မိုးလေပွင့်လင်းလာပြီမို့ စာရေးတံမဲပွဲတို့ ဆွမ်းဆန်စိမ်းလောင်းပွဲတို့နဲ့ ရွာထဲမှာ စီတန်းလှည့်လည်တာလေးတွေ စည်ကားလို့လာပါပြီ။ ညနေရေခပ်ချိန်ရောက်လာရင်တော့ ရွာကလုံမပျို လုလင်ပျိုလေးတွေရဲ့ ဆန္ဒဖော်ထုတ်တဲ့ စီတန်းလှည့်လည်ပွဲတွေ မကြာခဏ လုပ်ကြပါတယ်။ အင်တာနက်မရတာတောင် ရွာက ဓါတ်ပုံဗီဒီယိုတွေဟာ သတင်းမီဒီယာ စာမျက်နှာအထိလည်း စဉ်ဆက်မပြတ် တက်လျက်ပါပဲ။ တခြားအရပ်ဒေသတွေလို နောက်ကနေ ဖမ်းဆီးသတ်ဖြတ် ရိုက်နှက်နှိမ်နှင်းတာတွေမပါပဲ အေးအေးချမ်းချမ်း လူစုခွဲပြီး ပြန်သွားလို့ရတာကတော့ ဒီအရပ်ရဲ့ မင်္ဂလာတစ်ပါးဗျ။ ဒီမှာကတော့ ရဲစခန်းရှေ့မှာ တို့အရေး လုပ်လည်း ရဲတွေက မျက်စောင်းနဲ့တောင် ထွက်မထိုးပါဘူး။
သို့သော်လည်း ဟိုတစ်ရက်ကတော့ မနက်စောစောစီးစီး ယူနီဖောင်းအပြည့်အစုံ လက်နက်ကြီးလက်နက်ငယ်တွေ ကိုင်ဆောင်လို့ ရွာထဲမှာ စီတန်းလှည့်လည်တာတွေ့မိတယ်။ အစကတော့ လာနေကျလူတွေပဲမှတ်တာ။ သူတို့မှန်း မသိသေးဘူး။ သေချာကြည့်တော့မှ လက်မောင်းမှာ ဗန္ဓုလခမောက်ကြီး ဖြစ်နေတယ်။ ကြားသားမိုးကြိုး။ ဘာများလုပ်ဦးမယ် မသိပါဘူး။ လှထုံအပြောအရ ဆိုရင်တော့ “သူတို့လည်း ဆန္ဒဖော်ထုတ်ချင်လို့ နေမှာပေါ့ ဆရာရဲ့။” တဲ့။
ပြောမရလို့သာ နေရမယ်။ သူတို့လည်း အဖိနှိပ်ခံလူထဲပါတာမို့ ကိုယ်တွေဆန္ဒပြရင် စိတ်ထဲက အားကျနေမလား မဆိုနိုင်။ အဲ့ဒါကြောင့် ရသေ့စိတ်ဖြေ မနေ့ညနေက ဆန္ဒပြသွားတဲ့ လမ်းကြောင်းအတိုင်း စိုက်လိုက်မတ်တပ် ရွာကိုပတ်နေတာ။ တစ်ခုပဲ။ အသံတော့မထွက်ရဲရှာဘူး။ ပါးစပ်ကလေးပိတ်ပြီး မျက်နှာသေလေးနဲ့ ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့် ဆန္ဒပြတာ။ အိမ်း။ ငါကပဲ လှထုံထက် အ သွားလား လှထုံပဲ ငါ့ထက် တော်သွားလား မသိပါဘူး။ သူပြောတာ ယုံလိုက်ပြီ။
