြောင့် ကိုယ်တို့မှာ ဘယ်လောက်ပဲ နာကျင်ပေမယ့်လည်း sardonic smile လေးလောက်တော့ ပြုံးနိုင်တယ်။ မြန်မာနိုင်ငံသားအားလုံးရဲ့ တူညီပြင်းပြသော ဆန္ဒဟာ စစ်တပ်က အတင်းအဓမ္မအုပ်ချုပ်တာကို နိဂုံးချုပ်စေချင်လှပြီ။ အရှင်ထွက်ရင် ထွက်၊ မထွက်ရင် အသေထွက်တဲ့အထိ တိုက်မှာ။

ဒီအဆင် နဲ့ ဒီအဆင်၊ ဒဲဖီ နဲ့ ဒီဖဲအကြား ကိုယ်တို့ဘက်က မသာယာနိုင်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ တောထဲဖြစ်ဖြစ် တဲထဲဖြစ်ဖြစ် စောင်ခြုံမီးလှုံလိုက်လို့ရှိရင် နွေးထွေးအေးချမ်းစွာ အိပ်စက်ရတယ်။ ဟိုကောင်တွေမှာသာ ဘန်ကာထဲဝင်ရနိုး၊ ခံတုပ်ကျင်းထဲဆင်းရနိုးနဲ့ အရူးမီးဝိုင်း ဖြစ်နေတာ။ ဒရုံးတွေ သူတို့နောက်ကို လိုက်နေတာ ၆၅၀၀/ ၂၅၀၀၀ ရှိပါတယ်ဆိုပြီး ကြောက်ဒူးတွေ တုန်နေတာများ အားပါးပါး။ ရယ်လိုက်ရတာ မပြောပါနဲ့။ အိပ်စမ်း နင်တို့။ ပျော်အောင်အိပ်။ ကိုယ့်ဇက်ကိုယ် စမ်းစမ်းပြီးမှအိပ်။ နိုးလာရင် ငါ မသေသေးပဲကိုး။ Thank God. Thank God. ဆိုပြီးထ။ ဟုတ်ပြီလား။

ကိုယ်တို့က ငရဲခန်းက လွတ်မြောက်ရတော့မှာမို့ ဝမ်းသာကြည်နူး တစ်တီတူးနေတာ။ သူတို့က ငရဲအိုးဝ ဇောက်ထိုးကျတော့မှာမို့လို့ တုန်လှုပ်ခြောက်ခြား သောကများနေတာ။ “အရှင်ဖမ်းမိတဲ့ လေသူရဲလေးကို မသတ်ကြပါနဲ့ရှင်။ သူတို့ intake မှာ ထူးချွန်ထက်မြက်တဲ့သူကလေးမို့ပါရှင်။” ဆိုတော့ အဲ့ဒီအကောင် ဗုံးကျဲသတ်တဲ့ အရပ်သား ပြည်သူတွေအသက်က နှစ်ပြားမတန်လို့လား။ ပြောစမ်းပါဦး။ မုန်းပင်စိုက်ထားတာ။ အခု မုန်းသီးတွေ သီးလာပြီလေ။ ခံစားကြည့်လိုက်ပေါ့နော့။ အခု ဘယ်ဘက်ကနိုင်ပြီး ဘယ်ဘက်က ရှုံးသလဲဆိုတာ သူတို့တပ်ထဲကလူတွေပဲ မသိတာ။ တကမ္ဘာလုံးက သတင်းစာအစောင်စောင်မှာ ဆွေးနွေးသုံးသပ်ချက်တွေ ပါနေတာ ဖတ်လို့တောင် မဝ။ တရုတ်ပြည်က မစောကြည်ကြီးကဆို ရှယ်ပလန်နဲ့ ကျွေးသွားတယ်။ “နင်တို့က ရှုံးတာတော့ ရှုံးနေပြီလေ။ တရုတ်ပြည်က စွက်ဖက်ပါတယ် အော်မနေနဲ့။ တရုတ်ပါလို့ ရှုံးသွားပါတယ် ဆိုတာနဲ့ တရုတ်မပါပဲနဲ့တောင် ရှုံးသွားပါတယ် ဆိုတာ။ ဘယ်ဟာက နင်တို့အတွက် ပိုသိက္ခာကျသလဲ။ နည်းနည်းပါးပါး စဉ်းစားစမ်း။” တဲ့။ အသံတောင်မထွက်နိုင်ကြဘူး။ ဘယ်ထွက်နိုင်မလဲ။ အသံထွက်မယ့်ကောင်က ကကျိုးကကြောင်တွေပြောလို့ ဇာတ်တူသားစားပြီး ထောင်ဆယ်နှစ်ချထားရတဲ့ဟာကို။ စစ်တပ်ဘောမ ထောင်မကျ ဆိုတာ သေချာရဲ့လား။ ပြန်စဉ်းစား။ တစ်သက်လုံးမွေးထားတဲ့ကြက်လည်း တမနက်တည်းနဲ့ ဟင်းအိုးထဲရောက်ချင်ရောက်တာ။ အဲ့ဒါလေးတွေမြင်ရတော့ ပိုက်ဆံတစ်ပြားမှ မပေးရလည်း အပျော်ဆိုတာ ရှိတာပါပဲလား လို့ သဘောပေါက်လာတယ်။ ဟိုဘက်က ဖရိုဖရဲ ဗရမ်းဗတာတွေ မြင်သမျှ အကုန်ပျော်တယ်။ ခုရက်ပိုင်းဆို သမ္မတရုံ မင်္ဂလာရုံက ပဏာမဧည့်ခံတီးလုံးလေးတောင် ကြားယောင်လာတာ ခဏခဏ။ “ပျော်ရွှင်ပါရဲ့လား မိတ်ဆွေများ။ နှစ်သက်ကျေနပ်ကြလား မိတ်ဆွေများ။” ခေတ်နဲ့အညီ အသစ်ဖွဲ့တည် PDF တပ်မတော်ကြီး ပေါ်ထွက်လာပါပြီ။

