ချန်ဂင်တို့စခန်း (၂၁၆)

ကိုယ်နေထိုင်တဲ့ အရပ်ဆီကို စစ်မက်အင်္ဂါတွေရောက်လာတယ် ဆိုတာ စိုးရိမ်ပူပန်ရမယ့်အဖြစ်၊ ထိတ်လန့်ကြောက်ရွံ့စရာ အခြေအနေလို့ လူတိုင်း ယူဆကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ် ကိုယ်တို့ဆီကို စစ်ရောက်လာတဲ့အခါ ကိုယ်အပါအဝင် ရပ်သူရွာသား တော်တော်များများက အားရဝမ်းသာနဲ့ တက်ကြွရဲရင့်နေကြတာ တော်တော် အံ့ဩစရာကောင်းပါတယ်။ “လာပစေလေ။ ဒီလိုနေ့မျိုး စောင့်နေတာ ကြာလှပေါ့။” ဆိုတဲ့စိတ်မျိုးကြီး။ ဒီတော်လှန်ရေးကြီး အောင်မြင်တယ်ဆိုတာ နိုင်ငံရေးသမားတွေ ဦးဆောင်မှုကောင်းလို့လည်း မဟုတ်ဘူး။ ပြည်ပနိုင်ငံက ငွေကြေးလက်နက် နည်းပညာအကူအညီတွေ ပေးနိုင်လို့လည်း မဟုတ်ဘူး။ “ပြည်သူတရပ်လုံးက စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။” ဆိုတဲ့ စိတ်ထားသဘောထားတွေ ညီညွတ်သွားလို့သာပါ။ ဘယ်အဖွဲ့အစည်းမဆို စစ်တပ်နဲ့ စစ်တိုက်နေရင် အားပေးထောက်ခံတယ်။ စစ်တပ်ဘက်ပင်းတဲ့သူဆို သဘာဝတရားရိပ်သာတောင် မယ်သီလလောက် ဆွမ်းဆန်မရ ဖြစ်သွားမယ်။ နိုင့်ထက်စီးနင်း နဖားကြိုးထိုး၊ တံပိုးတုံးတင်၊ နှင်တံနဲ့တို့ပြီး ဆဲဆိုရိုက်နှက်ခိုင်းစေလို့ရတာ နွားပဲ ရှိမယ်။ လူတွေကို အဲ့လိုအနိုင်ကျင့်လို့ တသက်လုံး ကြောက်ပြီး မလှန်နိုင်ဘူးဆိုတာ သူတို့စစ်တပ်ထဲက ရဲဘော်၊ စစ်သား၊ အခြားအဆင့်လောက်ကိုတောင် လုပ်လို့ရသလား။

ဆယ်ဇင်းတစ်ရွာလုံးကို မီးရှို့၊ လုယက်၊ သတ်ဖြတ်ထားတာ အုတ်ဂူတောင် မခြောက်သေးဘူးလေ။ အခု အဲ့ဒီကောင်တွေကို ပြန်ဆော်နေပြီဆိုတော့ ဘယ်သူက ဝမ်းမသာပဲနေမှာလဲ။ အဲ့ဒါကြောင့် ဒီအရပ်ကလူတွေဟာ ဒီတစ်ခါ စစ်ဖြစ်တာကို စိုးရိမ်ထိတ်လန့်နေတာ မရှိဘူး။ အားရဝမ်းသာ ဖြစ်နေတာပဲ ရှိတယ် လို့ ပြောတာ။ ဆယ်ဇင်းလည်း ဆိုးအောက်ဖြစ်ချင်တာ ကြာပေါ့။ အေးအေးဆေးဆေး ကိုယ့်စီးပွါးကိုယ် လုပ်စားချင်ပြီလေ။ ဒန်အိုးဒန်ခွက်ကို ပဲလှော်နဲ့ လဲစား လို့ ရချင်ရမယ်။ ငြိမ်းချမ်းရေးဆိုတာ ကားပါမစ်နဲ့ လဲလို့ မရဘူး။ အမြစ်ထိ လှိုက်စားနေတဲ့သွားကို ဆေးထည့်ရုံ၊ ဖာရုံ၊ အကြောသတ်ရုံနဲ့ မရတော့ဘူး။ နှုတ်ပြီး အသစ်စိုက်မှ ရမယ်။ မအိပ်နိုင် မစားနိုင် ဒုက္ခပေးလွန်းလို့ လူနာကိုယ်တိုင်က “ဆရာရယ် ဒီသွားကြီးကို နှုတ်သာနှုတ်ပလိုက်ပါတော့။” လို့ တောင်းဆိုနေတဲ့အချိန် ရောက်လာပြီ။

