မောင်ပေးတဲ့အကြွေးပြန်ဆပ်ခဲ့ပါ

အမျိုးယုတ် သန္ဓေယုတ် စိတ်ထားယုတ် အကျင့်ယုတ် အသင်းအပင်းအသိုက်အမြုံတစ်ခုလုံးပါယုတ်တဲ့ ကြင်စိုးနဲ့သားများအဖွဲ့က တိုင်းပြည်ကို အတင်းအဓမ္မကျင့်ကြံပြုမူခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ အဲ့ဒီမသူတော် အာဏာရူးတွေက မတန်မရာ နိုင်ငံတော်အခမ်းအနားနဲ့ ပွဲခံမလို့ နိုင်ငံ့ဝန်ထမ်းတွေ ရှေ့တော်ပါး ခစားဆင့်၊ ဘယ်ညာဘယ်ညာ အနင်းခိုင်းနေတာလောက် အသည်းနာစရာကောင်းတာ ကျက်သရေယုတ်တာလည်း မရှိပါဘူး။ အရင်တုန်းကဆို နေ့စားနဲ့ခေါ်၊ စစ်တန်းလျားထဲက ဆွဲထုတ်ပြီး ရှမ်းမဲမကြီး လုပ်ခိုင်းလိုက်၊ ကရင်ညိုမကြီးလုပ်ခိုင်းလိုက် ဝတ်စုံတွေ အမျိုးမျိုးဆင်နေရတာ မဟုတ်လား။ အခုတော့ အာဏာကြိမ်လုံးနဲ့ ရိုက်ခိုင်းနေပြီလေ။ Non တွေရဲ့ ပြယုဂ်ဆိုတာ အဲ့ဒါပါပဲ။ လက်အောက်ငယ်သားကို မလျော်ဩဇာနဲ့ ချိန်းခြောက် ဟိန်းဟောက် ချနင်းပြီး ကိုယ့်အထက်ကလူကို မျက်နှာလုပ်ရတာ၊ ဖျာအရှည်ကြီးခင်းရတာ၊ ရှက်ရကြောက်ရမှန်းမသိ မျက်နှာပြောင်ရတာ၊ ပြီးရင် သူတို့ကမှ တိုင်းပြည်တာဝန်ကို ဦးလည်မသုန် ထမ်းနေတာပါလို့ အရေခြုံတာ။

သူတို့အတွက်ကတော့ အာဏာသည်သာ ကိုးကွယ်ရာပါပဲ။ အခု စစ်တပ်က အာဏာသိမ်းထားတာမို့ စစ်သားမြင်တာနဲ့ တကိုယ်လုံးသိမ်းကြုံး လိုရာသုံး သက်ဝေဖြစ်နေတာ။ မေမေ့ဆီ အာဏာပြန်ရောက်သွားကြည့်ပါလား။ ဒေါက်ဖိနပ်ဦး နဖူးနဲ့တိုက်ပြီး မယ်မယ်ဖယား လုပ်ဦးမယ့်ဟာတွေ၊ လုပ်လည်း လုပ်ခဲ့ဖူးတဲ့သူတွေပါလေ။ မင်းခယောက်ကျားပီပီ အရှင်ကို သစ္စာမခံပဲ ပလ္လင်ကို သစ္စာခံတာတဲ့။ ပလ္လင်ပေါ်ခွေးတက်လည်း တက်တဲ့ခွေး ဘုရားထူးပြီး ဖင်ချင်းပဲ ပူးရပူးရ ပလူးမယ့်အစားတွေပေါ့။ “အောင်မယ်မင်း ပြောရက်လိုက်တာ။ ရစရာကိုမရှိဘူး။” လို့ မမှတ်နဲ့။ သူတို့က ဘယ်သူဘာပြောပြော မောတဲ့သူ ရပ်သာသွားရော ရှက်တတ်တဲ့မျက်နှာ ပါကိုမပါဘူး။ “နင်လည်း နင်ယုံကြည်ရာ နင်လုပ်တာ။ ငါတို့လည်း ငါတို့ ယုံကြည်ရာ ငါတို့လုပ်တာ။ အဲ့ဒါ ဒီမိုကရေစီပဲ။” တဲ့။

