ဘူတန်က ပြန်ခါနီးအချိန် ၂၀၁၁ နှစ်မဆန်းခင်က စာတွေ စရေးလာခဲ့တာဆိုတော့ အခုဆိုရင် စာရေးသက် ၁၀ နှစ်ကျော် ရှိလာခဲ့ပါပြီ။ စာအုပ်ဆိုင်တွေမှာ သွားမေးရင် ဘယ်သူမှ ကြားဖူးမှာ မဟုတ်ပေမယ့် စာအုပ် ၄ အုပ် ပုံနှိပ်ထုတ်ဝေဖူးပါတယ်။ မဂ္ဂဇင်း နဲ့ ဂျာနယ်တွေ ထဲမှာလည်း ကိုယ်ရေးတဲ့စာတွေ ဖော်ပြဖူးသားပဲ။ ဖိတ်တဲ့ခေါ်တဲ့သူရှိပြီး စိတ်ဝင်တစားနားထောင်မယ့်သူ ရှိရင် ဟောပြောပွဲတွေမှာ သုံးလေးခါလောက် စကားလိုက်ပြောဖူးပါတယ်။ ခုထက်ထိတော့ ကိုယ့်ကိုယ်ကိုယ် စာရေးတဲ့သူတစ်ယောက်အနေနဲ့ မခံယူပါဘူး။ စာရေးဆရာတွေနဲ့တွေ့ရင် စာဖတ်ပရိသတ်အနေနဲ့ပဲ ခင်မင်မိတ်ဆက်ပါတယ်။ ကိုယ့်ဘာသာကိုယ် အဆင့်သတ်မှတ်ရင် အပျော်တမ်းဝါသနာရှင်အဆင့် amateur လို့သာ စာရင်းသွင်းပြီး professional တန်းထဲတော့ မဝင်ဘူးလို့ သဘောပေါက်ပါတယ်။ ဝါသနာပါလို့သာ လုပ်နေတာ အသက်မွေးစားလို့မှ မရပဲလေ။ သို့သော်လည်း ဆယ်နှစ်တိုင်တိုင် အားပေးစောင့်မျှော် ဖတ်ရှုပေးမယ့် ပရိသတ် ရှိတာမို့ ပေါ်ပင်သက်သက် ကောက်ရိုးမီးတော့ မဟုတ်ဘူး ထင်ပါတယ်။
ဆယ်နှစ်လုံးလုံး အပတ်တကုပ် အားထုတ်ရေးသားလာတဲ့စာတွေကို ကိုယ့်ဘာသာ ပြန်ပြန်ဖတ်ကြည့်တဲ့အခါ ကိုယ်ဟာ ဘယ်လိုစာရေးသူအမျိုးအစားလဲ ဆိုတဲ့ ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်မြင်ရပါတယ်။ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဇာတ်အိမ်ကလေးတွေ ဖန်တီးရေးသားတင်ဆက်လေ့ရှိတဲ့ ဝတ္ထုရေးဆရာ novelist တစ်ယောက်တော့ မဟုတ်ပေဘူး။ ဆေးလောကသဘာဝနဲ့ ဆေးပညာဆိုင်ရာ အသိပညာပေးဆောင်းပါးတွေလည်း ကိုယ်မရေးဘူး။ လူငယ်တွေရဲ့ မီးရှူးတန်ဆောင် motivation speaker ကြီးလည်း မဟုတ်ပြန်ဘူး။ နိုင်ငံ့အရေးမှာ အာဘောင်အာရင်းသန်သန်နဲ့ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ လှုပ်ရှားတက်ကြွသူ activist တစ်ယောက်တောင် မဟုတ်။ မဟုတ်ရင်မခဲတဲ့စိတ်ရှိသော်ငြား ကိုယ်ဟာ အေးဆေးသမားပါ။
ကိုယ်ရေးတာ ရိုးရိုးကလေးရယ်။ ဘဝသက်တမ်း အတွေ့အကြုံတွေကို ရင်ထဲမှာရှိတဲ့အတိုင်း မကွယ်မဝှက် ခံစားရေးသားတယ်။ စကားလုံးရွေးချယ်မှု ဝါကျတည်ဆောက်ပုံတို့ကလွဲရင် ဖြစ်ရပ် အခြေအနေကို ဖန်တီးမယူဘူး။ creation မလုပ်ဘူး။ တကယ့်ဖြစ်ရပ်ကို ပန်းချီကားလေးဆွဲသလို စုတ်ချက်ရေးဟန်ကလေးနဲ့ ရုပ်လုံးဖော်တာပဲ ရှိတယ်။ တချို့စာဖတ်သူတွေကတော့ ကိုယ့်ကို essayist လို့ ခေါင်းစဉ်တပ်တဲ့အခါ တပ်တယ်။ satirist လို့ ထောပနာပြုတဲ့အခါ ပြုတယ်။ ကိုယ်ကတော့ ကိုယ့်စာတွေမှာ ကွင်းစကွင်းပိတ်နဲ့ (သရော်စာ) လို့ ခေါင်းစဉ်ဘေး ရေးမထည့်ဖူးပါဘူး။ စာဖတ်သူ သူ့ဘာသာ ခံစားလက်ခံလာတဲ့ အမြင်ဖြစ်မှာပေါ့။
