ချန်ဂင်တို့စခန်း (၂၂၀)

အင်းတော်ကြီးဘက်မှာ တခါတလေ တစ်နေ့လုံးနေလို့မှ နေရောင်ကို မမြင်လိုက်ရတဲ့ ရက်တွေ ရှိပါတယ်။ မီးခိုးရောင်အဆင်းရှိသော နေ့ရက်များပေါ့။ “တမ်းတတတ်သည်” ထဲမှာပါတဲ့ အုံ့မှိုင်းတွေဝေ မြူသာထွေသော အရပ် ဆိုတာ ဒီရောက်မှ နားလည်သွားတယ်။ နေပျောက်မထိုးတဲ့ သစ်ရိပ်အောက်တွေဆို အမြဲပဲ စွတ်စိုအေးစိမ့်လို့နေတယ်။ မိုးတစ်ခါရွာထားရင် တစ်ပါတ်ဆယ်ရက်နဲ့ ပြန်မခြောက်ဘူး။ လျှော်ထားတဲ့အဝတ်တွေဆို ၃-၄ ရက်လောက် လှမ်းလည်း စိုထိုင်းထိုင်းနဲ့ရယ်။ ရေခိုးရေငွေ့တွေဟာ အနားဝန်းကျင်မှာ ပုံစံအမျိုးမျိုးနဲ့ ခြုံသိုင်းဝန်းရံနေတော့တယိ။ Foggy, misty, cloudy weather လို့ သူတို့ဆီမှာတော့ ခေါ်ကြမှာပေါ့။ ကိုယ့်စကားနဲ့ဆိုရင် “မှိုင်းပြာမှုန်ဝေ လေပြည်လာ ခါခါနှင်းဖွဲ” ဆိုတဲ့ ရေလားပတ်ပျိုးထဲကအတိုင်း။

နေလို့ထိုင်လို့တော့ ကောင်းပါတယ်။ အနွေးထည်လေး တနေကုန်ဝတ်၊ စောင်ထူထူလေးခြုံအိပ်၊ မီးပုံကလေးဖိုလှုံ။ ရေကိုတော့ ရေနွေးစက်ကလေး တပ်ပြီးချိုးတယ်။ နေသာတဲ့နေ့တောင် ဆယ်နာရီကျော်မှ နေထွက်ပြီး ၅ နာရီမထိုးခင် နေဝင်တော့ ဆိုလာတွေတောင် အားပြန်မပြည့်ဘူး။ ဆီဈေးကြီးလွန်းတော့ မီးစက်ကိုလည်း ချွေတာပြီးနှိုးတော့တယ်။ ကိုယ်သုံးဖို့အတွက်ဆို မနှိုးဘူး။ လူနာအတွက် နှိုးစရာရှိမှ ကိုယ်ပါလိုက်ပြီး ကုန်းဆင်းတယ်။ ညဆို မီးထွန်းမနေပါဘူး။ အစောကြီး အိပ်ပလိုက်တာပေါ့။ အစစအရာရာ ချွေတာနိုင်မှ တော်ကာကျမယ်။ မိုးမကျခင်က တစ်အိပ် ၄၀၀၀ နဲ့ ဝယ်ရတဲ့မီးသွေးအိပ်က အခု ၁၀၀၀၀ တောင်းနေပြီ။ ခရမ်းချဉ်သီး တစ်ပိဿာ ၁၀၀၀၀ ရောင်းနေပြီ။ ဆီတွေဆန်တွေ စားသောက်ကုန်တွေဆို ပြောမနေနဲ့။ ဈေးကြီးတယ်ထင်ရင် မစားပဲနေရုံပဲ ရှိတယ်။ ကိုယ်က ပိုက်ဆံရှာရတဲ့သူဆိုတော့ လူနာရှူတဲ့လေတောင် ဒီတစ်အိုးကုန်ရင် ဘယ်လောက်ရှိပြီနဲ့ ကပ်စေးတွေလိုက်နည်းနေရတယ်။ ရေလည်း အလကားရတာ မဟုတ်ဘူး။ မော်တာနဲ့တင်ရတာ။ ဒီဇယ်ကုန်တယ်။ အရာရာ ရှားပါးတဲ့ခေတ်ကြီးမှာ အလဟဿမှန်သမျှ မခံစားနိုင်ဘူး။ ငယ်ငယ်က အဖွားဆူနေကျ စကားတစ်ခွန်းကိုပဲ ကြားယောင်မိတယ်။ “နင်တို့ ငါမရှိတော့ သိလိမ့်မယ်။” တဲ့။