ဆယ်ဇင်းဘက်မှာ စခန်းတွေသိမ်းနေပြီဆိုတော့ ကိုယ်တို့ဆီကတောင် အသံတွေကြားရတယ် လို့ ပြောကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ မကြားမိဘူး။ ညဘက်ဆို ဖုန်းလိုင်းမမိတဲ့ တောထဲကို ပြောင်းအိပ်နေပြီလေ။ ဆေးရုံမှာ လူနာတွေ ရှင်းထားလို့ အားယားနေတာကြောင့် မနက်မနက်ဆို ထပြေးတယ်။ တောင်တက်တယ်။ တခါတည်းနဲ့ အပေါ်ရောက်အောင် မတက်နိုင်ရင် တစ်နေ့ နည်းနည်းစီတိုးပြီး အကျင့်ရအောင် တက်ယူတယ်။ အဲ့ဒီနေ့က တောင်တက်တာ လမ်းလျှောက်တာများပြီး ညောင်းချိနေတော့မှ “ညက ပန်ချယ်စခန်းကို သိမ်းလိုက်ပြီ။” လို့ သတင်းကြားတာ။ ကုန်စိမ်းဆိုင်ကယ်တွေတောင် ဆယ်ဇင်းထိ ဆက်မသွားနိုင်ပဲ လမ်းမှာရတဲ့ဈေးနဲ့ရောင်းပြီး လှည့်ပြန်သွားပြီ။ စခန်းသိမ်းရင် လေယာဉ်လာပြီလေ။ လေယာဉ်လာရင် ကိုယ်တို့ဆီလည်း ဘယ်လုံခြုံမလဲ။ လုံခြုံတဲ့နေရာ ရွှေ့ရတာပေါ့။ တခါတည်း အကုန်ပြေးလို့လည်း မရနိုင်ဘူး။ ဒဏ်ရာရတဲ့လူတွေကို ကိုယ်တွေပဲ ကုရဦးမှာ မဟုတ်လား။ အဲ့ဒါကြောင့် ဆေးရုံကို ကိုယ်ရောင်ဖျောက်ပြီး ပျောက်ကြားနည်းနဲ့ ဆေးကုကြတာပေါ့။

တစ်နေရာ ဗုံးမှန်ရင် ရှိတာလေးတွေ အကုန်ပြောင်သွားမှာစိုးလို့ အရေးကြီးတဲ့ ပစ္စည်းတွေကို တစ်နေရာစီပို့သိမ်း၊ လိုမှယူသုံး၊ ပြီးရင်ပြန်ထား။ လူနာလာရင် ဝိုင်းအုံဆေးကု၊ အလုပ်ပြီးတာနဲ့ ဆရာဝန်ရော လူနာရော ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတဲ့နည်းကို သုံးရတယ်။ စစ်ပွဲလူနာတွေ ရောက်လာတော့မှာမို့ နေမကောင်း ဖျားနာလူနာတွေကို မကြည့်နိုင်တော့ပါဘူး ဆိုပြီး ဆေးခန်းခဏပိတ်ထားရတယ်။ ရွာထဲကလူတွေ နေမကောင်းရင် သင်တန်းသူ ကချင်ဆရာမလေးတွေဖွင့်တဲ့ ရွာထဲကဆေးပေးခန်းမှာပဲ ပြကြပေါ့။ မွေးလူနာ၊ ခွဲလူနာ အရေးပေါ်ဆိုရင်ကြည့်မယ်။ hernia/ hydrocele လောက်တော့ စောင့်ပစေဦး။