ဟုတ်လောက်တယ်။ဒီလူတွေလည်း ရွာကဆန္ဒပြတဲ့လူတွေလိုပဲ လမ်းလျှောက်လှည့်လည်ဖို့ ဟိုဘက်မှာ ခွင့်ပြုမိန့်တောင်းပြီးမှ လာရတာတဲ့။ သူတို့ ကာချုပ်ကြီးတောင် “ပူတာအိုကလေး သွားပါရစီ။” တောင်းပန်တာ ဟိုဘက်က “ဟင့်အင်း” ဆိုလို့ တစ်ခါတည်း လှည့်ပြန်ရတာ မဟုတ်လား။ “ရှိကြီးခိုးပါရဲ့။ တောင်းပန်ပါတယ်။ ငါတို့သတ်နေတဲ့ ကလေးတွေဘက်က ကူမတိုက်ပေးပါနဲ့တော့။” ဆိုပြီး ရုံးစာတွေ ထုတ်ရတာလည်း အမော။ ဒင်းတို့က ဒီရွာမှာတော့ ကြောင်ချေး။
ဟိုဘက်အဖွဲ့က တယ်လည်း ပါဝါကြီးပါလား။ နယ်မြေစိုးမိုးနိုင်သားပဲ။ အစကတော့ အဲ့လို ထင်မိသေးတာဗျ။ နောက်တော့ တဖြေးဖြေး ဇာတ်ရည်လည်လာပြီ။ ဒီနေရာမှာ နောက်ထပ် လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုလည်း ရှိသေးတယ်။ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီး ၃ ဖွဲ့ဟာ ဒီရပ်ဒီရွာလည်းရောက်ရော တစ်ယောက်နဲ့တစ်ယောက် အမျက်အအီမရှိ ချစ်သောမျက်စိဖြင့် ရှုကြည့်နိုင်တာ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မစကြာတရားတော်ကြောင့်တော့ မဟုတ်လောက်ပါဘူး။ ပြောကြည့်ပါဦး။ ဘာကြောင့်ဖြစ်မယ် ထင်သလဲ။ အာဠာဝက ဘီလူးကြီးလို နာဠာဂီရိဆင်ကြီးလို နန္ဒောပနန္ဒနဂါးကြီးလို ဒေါမာန်ကြီးသူတွေက ဒီရွာမှာ ချိုသာချစ်ခင်သွားရတဲ့အကြောင်းရင်းကတော့ ဒီရွာဟာ သူတို့အားလုံးအတွက် ရွှေဥတစ်လုံးစီ မှန်မှန်အုပေးနိုင်တဲ့အတွက်ကြောင့်သာပါပဲ။ လက်စသတ်တော့ ဟိုသီချင်းထဲကဟာ မှန်တယ်ဗျ။ “ငွေဆိုတာ ဒုတိယဘုရားသခင်ပဲ။” တဲ့။
လှထုံတို့ရွာဟာ အင်မတန်ခေါင် အင်မတန်ဝေး အင်မတန်သွားရေးလာရေးခက်ခဲတဲ့ အရပ်မှာ ရှိသော်ငြားလည်း မြန်မာပြည်အရပ်ရပ်ကလူတွေ မပြတ်အောင် လာကြနေကြ အခြေချကြပါတယ်။ ဘုရားဖူးဖို့လာတာ မဟုတ်ပါဘူး။ လိပ်ဥတူးဖို့။ တိတိကျကျ ပြောရရင် ရွှေတူးဖို့လာတာပါ။ သူတို့ဆီမှာ ရွှေထွက်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တပိုင်တနိုင် အင်ဝိုင်းလေးတွေနဲ့ ရွှေကျင်တဲ့ခေတ်ကဆို ရွာလယ်လမ်းမှာ ခြေချင်းကိုလိမ်နေအောင်စည်သတဲ့။ လပြည့်လကွယ် အလုပ်နားရင် လမ်းလျှောက်စရာမလိုပဲ လူကြားထဲ မျောပါသွားလောက်အောင် ကြပ်သတဲ့။ အခုတော့ ဘူဒိုဇာတွေ ဘက်ဖိုးတွေနဲ့ ဖြိုကြတိုက်ကြတော့ မျှောပိုင်တွေသာ ချမ်းသာပြီးရင်းချမ်းသာပြီး ဆင်းရဲသားက စားလောက်ရုံပဲရလို့ လူမစည်တော့တာလို့ ပြောပါတယ်။
တောကြီးတောင်ကြီးထဲမှာ သိုက်နန်းရှင်သခင်မလေးတို့ ချစ်လို့ခင်လို့ ကြည်ဖြူရင် ရွှေမန်ကျည်းတောင့်လေးလောက် ပေးတာ မဟုတ်ပါဘူး။ ရွှေမန်ကျည်းရယ် ခုနစ်စဉ် ဆိုပြီး အပင်လိုက်ကြီး ပေးတာပါ။ဒါကြောင့် ဒီရွာကမျှောပိုင်လော်ပန်လောက်ဆိုရင် တောသူဌေးစာရင်းထဲ မနေတော့ဘူး။ ရန်ကုန် မန်းလေး မြို့ကြီးရှိသမျှ အိမ်ပိုင်ခြံပိုင်တွေ အများအပြား ဝယ်ထားပြီး လူကတော့ မျှောထဲကမခွါနေတာ။ ကြည့်လိုက်ရင် စပန့်သား စွပ်ကျယ်ပုံ လည်ပင်းပေါက်ကလေးနဲ့ တစ်လတစ်လ ရွှေစင်ဆယ်ပိဿာလောက် ထွက်တဲ့ ရွှေတွင်းပိုင်ရှင်ဗျား။ တော်ဝင်သူတို့ လေးကျွန်းသူတို့ထဲကလို စိန်တွေရွှေတွေညွှတ်နေအောင်ဆင်ပြီး အကြွေးလည်ပင်းခိုက်နေတဲ့ သူဌေးမျိုး မဟုတ်။
စိန်တွေပေါ ရွှေတွေပေါ ငွေတွေပေါတော့ အလိုလိုနေရင်း ဘိန်းစားတွေပါပေါကုန်ပါတယ်။ ဒီရွာမှာ ဘိန်းကလေး တစ်တိုင်နှစ်တိုင် ရှို့ချင် ဘီယာတစ်ဘူးသောက်သလောက်တောင် မကုန်ဘူး။ ရာမဆေးပြားလေးတွေလည်းပေါမှပေါ။ တကူးတက ထွက်ဝယ်စရာကို မလိုတာ။ တမ်းတလိုက်ရင် အခန်းဝလာပေးမယ့်သူတွေချည့်ပဲ။ မောင်ကြီးနတ် တရတာကမှ ရွတ်ဖတ်ပင့်လျှောက်နေရဦးမယ်။ ဖမ်းမယ့်ဆီးမယ့်သူ မရှိလို့ factory outlet လို လက္ကားဈေး ချိုချိုသာသာ ရနေတာများလား။
နို့ ရွာလယ်မှာ ရဲစခန်းကြီးလည်း ဟီးဟီးထလို့။ သူတို့က မဖမ်းပဲမဆီးပဲ ငုတ်တုတ်ထိုင် အလှကြည့်နေတာလား။ အဲ့လိုတော့ မဟုတ်ပါဘူး။ သူတို့လည်း အထက်အမိန့်နဲ့ ဖမ်းတဲ့အခါ ဖမ်းပါတယ်။ သို့သော်လည်း အထက်က အမိန့်လာရင် အမိန့်ရှေ့ကနေ သတိပေးအကြောင်းကြားလွှာလည်း သက်ဆိုင်တဲ့သူတွေဆီ ကြိုကြိုရောက်တတ်လို့ “ဟင် ဟုတ်လည်းဟုတ်ပဲနဲ့။ ဘာမှလည်း မရှိဘူး။” ဆိုပြီး လှည့်လှည့်ပြန်ရလို့ပါ။