ဆီးချိုဆိပ်တက်နေတဲ့ DKA လူနာကတော့ control ကောင်းကောင်း ရလာလို့ သူ့ခြေထောက်က ပြည်တည်နာအတွက် ခွဲခန်းဝင်ကြရတယ်။ အဲ့ဒါမလုပ်မချင်း ဆေးနဲ့ထိမ်းလို့ မရနိုင်သလို ဆေးနဲ့သေချာမထိမ်းပဲ ရောက်ရောက်ချင်းကတည်းက အလောတကြီး လုပ်လိုက်ရင်လည်း လူနာက သေပြီးလောက်ပြီ။ ကလေးတွေကို သေချာသင်ပေးဖြစ်တာက ဆီးချို နဲ့ ခြေထောက်အနာနဲ့တွဲရင် ပေါ့လို့မရဘူး။ သေတတ်တယ် ဆိုတာကိုပါ။ အမေရိကန်စင်တာက ကိုအာသာအေးကြီးကိုတောင် သတိရမိသေး။ ခြေထောက်အနာလေးပဲဆို ဆေးရုံခဏတက်လိုက်တာ ဖြစ်မှဖြစ်ရလေ ဖြစ်သွားတာလေ။ ဒါတောင် အခုလို နောက်ကျမှရောက်တာမျိုးမဟုတ်။ အကောင်းကြီး အလတ်ကြီး ကနေ မမျှော်လင့်ပဲ ဖြစ်သွားတာ။ နောက်ပြီး facilities အပြည့်အစုံနဲ့ YGH မှာ ဆုံးရတာ။ ကိုယ်တို့လို တောဆေးရုံကလေးနဲ့ဆို ဘယ်တော့မှ ပေါ့ပေါ့ဆဆ သဘောမထားရဲတဲ့ ရောဂါပဲ။ Surgical ward တိုင်းမှာ အကြာဆုံးနေပြီး နေ့စဉ်မပြတ်ဆေးထည့်ပေးနေရတာလည်း ဒီလူနာတွေပဲ။ ကိုယ့်ဆီမှာ ဆေးကျောင်းသားရော၊ အလုပ်သင်ရော ရှိတော့ ဒါကြီးကတော့ မဖြစ်မနေ စာသင်ပေးရမယ့် လူနာပဲလေ။ အသေနဲ့မသင်ပဲ အရှင်နဲ့သင်ပေးရတာပဲ တော်လှပြီ။ ရောက်ကာစက ဆူဆူဆဲဆဲနဲ့ပေမယ့် ပြန်ကောင်းလာလို့ ဝမ်းသာနေရတယ်။

နောက်တစ်ရက်ကျတော့ တိုက်နယ်ဆေးခန်းလေးတစ်ခုဆီကနေ ဖုန်းလာတယ်။ မွေးလူနာတစ်ယောက် သတိလစ်ပြီး တက်နေတယ်။ လက်သည်နဲ့မွေးတာ မရလို့ သူတို့ဆေးခန်းရောက်လာတယ်။ ကိုယ်ဝန်လည်း တစ်ခါမှ အပ်မထားဖူးဘူးတဲ့။ သားအိမ်ကလည်း ပွင့်နေပြီ။ Os full နဲ့။ ဆရာ့ဆီလွှတ်ချင်လို့တဲ့။ “ဒီကိုအသက်နဲ့ရောက်လာနိုင်မလား။ ရောက်နိုင်ရင်လွှတ်လိုက်။” လို့ ပြောပြီး မွေးခန်းရော ခွဲခန်းရော အသင့်ပြင် စောင့်ကြတာပေါ့။ မတတ်နိုင်ဘူး။ မွေးထိုက်လို့ မွေးရတော့မယ်။ သူငယ်မကုသိုလ် ငါ့ကုသိုလ်ပ။