မကုချင်လို့ မဟုတ်ဘူးလေ။ ကုပေးဖို့ အချိန်မရှိတော့ဘူး။ ဟိုဘက်က လူနာတွေ ရောက်လာတော့မယ်။ ရောက်တာနဲ့ လုပ်စရာရှိတာလုပ်၊ ဓါတ်မှန်ရိုက်ပြီး ခွဲခန်းတန်းဝင်ရတာ။ လွှတ်ကတည်းက ဓါတ်မှန်ရိုက်ဖို့ ခွဲဖို့လိုတဲ့သူတွေချည့်ပဲမို့လို့ ကိုယ်တို့လည်း မနားတမ်းကို အလုပ်ရှုပ်သွားပါတယ်။ ဖုန်းလည်း မကိုင်နိုင်၊ လိုင်းလည်း မတက်နိုင်။ ညကြီးသန်းခေါင်တောင် တောထဲကပြန်လာပြီး ခွဲရသေး။ ခွဲခန်းထဲသုံးတဲ့အဝတ်တွေ ကုန်သွားလို့ တစ်ခါသုံးစက္ကူထည်တွေ drape လုပ်ပြီး ခွဲကြ။ ခွဲခန်းသုံး instruments တွေ ပိုးသတ်ပြီးသား မရှိတော့တဲ့အခါ အိမ်မှာ လက်ဆွဲမီးစက်တစ်လုံးထပ်နှိုးပြီး autoclave နဲ့ ပိုးပြန်သတ်ရ။ ခွဲခန်းထဲမှာ တစ်ဖွဲ့ကခွဲ၊ dressing room ထဲမှာ တစ်ဖွဲ့က ချုပ်၊ ဓါတ်မှန်ခန်းမှာ တစ်ဖွဲ့ကရိုက်၊ မီးဖိုချောင်မှာ ထမင်းချက်တဲ့သူကချက်။ ဒီ ၂ ရက်အတွင်း လူနာ ၁၁ ယောက်ပြီးအောင် ခွဲခဲ့ပါတယ်။

အရင်တုန်းကလို ဘာမဆို ကိုယ်ချည်း လိုက်လုပ်နေရတာ မဟုတ်ပဲ အငယ်တွေ အလှည့်ကျ လုပ်နိုင်လို့ အများကြီး သက်သာသွားပါပြီ။ စီမံခန့်ခွဲရုံလောက်ကလေးပဲ လိုတယ်။ ကျန်တာ သူတို့ဘာသူတို့ လုပ်ကြတာ။ ကိုယ့်ဆေးရုံကထွက်ရင် သူတို့တွေ နည်းနည်းပါးပါး ခွဲတတ်စိတ်တတ်ရုံတင်မကဘူး။ Spinal ထိုးတတ်တယ်။ Tube ထည့်တတ်တယ်။ မေ့ဆေးပေးတတ်တယ်။ Brachial block ထိုးတတ်တယ်။ မတတ်လို့မရဘူးလေ။ လူနာကအမြဲရှိနေတာ။ လုပ်သာလုပ်၊ လုပ်ရင်းနဲ့တတ်သွားမယ်။ ကိုယ်က ဘေးက စောင့်ကြည့်ပေးတယ်။ မရရင် ဝင်ကူပေးတယ်။ လူနာကို အန္တရာယ်မဖြစ်အောင် တည့်မတ်ပေးတယ်။ ဒီလိုနဲ့ပဲ သူတို့လည်းတတ်၊ ကိုယ်လည်းသက်သာလာရော။

