ချန်ဂင်တို့စခန်း (၂၁၄)

မိုးလေကင်းလွတ် သီတင်းကျွတ် တဲ့အခါ လမ်းတွေပြန်ပွင့်ပြီး ဆေးရုံမှာ လူနာအပြည့် ပြန်ဖြစ်လာပါတယ်။ ခွဲလူနာကလေးကလည်း တစ်နေ့တစ်ယောက် ပုံမှန်ကလေးသွားနေတော့ သာသာယာယာ ခြေနိုင်လက်နိုင်လေးပဲ သွားနေတယ်။ ဆေး ခဏခဏ ဝယ်ရတာ တစ်ခု၊ ဆေးတွေ အများကြီး ဈေးတက်သွားတာ တစ်ခုပဲ ရုန်းရကန်ရတယ်။ လွယ်တာ မဟုတ်ဘူးလေ။ တစ်လတစ်လ ဆေးဝယ်ရတဲ့ ကုန်ကျစားရိတ်ချည့်ပဲ သိန်း ၁၀၀ လောက် ရှိတယ်။ လူနာများလေ ပိုကုန်လေပေါ့။ အလကားကုတယ် ဆိုပေမယ့်လည်း လူနာတွေဘက်က ကုန်ကျစားရိတ်လည်း မနည်းရှာပါဘူး။ ဆိုင်ကယ် နဲ့လာရင်တောင် တစ်ယောက်ကို ရှစ်သောင်း တစ်သိန်း ပြေးမလွတ်ဘူး။ ကားခတွေ စက်လှေခတွေပါရင် ဆေးရုံမရောက်ခင်ကတည်းက ၆ သိန်းလောက် ကုန်လာခဲ့ပြီ။ အဲ့ဒါ ဘာဖြစ်လို့ သိသလဲဆိုတော့ လူနာကို ဘာဆေးတွေ ထိုးခဲ့သောက်ခဲ့သလဲ မေးတဲ့အခါ သူက ဆေးဘောက်ချာလေးပေးပြီး အဲ့ဒါတွေပါ လို့ ဖြေလို့။ နောက်ကျောမှာ တွက်ထားတဲ့ အသေးစိတ် ကုန်ကျစားရိတ်ကို စပ်စုလိုက်တာ။ သူတို့ခမျာ ကိုယ့်ဆီလာဖို့ အဲ့လောက်ကုန်တယ်။ အလာကြီးလာပြီးမှ တချို့လူနာတွေကို ဒီမှာ ဘာမှ လုပ်လို့မရဘူး ဆိုပြီး ပြန်လွှတ်ရတဲ့အခါ သူတို့လည်း အမောဆို့၊ ကိုယ့်ဘက်ကလည်း စိတ်မကောင်းဘူး။ အဓိကကတော့ referral system မရှိပဲ အရပ်ထဲကစကားနဲ့ အားကိုးတကြီး လာတာမို့ပါ။ ဥပမာပြရရင် လွန်ခဲ့တဲ့ ၆ လ က မျောကျင်းပြိုပြီး အောက်ပိုင်းသေသွားတဲ့ ကောင်လေးတစ်ယောက်လာပြတယ်။ ဓါတ်မှန်မှာလည်း ထင်ထင်ရှားရှား တွေ့ပြီးသား။ ခါးဆစ်ရိုးကျိုးသွားတယ်။ ခြေသလုံးလေးတွေတောင် ကြုံလှီနေပြီ။ ဒီမှာ ဘာမှ လုပ်ပေးလို့ မရဘူးလေ။ မလာခင် ဖုန်းလေးဘာလေး ဆက်ရောပေါ့။ တောထဲမှာနေလို့ ဖေဇော်ဂျီကလင်းနစ်များ မှတ်နေသလားမသိ။ “ပြဒါးရှင် ပေးချင်ရဲ့ သည်အရေး။ ဇော်ဂျီမောင် ငါမစစ်လို့ စိတ်ညစ်တယ်လေး။” ဆိုတာလို ဖြစ်နေပြီ။

အခုရက်ပိုင်းမှာတော့ ဆေးရုံကို ရုံခါနေရတယ်။ စစ်ရေးအခြေအနေက အချိန်မရွေး တစ်ခုခု ထဖြစ်သွားနိုင်တဲ့ သဘောမှာ ရှိနေတာကိုး။ နေ့နေ့ညည “လုံခြုံရေးသတိ အမြဲရှိ” ဆို အစီအမံတွေနဲ့ နေရတယ်။ ရှုံးမဲမဲတဲ့သူတွေ ညစ်တွန်းတွန်းသွားရင် မြေဇာပင် အဖြစ်မခံနိုင်ဘူးလေ။ ဒီလိုပါပဲ။ အလုပ်လုပ်လို့ အရှိန်ကောင်းလာပြီဆို အဖျက်က ဝင်တယ်။ ကုထား ခွဲထားတဲ့ လူနာလေးတွေ ကောင်းကောင်းမွန်မွန် အိမ်ပေးပြန်နိုင်တာကိုပဲ ကျေနပ်ဝမ်းသာနေရတယ်။