ဒါလေးမှ မိအောင်မဖမ်းနိုင်ရကောင်းလား လို့ ကြိမ်းမောင်းအရေးယူလည်း ပူမနေပါနဲ့။ “ကိုင်း ဒီတခါတော့ မိအောင်ဖမ်းမှ ရမယ်နော်။” လို့သာ ပွင့်ပွင့်လင်းလင်းပြော။ ဖမ်းစရာ မိအောင်တို့ ဖိုးအောင်တို့ အလှည့်ကျ စီစဉ်ပေးထားတယ်။ အထဲ ခဏဝင်ပေး။ အိမ်ကမိသားစုပါ ထောက်ထားမယ်။ အထဲကို ပစ္စည်းအရောက်ပို့ပေးမယ်။ လိုလေသေးမရှိ ဘောက်ချာဖွင့်ထားပေးမယ်။ ဝင်သူ ဖမ်းသူ စီရင်သူ ထိန်းသိမ်းထားသူ အားလုံး ကျေကျေနပ်နပ်ကြီး ပြေလည်စေရမယ်။ သူတို့ရဲ့လက်တံက ရဲလောက် ရုံးလောက် ထောင်လောက်ကို လက်ဖျစ်တစ်တွတ်နဲ့ မွှတ်နေအောင် လှည့်ပစ်လိုက်လို့ရတယ်။ အားလုံးရဲ့အထက်က ချက်ကောင်းကို မိထားတာ။
ရှေးရှေးတုန်းကတော့ လူသူမနီး တောကြီးမျက်မည်းအလယ်မှာ အုန်းအုန်းကြွက်ကြွက် မြူးတူးကခုန်နေတဲ့ ပွဲခင်းကြီးကိုမြင်ရင် ကြတ်တွေ ဘုရားပွဲပျော်နေကြတာလို့ ဆိုပါတယ်။ ရွာထဲမှာလည်း ကြတ်ဘုရားပွဲလို ဆူညံစည်ပင်နေတဲ့ လူစုလူစုကလေးတွေ ရှိပါတယ်။ “လာဘ်ကောင် လာဘ်ကောင် လာဘ်ကောင်” “ ကြက်ကြက်ကြက်ကြက်” နဲ့ နှစ်ပါးခွင်က ယိမ်းသမလေးတွေလို စီစီညံညံ အားပေးနေတဲ့ ၆ ကောင်ဂျင် အံစာတုံးကြီးတွေ ဆွဲလို့ရတယ်။ ငြိမ်ငြိမ်ဆိမ်ဆိမ် ပန်းကန်ပြားလေးပေါ် လှည့်ပြီးအုပ်တဲ့ လေးကောင်ဂျင် ကစားဝိုင်းလေးတွေလည်းရှိတယ်။ အောင်လံလွှင့်ချီ နွေဦးထီကို စိတ်မဝင်စားပေမယ့်လည်း တစ်နေ့တည်းတင် နှစ်ခါ သုံးခါ ထီဖွင့်တဲ့ ချဲဒိုင်ကလေးတွေကလည်း ဆိုင်ကယ်လေးနဲ့ ရွာစဉ်လှည့်နေတာ။ ထိုးထားတဲ့ဒိုင်မလျော်နိုင်လို့ ထွက်ပြေးရင် ရဲစခန်းမှာတိုင်ပြီး လိုက်အလျော်တောင်းလို့ရတာ ဒီရွာမှာပဲ ရှိတယ်။ (ငါ ရေးတာနဲ့ စခန်းမှူးတော့ အထောင်းခံရတော့မှာပဲ။)