ကိုယ့်ဆီက ပြန်မယ်ဆိုရင် ကျောပိုးအိပ်တစ်လုံးနဲ့ လိုအပ်မယ့် မေ့ဆေးပစ္စည်းတွေ တစ်စုံစာ၊ တစ်စုံစာစီ၊ ထိုးရမယ့်ဆေးကို ဘာပြီး ဘာထိုး စာရွက်နဲ့ အစဉ်လိုက်ချရေးပြီး အထုပ်လိုက်ကလေးတွေနဲ့ ထည့်ပေးလိုက်တယ်။ laryngoscopes, ET tubes, LMA, t piece, Ambu Bag အကုန်ပါစေရမယ်။ ကိုယ့်ဆီမှာ နိုင်ငံခြားက ပို့ထားတာတွေ အလုံအလောက် ရှိနေတာပဲဟာ။ ဟင်းစားလည်းပေးတယ်။ ကွန်ချက်လည်းပြတယ်။ ငါးမျှားချိတ်တွေ ပိုက်ကွန်တွေပါ တခါတည်း ထည့်ပေးလိုက်တယ်။ သူတို့ လုပ်တတ်မှ ဖြစ်မှာမို့လို့။ အခုပဲ ကြည့်လေ။ သူတို့မရှိ၊ ကိုယ့်ချည့်လုပ်ရရင် လူနာရောကိုယ်ရော အသက်ထွက်သွားမှာ။ ရမ်းကုတွေ ထွက်လာအောင် မွေးထုတ်နေတာပဲ လို့ မထင်ပါနဲ့။ ကိုယ်ကိုယ်တိုင်တောင် မေ့ဆေးဆရာဝန်နဲ့ မတိုင်ပင် မနှီးနှောပဲ ကိုယ့်သဘောနဲ့ကိုယ် မေ့ဆေးမပေးပါဘူး။ ကိုယ်လည်းပဲ မတတ်ရင် မဖြစ်လို့ သင်ထားရတာ။ လုပ်စားဖို့ မဟုတ်ဘူး။ မျောက် အုန်းသီးရတာနဲ့ လူ စက်ပစ္စည်းအသစ်ရတာနဲ့ မတူဘူးလေ။ ပစ္စည်းတစ်ခုရရင် အဲ့ဒီပစ္စည်းကို ကျင်ကျင်လည်လည် ကိုင်တွယ် သုံးစွဲတတ်အောင် သင်ရမှာပဲ။ မရှိတာနဲ့ ရှိတာ အများကြီးကွာသွားပြီလေ။ ဓါတ်မှန်စက်ကြီးရတော့ ကိုယ်တို့ကို ဘယ်ဟာကို ဘယ်လိုရိုက်၊ technical training ဘယ်သူကမှ လာသင်မပေးပါဘူး။ ကိုယ့်ဘာကိုယ် စမ်းရင်း ရိုက်ရင်းနဲ့ ပုံထွက်ကလေးတွေ ကြည့်လို့ရလာတာ။ ဒါတောင် radiologist opinion တောင်းချင် desktop ပေါ်ကပုံ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပို့ရတယ်။ digital output ကို ဘာနဲ့ ဘယ်လို အပြင်က device ထဲ ပို့ရမလဲ ကုမ္ပဏီကို မေးထားတာ တစ်လရှိပြီ။ စာမပြန်သေးဘူး။ ကိစ္စမရှိဘူးလေ။ ကျည်ဆံတွေ ခဲစေ့တွေ ဗုံးစတွေ အရိုးကျိုးတာတွေက ဒီတိုင်းကြည့်လည်း အငြင်းပွါးစရာ မရှိလို့ အလုပ်ဖြစ်ပါတယ်။ အဲ့ဒါကြီး ရှိလို့ ရိုက်လိုက်၊ တွေ့လိုက်၊ ထုတ်လိုက်နဲ့ အတော်ဟုတ်နေတာ။ ထုတ်မရလည်း ထားခဲ့လိုက်တာပေါ့။ ဘာမှ မဖြစ်ဘူး။ အသက်အန္တရာယ် မထိခိုက်ဖို့က အဓိကပဲ။ ကလေးတွေ မိုင်းထိတုန်းက ၅ ယောက်ခွဲတာ ၂ ရက်ကြာတယ်။ အခုတစ်ခေါက်တော့ ၂ ရက်မှာ ၁၁ ယောက်ပြီးအောင် ခွဲနိုင်တယ်။ စကေးတွေ အတော်ကြမ်းနေပြီ။ လာချင်သပဆို လာစမ်းပစီ။ ဒယ်ဒီကတော့ ရယ်ဒီပဲ။

