ချန်ဂင်တို့စခန်း (၂၁၇)

“မြေကိုလျှိုးပါလို့

မိုးကိုမျှော် မိုးကိုမျှော်။

ဇော်ဂျီဆိုတာ ကျုပ်တို့ပါပဲ။” တဲ့။

ဟုတ်များနေသလားမသိ။ ကိုယ်တိ့မယ် လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်း၊ ခံတုပ်ကျင်းထဲဆင်းပြီး မြေလျှိုးဝိဇ္ဇာအတတ်ကို ကျင့်ရတယ်။ ကောင်းကင်ပေါ်က ဖြတ်သွားတဲ့ လေယာဉ်ပျံကိုလည်း မျက်စောင်းတခဲခဲ မျှော်ကြည့်ရတာပေါ့လေ။ ငှက်များလို လေသေနတ်နဲ့ လေးခွနဲ့ ပစ်လို့များရရင် မြင်တိုင်းလှမ်းပစ်နေရတာနဲ့ ခုလောက်ရှိ တော်တော်လက်တည့်နေလောက်ပြီ။ ကရင်နီမှာ လောက်ကိုင်မှာ သူများတွေ ငှက်ကင်စားတော့ ကိုယ်တို့လည်း စားချင်လာတာပေါ့။ ပုစင်းတွေ လာဝဲရင်လည်း ရှိန်းဆာယာဖိုမောက်လို့ ကိုယ်ပျောက်သောအတတ်ကို ကျင့်ရပြန်တယ်။ ကိုယ်တင်ဖျောက်ရတာ မဟုတ်ဘူး။ အခုဆို ဆေးရုံပါဖျောက်ထားတယ်။ လူနာတွေရောက်လာမှ “လာကြဟေ့။ မြင်စေသတည်း။” ဆို ဆေးကုတာ။ လုပ်စရာရှိတာ လုပ်ကိုင်ပြီးတာနဲ့ ကိုယ်တွေရော လူနာရော “ပျောက်စေသတည်း။” ဆို ကိုယ်ယောင်ဖျောက်ကြတယ်။ “သီလကိုစမ်းကြမယ်လာ့ တန်းတူအောင် တန်းတူအောင်။ အိုလေ ပီယခန်းကိုလ မှန်းယူဆောင် မှန်းယူဆောင်။” တဲ့။ ကိုယ်တို့ကို သီလစမ်းမလို့လား။ သူများနည်းတူ ကိုယ်ကျင့်တရားကတော့ စမ်းချင်ရာစမ်း။ လုံတယ်။ ဒါကြောင့်မို့ ပီယဆေးဆောင်စရာ မလိုဘူး။ လူတွေလည်း ချစ်တယ်။ နတ်တွေလည်း ချစ်တယ်။ ဘာမှ မရှိတဲ့ တောထဲတောင်ထဲမှာ ဆေးကြိတ်စရာ တောင်ဝှေးကျောက်ဖျာတောင် မပါပဲ လိုသမျှဆေး တ ရုံနဲ့ ရတာဟာ ဥုံဖွ အပ်ချလောင်း မန်းမှုတ်လိုက်သည့်အလားပဲ။ ဣစ္ဆာသယ မှော်ကလည်း အောင်ပြန်သဗျ။ အဲ့လိုဆိုတော့လည်း ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ မဆိုနိုင်တောင် ဆေးဝိဇ္ဇာလောက်တော့ မနီးစပ်ပေဘူးလား။

ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ လူသူမနီး တောကြီးမြိုင်လယ်မှာ ရွှေရှာရွှေတူးတဲ့ လူပုကလေးတွေနဲ့အတူမနှင်းဖြူကလေးသာ အလှဆုံးဖြစ်ကြောင်း ကြေးမုံကြီးကပြန်ဖြေရင် နန်းတော်ထဲက စုန်းမအိုကြီးတွေကတော့ မနာလိုစိတ်တွေ ငယ်ထိပ်တက်ဆောင့်ဦးတော့မှာပဲ။ အဲ့ဒါကြောင့် ယူတို့တွေလည်း မြန်မာ့အလင်း၊ ကြေးမုံ နဲ့ပဲ နေကြ။ အိုင်တို့လည်းပဲ Facebook ၊ TikTok နဲ့ပဲ နေကြမယ်ဆို ကိုယ့် media နဲ့ကိုယ် ကတ္တားချထားလိုက်တာ။ လာဖတ်လည်း ဉာဏ်မမီလောက်ပါဘူးလေ။ ဟန်ငြိမ်းဦး၊ မိုးဟိန်း၊ ဇော်မဲလုံး ပြောသမျှပဲ ယ ရေး သေးသေးတင် တစ်ချောင်းငင် ယုံလိုက်စမ်းပါ။ ကိုယ့်လယ်ဗယ်နဲ့ကိုယ်ပေါ့။ စာလုံးပေါင်းမမှန်ပဲ ဆယ်တန်းအောင်ချင် ကြင်စိုးမပြုတ်ခင် ဝင်ဖြေကြ။ ယူတို့လောက်တော့ ဒေါက်တာတစ်ဆွေနဲ့တင် သပ်ချပစ်လိုက်လို့ရတယ်။

တတိယမြောက်နေ့မှာ လက်ကျန်လူနာလေးတွေ ကုန်အောင်ဖြတ်လိုက်ပြီးတဲ့နောက် နောက်ထပ် လူနာအသစ် မလာတော့ဘူး။ အပစ်အခတ် အတိုက်အခိုက်တွေ ခဏရပ်သွားတဲ့သဘောနေမယ်။ အေးအေးဆေးဆေး အချိန်ရသွားတော့ တက်သုတ်ရိုက်ပြီး ခွဲထားတဲ့လူနာတွေအတွက် လိုအပ်တာလေးတွေ ပြန်လုပ်ပေးရပါတယ်။ ဗိုက်ဖွင့်ရတာတစ်ယောက်ပဲပါတယ်။ ကျန်တာက ခေါင်းခါးခြေလက် ဤလေးချက်နဲ့ဆိုတော့ orthopedic cases တွေချည့်ပဲ လို့ ပြောလို့ရတယ်။ ပထမရက်တွေတုန်းကတော့ ဆေးကြောသန့်ရှင်း ဆေးထည့်ပြီး နောက်ပိုင်းမှာ အရိုးတွေ ပြန်ဆက်ဖို့ PoP စည်းပေးရတာပေါ့။ အရင်ကဝယ်ထားတဲ့ဟာတွေက ဘတ်လဘိုင်လိုက်နေလို့ အမျိုးအစားကောင်းတာ ရှာဝယ်ပေးပါ လို့ မှာလိုက်တဲ့အခါ ကိုရီးယားမိတ် Fiberglass Splint တွေ ပို့ပေးလိုက်တယ်ဗျား။ ခမ်းစားအာမီးဒါးပါ။ ကောင်းကောင်းသုံးပါ့မယ်။ ကိုယ်တောင် တစ်ခါမှ မသုံးဖူးသေးဘူး အဲ့ဒါမျိုး။ ကိုယ့်တုန်းကဆို ၃ ရက်လောက်နေရင် ကျောက်မှုန့်တွေ တဖွားဖွားကျပြီး အင်ပြင်တွေထလာလို့ ပေတံချောင်းကလေးနဲ့ အထဲကို ထိုးထိုးပြီး ကုတ်ရတယ်။ ၅ ရက်လောက်ဆို မနေနိုင်လို့ ပြန်ဖြုတ်ရော။ အခုဟာကတော့ အမှုန်လည်း မထွက် ပုံလည်းမပျက်။ ချိုင်းထောက်ကလေးတွေနဲ့ လျှောက်သွားနိုင်ပြီ။ Table tennis တောင် ကစားနိုင်တယ်။ နက်ဖြန်သဘက်ခါလောက်ဆို ဒီလူနာတစ်သုတ်ကုန်ရင် ဆေးရုံကို ပိတ်သိမ်းထားဦးမယ်။ ဟိုကောင်တွေဘက်က နေပြည်တော်ကနေ ကန့်လန့်ဖြတ်ပိုင်းပြီး ခံစစ်ပြင်လာရင် ဘာပစ္စည်းမှ ဖြတ်သယ်လို့ရမှာ မဟုတ်ဘူး။ အခုတောင် အင်တာနက်တွေ ဖြတ်ထားပြီဥစ္စာ။