တချိန်သောအခါကတော့ ရေးသမျှစာတွေ Facebook ထဲ save ထားရင် ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားသလို အဓွန့်ရှည်ကြာ တည်တံ့လိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်လေ။ အချိန်မရွေး Notes ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝင်ရှာရင် ရက်စွဲပါ အတိအကျနဲ့ သိမ်းထားပေးတာကိုး။ အဲ့သလို မဟုတ်လည်း laptop ထဲမှာ Word file တွေ လက်ခံရှိသားပဲ။ ပြန်ရှာလို့ ရတာပေါ့။ မပူပါဘူး။ သို့သော် ကိုဇူကာဘတ်က Facebook မှာ games ကိုချန်ထားပြီး Notes ကို ဖြုတ်ချပစ်လိုက်တော့ စုဆောင်းထားသမျှ ကုန်ပါလေရော။ နောက်ပိုင်းရေးတဲ့စာတွေကို status မှာ ကော်ပီတင်ပေမယ့်လည်း အဲ့ဒါက Notes ထဲမှာလို အဟောင်းတွေ ပြန်ရှာလို့မှမရတာ။
အေးလေ။ ကာလရှည်ကြာတော့ စာတွေမပြောပါနဲ့ စာရေးတဲ့ Notepad ကလေးတောင် လက်ကွက်ခလုပ်တွေ ကပ်ကုန်ပြီး စာရိုက်လို့ အဆင်မပြေတာနဲ့ အသစ်တစ်လုံး ဝယ်သုံးရတယ်။ ခက်တာက လူတောင် အတည်မကျ လေနှင့်ရော တိမ်ကြောပျံနေရတဲ့အချိန် အိမ်ဆိုတာ ဘယ်တော့မှ ပြန်ရောက်မှန်း မသိတဲ့အခါ ရန်ကုန်မှာ ကျန်ခဲ့တဲ့ Notepad လေး ကြွသွားရင် ဘာမှမကျန်နိုင်တော့ဘူး လို့ သတိရပြီး အိပ်လို့တောင် မပျော်ပြန်။ အောင်မယ်။ လူတောင် ပြန်ရောက်မယ် မရောက်မယ် မရေရာပဲနဲ့ မြို့ရိုးအကြား ဝှက်လို့ထားတဲ့ ပဲဝက်အသပြာ တွယ်တာနေရပြန်ပြီ။ နို့ ကိုရင်ရေးတဲ့စာတွေ မပျက်မစီး ကျန်တယ် ဆိုပါဦးတော့ ဘယ်သူက အရေးတယူ ဖတ်မှာမို့လဲ။ အချိန်ကာလ အဟပ်ကွာရင် ဖတ်ရတာ အရသာမရှိ။ အလွယ်တကူ ကြုံကြိုက်လို့သာ ဟိဟိဟဟ ဖတ်တာ။ ခမျာ့စာ ဘာအဖိုးတန်စရာ ရှိတာ မှတ်လို့။
စာတွေက အဖိုးမတန်လည်းပဲ အဲ့သည်စာတွေကြောင့် လူကတော့ ပိုပိုအဖိုးတန်လာတယ်လို့ မှတ်လိုက်ပါ မောင်ရာ။ သွားလေရာ လာလေရာ အဆိုတော်တွေ မင်းသားတွေလို အုံအုံခဲခဲ မရှိရင်သာ နေရမယ်။ “ဆရာစိုးမင်းပါလား။ ဘာလုပ်ပေးရမလဲ။ ဘာအကူအညီလိုသလဲ။” ဆို စောင်မကြည့်ရှုမယ့်သူတော့ အမြဲတွေ့ပါတယ်။ စိန်တွေရွှေတွေ အိမ်တွေငွေတွေ ဘာတစ်ခုမှ မပါပဲနဲ့လည်း