နောက်တစ်နာရီလောက်နေတော့ လူနာရောက်လာတယ်။ ရောက်တာနဲ့ မွေးခန်းထဲတန်းသွင်းတာ။ လမ်းမှာ ၂ ခါတက်လာသေးတယ်တဲ့။ သူမရောက်ခင်ကတည်းက မမအိုဂျီနဲ့ ဖုန်းဆက်တိုင်ပင်ထားတဲ့အတိုင်း MgSO4 တွေ ထိုး အောက်ဆီဂျင်ပေးပြီး မွေးခုံပေါ်တင်ကြတယ်။ လူကြီးက ဝလိုက်တာ။ အရင်မွေးခုံအဟောင်းနဲ့ဆို ဆန့်တောင်ဆန့်မှာ မဟုတ်။ တက်ချက်ရုန်းကန်ထားတော့ လိုင်းတွေလည်း ပြန်ရှာထိုးရတယ်။ ကလေးအသက်မှ ရှိသေးရဲ့လားလည်းစမ်းရတယ်။ အရေးကြီးတာ အောက်ကထွက်နိုင်မထွက်နိုင် သိဖို့လိုတယ်။ မထွက်ရင် ခွဲခန်းထဲပို့ရတော့မှာ။ ထွက်နိုင်ရင်လည်း လူနာကတော့ ညှစ်နိုင်မှာ မဟုတ်ဘူး။ သတိလစ်နေပြီ။ forceps တွေ vacuum တွေ ကူပေးဖို့ ပေါင်ကြားထဲသွားထိုင်ကာမှ မရတော့ဘူး။ လူနာက ကော့လိမ်တက်ချက်သွားပြန်တယ်။ အသက်လည်း မရှူနိုင်ပဲ ပြာနှမ်းလာလို့ ခြေရင်းကနေ ခေါင်းရင်းပြေးပြီး LMA tube ထည့်၊ suction လုပ်၊ အောက်ဆီဂျင်ပေးနဲ့ ဗျာများသွားတယ်။ အောက်ကမွေးနေတာကတစ်ဖွဲ့။ ခြေတွေလက်တွေ ချုပ်ထားတာကတစ်ဖွဲ့။ ဗိုက်ပေါ်က ဝိုင်းတွန်းတာကတစ်ဖွဲ့။ ကလေးက ပျော့ဖတ်ပြာနှမ်းပြီး ထွက်လာလို့ ကလေးကို အသက်ကယ်ရတာကလည်းတစ်ဖွဲ့။ လိုသမျှတောင်းသမျှ ပြေးပြေးယူကြရတာလည်း တစ်ဖွဲ့ပါ။ ဆေးရုံရှိ လူအကုန် ချာလပတ်ကိုယမ်းနေတာ။

၁၈ မိနစ်ကြာမှ ကလေးငိုသံ အဲ့အဲ့လေး ကြားရပြီး မွေးခုံပေါ်က မအေဆီ ပြန်လှည့်နိုင်တယ်။ အတက်ရပ်သွားပေမယ့် သတိမရသေးတော့ အောက်ကချုပ်နေတုန်း ရုန်းလိုက်ကန်လိုက်တာ ဗြောင်းဆန်နေတာပဲ။ ခြေ ၂ ယောက် လက် ၂ ယောက် ဝက်တုပ်တုပ်ပြီး ချုပ်ယူရတယ်။ ငါတို့မွေးခုံအသစ်လေးတော့ ကျိုးတော့မှာပဲ။ မတတ်နိုင်ဘူး။ sedation ပေးမှ ရတော့မယ်။ အောက်ကချုပ်ရတဲ့ အလုပ်သင်ဆရာဝန်လေးခမျာလည်း တရုတ်နဂါးကသလို နောက်က တကောက်ကောက်လိုက်ချုပ်ရတာ။

