လှထုံတို့ရွာ (၁၇)

လှထုံတို့ရွာအကြောင်းလေး မရေးတာကြာပြီ လို့ သတိတရ တမ်းတကြသူတွေကို အားနာပါတယ်။ သွားလမ်းသာသလို ပြန်လမ်းဖြောင့်စေဖို့အတွက် ခြေသံလုံအောင် ထိန်းရတာကြောင့် အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်က လူတွေဆီကို “ပြန်ပါဦးမယ် ပြန်ဦးမယ်” သတင်းပို့ နှုတ်ခွန်းမဆက်နိုင်တာပါ။ သို့သော်လည်း ရွာကလူတွေနဲ့ဖြင့် တစ်လလုံးလုံး မဆုံးနိုင်အောင် နှုတ်ဆက်ပွဲချည့် ကျင်းပနေရတယ်။ အဲ့သလောက်လှည့်ပတ်နှုတ်ဆက်နေတာတောင် နောက်တစ်နေ့ကျတော့ တွေ့ပြန်ပါပြီ။ ပြန်မှမပြန်နိုင်သေးပဲကိုး။ မပြန်ဆို လူနာကျန်နေသေးတာလေ။

ကိုဗစ်စင်တာပိတ်ပွဲကြီး ကျင်းပပြီးလို့ ဆေးတွေပစ္စည်းတွေ ထုတ်ပိုးသိမ်းဆည်းနေခိုက်မှာမှ အမောဖောက်တဲ့ အသည်းအသန် လူနာတစ်ယောက် ရောက်လာခဲ့တယ်။ ဖျားတယ် ချောင်းဆိုးတယ် မောတယ်။ အောက်ဆီဂျင်တွေ ကျနေတယ်။ မြင်တာနဲ့ ကိုဗစ်မှန်းလည်း သိသာတယ်။ နှာခေါင်းတို့ပတ် မယူပဲထားရကောင်းမလား မသိပါဘူးပေါ့။ တော်နေကြာ စစ်လိုက်မှတွေ့နေရင် ကိုယ်ပဲတိုင်ပတ်နေမယ်။ သို့သော် မနေနိုင်ပါဘူးလေ။ စစ်လိုက်တော့ ပိုးကလည်း တွေ့သလိုလို မတွေ့သလို။ အစပိုင်းမှာ ရေးရေးကလေး နှစ်ကြောင်းပေါ်ပြီး နောက်တော့ပြန်ပျောက်သွားတယ်။ တစ်ကြောင်းတည်း ထင်းထင်းကြီးကျန်နေတော့ အဲ့ဒါကို နက်ဂတစ်ပါလို့ ဘူးခံပြီးငြင်းလည်းရတယ်။ စစ်တာက စစ်တာပဲလေ။ မျက်မြင်လူနာကတော့ ကိုဗစ်မှ ကိုဗစ်ပါ။ အဖျားဆယ်ရက်လောက်မှာ အောက်ဆီဂျင် ၅၀ လောက်ထိကျတာ အဲ့ဒါပဲရှိတယ်။ “တွေ့တွေ့မတွေ့တွေ့ တွေ့လိုက်တော့ဟာ။” ဆို ပေါ့စတစ်လို့ အဖြေထုတ်ပြီး သူနဲ့ပါလာတဲ့လူတွေ အကုန်စစ်၊ အုပ်ချုပ်ရေးကို အကြောင်းကြား၊ သူတို့လာတဲ့အရပ်ကို lock down ချလိုက်တယ်။ နောက်တစ်နေ့ အတူနေတွေ အကုန်လာစစ်ဖို့ခေါ်ရတာပေါ့။ လက်မတင်လေးသာပါပဲ။ ၈ ယောက်လာစစ်တာ ၆ ယောက် ပိုးတွေ့တယ်။ ထင်းလို့။ သူတို့ကို Q ဖို့နေရာပေး၊ ပိုးမတွေ့တဲ့နှစ်ယောက်လည်း အပြင်မထွက်ပဲ home Q ထားဖို့ သေချာမှာတယ်။ သေသေချာချာကို မလိုက်နာပါဘူး။ ဖျားလာတဲ့အခါ စင်တာကိုပြန်လာရင် ကိုဗစ်လို့ တပ်မှာစိုးလို့ ရွာထဲက ဆေးခန်း ကြိတ်ပြနေတာ မရှူနိုင်မကယ်နိုင်မှ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ပြန်ရောက်လာရော။ ကိုင်း ကုပေဦးတော့။ ပြန်ချိန်မတန်သေးလို့သာ မှတ်လိုက်။