ရွာတော့ရွာပဲ။ ဒါပေမယ့် နိုက်ကလပ်တက်ပြီး ဒီဂျေနဲ့ ရေ့ဗ်လုပ်လို့ရတဲ့ရွာ။ အညာသူမဟုတ်တဲ့ ကညာဖြူလေးတွေက သီိချင်းအတူဆိုမလား။ အနင်းအနှိပ်ခေါ်မလား။ အတွင်းကျိတ်ပျော်ချင်လည်း သဘောရှိ။ တစ်ရက်တည်း ဆက်ရှင်လေးငါးဆယ် ပိုက်ဆံရှာနိုင်ပါတယ်ဆိုတဲ့ သူငယ်မလေးတွေလည်း ပေါမှပေါ။ ဟိုးအရင် စတိတ်ရှိုးခေတ်မှာကတည်းက တင့်တင့်ထွန်းလက်ကိုင်ချင်လို့ ရွှေတစ်ကျပ်သားဟန်းချိန်းတွေ အလုအယက်တက်ပေးကြတဲ့ရွာ။
အများသူငါ ပိုက်ဆံရွှင်တော့ ဆိုင်ကြီးကန္နားကြီးတွေလည်း အရောင်းအဝယ်ကောင်းပါတယ်။ မိုးလင်းကတည်းက ဖုန်းတစ်လုံး နားရွက်မှာကပ်ပြီး ရွှေဈေး ဆီဈေး ဒေါ်လာဈေး မျက်ခြေမပြတ် စနည်းနာပြီး တနေကုန် ထိုင်ရာမထ ရောင်းဝယ်နေတဲ့သူတွေ ရှိတယ်။ ရွာမှာ ဘဏ်ခွဲလေးတစ်ခုတောင် မရှိလည်းပဲ ငွေသားချည့်ပဲ သိန်းလေးငါးထောင်ကို အခုလိုချင်သလား။ ကားပေါ် ချက်ချင်း ကောက်တင်ပေးနိုင်တဲ့သူတွေ များပါတယ်။ သူတို့ရွာက နံမည်တစ်ခု လူတစ်ယောက်အပေါ် ယုံကြည်မှုဟာ ဘယ်ပုဂ္ဂလိကဘဏ်မှ လိုက်မမီပါဘူး။
အပေါ်မှာပြောထားပြီးတဲ့ လုပ်ငန်းစု အမျိုးအစား တစ်ခုစီတစ်ခုစီမှာ ထိပ်သီးခေါင်းဆောင် လော်ပန်ကြီး လော်ပန်ညံကြီးတွေ တစ်ယောက်စီ တစ်ယောက်စီ ရှိပါတယ်။ အားလုံးက ရပ်ရွာအဆင့် သူဌေးသူကြွယ်တွေမဟုတ်ပဲ နိုင်ငံတော်အဆင့် နိုင်ငံတကာအဆင့်လောက်ကို ပေါက်မြောက်ကြပါတယ်။ သို့သော် နံမည်တော့မထွက်ပါဘူး။ သိုသိုသိပ်သိပ် အလုပ်လုပ်ကြတာပါ။ ငွေရှာကြမ်းသလို အပေးအကမ်းလည်း အလွန်ရက်ရောကြပါတယ်။ ဒါကြောင့်မို့ ဘယ်အဖွဲ့အစည်းမဆို သူတို့အိပ်ထဲ ထည့်ထားနိုင်ပါတယ်။
လှထုံတို့ရွာမှာ ဆရာဝန်တော့ ရှားမှာပေါ့ လို့ မမေးနဲ့။ ရွှေတူးတဲ့ကုမ္ပဏီကြီးတွေက ကိုယ်ပိုင်ဆရာဝန် ဆရာမတွေ လခပေးခန့်ထားပါတယ်။ အခု ကိုဗစ်ဖြစ်တော့ သူဌေးတွေက အကုန်မြို့တက်ပြီး သိန်းရာထောင်ချီအကုန်ခံကုခဲ့ပြီးသား။ ရပ်အတွက်ရွာအတွက်သာ အလှူငွေ မတည်ပြီး ဆေးခန်းကလေး စီစဉ်ပေးတာ။ စဖွင့်ကတည်းက ခုချိန်ထိ အခမဲ့ကုသိုလ်ဖြစ် တာဝန်ယူကုသပေးနေတာ အလှူရှင်တွေ အားကောင်းလွန်းလို့ပါ။