အခု စစ်ဖြစ်နေတာ ပန်ချယ်၊ မန်စိမ်း၊ ရွှေတွင်းလမ်းဆုံ၊ သံယောဇဉ်၊ ရွှေပြည်မြင့်၊ ယာလားတီး ဆိုတာ ဆယ်ဇင်းရဲ့ စစ်ကိုင်းတိုင်းနယ်နိမိတ်ထဲက SNA တပ်စွဲလာတဲ့ ရွာကလေးတွေပဲ။ အဲ့ဒီမှာ စစ်ဖြစ်တယ်ဆိုတဲ့သဘောက စကစဘက်ကကူတိုက်ပေးတဲ့ SNA ကို ဆယ်ဇင်းကနေ ရှင်းထုတ်တဲ့သဘောပဲ။ ထုံးစံအတိုင်း စကစကလည်း သူ့လူတွေထိလို့ လေယာဉ်နဲ့ တစ်နေ့ ၃ ခါထက်မနည်း ဗုံးလာကျဲနေတာပဲ။ အဲ့ဒါကြောင့်လည်း ကိုယ့်ဆီကို လူနာတွေ အများကြီးရောက်လာတာ။ နောင်ကို သည့်ထက်များများ ရောက်လာဦးမယ့် အလားအလာရှိတယ်။ အဲ့ဒါကြောင့် ကိုယ်အများကြီး ပြင်ဆင်ထားတယ် လို့ ပြောတာ။ အလကားသက်သက် လေကျယ်နေတာ မဟုတ်ဘူး။ ကိုယ့်ဆီလည်း လာနိုင်တယ်။ အဲ့ဒါကြောင့် အခုလာ အခုခွဲ၊ ပြီးတာနဲ့ လစ်၊ စာကလေးခွဲခွဲပြီး လှစ်ကနဲပြန်ပျောက်သွားတာ။ စာတွေပို့ပို့ပြီး စိတ်ပူလို့ သတင်းမေးတဲ့သူတွေ၊ ဘယ်သူ့ကိုမှ စာမပြန်နိုင်တဲ့အတွက် ဟောဒီကနေပဲ အကြောင်းပြန်လိုက်ရပါတယ်။ နေကောင်းပါတယ်။ ကျန်းမာပါတယ်။ ဘေးရန်များလည်း ကင်းပါတယ်။ အလုပ်နဲ့ လက်နဲ့ မပြတ်တာပါ။ ကိုယ်တွေကလည်း အားကြိုးမာန်တက် ဆေးကုနေသလို ဒီဘက်ကလူတွေကလည်း သက်စွန့်ဆံဖျား စစ်တိုက်နေပါတယ်။ သူတို့ခမျာ ဒဏ်ရာရလို့ ဆေးရုံမှာ ခွဲစိတ်နေရချိန်တောင် ကိုယ့်အနာကိုယ် မနာနိုင်ပဲ ဟိုအကောင်တွေကို အပြုတ်မတိုက်လိုက်ရလို့ တက်တခေါက်ခေါက်နဲ့ပါ။ မုန့်လုံးရေပေါ် ၊ ဘယာကျော် နဲ့ ဆွမ်းတော်တင်ပြီး ယတြာချေနေတဲ့သူတွေကို ဘာမနိုင်စရာ အကြောင်းရှိမှာလဲ။

နက်ဖြန်မနက်ကျရင်တော့ ခွဲစရာလူနာ မကျန်တော့ဘူး။ နောက်ထပ်လူနာ မလာမချင်း အားသွားပြီ။ တောထဲပြေးချင်ပြေး၊ မပြေးချင် တောင်ပေါ်တက်ရုံပေါ့။ စမ်းရေစီးသံ နဲ့ ငှက်သံပဲကြားရမယ်။ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ သဘာဝရဲ့ရင်သွေးငယ်တွေ။ ဘဝမှာ သည်လိုနေရတဲ့ အခြေအနေ အချိန်အခါမျိုးဟာ လိုချင်တိုင်းလည်း ရနိုင်တာမဟုတ်။ ကြံစည်တွေးတောမိတဲ့အထဲလည်း တစ်ခါမှ ပါမှာ မဟုတ်ပါဘူး။ ကမာကုရဘုရားကြီးရှေ့မှာ ဓါတ်ပုံရိုက်ရသလို၊ တာ့ဓျ်မဟာဥယျာဉ်ကြီးရှေ့မှာ ဆယ်လ်ဖီဆွဲရသလို၊ “ငါရောက်ခဲ့တယ် တွေ့လား။” လို့ ကြွားစရာဝါစရာ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ “Veni, Vidi, Vici.” လို့ “ငါမြင် ငါရောက် ငါ့လက်အောက်” လို့လည်း ကိုယ်ရည်သွေးစရာ အချင်းအရာမျိုးလည်း မဟုတ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ်၊ ကိုယ့်အတွေးလေးနဲ့ကိုယ်တော့ သာသာယာယာ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သတိရမိတဲ့သူ လွမ်းမိတဲ့သူတွေ မရှိလို့လားတော့ မဟုတ်ပါဘူး။ ရှင်ကွဲကွဲနေတဲ့သူတွေကို မဆိုထားနဲ့ သေကွဲကွဲပြီးတာ နှစ်ပေါင်းများစွာ ကြာပြီးတဲ့သူတွေကိုတောင် အိပ်မက်ထဲမှာ ရယ်ရယ်မောမော စကားလက်ဆုံကျလို့ရတယ်။ နွေးထွေးချစ်ခင်စွာ ဆက်ဆံကြတယ်။ သူတို့အရိပ်အောက်မှာ နားခိုရသလို ခံစားရတယ်။ မကောင်းသောအတိတ်နိမိတ် အိပ်မက်ဆိုးတွေ မမြင်ရဘူး။ ယုန်ကလေးမောင်ကျန် တခါတခါ လာတယ်။ သူ့အတွက် မုန်လာဥနီလေးတွေ အမြဲဝယ်ထားပါတယ်။ တစ်ကောင်တည်းမို့ သနားမိတယ်။ သေသွားတဲ့ သူ့အဖော်တွေကို ပိုသနားတာပေါ့။ တောထဲမှာတော့ အကောင်ပလောင်တွေ အများကြီးပဲ။ လူသံကြားရင်တော့ ထွက်ပြေးကြတယ်။ မြို့တွေရွာတွေ ကျယ်ကျယ်လာပြီး တောတွေတောင်တွေ ပြုန်းပြုန်းသွားတာ ဝမ်းသာစရာကောင်းတဲ့ကိစ္စလို့ ကိုယ်တော့မထင်ပါဘူး။ ဒီကိုရောက်ပြီးမှ ပြောင်းလဲသွားတဲ့ အတွေးအမြင်တစ်ခုကတော့ “တိရစ္ဆာန်ဥယျဉ် နဲ့ တိုင်းရင်းသားကျေးရွာ” ဆိုတာ တော်တော်မုန်းစရာကောင်းတဲ့ နေရာတွေပါလား။” လို့ သိသွားတာပါ။ အို ဘာပဲဖြစ်ဖြစ် စစ်သမိုင်းပြတိုက်လောက်တော့ မဆိုးသေးပါဘူးလေ။ အဲ့သလိုပဲ ကြံဖန်ဖြေသိမ့်လိုက်ပါတယ်။ ညကြီးမင်းကြီး လေယာဉ်တော့ မလာလောက်ဘူး ထင်ပါရဲ့။

“ကောင်းကင်ပေါ်လည်း မော့မကြည့်အား။ ခလုတ်တိုက်မိမှာစိုး။ လူသူတွေက အသုတ်အသုတ်နဲ့ ခံတုပ်ကျင်းတွေထဲအဝင်။ ရင်နာဖွယ်ပါ ဝါးတီးဆွဲဖို့ ကလေးများပြေးကာအလာ။ သခင်ကြည်ဖြူအောင် လေသူရဲကြီးများ ဗုံးကြဲပြန်တယ်ဟေ့။ တို့တပ်မတော် သောက်ကျင့်က ရှည်ကြာနှစ်များ ဘာမှမပြောင်းလဲသေး။”