ရေးတဲ့စာတွေကတဆင့် လူချည့်သက်သက်ကို အထင်တကြီး တလေးတစား ဆက်ဆံကြပါတယ်။ ပွဲလမ်းသဘင်ရယ်လို့ ဖိတ်တဲ့အခါဆိုလည်း အိမ်ဦးခန်းဦး လူကြီးသူမတွေအကြားကို တန်းပို့တာပါ။ သူတို့က အဲ့သလိုထားလို့လည်း ကိုယ့်မှာ ဘယ်အချိန်ကြည့်ကြည့် ဂုဏ်ရှိရှိ ကျက်သရေရှိရှိ လူရိုသေရှင်ရိုသေ နေရတာပေါ့။ နေမယ့်နေမှတော့လည်း ကြောင်သူတော် ကုပ်ကမြင်းမှ မလုပ်ချင်တာ။ သိက္ခာအစစ်ကိုပဲ ရအောင်ယူရတော့မှာ မဟုတ်လား။ အဲ့ဒါကြောင့် “စာထဲမှာ အခွက်ပြောင်သလောက် အပြင်မှာကျတော့ ရုပ်တည်ကြီးနဲ့ စကားလည်း မပြောဘူး။” လို့ အပြောခံရတာ ထင်ပါရဲ့။
စေတနာမှန်မှန်နဲ့ရေးတာရယ် အနေမှန်မှန်နေတာရယ်ကြောင့် ထိုက်သင့်တဲ့ယုံကြည်မှုတစ်ခုတော့ ရခဲ့ပါတယ်။ ဘာဖြစ်လို့ အဲ့သလိုပြောသလဲဆိုတော့ ကိုဗစ်ကပ်ရောဂါဖြစ်လာတဲ့အခါ မသိဖူး မမြင်ဖူးသော စာဖတ်သူမိတ်ဆွေများဆီကနေ အလှူငွေတွေ အမြောက်အများ လက်ခံရရှိလာပြီး လိုတဲ့နေရာမှာ ကိုယ့်သဘောနဲ့ကိုယ် ကြိုက်သလိုလှူ၊ အားလုံး စိတ်တိုင်းကျ စီမံပိုင်ခွင့် ပေးထားလို့ပါ။ ကိုယ့်လက်ထဲမှာ ဆယ်သိန်းပြည့်အောင် မကိုင်ဖူးသော်လည်း ကိုယ့်ဆီကတဆင့် လိုအပ်ရာနေရာအနှံ့အပြားမှာ လိုက်လှူနိုင်တာ သိန်းလေးငါးရာထက်မနည်း ရှိပါတယ်။ ဒါတောင် ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ လှူပါကူပါဦး တိုက်တွန်းတာ၊ အလှူငွေကောက်ခံတာ၊ လှူမယ်ပြောပြီးလေလံတင်တာ၊ ဘာတစ်ခုမှ မလုပ်ဖူးပါဘူး။
ဒါဆိုရင် လုံးလုံးကြီး ကိုယ်ကျိုးမရှာတာ သေချာသလားလို့ မေးရင် သေချာပါတယ်။ ကိုယ်ကျိုးက ရှာနေစရာကို မလိုဘူး။ ကျွဲကူးရေပါ ဆိုသလို အလိုလို ပြည့်စုံပါတယ်။ လူနာတွေကို နေ့လည်စာတွေ ရက်မပြတ်အောင် အလှူရှင်တွေ ရလာတဲ့အခါ ကိုယ့်အတွက်လည်း နေ့တိုင်း နေ့လည်စာထမင်းဗူး ပို့ပေးတာမျိုးပေါ့။ ဧရာဝတီစင်တာမှာ လုပ်အားပေးနေခိုက်မှာတောင် အစားအသောက်အမျိုးမျိုး လာလှူတဲ့သူတွေများလို့ တချိန်လုံး ဓါတ်ပုံတွေရိုက်တင်နေတာ မျက်စိကိုနောက်ရော မဟုတ်လား။ အဲ့ဒါကလွဲလို့ အလှူပေါ်မှာ ဘာအကျိုးအမြတ်မှ မယူပါဘူး။ အကြောင်းသိလေ ယုံကြည်မှုပိုရလာလေ၊ အလှူတွေလည်း ပို၍ပို၍ လှူနိုင်လာလေပါပဲ။