စစ်ပွဲက ပြီးသွားတာ မဟုတ်သေးဘူးလေ။ သေချာပေါက် ပြန်ဖြစ်ကြဦးမှာ။ ပို၍ပို၍ ပြင်းထန်လာမှာ။ ကိုယ့်ဘက်ကတော့ အသာကြီးပါပဲ။ ၂ ပါတ်အတွင်းမှာ ငှက်ကင် ၂ ကောင်၊ ကြက်သံပုံးကင် ၃ ကောင် စားရတယ်။ ထွက်ပြေးလို့ မလွတ်တော့တဲ့နေရာတွေမှာ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်ကြတယ်။ ပြည်နယ်တစ်ခုလုံး လွတ်မြောက်နယ်မြေတွေ ဖြစ်လာကြတယ်။ ဒင်းတို့အတွက် အိပ်မပျော် စားမဝင် ဖင်ကြားခဲခုတဲ့ နေ့ရက်တွေထဲ ရောက်လာခဲ့ပြီလေ။ ကျားပျံမကောက်တွေကို တရုတ်မြန်မာနယ်စပ်ကနေ ထိုင်းနယ်နိမိတ်ထဲအထိ ပေါက်ဖော်ကြီးတွေ ဝင်ဖမ်းတော့မယ်ဆိုတော့ မြောက်ပိုင်းကနေ တောင်ပိုင်းကို အလျင်အမြန် ကူးတော့မယ့်သဘောလည်း ရှိတယ်ဗျ။ လောက်ကိုင်၊ မိုင်းလား ပြီးရင် ရွှေကုက္ကိုလာတော့မှာ သေချာသလောက်ပဲ။ ဘေးအိမ်က တရုတ်ရဲတွေ ဖဲဝိုင်းဝင်ဖမ်းမှပဲ မသာအိမ် ဖဲလိမ်ရိုက်နေတဲ့ သူတောင်းစားတွေ ခွက်ပျောက်ရတော့မယ်။ အမေရိကန်စစ်သင်္ဘောကြီးတွေ လာမလား မှတ်တယ်။ နောက်ဆုံးတော့လည်း တရုတ်ကြီး ခြေတစ်လှမ်းဆုတ်ရုံနဲ့ ဟပ်ထိုးလဲကျပါရောလား။

“Crazy rich Asians” ထဲမှာ သူ့သားကို ကိုယ်နဲ့ သဘောမတူတဲ့ ယောက္ခမလောင်းအဖွားကြီးကို မာကျောက်ကစားဖို့ခေါ်ပြီး ပစ်ဖဲနဲ့ ပေးဒေါင်းလိုက်တဲ့အခန်း ကြည့်ဖူးသလား။ အဲ့ဒီအခန်းမှာ မင်းသမီးက ဘာပြောလဲ ဆိုတော့ “နောင်တချိန်မှာ ရှင့်သားက ရှင် သဘောတူ ကျေနပ် လောက်တဲ့ ချွေးမနဲ့ယူပြီး ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု ဖြစ်လာတယ် ဆိုလို့ရှိရင် အဲ့ဒါဟာ ရှင်က သဘောတူကြည်ဖြူနိုင်လို့ ဖြစ်လာတာမဟုတ်ပဲ ရှင် သဘောမတူနိုင်ခဲ့တဲ့ အညတြမိန်းကလေးတစ်ယောက်က ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးလို့ ရလာတဲ့အကျိုးဆက်ပါ။” လို့ ပြောပြီး နိုင်ထားလျက် ချမပြခဲ့တဲ့ မာကျောက်ကလေးတွေ လှန်ထားရစ်ခဲ့တယ်။ တရုတ်တွေဟာ အဲ့သလိုမျိုးပဲ တွေးလေ့ရှိသလား မသိပါဘူး။ နောင်သောအခါ မြင်တင့်ပြည်က လောင်မြန်ထိုတွေ တော်လှန်ရေးကြီး အောင်မြင်သွားတယ် ဆိုတာ အမေရိကာနိုတွေ လာရောက်စောင်မသွားလို့ မဟုတ်ပဲ ကျုံးကော်ရန်တွေက သဘောထားကြီးကြီးနဲ့ နိုင်ခွင့်ပေးလိုက်လို့သာပါ ဆိုတဲ့အကြောင်း အောက်ဖဲလှန်ပြချင်ပုံရပါတယ်။ သူတို့ကမှ the craziest richest Asians ကြီးတွေ မဟုတ်လား။