ဒါသည်ပင် အမှန်တရားဖြစ်သည်ပ။ ဘာမှ မရှုပ်ဘူး။ ရှင်းရှင်းလေးရယ်။ ဒီလူတွေက စည်းရုံးသိမ်းသွင်းရမယ့်သူတွေ မဟုတ်ဘူး။ အုပ်စိုးသူနေရာသာ ကိုယ့်ဘာသာ ရောက်အောင်လုပ်။ အလိုလို ကိုယ့်ဘက်ပါလာမှာ သေချာပြီးသား အပိုင်းအစတွေ။ မင်းကိုမြှောင်ပြီး အကျိုးစီးပွါးရှာမယ့် မင်းကပ်စိုးမြှောင်ဆိုတာ သပ်သပ်ကို ရှိတာ။ သူတို့ကို တော်လှန်ရေးမှာ မပါရကောင်းလားလို့ စကားနာမထိုးနဲ့။ ပါလိုက်ပါတော့လားလို့လည်း အားမကိုးနဲ့။ အရေးတော်ပုံအောင်ရင် နန်းဦးကသပြေကမ်းမယ့် တော်လှန်ရေးရဲ့ အသီးအပွင့်တစ်မျိုးလို့သာ သဘောထားပြီး ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ။ မစီနိုင်လို့ နန်းမှတော့ လွမ်းမနေနဲ့။

ဘောက်ချာဆုတ်ရမယ့်သူတွေက အဲ့ဒီလူတွေ မဟုတ်ဘူး။ သပ်သပ် ကို သိမ်းထားတာ။ နံပါတ်စဉ်တပ်ပြီးတော့ကို ပြန်တောင်းပစ်မှာ။ မေ့လို့လျှော်လို့ ရတဲ့စာရင်း မဟုတ်။ ဘာနဲ့မှလည်း ချေလို့ မကြေ။ ကမ္ဘာမကြေဘူးဆိုတာ ကြားဖူးတယ် မဟုတ်လား။

နံပါတ် (၁) ရာဇဝင်ကြွေးကတော့ ပြည်သူ့အစိုးရတင်မြှောက်မယ့် လွှတ်တော်ခေါ်မယ့်ရက်ကူးတာနဲ့ သူ့ကို သမ္မတမပေးလို့ ပြောင်လိမ်ပြောင်စား ရမ်းကားပြီး နိုင်ငံ့အကြီးအကဲခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်တာ။ ဒီအကြွေးကတော့ မင်းအောင်လှိုင် ကြိုးမိန့်ပေးရုံနဲ့ မကြေနိုင်ပါဘူး။ သူနဲ့အတူ အလိုတူ အလိုပါ ဦးစီးဦးဆောင် ပူးပေါင်းခဲ့သူတွေ တစ်ယောက်မကျန် ပေးဆပ်ရလိမ့်မယ်။ လူတစ်ဦးချင်းတစ်ယောက်ချင်းကို သတ်တာမဟုတ်ဘူး။ နိုင်ငံတော်ကို အဖတ်ဆယ်မရအောင် အလုံးစုံပျက်သုဉ်းဆုံးရှုံး အညွန့်တုံးရအောင် ချောက်ထဲတွန်းချတာ။ ဒီနိုင်ငံမှာ ဒီလိုလူတစု နိုင်ငံသား လာဖြစ်တာကိုက တိုင်းပြည်ရဲ့ ကြမ္မာဂြိုလ်ဆိုးဖြစ်ရလောက်အောင် ယုတ်ကန်းတာ။ သူတို့ကို မသေရင်တောင် ထောင်တသက်တကျွန်းချပြီး နိုင်ငံသားအဖြစ်က ရုပ်သိမ်းသင့်တာ။ ဒင်းတို့ရှိတာ ပြည်ရွာနာတယ်။