ပျော်တယ်ဆိုတာ “ရတနာ ၇ ပါးရယ်နဲ့ မော်တော်ကားလည်းစီးမယ်။ ဆင်းရဲတာ နားမလည် မင်းပွဲပါ သွားမယ်။ ပေါင်းသဟာအများရယ်နဲ့ ကောင်းတာကိုမှ စားမယ်။” ဆိုသလို အခြေအနေမျိုးမှ ပျော်ရတာ မဟုတ်ပါဘူး။ ပိုက်ဆံတစ်ပြားမှ မကုန်လည်းပဲ ဟိုဘက်ရပ်ကွက်ကကောင်တွေ ဖျာတန်းမီးလောင်နေတာ မြင်ရတာ ပျော်စရာကောင်းသပ။ တောထဲမှာ လူရိုင်းတွေဆီအဖမ်းခံရတော့ ကိုယ်သယ်လာတဲ့အသီးကိုယ် ဖင်ထဲထည့်သတ်ပစ်မှာ လို့ သိရသတဲ့။ အဲ့ဒီအခါ ငှက်ပျောသီး သခွါးသီး သယ်လာတဲ့ကောင်တွေက ဟိုဘက်မယ် နာနတ်သီး ဒူးရင်းသီးသယ်လာတဲ့အကောင်တွေကို မြင်တော့ ခွက်ထိုးခွက်လှန် ရယ်ကြတယ် ဆိုတဲ့ ပုံပြင်ကလေး ကြားဖူးသလား။ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါပဲ။ ဒါပေသိ အဲ့ဒီအကောင်တွေ ဒုက္ခကို မြင်ရတာ ဘယ်လိုစိတ်ချမ်းသာမှန်း မသိဘူး။

ဒီအတိုင်းဆိုရင်တော့ မကြာခင်မှာ စစ်သားတွေအားလုံး လက်နက်ချအညံ့ခံ၊ စစ်ရာဇဝတ်ကောင်တွေကို တရားစီရင်အရေးယူ၊ တော်လှန်ရေးကြီးအောင်မြင်၊ အောင်စည်ရွမ်းပြီး ပြည်တော်ဝင်၊ ပျော်စရာတွေကို ပြည့်နေမှာပဲ။ ဘဝဆိုတာ ရုပ်ရှင်ဇာတ်လမ်းတစ်ခု ဇာတ်သိမ်းသလို အရှုပ်တွေ အကုန်ဖြည်ချပြီး happy ending တစ်ခုမှာ “ဝေး”ကနဲ အော်ဟစ်ခုန်ပေါက်ပြီး ရပ်တန့်လိုက်လို့ မရပါဘူး။ ရှေ့ဆက်ရမယ့် ဇာတ်ကွက်တွေက ကျန်သေးတာကိုး။ ငကန်းသေပြီးရင် ငစွေတွေပေါ်လာတော့ ဘယ့်နှယ်လုပ်မတုန်း။ ဒီအာဏာရှင်တွေ နိဂုံးချုပ်သွားတယ်ဆိုတာ နောက်အာဏာရှင်တွေ နိဒါန်းစဖို့ မဟုတ်ဘူး။ ကိုယ့်အနေနဲ့ကလည်း ဒီတော်လှန်ရေးပြီးရင် နောက်တော်လှန်ရေးတစ်ခုပြောင်း၊ မသေမချင်း တက်သမျှလူ တော်လှန်ပုန်ကန်နေဖို့ စိတ်ကူးမရှိဘူး။ ဘယ်အထိဆက်သွားမယ်။ ဘယ်အချိန်မှာ ရပ်တန့်မယ်။ ကိုယ့်လစ်မစ်ကိုယ်သိပါတယ်။ အဲ့ဒီတော့ “ဒါကြီးပြီးတဲ့အခါ ဘယ်သွားမယ်။ ဘာစားမယ်။ ဘာလုပ်မယ်။” ဆိုတာ ကိုယ့်အတွက်တော့ လက်တွေ့ကျတဲ့ စိတ်ကူးစိတ်သန်း မဟုတ်ပါဘူး။ အရင်တုန်းက အခြေအနေ၊ နောင်ဖြစ်လာမယ့် အခြေအနေဆိုတာတွေက စိတ်အာရုံမှာပဲရှိတဲ့ ပုံရိပ်တွေပါ။