၁၀ ၂၇၊ ၁၁ ၀၇ နဲ့ ၁၁ ၁၁ လှိုင်းလုံးကြီးတွေကို ဘာအသံမှမပေးပဲ မျက်လုံးကြီးပြူးကြည့်နေတဲ့ အာဆီယံအဖွဲ့ကြီးလည်း ရှိပါသေးတယ်နော်။ အနေအထား မြွေဖားလေးတွေ အကဲခတ်နေတုန်း ထင်ပါရဲ့။ ဘူးသီးတာနဲ့ အရီးပြန်တော်ပစ်ရအောင် မေမေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ပြန်ရှာနေကြရော့မယ်။ ကြင်စိုးကို မလာနဲ့ မောင်းထုတ်ထားတာ မှန်သွားပြီ။ ငဆနူ နဲ့တွဲရင် ငဆနူပဲ ဖြစ်မှာ သူတို့သိပြီးသားပဲလေ။ လောက်ကိုင်မှာ ဆိုင်းဘုတ်ကိုင်နေတဲ့ ဗီယက်နမ် ၁၀၀ ကျော်ကိုရော ချာတာဖလိုက်နဲ့ မေလီယာဟော်တယ်ပေါ် မခေါ်သေးဘူးလား။ ငုယင်တို့ကလည်း စိတ်ဓါတ်ဖဲနော်။ ပြည်တွင်းမှာ ဖြစ်သမျှပျက်သမျှတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ ဘယ်လိုတုန့်ပြန်သက်ရောက်မှုမျိုး ရှိမလဲဆိုတာ မမြင်ရသေးဘူး။ လုံမလေးကို သူ့အမေရိုက်တဲ့အခါ “လာလာလေ လ်ုက်ခဲ့ပါတော့ မောင်တို့ရွာ” ဆိုပြီး ခိုလှုံခွင့်ပေးမယ့်နိုင်ငံရော ရှာလို့တွေ့ထားကြပြီလား။ ပိုင်ဆိုင်မှုတွေတောင် ရွှေ့ပြောင်းထားနှင့်ပြီဆို။ ဒီချိန်မပြေး၊ ဘယ်ချိန်ပြေးကြမှာတုန်း။ အသက်ရော၊ အိုးအိမ်ရော၊ စည်းစိမ်ပါ တစ်ခုမှ မကျန်ပဲနေလိမ့်မယ်။ မြန်မြန်ပြေးကြ။