ဒုတိယပြစ်မှုကတော့ နိုင်ငံသားတိုင်းရဲ့ အနာဂတ်ပန်းတိုင်ကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်း ဖြစ်ပါတယ်။ သူအာဏာသိမ်းလိုက်တဲ့အကျိုးဆက်ကြောင့် သူငယ်တန်းကလေးလေးတွေကအစ ကျောင်းမတက်ရ ပညာမသင်ရတော့တာ ဘွဲ့ကြိုရော ဘွဲ့လွန်ရော ပါရဂူဘွဲ့ရဖို့ တက်နေတဲ့သူများအထိပါ ဒုက္ခရောက်ကုန်ပါတယ်။ ဘွဲ့လိုချင် ငါ့ဆီမှာ ဒူးထောက်အမြီးနှန့်ပြီး ခိုင်းတာသာလုပ်၊ ဘာအရည်အချင်းမှ စစ်စရာမလိုပဲ ဘွဲ့ပေးမယ် ဆိုတာကြောင့် မနည်းစိစစ်ရွေးချယ်ထားရတဲ့ ဆွမ်းဆန်ဆန်ကာတင်တွေလည်း နောက်ချေးနဲ့သလဲချည့်သာ ကျန်ရစ်တော့တယ်။ ဆယ်တန်းမအောင်လည်း ဆရာဝန် အင်ဂျင်နီယာ ကျောင်းတက်လို့ရပါတယ် မပြောရုံတမယ် ခွေးတိုးပေါက်တွေ ဒလဟောဖွင့်ချလိုက်တာ အဓိပတိလမ်းမပေါ် ခွေးတစီစီ ဖြစ်သွားတဲ့အထိပါပဲ။ အိမ်တိုင်းအိမ်တိုင်းက လူငယ်အညွန့်အဖူးကလေးတွေ လမ်းစပျောက်ပြီး ငုတ်တုတ်မေ့သွားစေတဲ့အတွက် စစ်တပ်နဲ့ပါတ်သက်ဆက်နွယ်တဲ့ အခွင့်ထူးခံ လူကြီးသားသမီးအပေါင်းကို လူရာမဝင်အောင် social punishment ပြင်းပြင်းထန်ထန် လုပ်ပေးရမှာ ဖြစ်ပါတယ်။

တတိယမြောက်နာကြည်းချက်ကတော့ တနိုင်ငံလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရား ပျက်ယွင်းရပ်ဆိုင်းသွားတာပါ။ သူ အာဏာသိမ်းပြီးတဲ့နောက်မှ သတ်လို့လည်းမသေ ငတ်လို့လည်း မသေသေးဘူးဆိုရင် ကပ်မို့သေရတာတွေ အများကြီး ထွက်လာတယ်။ အာဏာသိမ်းတဲ့သန်းခေါင်ကျော်ကစလို့ တယ်လီဖုန်းလိုင်း အင်တာနက်လိုင်းတွေ အကုန်ဖြတ်ချပလိုက်တဲ့အခါ network system ကြီးနဲ့ စီစဉ်ညွှန်ကြားလုပ်ကိုင်နေတဲ့ ကိုဗစ်ကုသရေးစံနစ်ကြီးတစ်ခုလုံး အလုပ်လုပ်လို့ မရတော့ဘူး။ ညတွင်းချင်း အလှူငွေတွေ ဖောင်ဒေးရှင်းတွေကို အနုကြမ်းစီး သိမ်းယူခဲ့လို့ ဆက်လက်လည်ပတ်စရာ ဘတ်ဂျက်မရှိပဲ ရပ်တန့်ခဲ့ရတာလည်းပါပါတယ်။ နောက်ဆုံးမှာတော့ CDM လှုပ်ရှားမှုကြီးကို အာဏာစက်နဲ့ကိုင်တွယ်လိုက်တာ တနိုင်ငံလုံးမှာရှိတဲ့ ကုသရေးစံနစ်ကြီး ထိုးရပ်သွားရော။ လူနာတွေ ပုံမှန်ကုသမှုမရပဲ အသက်ဆုံးရှုံးခဲ့ရတာ အများကြီးပါ။ ကိုဗစ်တတိယလှိုင်းလည်းလာရော မကိုင်တွယ် မထိန်းသိမ်းတတ်တာအပြင် အောက်ဆီဂျင်ပါ ဝင်လုပြီး ကိုယ်ထိလက်ရောက် သတ်ဖြတ်ခဲ့ပါတယ်။ ဒီပြစ်မှုကိုတော့ ဘယ်သူကမှ အရေးမယူချင်နေ။ ကိုယ့်တသက် အဲ့ဒီကာလအတွင်းက စစ်သားတွေ ရဲတွေ ဆေးကုမပေးတော့ဘူး အပေါင်းအသင်းအဆက်အဆံ မလုပ်တော့ဘူး လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျင့်ဝတ်တွေ လာမပြောနဲ့။ ဘယ်သူဘာပြောပြော ကိုယ့်ပညာ ကိုယ့်သဘောပဲ။ ဒါကြီးပြီးရင် ကန်သာယာတို့ မိုးကောင်းရတနာတို့ကို ပြည်သူပိုင်သိမ်းပြီး ကုသိုလ်ဖြစ် အခမဲ့ဆေးရုံအဖြစ် နာဖျားကူညီမှုအသင်းအောက် ပို့သင့်တယ်။ ပြည်သူတွေဆီက လုယူထားတဲ့ပစ္စည်းတွေ။