ဟိုဘက်ရပ်ကွက်ကလူတွေကတော့ ပူပြင်းလောင်မြိုက်နေကြတာ ပြည်သူတွေ ဘဝင်နှလုံး ရွှင်ပြုံးအားရ ဝမ်းသာကြလေသတည်း။ “ငါသေရင် ငါ့ယောက်ကျား ညည်းယူလိုက်။” ဆိုတဲ့ကားလေး ထပ်လွှင့်ကြပါဦး။ ကွမ်လုံကမှ ရက် ၄၀။ ချင်းရွှေဟော် ၁ ၊ သန္နီ ၂ တဲ့။ နောက်နေ့လဲကူးရော နောင်ချိုတောင် ရောက်သွားပြီ။ ဂုတ်ထိပ်ကနေ ပိတ်ကာထားရတဲ့ အခြေအနေ ဖြစ်သွားပြီ။ မနက်ဖြန်လောက်ဆို “နောင်တခေတ်၏ အောင်စစ်သည်” ဆိုတဲ့ ရှေ့က ကြေးရုပ်ကြီးတွေ မဟာမြတ်မုနိ က ပြတိုက်ထဲရောက်တော့မယ်။ နန်းတော်ထဲကတပ်တွေ အာဠဝီတံခါးက ဆုတ်ရင် ဘောမတွေ ဂေါဝိန်က လိုက်ပို့ကြမှာလား။ ဒီတစ်ခါ ရွာထောင်က မီးရထားဝန်ထမ်းတွေ ခေါ်ဆင့်ရင်တော့ ဟိုက လော်နှင့်ကို ငုတ်တုတ်စောင့်နေပါသဗျား။ လော်စပီကာကြီးနဲ့ လို့ ပြောတာ။

ရှမ်းမြောက် အဝေးပြေးလမ်းမကြီး တလျှောက်လုံး တပ်စခန်းတွေ တဝုန်းဝုန်း ပြိုဆင်းလာတဲ့အချိန်မှာ တည်ငြိမ်သူလေး ပု ကတော့ ဆိုကရေးတီးပြိုင်ပွဲကြီးမှာ စောင်းနဲ့လည်းလှိုင် အကဲပိုင် တယောနဲ့လည်းလှိုင် အကဲပိုင် လုပ်နေရှာတယ်။ သူကိုယ်တိုင်တောင် သူ့စစ်သားတွေဆီ စစ်ကူမပို့နိုင်ပဲ ကာ/ဝန်ကို ပေါက်ဖော်ကြီးတွေဆီလွှတ်ပြီး “ကယ်ကြပါဦးရှင်” အော်ခိုင်းထားရင် သူ့တာဝန်ကျေပြီ ထင်နေပုံပဲ။ ဘယ်အထိအောင် ဆက်ပြိုဆင်းလာမလဲ ဘယ်သူမှ မသိနိုင်သေးဘူးလေ။ ပွဲသိမ်းဖို့ နီးသထက်နီးလာပြီ လို့ပဲ ပြောနိုင်မယ်။

“ကချင်တွေအပေါ်မှာ သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်ဆုံးသွားပြီ။” လို့တော့ ကြိမ်းဝါးနေလေရဲ့။ အိုး ရယ်ချင်တယ်။ ဒါအကုန်ပဲလား ကိုကိုရယ်။ လိုင်ဆာကို တနေကုန် ဗုံးမိုးသွန်းလောင်း လုပ်နေတော့ ကချင်တွေရဲ့ ထိုးစစ်တွေက ရပ်သွားမယ်လို့ ထင်နေလား။ ဒီကလည်း ကိုကိုလာမယ်ဆိုလို့ ကာဖီရည်တွေကျိုလို့ စောင့်နေပါတယ်။ ဆေးရုံမှာ လူနာလျှော့ပြီး ဆေးဝါးပြည့်စုံအောင် ဖြည့်ထားတယ်။ ဘေးကင်းလုံခြုံရာမှာ ခြေရာဖျောက်ပြီး အိပ်ကြတယ်။ ဆေးရုံကပစ္စည်းတွေကိုလည်း လေယာဉ်နဲ့လာချရင် အကုန်ပါသွားမှာစိုးလို့ တစ်နေရာစီ ခွဲသိမ်းထားတယ်။ ဒီဘက်မှာ တိုက်ပွဲတွေ စလာလို့ ပြည်သူဘက်က ထိခိုက်ဒဏ်ရာရတဲ့သူတွေ လာရင်လာသလောက် ချက်ချင်း ကုပေးလို့ရအောင် ပြင်ဆင်ထားတယ်။