ကိစ္စဝိစ္စ အားလုံးပြီးတဲ့အချိန်မှာ ဆီးအိပ်ထဲက ရှူရှူးကို ဖန်ပုလင်းလေးနဲ့ယူပြီး သင်တန်းသူ ဆရာမလေးတွေကို ဆီးချက်ခိုင်းလိုက်တယ်။ အုန်းနို့ကျောက်ကျောအခဲလေး ဖြစ်သွားမှ “တွေ့လား။ အဲ့ဒါ ကိုယ်ဝန်ဆိပ်တက်တာခေါ်တယ်။ မမွေးခင်ကတည်းက ဆီးထဲမှာ အဲ့လိုမျိုး ပရိုတိန်းတွေပါလာရင် ဘယ်တော့မှ လက်သည်နဲ့အိမ်မှာမွေးဖို့ မစဉ်းစားနဲ့။ ဒီမှာအခု ပစ္စည်းကိရိယာ အစုံအလင်နဲ့ လူ ၁၅ ယောက်တောင် ဘယ်လိုတွေ ပြာတောက်သွားသလဲ တွေ့ပြီ မဟုတ်လား။ ဒါမျိုးကို ကိုယ်ဝန်အပ်ကတည်းက high risk pregnancy လို့ သိပြီး ဆရာဝန်ရှိတဲ့ဆီ သွားပြခိုင်းရမှာ။ မအေရော ကလေးရော သေတတ်တယ်။ အခုတောင် သေချင်သေဦးမှာ။ စိတ်မချရသေးဘူး။ သတိမှ ပြန်လည်မလာသေးတာ။ အိုဂျီဆီ ဖုန်းဆက်ပြီး နောက်ထပ်ပေးစရာ ဆေးတွေပေး။ တစ်နာရီတစ်ခါ ပြန်စမ်းနေရတာ။

လူနာ သတိပြန်ရလာပြီး မသေတာသေချာပြီဆိုမှ “နင်တော့ သေဖို့သာပြင်ပေတော့။” ဆို စိတ်ရှိလက်ရှိ ဆူပူကြိမ်းမောင်းတဲ့အလုပ်ကို လုပ်ရပါတယ်။ လူကဖြင့် အခုမှ ၁၈ နှစ်ရှိသေး။ ကလေးမွေးတာကို သိပ်လွယ်တယ် ထင်နေလို့ ချေးယိုဖို့ တောထိုင်သလို သဘောထားတာလား။ ကိုယ်ဝန်လေးဘာလေး အပ်ရကောင်းမှန်း မသိဘူးလား။ သူတို့ကတော့ အပ်တယ်ပြောတာပဲ။ အေးလေ။ ဒါလည်း ကိုယ့်ကလေးတွေကို “ဒီမှာ မြင်လား။ သေချာကြည့်။ ဒီလိုလုပ်။” နဲ့ လက်တွေ့သင်လို့ပြလို့ ရတာပေါ့လေ။ ဒီလို DKA လူနာတွေ၊ Eclampsia လူနာတွေဆိုတာ tertiary hospital ကြီးတွေမှာတောင် သေတတ်တယ်။ မွေးရင်းဖွားရင်း မအေသေတယ်၊ ကလေးသေတယ်ဆိုတာ ကိုယ့်ဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကိုပြတဲ့ indicator ပဲ။ OG တွေ၊ TMO တွေ စာအရှည်ကြီးနဲ့ ထုချေလွှာတင်ရတဲ့ အဖြစ်တွေပဲ။ ကိုယ့်ဘာသာ လူနာ ၄၀၀ ခွဲထားလည်းပဲ အဲ့ဒီ perinatal mortality တစ်ယောက် ပါသွားတာနဲ့ ကိုယ့်ဆေးရုံဟာ သောက်သုံးမကျတဲ့ ဆေးရုံအဖြစ်ကို တန်းဆင်းသွားတယ်။ ဒါကြောင့်မို့ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး။ အရမ်းကို ဂရုစိုက်ရပါတယ် လို့ ရှင်းပြရတယ်။ တော်ပါသေးရဲ့။ လက်မတင်လေးရယ်။ ဟိုတစ်ခါလာသွားတဲ့ previous one scar နဲ့ uterine rupture ရသွားတဲ့ လူနာတုန်းကလည်း သေလုမျောပါး ကယ်လိုက်ရတယ်။ ကလေးက ဆီးအိမ်ကို ထုတ်ချင်းဖောက်ပြီး ထွက်လာတာ။