ဟိုဘက်က လာတဲ့ပစ္စည်း ဒီဘက်ကို လက်လွှဲပြီး ကြားကနေ မင်္ဂလာယူတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ဒီဘက်က ငွေကြေး၊ ဒါမှမဟုတ် ဆေးဝါးပစ္စည်းတစ်ခုခု လက်ခံရလာရင် ကြားထဲမှာ ကိုယ့်ရဲ့ပညာ ဒါမှမဟုတ် ခွန်အားစိုက်ထုတ်မှုတစ်ခုခုနဲ့ အားဖြည့်ပူးပေါင်းပြီးမှ အလှူပစ္စည်းကို အလှူရှင်ဆီမှာ အသုံးဝင် အကျိုးရှိအောင် လုပ်ဆောင်ပါတယ်။ contribution တစ်ခုအနေနဲ့ ကုသိုလ်ပါဝင်တဲ့သဘောပါ။ အလှူနဲ့ပါတ်သက်ပြီး အမနာပ ပြောဆိုတိုက်ခိုက်တာမျိုးကို ထားထက်ထက်တို့ အေငြိမ်းတို့ထက် အများကြီးစောပြီး တွေ့ခဲ့ကြုံခဲ့ဖူးပါတယ်။ လက်တွေ့အလုပ်လုပ်ပြနိုင်ရင် ဘေးကပါးစပ်နဲ့ပြောတာလောက်က အဖက်လုပ်စရာတောင် မလိုဘူး။ သူများယုံအောင် သူများအထင်ကြီးအောင် အလုပ်လုပ်ပြနေတာ မဟုတ်ဘူးလေ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်တာ။ ဘယ်သူဘာပြောပြော။ အဲ့ဒီပြောနေတဲ့သူတွေက ကိုယ့်အလှူထဲ ပါလာမှာလည်း မဟုတ်ဘူး။ ပါတဲ့လူကလည်း ဘယ်တော့မှ အဲ့လိုမပြောဘူး။ ဘာဂရုစိုက်စရာလိုသလဲ။
ဒီလို ယုံကြည်မှုတွေ ရလာတဲ့အတွက် ကိုယ့်ရဲ့ နေရေးစားရေးဟာ ကျားစီးဖားစီးလည်း ရှာစရာမလို၊ ကြက်ကောက်ငှက်ကောက်လည်း ကောက်စရာမလိုပဲ အလိုလိုပြည့်စုံပါတယ်။ CDM လုပ်လို့ အိမ်မှာနေမရတဲ့အခါမျိုးမှာတောင် ကိုယ့်မှာ နေစရာအိမ် လေးငါးအိမ် ရှိတယ်။ အိမ်ရှင်ကိုယ်တိုင် သော့အပ်ပြီး ကြိုက်သလောက်နေ၊ စိတ်ကြိုက်နေ ပေးထားတာ။ အိုက်မယ်ထင်ရင် အဲယားကွန်းတပ်၊ အဲကူလာဝယ်ပေး၊ ဝိုင်ဖိုင်ပတ်စ်ဝပ်ပါ ပေးထားသေး။ ညီတော်မောင်ကို သူ့အိမ်မှာ လာဖမ်းတော့ ကိုယ့်မှာ စိတ်တောင်မကောင်းဘူး။ အဲ့မတိုင်ခင်က သူ့ကို နေစရာအိမ်လိုရင် စီစဉ်ပေးမယ် ပြောသေးတယ်။ သူက ကိုယ့်အိမ်မဟုတ်ရင် အိပ်မပျော်ဘူး ဆိုလို့။ အခုတော့ အင်းစိန်မှာ ဘယ်လိုများ သူပျော်အောင် အိပ်မလဲဆို ရင်နာရတယ်။
ရန်ကုန်မှာ အဖမ်းအဆီးတွေ ညတိုင်းကြမ်းလာတော့ နယ်ဘက်ကို တခါထွက်ရှောင်ရသဗျ။ ကားပေါ်ကို အထုပ်တွေတင်ပြီး အမြန်လမ်းပေါ်သာ တက်လာရတယ်။ ဘယ်ဆီသို့ ဘယ်ရွာသို့ လွမ်းရမယ် ညွှန်းပါ့ကွယ်ပဲ။ မိတ်ဆွေတစ်ယောက်ရဲ့ ဟော်တယ်မှာ ဝင်တည်းတော့ သူက ပိုက်ဆံမယူတဲ့အပြင် ထမင်းတောင် ကြွေးသေးတယ်။ အဲ့ဒီညပဲ လိုင်းပေါ်တက်တုန်း တပည့်တစ်ယောက်နဲ့တွေ့လို့ သူက သူ့အိမ်ကိုသွား ဆို လွှတ်လိုက်တာ နောက်တစ်နေ့ပဲ အင်းထဲရောက်သွားရော။ သူ့အမေတွေ အမတွေက အင်းထဲနှံ့နေအောင် လိုက်ပို့ပေးတယ်။ သုံးလေးရက်လောက် စိတ်အေးလက်အေးလည်ရတယ်လေ။ ဧည့်သည်တွေပြတ်နေချိန်မို့ လူလည်း အရမ်းရှင်းတယ်။ အင်းစာအမျိုးမျိုးကိုလည်း မရိုးအောင် ချက်ကျွေးတယ်။ “အိမ်သားတွေများလို့ မလွတ်လပ်ရင် အိမ်အလွတ်တစ်လုံးမှာ နေချေပါ။ ထမင်းလာပို့ပေးပါ့မယ်။” ဆိုလို့ ကိုယ့်မှာ ပိုလို့တောင် အားနာရသေး။