ကိုယ့်ဘက်က ရေထဲမိုးထဲ ရုန်းကန်နေရတုန်းကတော့ မနေ့တနေ့ကမှ သေနတ်ကိုင်ဖူးတဲ့ကောင်တွေဆိုပြီး လှောင်ရယ်သံတွေ နားမဆံ့အောင် လူစီ လုပ်ခဲ့ကြတယ် မဟုတ်လား။ အခုတော့လည်း လူကိုယူပါ အသည်းကိုချမ်းသာပေးပါ ဆိုပြီး လက်နက်ချအလင်းဝင်ကြတာ တဖွဲဖွဲ။ နိုင်မှန်းသိရင် အင်မတန်ရက်စက်တတ်သော်လည်း ရှုံးမှာသေချာတာနဲ့ “အိုးဟိုဟိုး ပန်းပေးပါတယ်” ဆို သာသာယာယာ ထွက်ထိုင်ပလိုက်တော့တာပဲ။ ကိစ္စမရှိပါဘူး။ ဒါမျိုးဆို ကိုယ့်ထက်အသည်းနာမယ့်သူတွေက သူတို့ဘက်မှာ တပုံကြီး။ “ဟိုတနေ့ကပဲ ရှေ့တန်းကရဲဘော်တွေစားဖို့ ထမင်းကြော်ထုပ်တွေပို့လိုက်သေးတယ်လေ။ ပုဆိုးတစ်ထည်စီတောင်ပါသေး။ အခုတော့ ကောင်းကြသေးရဲ့လား။” ဆို ဘုရားစင်ရှေ့ ယတြာချေရင်း ရင်ဘတ်ကြီးထုထုပြီးငိုတဲ့သူတွေ ငိုလို့။ စဉ်းစားပေါ့ ကြီးတော်ရယ်။ အဲ့ဒါလေးနဲ့ အသေခံရအောင် လူများ မအဘူး မှတ်နေ။

သူတို့ဘက်ကနေ လက်နက်ချအလင်းဝင်လာတဲ့သူတွေကို သူတို့က ကိုယ့်ထက်တောင် သေစေချင်သေးတာ။ နောက်လူတွေ ထပ်မပြေးရဲအောင် “တွေ့လား။ နင်တို့ လက်နက်ချလည်း ဟိုဘက်က နင်တို့ကို အရှင်မထားဘူး။” လို့ ပြပြပြီး ခြောက်ထားစရာ သတင်းကို လိုချင်တာ။ ဒါမှ သေမထူး နေမထူးဆို သူတို့အတွက် အသေခံတိုက်ပေးမှာကိုး။ အဲ့ဒီတော့ ၈၈ အရေးအခင်းတုန်းက ထောက်လှမ်းရေးအကွက်တွေပဲ ပြန်သုံးတယ်လေ။ ရောက်ရာအရပ်က မီးထိုးပေးကြတယ်။ အဲ့ဒီကောင်တွေ ရှင်းပစ်။ ရေတောင်မတိုက်နဲ့။ အစရှိသဖြင့်ပေါ့လေ။ ကိုယ်တို့ရဲ့ နာကျည်းချက်တွေကို ဆွဆွပြီး လက်တုန့်ပြန်ခိုင်းကြတယ်။ အောက်ခြေစစ်သားတွေက သူတို့အတွက် အသေခံမတိုက်ဘူးဆိုရင် ဒီဘက်ကလူတွေကို အသေသတ်ခိုင်းပြီး ကျန်တဲ့သူတွေ ထပ်မပြေးအောင် ထိမ်းချင်တာ။ ကိုယ်တို့က ရင်ထဲက ခံစားချက်အတွက် ဂလဲ့စားချေချင်တာ မဟုတ်ဘူးလေ။ တော်လှန်ရေးမှာ အနိုင်ရချင်လို့ စစ်တိုက်နေတာ။ လိုချင်တာကို ရအောင်ယူမှာပဲ။ ချစ်ခြင်းမုန်းခြင်းတွေ မခံစားဘူး။ ခုစာရင်း နဲ့ နောက်စာရင်း မရောဘူး။ ကျန်လည်း မကျန်ရစ်စေရဘူး။ အကုန်ပြန်တောင်းမှာ။ သူ့အချိန်နဲ့သူ။

ဘူးလက်လှဆွေတို့၊ မင်းကင်းမောင်မြင့်တို့၊ ဝါသဝတို့၊ orchid က စပါးကလပ်တို့ ကိုယ့်လက်ထဲ လက်ရမိထားပြီ ဆိုကြပါစို့။ ခိုင်ဖုန်းရုံးက ခွေးခေါင်းဓါးစက်ကြီးကို “ခိုက်…. တား။” ဆိုပြီး တခါတည်းတန်းပြင်လို့ မဖြစ်သေးဘူး။ ကြက်လည်လိမ်သလို ၃ မိနစ်နဲ့ကိစ္စပြတ်သွားတာ ဘယ်မိန်းမမှ မကြိုက်ဘူးတဲ့။ ကြားဖူးတယ်ဟုတ်။ သူတို့တုန်းက ရိသဲ့သဲ့ စော်တော်ကားမော်တော်ကား ပြောပုံဆိုပုံ ကညော့ပုံလေးတွေကို တစိမ့်စိမ့်တမြေ့မြေ့ ခံစားရအောင် လက်ဆင်လေးတော့ ပေးချင်သေးတာ။ ဘာမှ လိုက်လုပ်စရာမလိုဘူး။ နင်းပြားဘဝမှာ တံတွေးခွက် သေးခွက်ထဲက မတက်စေနဲ့။ ဒီပရက်ရှင်လေးနဲ့ သေပလေ့စီ။ ဒါမျိုးကို သူတို့ဘက်က ပိုတောင်တတ်သေး။ ခေါစိန်ရဲ့ ထမီကိုလျှော်ပေးနေရတဲ့သူတွေကပဲ ခေါစိန်ကို ထမီလျှော်ခိုင်းကြမှာ။ မမ မဟုတ်တော့တာနဲ့ သောက်ကောင်မ တန်းဖြစ်တဲ့လောကပါ။ ကိုယ့်အကုသိုလ်နဲ့ကိုယ်ပဲ။ ခံနိုင်ရင် ခံပေဦးး။ အသေမစောလိုက်ပါနဲ့။ နှမျောစရာ။ ဟိဟိ။

တချို့ကိစ္စတွေမှာ ဘုံလုံက ငါးပျံအောက်ရောက်တာနဲ့ လောကကြီးရဲ့ အရပ်ဆယ်မျက်နှာ အနေအထား orientation တွေက အလိုလို လိုက်ပြောင်းလဲပြီးသားပဲ။ တစ်ခုချင်းစီကို ဘဲစားဘဲချေ လိုက်ချေစရာ မလိုဘူး။ ဝဋ်လည်တယ်ဆိုတာ အော်တိုမက်တစ်ပဲ။ ချိန်ခွင်လျှာကလေး နင်းပေးလိုက်ဖို့ပဲ လိုတယ်။ တော်လှန်ရေးကြီး အောင်ဖို့ကိုသာ ဂရုစိုက်။ ကျန်တာ သူ့အလိုလို လိုက်လာလိမ့်မယ်။ အရေးမပါတဲ့ အသေးအဖွဲတွေမှာ အာရုံလွဲနေရင် အရေးကြီးတဲ့ တော်လှန်ရေးမှာ ဖင့်နှေးနေမှာလည်း စိုးရတယ်။ ဘူဖေးဆိုင်ရောက်မှ side dishes ကလေးတွေနဲ့ ဗိုက်အတင်းမခံနဲ့ ချစ်တို့ရေ။ ဈေးအကြီးဆုံးဟာတွေ အဝဆွဲနိုင်မှ တန်မှာ မဟုတ်လား။ အိုးဘဲဥ၊ ငါးဖယ်ကြော်၊ ငသလောက်ဥနဲ့ မုန့်ဟင်းခါးပန်းကန်ကြီး အာရုံမထားပဲ လွိုင်ကော်တက္ကသိုလ်ထဲက ရေသန့်ဗူးကြီးတွေကို ရင်ခံမနေပါနဲ့။ မွင်းငါးစားပြီးရင် ရေကအလကားသောက်လို့ ရပါတယ်။ မှန်မှန်ကလေးသာ ဆက်လိမ့်ပါစေလေ။ သူ့ဟာနဲ့သူ ရောက်သွားပါလိမ့်မယ်။ ဒီတစ်ခါ FM Radio တွေမှာ သီချင်းတောင်းရင် “နိုဝင်ဘာမှာ လာမလား။ ဒီဇင်ဘာမှာ လာမလား” တောင်းပေးကြပါနော်။ ကိုဇာနည်တို့ မနေးနေးတို့။ ပလိစ်။