လက်ရှိဖြစ်နေတဲ့ အခြေအနေ၊ လက်ငင်းကာလက အရှိတရားကသာ ကိုယ့်ရဲ့ လက်တွေ့ ရှင်သန်နေရတဲ့ ဘဝပဲ။ အဲ့ဒါကို မေ့သွားလောက်အောင် အတိတ်ကာလမှာ တဝဲဝဲလည်၊ အနာဂတ်တွက် မျှော်တလင့်လင့်နဲ့ အတွေးကမ္ဘာထဲမှာ ချာချာလည် မနေချင်ဘူး။ ကိုယ့်အာရုံတွေကို ပစ္စုပ္ပန်ကာလမှာပဲ စူးစိုက်ဝင်စားရမှာပေါ့။ အရင်တပါတ်က လာတဲ့လူနာတွေ ဆင်းသွားပြီ။ မနေ့ကလာတဲ့လူနာတွေအတွက် ဘာလုပ်စရာ ကျန်သေးလဲ။ ဒီကနေ့ရော ဘယ်လိုလူနာမျိုးတွေ ရောက်လာပြီး ဘာတွေ ဆက်လုပ်ရဦးမလဲ။ အဲ့သလိုပဲ တစ်ရက်ချင်း တစ်ရက်ချင်း အသက်ရှင်တယ်။ အရင်တုန်းက ဘတ်စကားစီးလို့ရှိရင် ကားခေါင်းနဖူးစည်းမှာ “ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။” လို့ ရေးထားကြတယ် မဟုတ်လား။ ကိုယ်တို့လည်း ဒီနေ့အဖို့ ကိုယ့်ဆီကို ဘယ်လိုလူနာမျိုးတွေ ရောက်လာဦးမလဲ။ သူတို့ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖို့ အဓိက။ အဲ့ဒီဘက်မှာ အာရုံစိုက်ထားလိုက်ရင် အချိန်ဆိုတာ သူ့အလိုလို ကုန်သွားတာပဲ။ ဆေးကုစရာ လူနာနည်းသွားတော့လည်း လာသမျှလူနာလေးတွေ သေချာစမ်းသပ်ပြီး ကလေးတွေကို စာသင်နိုင်တာပေါ့။ ဒီလိုလေး စမ်းသပ်တယ်။ ဒီဟာတွေ စစ်ဆေးကြည့်ရတယ်။ ဘယ်ဟာတွေကို ဘယ်လိုစဉ်းစားပြီး ဘာဆက်လုပ်ရမလဲ၊ လုပ်တတ်အောင် သင်ပေးပြပေးရတာပေါ့။ ကိုယ်တို့ဆေးရုံက တောထဲမှာ ဆိုပေမယ့် အခု သင်ကြားရေးဆေးရုံဖြစ်နေပြီ။ ဆေးတပ်သားတစ်ဒါဇင်လောက် အဝင်အထွက်မပြတ် လက်ခံသင်ပေးနေရတာ။ ဘယ်သူတွေမှန်းတောင် မမှတ်မိတော့ဘူး။ သူတို့လည်း ယနေ့ကြွလာ မိတ်သဟာထဲပါတယ်လေ။ ဆေးရုံကို ဘယ်သူလာလာ။ လာသမျှလူအားလုံး စိတ်ချမ်းသာ အဆင်ပြေမှ ကိုယ်လည်းစိတ်ချမ်းသာ အဆင်ပြေတယ်။ ဒီလိုနဲ့ပဲ ရာသီမရွေး သာသာယာယာ နေနိုင်အောင် ကြိုးစားတာပေါ့လေ။

“မိုးတွင်း ထီးကလေးမိုးမှာပေါ့။ ဆောင်းတွင်း မီးကလေးတောက်မှာပေါ့။ နွေရာသီမှာ ရွှေရင်အေးစရာ ကိုယ်လေ အေးသော ယပ်တောင်ကလေး….။”