နောက်တော့ တောင်ကြီးမှာရှိတဲ့ မိတ်ဆွေဆရာဝန်လေးတစ်ယောက်က သူ့အိမ်အသစ်ကလေးမှာ ဘယ်သူမှနေမယ့်သူမရှိလို့ အဲ့ဒီမှာလာနေပါလား ဆို ခေါ်တာနဲ့ ပတ်လည်တခွင်ပြဲပြဲစင်အောင် လည်ရပတ်ရပြန်ပါရော။ ဖြစ်ရလေ။ စိတ်တောင်မကောင်းဘူး။ မကြာပါဘူး။ ဧရာဝတီစင်တာကို စားစရာတွေ လှမ်းလှမ်းပို့နေသူတစ်ယောက်နဲ့တွေ့ပြန်တော့ ခနခန ထမင်းတွေဖိတ်ကျွေးတဲ့အပြင် သူ့ဆီမှာလည်း တည်းပါဦးဆိုလို့ အားနာနာနဲ့ မငြင်းဖြစ်တာ။ စားရိပ်ငြိမ်း အလည်အပတ် ခရီးထွက်ရတယ်လို့ပဲ သဘောထားလိုက်ပါတယ်။ Google maps ကြီးကြည့်လိုက် travel bloggers တွေ အညွှ
န်းဖတ်လိုက်နဲ့ စိမ်ပြေနပြေလည်သပ။ ဓါတ်ပုံလေးတွေလည်းရိုက်ရသေး။ လည်မယ့်လည်မှတော့ မထူးပါဘူး။ ပင်းတယ ရွာငံဘက်ကိုပါ ဆင်းမှ နှံ့မှာပေါ့။ အဲ့ဒီဘက်မှာ မရောက်ဖူးတာတွေ အများကြီး။ ရေပြာအိုင်တို့ မိန်းမရဲတောင်တို့ ရှိသတဲ့။
ပင်းတယရောက်တဲ့အခါ ငယ်ငယ်တုန်းက ရောက်ဖူးတည်းဖူးခဲ့တဲ့အိမ်ကလေးကို သတိရလာပြီး ပြန်ရှာကြည့်မိတယ်။ ၁၉၈၅ လောက်က ရောက်ဖူးတာဆိုတော့ အဲ့လောက်နှစ်တွေကြာမှ တော်တော်ပြောင်းလဲနေလောက်ပြီဆိုပြီး သွားကြည့်တာပါ။ သူတို့ရပ်သူတို့ရွာမှာ လိပ်စာ မလိုဘူး။ နံမည်မေးရင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တယ်။ အံ့ဩစရာပါပဲ။ အိမ်ကလေးလည်း ဒီအတိုင်းပဲ။ လူတွေလည်း ဒီအတိုင်းပဲ။ အဖွားကဆုံးသွားပေမယ့် အဖိုးရှိသေးတယ်။ သားတွေသမီးတွေက အသီးသီး အိမ်ထောင်ကျကုန်ပြီ။ အရင်တုန်းက ကိုယ့်ကိုအရမ်းခင်တဲ့ ညီလေးက ခရီးလွန်နေလို့ ဖုန်းနဲ့ပဲနှုတ်ဆက်တဲ့အခါ အခုချက်ချင်း ပြန်လာပြီ။ သူ့ကို စောင့်ပါဦး ဆိုလို့ စောင့်ရပြန်တယ်။ စောင့်မယ့်သာစောင့်တာ တွေ့လည်းတွေ့ရော တစ်ယောက်နဲ့တစ်ယောက် မှတ်မိနိုင်စရာ မရှိဘူး။ ကိုယ်လာလည်တုန်းက သူက ၁၅ နှစ်၊ ကိုယ်က ၁၈ နှစ်ပဲ ရှိဦးမှာ။ သူတို့ အရမ်းခင်ရှာတယ်။ အရင်အတိုင်းပဲ။ မပြောင်းလဲဘူး။ ကုန်းဆင်းဝိဇ္ဇာ ဆြာစိုး ဆိုသည်မှာကား လွန်ခဲ့သော ၃၅ နှစ်က သိဟောင်းကျွမ်းဟောင်းကိုပင် ပြန်လည်တူးဆွ နှူးနှပ်၍ ဧည့်သည်လုပ်နိုင်စွမ်းရှိသူ တစ်ဦးပါပေ။ နံမည်တစ်လုံး မှတ်မိရုံမျှဖြင့် လက်ချည့်ပဲလာ၍ လေချည့်ပဲဖောပြီးလျှင် နိုင်သလောက်အပါသယ်နိုင်သော မာတင်္ဂမှော် အောင်လေသလား မပြောတတ်။