(၁)ရက်နေ့ကြီး အာဏာကောက်သိမ်းချလိုက်တော့ ကိုယ်တို့မှာ ပြီးခဲ့တဲ့လက လစာတွေတောင် ထုတ်လို့မရသေးပါဘူး။ ငွေထုတ်ကဒ်တွေကထုတ်မရ၊ ဘဏ်မှာလည်း တန်းစီမရနဲ့။ အဲ့ဒီကစလိုက်တာ နဂိုကတည်းက ဘဏ်မှာအပ်ထားတဲ့ ပိုက်ဆံတွေပါ ထုတ်မရတော့ပါဘူး။ တန်ဖိုးတက်တာ ကျတာတွေ အသာထား ကိုယ့်ပိုက်ဆံကို အရင်းတိုင်းပြန်ထုတ်ချင်တောင် အတိုးရဖို့နေနေသာသာ ရာခိုင်နှုန်းအလျော့တွက်နဲ့ဘအလီလီအလာလာ ထုတ်ယူရပါတယ်။ လိုင်းပေါ်ကလုပ်တဲ့ ငွေသွင်းငွေထုတ် ငွေပေးငွေချေတွေ အလုပ်မလုပ်တော့ဘူး။ ငွေစက္ကူအထုပ်လိုက် လေယာဉ်နဲ့သယ်ရင်တောင် ကောင်တာအဆင့်ဆင့် ရာခိုင်နှုန်းပေးပြီးမှ ဖြတ်လို့ရပါတယ်။ လူတိုင်းလူတိုင်းရဲ့ စီးပွါးရေးအခြေအနေတွေ ဘယ်လောက်ဆုတ်ယုတ်သွားတယ်ဆိုတာ ကာယကံရှင်တွေ အသိဆုံးပဲ။ ဒီကာလ စီးပွါးဖြစ်နေတာ လူယုတ်မာတွေပဲ ရှိတယ်။ စစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းတွေကို အခုက ဘွိုင်းကောက်ပဲ လုပ်ထားနှင့်တာ။ ဒါပြီးရင် အကုန် ပြည်သူပိုင်ပဲ။ ဘာမှလာမပြောနဲ့။ ဒင်းတို့ကို ပစ္စည်းသင်္ခါရထက် လူင်္သခါရနဲ့ အရင်ပေးတွေ့မှာ။ ပြေးစမ်း။ လွတ်အောင်။