ကိုယ့်ကိုယ်ကိုယ် ငါတော်တယ် ငါတတ်တယ် နဲ့ ကြွားဝါချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်တော့မဆို သောက်သုံးမကျတဲ့ ဆာဂျင်တစ်ယောက်၊ သောက်သုံးမကျတဲ့ ဆရာဝန်တစ်ယောက် မဖြစ်ရအောင်တော့ အမြဲ သတိထားနေရတယ်။ ကိုယ်နဲ့အတူနေပြီး ကိုယ့်ဆေးရုံမှာ အလုပ်လုပ်သွား ပညာသင်သွားတဲ့သူတွေကိုလည်း သောက်သုံးမကျတဲ့ ဆရာဝန်၊ သောက်သုံးမကျတဲ့ သူနာပြု မဖြစ်စေချင်ဘူး။ အဲ့ဒီစေတနာနဲ့ပဲ သင်ပေးတယ်။ ကျန်တာဘာကိုမှ မမျှော်လင့်။ ဆရာဆိုတာ သူ့ဘာသူ ဘယ်လောက်ကြီးပဲ မိုးပျံအောင် တော်နေပစေ။ သူမရှိတော့တဲ့အခါ ဘယ်လိုတပည့်မျိုးတွေ ချန်ထားရစ်ခဲ့သလဲဆိုတာကလည်း အရေးကြီးတယ် လို့ တွေးမိပါတယ်။ ကိုယ်တို့တိုင်းပြည်မှာ ဘယ်လိုလူတွေ ကြီးစိုးတယ်။ ဘယ်လိုလူတွေ ပေါများတယ်ဆိုတာ လူတိုင်း သိပြီးသား ကိစ္စပါ။ အထူးပြောစရာ မလိုပါဘူး။ အဲ့ဒီအထဲမှာ ကိုယ်မပါအောင်နေမယ်။ အငယ်တွေကို အဲ့ဒါမျိုးနောက်ထပ်ထွက်မလာအောင် သင်ပြပေးမယ်။ လက်လှမ်းမီသလောက်ပေါ့။

ဟိုးအရင် မသိခင် မတတ်ခင်တုန်းကတော့ “ဆရာဝန့်ဘက်က ရှေ့နေလိုက်မယ်” ဘာဖြစ်တယ်၊ ညာဖြစ်တယ် နဲ့ လျှောက်လဲချက်တွေ ဝင်ဝင်ပေးမိသေးတယ်။ အခုများတော့ “ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ်” ဆိုပြီး အကြံများတောင် ဝင်မပေးတော့ပါဘူး။ ကိုယ့်ဘာကိုယ် အမှုမပတ်အောင်ပဲ နေတော့တယ်။ သူများအမှုတွေ လိုက်လိုက်စစ်ရတာလည်း မစစ်ချင်တော့ဘူး။ သောက်သုံးမကျတဲ့စစ်သားတွေက ကိုယ့်အပေါ်အမိန့်ပေးပြီး အုပ်ချုပ်တာ မခံချင်လို့ ကိုယ့်ကိုယ်ကိုယ် သောက်သုံးမကျတဲ့ကောင် မဖြစ်အောင်နေတယ်။ ပညာတွေ ဘယ်လောက်တတ်တတ်၊ ရာထူးတွေ ဘယ်လောက်ကြီးကြီး စစ်ဖိနပ်အောက် ပြားပြားမှောက်နေသမျှ သောက်သုံးမကျတဲ့သူတွေ လို့သာ သဘောထားရမှာပဲ။ “သားတို့ သမီးတို့၊ ဆရာဝန်ဆိုတာလေ နိုင်ငံ့ဝန်ထမ်းဆိုတာလေ ဘယ်အစိုးရတက်တက် ပြည်သူကိုမျက်ကွယ်ပြုပြီး ကိုယ့်တာဝန်နဲ့ လုပ်ငန်းခွင်ကို စွန့်ခွါမသွားရဘူးကွဲ့။” ဆိုတဲ့ ဆရာကြီး ဆရာမကြီးများရဲ့ ဩဝါဒအဆုံးအမကို ခံယူပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နိုင်ကြပါစေကွယ်။ လူဆိုတာ “ငါ့လောက်တော့ ဘယ်ကောင်မှ သောက်သုံးမကျဘူး။” လို့ ထင်ကြတာပဲ မဟုတ်လား။