ပထမတစ်ယောက်ကတော့ တဖြေးဖြေး ကောင်း ကောင်းလာပြီး အိမ်ပေးပြန်လိုက်နိုင်ပေမယ့် ဒုတိယတစ်ယောက်ကတော့ ကံခေရှာတယ်။ သွေးပေါင်တိုင်းမရ။ သွေးခုန်နှုန်းစမ်းမရ။ ခြေဖျားလက်ဖျားတွေ အေးစက်ပြာနှမ်းနေတာကို သုံးလေးရက်လောက် နှာနှပ်ယူပြီးတဲ့နောက် စိတ်အေးမယ်မကျန်သေးဘူး။ ခြေသလုံးတွေ လက်တွေယောင်လာပါလေရော။ ဆေးတွေထိုးနေတဲ့ကြားက သွေးကြောပိတ်တာ။ ကုရပြန်ရော တစ်ပါတ်ဆယ်ရက်။ လျော့လာပြီ လျော့လာပြီနဲ့ ကုနေရင်း လေကထပ်ဖြတ်ပြန်တယ်။ လွန်ဆွဲနေရသလိုပါပဲ။ ကိုယ့်ဘက်ပါလာလိုက် သူ့ဘက်ပြန်ပါသွားလိုက်။ မရပါဘူး။ နောက်ဆုံး နစ်တော့တယ်။

ဘယ်တတ်နိုင်မလဲ။ “till death do us part” ပေါ့။ အစကတည်းက လွှဲပေးခဲ့ရင်တောင် ကိုဗစ်ကြီးနဲ့မို့ ဆေးရုံကလည်း လက်ခံမှာ မဟုတ်။ မျက်စိဒေါက်ထောက် ကြည့်နေလျက်သားနဲ့မှ သူ့ကံက မသေမချင်းဆိုးတော့တာ။ ဟော ကြည့်။ အခု သူ့ကိစ္စတော့ ပြတ်ပြီ။ ကိုယ့်ကိစ္စ ဘယ်လိုရှေ့ဆက်ရမလဲ။ စင်တာပိတ်ပြီးပြီလေ။ အိမ်ပြန်ရုံရှိတော့တာပေါ့။ ခုမနက်ထိ ဆီးသွားသွားချက်ပေးနေတဲ့ nephrotic syndrome နဲ့ လူနာအိမ်က မေးတယ်။ “ဆရာ ဘယ်ပြန်မှာတုန်း။” တဲ့။ “ရန်ကုန်လေ။” ဆိုတော့ သူက မယုံဘူး။ “ရလို့လား ဆရာရဲ့။” တဲ့။ ဟုတ်သားနော်။ ရန်ကုန်ပြန်လို့တော့ ရသေးမယ် မထင်ပါဘူး။ ဒါပေသိ မေကြီးကားလည်း မသွားချင်သေးဘူး။ ဟိုရောက်နေတဲ့သူတွေတောင် မုန့်ဟင်းခါးလွမ်းလို့ ဟင်းရည်ခြောက်ထုပ်ကလေးတင်ပြီး မျက်ရည်တောက်တောက်ယိုနေတာ။ ဒီမှာပဲနေဦးမယ်။ ဒီမှာ တပ်တွင်းမွင်းငါးတွေ လှိုင်လှိုင်ပေါ်နေချိန်ကြီး။ ပြေးစရာလား။