ဒါတွေက ရစရာရှိတဲ့ အကြွေးတွေကို မေ့မသွားအောင် စာရင်းတို့ထားတာပါနော်။ အသေးအဖွဲတွေ မပါသေးဘူး။ ကျူးလွန်သူ တစ်ဦးချင်းစီက မှတ်မှတ်ရရ လိုက်တောင်းမယ့် အသက်ကြွေး သွေးကြွေးတွေ မပါသေးဘူး။ အချိန်ကြာရင်ကြာသလောက် အတိုးပေါ်အတိုးဆင့်ပြီး လည်ပင်းနင့်နေအောင် မရအရ ညှစ်တောင်းမှာ။ အလှ ည့်ကျတော့ မနွဲ့စတမ်းပေါ့။ ရှေ့လျှောက်လာသမျှ ငါတို့က တူ နင်တို့က ပေ။ သေဖို့သာ ပြင်ထားကြတော့။ မယုံဘူးဆိုရင် ငါတို့လို တစ်ရက်ချင်း ရှင်သန်သွားကြလေ။ စာလေးပေလေးရေးလို့ ဧယျာဉ့်ကျူးမယ့်လူ ရှာထားနှင့်။ နင်တို့အဘက ခုကတည်းက သေမင်းငင်နေပြီ။

ကိုယ်ပြန်တောင်းစရာမလိုပဲ အလိုလို ရနှင့်ပြီးတဲ့ နေ့ပြန်တိုးတွေကိုလည်း စာရင်းချုပ်လိုက်ပါဦးမယ်။ တစ်ဦးချင်းတစ်ယောက်ချင်း ဆန္ဒမပါသော်ငြား အဖွဲ့အစည်းကို မလွန်ဆန်နိုင်လို့ အလိုတူလိုက်ပါရလေတယ်လို့ ဆင်ခြေပေးလည်း လွတ်လမ်းမမြင်ပါဘူး။ အဲ့ဒါကတော့ နဂိုကတည်းက ပြည်လုံးချဉ် အော့ကြောလန် ဂုဏ်သိက္ခာမဲ့နေတဲ့ စစ်တပ်ဟာ မအလ အာဏာသိမ်းတာကို တရွတ်တိုက် လိုက်ပါမိတဲ့အကျိုးဆက်ကြောင့် တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်တဲ့ လက်နက်ကိုင် လူရမ်းကားအဖွဲ့အစည်း၊ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူ၊ တကမ္ဘာလုံးက ရှုံ့ချ အရေးယူ အပြစ်ပေးရတဲ့ စစ်ရာဇဝတ်ကောင် အဖြစ်နဲ့ နိဂုံးချုပ်ရတော့မှာ ဖြစ်ပါတယ်။ သူတို့သားစဉ်မြေးဆက်အထိတိုင်အောင် ငါ့အဖေ ငါ့အဖိုးက ၂၀၂၁ တုန်းက စစ်တပ်ထဲမှာလေ လို့ လေသံတောင် မသလပ်ရဲအောင် အမျိုးဖျောက်ပြီး ဇာတ်မြှုပ်နေထိုင်ရပါလိမ့်မယ်။ ဒီလူတွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံရှိရင်တောင် ဘယ်သူကမှ မခိုင်းပဲ လူမြင်မခံဝံ့လို့ ဖျောက်ဖျက်သိမ်းဆည်းရတော့မယ်လေ။ အရင်ကဆို မော်တော်ပီကယ်မဖမ်းအောင် စစ်ဦးထုပ် ကားဦးထား စီးရာကနေ ခုတော့ ယူနီဖောင်းနဲ့ဆို တပ်ပြင်တောင် တစ်ယောက်တည်း မထွက်ဝံ့တဲ့နေ့ကို ရောက်နေပြီ မဟုတ်လား။ အလုံးစုံပျက်သုဉ်းသွားရတဲ့ စစ်တပ်ကြီးကို သမိုင်းတင်တဲ့အခါ ဤစစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်းမှ တည်ထောင်ခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်လက်ချက်ဖြင့် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားရလေသည် လို့ ကမ္ဗည်းမော်ကွန်းထိုးလိုက်ကြပေါ့နော်။