တကယ်တော့ ဒီအခြေအနေဟာ အထူးအဆန်း မဟုတ်ပါဘူး။ မနှစ်ကရေးတဲ့စာတွေ ပြန်တက်လာတော့ မနှစ်တုန်းကလည်း ကိုယ်တို့တတွေ သိမ်းကြဆည်းကြ ညဘက်မှာ ရှောင်အိပ်ကြတဲ့နေ့ရက်တွေပဲ ဆိုတာ ပြန်ပေါ်လာတယ်။ မတူတာကတော့ ဒီနှစ်မှာ ဆေးရုံက ၂ ဆလောက်ပိုကြီးလာပြီး စက်ပစ္စည်း ကိရိယာတွေ ပိုစုံနေပြီ။ လူတွေချည့်ပဲ ပုန်းလို့မဖြစ်ဘူး။ ပစ္စည်းတွေလည်း နေရာရွှေ့သိမ်းရတယ်။ အသုံးလိုရင် ချက်ချင်းပြန်ထုတ်သုံးနိုင်ဖို့လည်း စီစဉ်ရတယ်။ အမှန်အတိုင်းပြောရရင် စစ်ပွဲတွေလာမှာ မကြောက်တော့ဘူး။ ရောက်လာတဲ့စစ်ပွဲကြားမှာ အကောင်းဆုံး အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပြီ။ အရာအားလုံးလည်း အဆင်သင့်ဖြစ်နေပြီ။ စံပါယ်ခွေ ပန်ချေဦးမလေ။ တဘက်ပြာခြုံလိုက်ဦးမလေ။ အစောင့်မခိုင်းပါဘူး။ တပ်ဦးက ချီမယ့်သူပါ။

ဆေးရုံဖွင့်တဲ့ကာလဟာ အခုလာမယ့်နှစ်သစ်ကူးရင် ၂ နှစ်တင်းတင်း ပြည့်ပါပြီ။ ခုချိန်ထိအောင် စစ်ပွဲနဲ့ပါတ်သက်ပြီး ဒဏ်ရာရလာတဲ့လူနာတွေ အသေအပျောက် တစ်ယောက်မှ မရှိအောင် ကုပေးနိုင်တာ အံ့ဩစရာကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ့်ရဲ့ Team တစ်ခုလုံးရော EM service အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လေ့ကျင့်ထားခဲ့လို့ ထင်ပါတယ်။ ဒီဆေးရုံမှာ ကိုယ်က Team leader Surgeon အနေနဲ့လည်း ဦးဆောင်တယ်။ အဖွဲ့သားတွေကို Emergency Medical Service ပေးနိုင်အောင်လည်း training ပေးထားတယ်။ ခွဲတဲ့အခါ မေ့ဆေးပေးနိုင်အောင်လည်း မေ့ဆေး team တစ်ခု လေ့ကျင့်ပေးထားတယ်။ တောထဲတောင်ထဲမှာ လိုအပ်သမျှ အကုန်လုံးပြည့်စုံအောင်လည်း logistics team နဲ့ အလုပ်လုပ်ရတယ်။ တစ်ယောက်တည်းနဲ့ အဲ့လိုမျိုး multifunctional စွယ်စုံရ ဖြစ်လာတာ သူ့အလိုလို ဖြစ်လာတာ မဟုတ်သလို တိုက်ဆိုင်မှုတစ်ခုလည်း မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ ဒီလိုဖြစ်ဖို့ အကြောင်းပါလာတယ် လို့ပဲ တွေးမိပါတယ်။

ဘဝဆိုတာ ထင်မှတ်မထားတဲ့ အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းတစ်ပုဒ် လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီဇာတ်လမ်းက ကိုယ်ကသာ ကြိုမသိသေးတာ။ ဘဝဇာတ်ဆရာဆီမှာတော့ ဘယ် scene ဘယ် cut မှာ ဘယ်သူနဲ့တွေ့ပြီး ဘာအခန်းကရမယ် အပြည့်အစုံ ရေးထားပြီးသား ဇာတ်ညွှန်း ရှိတယ် ထင်ပါရဲ့။ အခုရောက်နေတဲ့အခန်းစဉ်ဟာ ရှေ့မှာ ကခဲ့ရတဲ့ အခန်းစဉ်တွေနဲ့ အရမ်းကို ဆက်စပ်တိုက်ဆိုင်လွန်းနေတယ်။