ဆြာစိုး၏ ဂန္ဓာရီခရီးစဉ်သည် ဤမျှနှင့်လည်း အတောမသတ်။ ဗုတ်တလုတ်ကန်တော်မှသည် ဒွေးမယ်နော်နှင့်တွေ့ရန် ပင်လောင်းလမ်းဖြင့် ကယားတို့ဌာနီ ငွေတောင်ပြည်ဘက်သို့ ခြေဦးလှည့်လေသတည်း။ သို့သော်လည်း မရောက်ချေ။ တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေ ပိတ်သွားလို့ ကလောမှာ သောင်တင်ပြန်ပါတယ်။ စိတ်တော့မကောင်းပါဘူး။ တာဝန်အရ လည်ရပတ်ရ ဓါတ်ပုံရိုက်ရပြန်တာပေါ့။ ဆန်းဆက်လေးတွေကြည့်လိုက် ကာဖီလေးတွေသောက်လိုက်လေ။ လိုင်းပေါ်တက်တဲ့အခါမှာတော့ ကိုယ့်ဆီမှာ ဟောက်ဆာဂျင်ဆင်းဖူးတဲ့ကလေးတစ်ယောက်က စိတ်ချလုံခြုံသော နားခိုရာတစ်နေရာ စီစဉ်ပေးပြန်ပါတယ်။ အဲ့သလိုနဲ့ ပေါက္ကံရာမကို ရောက်ရပြန်ပါလေရော။
သူစီစဉ်ပေးတဲ့နေရာက အင်မတန်မှကို သာယာပါပေတယ်။ ဧရာဝတီမြစ်ကမ်းနဖူးမှာ။ သောင်ပြင်ဖွေးဖွေးက အုတ်လှေကားကလေးအတိုင်း တက်လာလို့ရတယ်။ လေတဖြူးဖြူးနဲ့ တရုတ်စကားပင်ပျိုလေးတွေ စီနေအောင် စိုက်ထားတယ်။ landscaping ကောင်းကောင်းတတ်တဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ လက်ရာခြေရာမှန်း မြင်တာနဲ့ သိသာစေတယ်။ ဘုရား ကျောင်း ကန် ပန်းခြံ ဥယျာဉ် တွေကို ပြုပြင်ထိန်းသိမ်းပြီး သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အညာကို အညာမှန်း မသိရအောင် ဖန်တီးထားတာပါ။ ကိုယ်တို့နေတဲ့အိပ်ခန်းဆောင်ကမှ ရင်သပ်ရှုမော အံ့ဩမဆုံး။ ဒီလိုရိပ်သာမျိုး ငပလီ ငွေဆောင်မှာ ငှါးနေရင် တစ်ရက်ကို ဒေါ်လာ ၁၀၀၀ လောက်တော့ သေချာပေါက်ပေးရလိမ့်မယ်။ ဒီတခါ ကုန်းဆင်းမိတာတော့ စိုင်ကော်လို့ ခြုံပေါ်ရောက်သွားပေသကိုး။ ပုဂံ ညောင်ဦး ပုပ္ပားတင် မကဘူး။ တဘက်ကမ်းက ပခုက္ကူ ပုခန်းကြီးထိအောင် စိတ်အေးလက်အေး လည်လို့ရခဲ့တယ်။ ပုဂံဘုရားတွေရှိသမျှကို ကိုယ်မှတပါး တခြားဘုရားဖူးမရှိပဲ အေးအေးလူလူ ဖူးခဲ့ရတယ်။ မတန်မရာတွေ ကောင်းစားနေတာ လို့ပဲ ဆိုရမှာပေါ့။ သောကဟူသမျှ မြူမျှမတင်အောင် အေးချမ်းခဲ့ပါတယ်။
ဒီလောက်ရက်ရှည်လများ ရေရေရာရာ ဦးတည်ချက်မရှိပဲ စိတ်ကူးပေါက်ရာ ထင်သလို ခရီးထွက်ခဲ့တယ်။ အတိုင်းထက်အလွန်ပါပဲ။ ကုန်ကျစားရိတ်လည်း မဆိုစလောက်မျှသာပါပဲ။ လိုလေသေးမရှိ ပြည့်စုံအောင် စီစဉ်ပေးတဲ့ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက်ပါ။ ရောက်နေတာ ပြောလည်းမပြောဘူးလို့ ဆိုကြမယ့်သူတွေလည်း အများကြီး ရှိပါသေး။ အသံမပေး ဘာမပေး။ တိတ်တိတ်ကလေး ခရီးထွက်ရတဲ့အကြောင်းကတော့ လုံခြုံရေးအရ ဖမ်းမှဆီးမှာစိုးလို့သက်သက် မဟုတ်ပါဘူး။ ဟယ် ကြည့်စမ်းပါဦး။ သူများပေးထားတဲ့ အလှူငွေတွေနဲ့ မြန်မာပြည်အနှံ့ လည်ပတ်သုံးဖြုန်းနေတယ်လို့ မဟုတ်တမ်းတရား အစွပ်စွဲခံရမှာ စိုးလို့ပါ။ နို့မဟုတ်ရင် ဒီဆရာဝန်က အေငြိမ်းထက်အရင် ပွဲဖြစ်နေမှာ သေချာတယ်။
အရာရာတိုင်းမှာ ထိုက်တန်တဲ့ပေးဆပ်မှုတွေ ရှိရတယ်။ ဘယ်အရာမှ အလကားမရဘူး ဆိုပေမယ့်လည်း ကိုယ့်အတွက်က အသပြာငွေကြေး သုံးစွဲစရာ မလိုပဲ စေတနာ မေတ္တာနဲ့ ပြည့်စုံကုံလုံတယ်ဆိုတာ ဘာတွေများ ပေးဆပ်ခဲ့လို့ပါလိမ့် လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်ဝတ်နေတဲ့ အဝတ်အစားတော်တော်များများဟာ ဝယ်ဝတ်တာ မဟုတ်ဘူး။ (ဆိုင်ကငှါးဝတ်တာလည်း မဟုတ်ဘူးနော်။ တစ်ထည်ကို ဆယ်နှစ်လောက် ပြန်ပြန်ဝတ်ချင်ဝတ်တာ။ မယုံရင် ပုံထဲကြည့်။) ကိုယ့်မှာရှိတဲ့ နေကာမျက်မှန်တွေ၊ ရေမွှေးနဲ့ တကိုယ်ရေအသုံးအဆောင်တွေဟာလည်း လက်ဆောင်ရတာတွေချည့်ပဲ။ ကင်မရာ လက်တော့ အိုင်ဖုန်း အကုန်လုံး သူများအမ်းထားတာ လို့ ပြောရင် ပေးတဲ့သူရဲ့ စေတနာကို စော်ကားသလို ဖြစ်ဦးမယ်။ မလိုချင်ပဲ ဘယ်ရှိပါ့မလဲ။ သူများပေးမှ စသုံးဖူးတယ်ဆိုတာလည်း ဝန်ခံပါတယ်။ သို့သော်လည်း အဲ့ဒါကို တံစိုးလက်ဆောင် လို့ အမည်လွှဲပြီး ပုံဖျက်မယ့်အရေးကို မခံနိုင်ပါဘူး။ သူတို့အားလုံး ကိုယ့်ဆီက ဘာပြန်လိုချင်သလဲ လို့ အတိအကျ သိရအောင် ကြိုးစားလိုက်ရင် အဖြေက တစ်ခုတည်း ထွက်ပါတယ်။ ဆရာစိုးကလေး ဘေးရန်ကင်းကင်း ကျန်းကျန်းမာမာနဲ့ ဆေးတွေလည်း ဆက်ကုပါဦး။ စာတွေလည်း ဆက်ရေးပါဦး။ သီချင်းတွေလည်း ဆက်ဆိုပါဦး။ ဓါတ်ပုံကလေးတွေလည်း ဆက်ရိုက်ပါဦး။ (ဒါကတော့ ကိုယ့်ဘာသာ အတင်းဆွဲထည့်လိုက်မိတာ။ ဟိဟိ) အဲ့ဒါပဲ သူတို့ လိုချင်ပါသတဲ့။
ဒီလို လူထုပရိသတ်ကြီးရဲ့ ချစ်ခင် ယုံကြည် လေးစားသမှုကို ဘာအတွက် ကိုယ်ရရှိခဲ့တယ် ထင်သလဲ။ စာရေးတဲ့ အကျိုးကျေးဇူး မဟုတ်ဘူးလား။ ရှင်းနေတာပဲကို။ ကိုယ့်ဘက်က ဘာအကျိုးအမြတ်ကိုမှ မမျှော်ကိုးပဲ ဆယ်နှစ်တိုင်တိုင်လအပတ်တကုပ် အားထုတ်ရေးသားလာတဲ့ စာတွေကြောင့် ဒီကနေ့ ဒီအခါ လူရိုသေ ရှင်ရိုသေ မြို့မေတ္တာခံယူနိုင်တာ ဘယ်သူကမှ ငြင်းစရာ မရှိနိုင်ပါဘူး။ (ငြင်းရဲငြင်းကြည့်။ ရုပ်ချောလို့ လိုက်အမ်းတာ လို့ ဖွပလိုက်မယ်။ ဟွင်းဟွင်း။) ဆေးကုတာပဲဖြစ်ဖြစ် စာရေးတာပဲဖြစ် စိတ်ရင်းစေတနာလည်း မှန်စေရမယ်။ မေတ္တာစိတ်ကိုလည်း အရင်းခံထားတယ်။ ကရော်ကမယ် မလုပ်ပဲ အစွမ်းကုန် လုံ့လကြောင့်ကြလည်း စိုက်ထုတ်တယ်။ အဲ့ဒီအကျိုးကျေးဇူးကို အခု ပြန်ခံစားရတယ်။ အဲ့သလိုပဲ ယုံကြည်ပါတယ်။ ကိုယ့်ဘက်မှာလည်း ကျေးဇူးတုန့်ပြန်ပေးဆပ်စရာ အဲ့ဒီအရာမှတပါး တခြား ဘာမှ မရှိပါဘူး။
ဒါကြောင့်မို့လို့ နေမကောင်းလည်း ရေးဖြစ်အောင်ရေးတယ်။ ပြေးရင်းလွှားရင်းလည်း “နေနှင့်ဦး။ ပြီးမှပြန်ရေးမယ်။” ဆို ထုံးတို့ပြီးရေးတယ်။ ဂျပန်သွားလည်း ဂျပန်အကြောင်း အိန္ဒိယသွားလည်း အိန္ဒိယအကြောင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယား ခရီးတိုလေးတွေပါမကျန် စာစီစာကုံးအိမ်စာပေးလိုက်သလို သဘောထားပြီး မှန်မှန်ရေးပါတယ်။ ကိုယ့်အတွက်က ခရီးထွက်လို့ စာရေးနေတာ မဟုတ်တော့ဘူးလေ။ စာရေးဖို့အတွက် ခရီးသွားနေတာ ဖြစ်သွားပြီ။ ရောက်ရာခရီးမှာ မြင်အောင်လည်းကြည့်တယ်။ သိအောင်လည်းမေးတယ်။ ပြီးရင် အတွေးအမြင်နဲ့ ခံစားပြီး ရေးတယ်။ အိမ်ပြန်လာရင် မုန့်ဝယ်ခဲ့ပါ ဘယ်သူမှ မမှာဘူး။ စာတွေရေးတာပဲ စောင့်ဖတ်ကြတာ။
တဖြေးတဖြေးနဲ့ စာရေးခြင်းအလုပ်ဟာ ကိုယ့်ဘဝရဲ့ တစိတ်တပိုင်း မဟုတ်တော့ပါဘူး။ ကိုယ့်ဘဝကိုသာ စာရေးနိုင်ခြင်းအလို့ငှါ ပြုပြင်ပြောင်းလဲ လာမိတာ သတိထားမိလာတယ်။ လုံအောင်ပုန်းနေလျက်ကနေ ကပ်ရောဂါနဲ့ စစ်မက်ကြမ်းတမ်းတဲ့နေရာကို ထွက်လာခဲ့တာ စာရေးဖို့ အတွေ့အကြုံသစ်တွေ ရချင်လို့ ဆိုတာ ထိပ်ဆုံးက မပါပဲ ဘယ်နေမလဲ။ ဘယ်အချိန်မဆို ကိုယ့်ကိုလာဖမ်းချင်တဲ့သူတွေ အမြဲရှိနေမှန်း သိလျက်နဲ့ ကိုယ့်ရဲ့ဖြတ်သန်းမှု အဖြစ်အပျက်တွေကို အချိန်မဆိုင်း အရှိကိုအရှိအတိုင်း ချရေးနေတယ်ဆိုတာကလည်း နုံလွန်းအလွန်းလို့မှ မဟုတ်တာ။ ရှေ့ဆက်ပြီး မနက်ဖြန်ဆိုတာ မရေရာပေမယ့် မနက်ဖြန်တိုင်းမှာ တွေ့ကြုံလာသမျှကို မကွယ်မဝှက် ဆက်ရေးနေဦးမယ့်သူဆိုတာတော့ သေချာပါတယ်လေ။ ငါစာတွေရေးခဲ့တယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ်ပေါ့။ ပန်းဆိုတာ ပန်ချင်သူရှိမှ ပွင့်ရမယ်လို့ ဘယ်သူကပြောသလဲ။ ပန်းကလေးဘက်က တာဝန်ကျေရင် ချစ်သူကြိုက်သူ ထိုက်သူပန်ဆင်လိမ့်မယ်။ မမြရင် သီချင်းထဲကအတိုင်း “ရွှေဖူးစာရှင် ပျိုတို့ကိုကို နမ်းလို့လည်းမဝနိုင် ပန်းဆိုတဲ့ မြခိုင် သဇင်။” ဖြစ်နေအောင် ဆက်လက်ကြိုးစားပါဦးမယ်။