ရွာလူကြီးတွေကတော့ လာမေးပါတယ်။ သူတို့က မပြန်စေချင်ဘူး။ ရွာမှာပဲ ကုသိုလ်ဖြစ်ဆေးခန်းလေး ဆက်ဖွင့်ပါ။ အစစအရာရာ အကုန်လုံး တာဝန်ယူပါတယ်တဲ့။ ဟုတ်သားပဲ။ ဒီမှာနေတဲ့တောက်လျှောက် လိုလေသေးမရှိပြည့်စုံအောင် သူတို့ပဲ တာဝန်ယူထားတာ ပါးစပ်ပြော မဟုတ်ဘူး။ စားရေးသောက်ရေး နေရေးထိုင်ရေးအပြင် ဘေးမသီရန်မခဖို့ လုံခြုံရေးကိုပါ အာမခံစောင့်ရှောက်ကြတာ။ သူတို့ဘယ်လောက်စွမ်းသလဲ ကိုယ်တွေ့မျက်မြင်မို့ ယုံကြည်ပါတယ်။ ဒီရပ်ဒီရွာမှာ ကိုယ့်အတွက် မှည့်တစ်ပေါက် မစွန်းစေရဘူး။ ဒီကပြန်ရင်တော့ ကိုယ်သွားလိုရာဌာန ဆိုက်ဆိုက်မြိုက်မြိုက် ပို့ဆောင်ပေးမှာသေချာပေမယ့် အဲ့သည်နောက်နောင်မှာ ကိုယ့်အတွက် ဘေးကင်းရန်ကွာ မဖြစ်မှာကို သူတို့လည်း စိတ်ပူကြတယ်။ “ရွာမှာပဲ လုံခြုံပါတယ် ဆရာရယ်။” တဲ့။

သူတို့ပြောတာ ကိုယ်လက်ခံပါတယ်။ ဘာပဲပြောပြော သူတို့ရွာဟာ ကိုယ့်အတွက်တော့ လုံခြုံတာ အန္တရာယ်ကင်းတာ အမှန်ပဲ။ လှေဆိုတာ ကမ်းကပ်ထားရင် အန္တရာယ်အကင်းဆုံးတဲ့။ သို့သော်လည်း လှေထွင်းစီးရတဲ့ရည်ရွယ်ချက်က ကမ်းမှာကပ်ထားဖို့မှ မဟုတ်တာလေ။ တိုင်းပြည်အလုံး ကြိမ်မီးအုံးမျှ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့အချိန်မှာ ကိုယ်က အဖမ်းအဆီးမခံရအောင် တော်ရာခွေပြီး သော်တာဆွေ လုပ်မနေနိုင်အားဘူး။

ဒီဘက်ဒီအရပ်မှာ အရေးအကြောင်းဆို လူမမာကြီးပိုက်ပြီး လိုက်ပြစရာ ဆရာဝန်က ရှာမှရှားပါ။ လွှဲတိုင်းလည်း မသွားနိုင်သလို သွားတိုင်းလည်း လက်ခံကုချင်မှကုတာ။ “ယူတို့ပဲ CDM အလုပ်ခိုင်းထားတာလေ။” ဆို မြားဦးက ကိုယ့်ဆီပဲ ပြန်လှည့်လာဦးမှာ။ စစ်ဘေးစစ်ဒဏ်နဲ့ ဒါဏ်ရာရလာရင် တစ်ခါတည်း ချက်ကောင်းထိလာမှ ကိစ္စအေးတယ်။ မသေမရှင် အမျှင်တန်းလို့ကတော့ အားကြီးဒုက္ခရောက်တာ။ တပ်ကလူတွေ စစ်ဆေးရုံပို့လို့ရပေမယ့် အရပ်သားလူနာတွေ ဘယ်သူမှစောင့်ရှောက်ကုသ​ပေးမယ့်သူ မရှိဘူး။ ရှင်းရှင်းပြောရလို့ရှိရင် ကိုယ်ရောက်နေတဲ့အရပ်မှာ နင်လားငါလား သေနတ်သမားတွေချည့်ပဲ ရှိတယ်။ ဓါးကိုင်ပြီး ခွဲနိုင်စိတ်နိုင်တဲ့သူ ရှာလို့ကိုမရဘူး။ ရွှေလိုချင်ရင် မြေကြီးထဲတူးရှာ လွယ်လွယ်လေး။ သိန်းကျောက် သန်းကျောက် ကုဋေကျောက်တွေဆိုတာ ကားဘီးမရွေ့အောင် ခုထားရာကနေလည်း အောင်သွားခဲ့ဖူးတယ်။ သို့သော် ခွဲစိတ်ဆရာဝန်စစ်စစ်လိုချင်လို့ကတော့ အသက်မီနိုင်လောက်တဲ့ အချင်းမိုင် အကွာအဝေးအတွင်းမှာ တစ်ယောက်တလေတောင် မရှိဘူး။ ကိုယ် ဒီမှာ အရှင်လတ်လတ် မတ်တပ်ငုတ်တုတ်ကြီး ရောက်နေပြီလေ။ လိုက်ဖမ်းမယ့်သူကို တူတူပုန်းရုံသက်သက် အချိန်ကုန်ခံမယ့်အစား တတ်ထားတဲ့ပညာနဲ့ တော်လှန်ရေးကြီးကို ပံ့ပိုးသင့်တယ် မဟုတ်ဘူးလား။ ကိုယ့်အားသာချက်ကို အရေးကြုံတုန်း ကိုယ်ကမှ အသုံးမချ ဘယ်ခါ အသုံးကျမှာလဲ။

ဒီလိုနဲ့ပဲ ကိုယ့်မှာ တွေဝေယောင်မှားခြင်းကင်းစွာ ရှေ့ဆက်ရမယ့်ခရီးအတွက် စိတ်အားထက်သန် တက်ကြွလာရပါတယ်။ ကလေးတွေ game ကစားလို့ next level တစ်ခုတက်သွားသလို နောက်တစ်ဆင့် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊အခက်အခဲတွေ၊ စောင့်မျှော်နေမယ့် ပိုမိုအစွမ်းထက်သော ရန်သူတွေကို ရင်ဆိုင်နိုင်အောင် စီစဉ်ပြင်ဆင်စရာတွေ ရှိလာပါတယ်။ ကိုယ့်ဘက်က စွမ်းအားပါဝါတွေကို boost လုပ်ပေးမယ့် ဆရာသမား မိတ်ဆွေ ပညာရပ် အထောက်အပံ့တွေကိုလည်း ထပ်မံ၍ ဆည်းပူးဖြည့်တင်း ကုံလုံအောင် အဖက်ဖက်က ကြိုးစားရပါဦးမယ်။

ဒါကြောင့်မို့လို့ သင်္ကြန်သံချပ်ကားကြီးတွေ နှုတ်ဆက်သလိုပ့ါပဲ။ မချစ်လို့ စွန့်ခွါရတာ မဟုတ်ပါ။ အစာဝလို့ ဌာနပြန်တာလည်း မဟုတ်ပါ။ ရှေ့ဆက်ရမယ့် မဏ္ဍပ်တွေ ရှိသေးတာကြောင့် ခရီးဆက်ခွင့်ပြုပါ လှထုံရယ် လို့ ခွင့်ပန်ရတာပေါ့။ လက်နက်မဲ့ပြည်သူအပေါ် သာလွန်အင်အားတွေ အဆမတန်သုံးပြီး ယုတ်မာကောက်ကျစ်လှတဲ့ ကလိန်ခြုံ လူယုတ်မာတွေကို ဆန့်ကျင်တော်လှန်ရတာ အချိန်ကြာညောင်းလာတော့ ငဲ့ကွက်စရာ အကြောင်းမျိုးစုံနဲ့ အမှန်တရားဘက်တော်သားတွေ အင်အားလျော့ပါးသွားမှာကို မလိုလားပါဘူး။ ကိုယ့်ဘက်ကတော့ လက်မလျော့သေးဘူးကွယ်။ ဒီဘဝနဲ့ မလုံလောက်ရင် နောက်ဘဝပါ ဆက်တော်လှန်မှာပဲ။ ဒီအယုတ်တမာတွေနဲ့တော့ ဘဝဆက်တိုင်း ရန်သူဖြစ်ပလေ့စီတော့။ ငါနိဗ္ဗာန်ရောက်တဲ့ထိ နင်တို့ ဒေဝဒတ်လုပ်ချေကြ။ မြေမြိုကြ။ ဟုတ်ပြီလား။ မြို့ပြရပ်ရွာ နေရာမရှောင် ဗုံးကြဲတဲ့ စစ်ရာဇဝတ်ကောင်တွေကို မုန်းစွဲမစွဲလို့ ခြေသလုံးဖက်ပြီး ရှုံးစွဲစွဲရမှာလား။ နော့ လှထုံရယ်။