အလုပ်ဝင်ကာစက JICA ဆေးရုံမှာ ၁၁ လလုံးလုံး သင်လာခဲ့တာက မေ့ဆေးပညာ ဖြစ်နေတယ်။ JICA ရဲ့ အထောက်အပံ့နဲ့ ဂျပန်မှာ ပညာသွားသင်လာခဲ့တာက Emergency Medicine က Mass Casualties နဲ့ Disaster preparedness ဖြစ်နေတယ်။ AYA Center မှာ COVID volunteer မလုပ်ခဲ့ဖူးရင်လည်း ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်ဖို့ ရောက်လာမှာ မဟုတ်ဘူး။ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်အပေါ် ယုံကြည်မယ့် အစဉ်သဖြင့် စိတ်ဝင်တစား စောင့်ဖတ်မယ့် ပရိသတ် မရှိရင်လည်း ဆေးရုံအတွက် လိုအပ်သမျှ ထောက်ပို့ပေးမယ့် အကူအညီတွေ ရမှာ မဟုတ်ဘူး။ ဒီဆေးရုံကလေး ရုပ်လုံးပေါ်လာအောင် puzzles လေးတွေ ဆက်တဲ့အခါမှာ မရှိမဖြစ် လိုအပ်တဲ့ keystone မှန်သမျှ ကိုယ့်လက်ထဲမှာ ရှိနေတယ်။ အဲ့ဒါ မတော်တဆတိုက်ဆိုင်မှုလို့ ပြောရမှာ ယုံရခက်ခက်ရယ်။ ကချင်တွေအတွက်တော့ အဲ့ဒါ ဘုရားသခင် အလိုတော်အရပဲ။ဘာမှ မထူးဆန်းဘူး။

ကိုယ်တို့ ဗုဒ္ဓဘာသာအလိုအရတော့ အရာအားလုံးဟာ အဖြစ်ချည့်ပဲ ရှိတာ မဟုတ်ဘူး။ အပျက်တွေလည်း ရှိတာပေါ့။ ကိုယ့်ရဲ့ သည်ကနေ့ဖြစ်တည်မှုကို ရဖို့အတွက် ကိုယ့်ဘဝထဲမှာ ပျက်စီးပြိုလဲသွားတာတွေလည်း အများကြီးရှိခဲ့တယ်။ အဲဒါတွေ မပျက်မစီး ရှိနေရင်တည်း ဒီခရီး ဒီစခန်း ရောက်လာစရာ အကြောင်းမရှိဘူး။ အဲ့ဒီအဖြစ်တွေရော အပျက်တွေရော အချိန်ကိုက် ကွက်တိကျနေတာဟာလည်း မအေးအေးဝင်း စီစဉ်တာထက်တောင် တိကျသေးတယ်။ “ဇာတ်သိမ်းရင် ကွဲမလား။ ဇာတ်သိမ်းရင် ပေါင်းမလား။ အချစ်နဲ့ကျွန်တော့်ရဲ့ ဘဝဇာတ်လမ်းစဉ်များ။” ပရိတ်သတ်က ရင်ခုန်စိတ်လှုပ်ရှားနေကြပေမယ့် တိုင်ဖုံးကြားက ဘဝဇာတ်ဆရာကတော့ ပြုံးနေမှာလား မသိ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်သက် ဒီဘဝမှာ ဒီလိုဆရာဝန်မျိုး ဖြစ်လာတယ်ဆိုတာ အကြောင်းတိုက်ဆိုင်လာလို့ မဟုတ်ပဲ ရှေးရှေ့က ဆည်းပူးသင်ကြား တတ်ကျွမ်းထားသမျှတွေ အိပ်သွန်ဖာမှောက် အသုံးချဖို့ရာ ခါတန်သင့်လို့ ပွင့်ချိန်ကြုံလာရတဲ့ သဘောပဲ လို့ ခံစားလာရပါတယ်။ ကံတရားဆိုတာမျိုးက ရှေ့ကံတွေ မရှိပဲနဲ့ နောက်ကံတွေ လိုက်မလာဘူး။ ရှေ့ကံတွေရဲ့ အရှိန်အဟုန်နဲ့ နောက်ကံလေးတွေက အားကောင်းလာတာ။ ဘယ်နေရာမှာမှ ဖောက်ဖောက်ပြန်ပြန် မရှိခဲ့လို့ ကံသွားရာလမ်းကြောင်းကလေးက တည့်မတ်နေတာ။ သိုက်ကပါတဲ့ ရွှေမန်ကျည်းတောင့်တွေအားကိုးနဲ့ လူ့ပြည်မှာ ဘုရားတည်မယ်။ သာသနာပြုမယ်။ အိမ်ထောင်တွေ အများကြီးပြုမယ်။ အဲ့လိုမျိုး ပဌာန်းဆက်တွေ ပါမလာပဲ တောထဲတောင်ထဲ ဆေးကုဖို့သက်သက် လူဖြစ်လာရတယ် ဆိုတဲ့ဘဝကို ကိုယ့်ဘာသာကိုယ်တော့ ကျေနပ်မိတာ အမှန်ပါပဲ။