တကယ်တမ်းပြောရရင် လှထုံတို့ရွာက ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ ကျေးရွာကြီး လို့ ခေါ်ရပါမယ်။ မတူညီတဲ့လုပ်ငန်းစုကြီးတွေဟာ တစ်ဦးကိုတစ်ဦး မစွက်ဖက်ပဲ ကိုယ့်စီးပွါးကိုယ် ရှာကြတယ်။ ပြဿနာဖြစ်လည်း ကိုယ့်ပြဿနာကိုယ်ရှင်း။ ဝင်မပါဘူး။ ရပ်ရေးရွာရေး ဝိုင်းစရာဝန်းစရာရှိရင်တော့ ဘယ်သူကမှ လက်မနှေး။ အကုန်ပါတယ်။ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပဋိပက္ခမဖြစ်စေပဲ ဖိုခုံလှောက်လို ငြိမ်အောင်တည်ပြီး ထိုင်ထားနိုင်တယ်။ မျှခြေကို သိတာကိုး။
ရွာရဲ့နိုင်ငံရေးအမြင်ကတော့ ဟိုလိုဂရမ်လိုပဲ။ အရောင်လေးတွေပြေးနေတာ ဘာအရောင်လို့ ပြောရခက်သား။ နဂိုတုန်းက အစိမ်းတွေအားကောင်းနေတဲ့အခါ အစိမ်းတွေက ဒါ ငါတို့ရွာ လို့ အပိုင်တွက်ခဲ့တာ။ အနီတွေ တက်လာတဲ့အခါမတော့ အနီကို အလိုက်အထိုက် ပေါင်းနိုင်တယ်။ သို့သော် အနီကို ကြိုက်လှချည့် မဟုတ်ဘူး။ ညှိရပြောရ လုပ်ရကိုင်ရ လက်ပေါက်ကပ်လို့တဲ့။ အနီကို ဘယ်လောက်ပင် သောက်ညင်ကပ်သော်ငြား ရွေးကောက်ပွဲမှာတော့ ဘွားတော်မျက်နှာနဲ့ ရွာလုံးကျွတ်ကို နီပေးထားခဲ့တာ။ တာဝန်ကိုကျေလို့။ အခု ဂဏန်းမငြိမ်သေးတဲ့ကာလနော်။ ဘာလာလာ ဒေါင်းစေရမယ်။ ရွာကြီးက ဘယ်ပါတီအတွက်မှ မဖြစ်စေရ။ ဘယ်ပါတီဖြစ်ဖြစ် ရွာကြီးအတွက် အလုပ်လုပ်ခိုင်းမှာ။
“ဒါဖြင့်ရင် ဆြာစိုးကရော လှထုံတို့ရွာအတွက် လာတာလား။ ဆြာစိုးအတွက် လှထုံတို့ရွာက တစုံတရာ အထောက်အပံ့ ဖြစ်စေမှာလား။” လို့ လှထုံက မေးကောင်း မေးမှာပေါ့။ ဆြာစိုးပြန်သွားတဲ့အခါ လှထုံတို့ရွာက အမြဲအမှတ်တရ ဖြစ်ပြီးကျန်ခဲ့ဖို့ရယ်၊ ပြန်သွားတဲ့ဆြာစိုးရင်ထဲမှာလည်း လှထုံတို့ရွာကို အမြဲတမ်း သတိတရနဲ့ ပြန်ပြန်ရေးပြပြောပြနိုင်စေဖို့ရယ်။ အဲ့သလောက်ဆိုရင်ဖြင့် ကျေနပ်နိုင်လောက်ပြီ ထင်ပါတယ် လှထုံရယ်။