ရွာရောက်တာလည်း နှစ်လပြည့်လုပါပြီ။ စာတွေရေးပြီး လိုင်းပေါ်လာလာတင်တာကလွဲလို့အဆက်အသွယ်တွေကလည်း တည်းတည်းလေးပဲ ကျန်တော့တယ်။ မက်ဆင်ဂျာက စာပို့ရင်တောင် ဟိုအရင် ကြေးနန်းခေတ်တုန်းကလို “အဖေ နေကောင်းလား” “အေး” ဆိုတာမျိုး လိုရင်းတိုရှင်း။ ကိုယ့်လုံခြုံရေးအတွက် စစ်ပွဲသတင်းတွေ အာရုံစိုက်နေရတာနဲ့ ရန်ကုန်မှာ ကိုဗစ်အခြေအနေ ဘယ်လိုရှိမလဲ မျက်ခြေပြတ်လို့နေပါတယ်။ အရင် tele-consultation နဲ့ ကုထားတဲ့ လူနာတွေရော ရှိမှရှိသေးရဲ့လား။ အောက်ဆီဂျင်အိုးတွေ လောက်သွားပြီလား။ Enoxaprin တွေ ဝယ်လို့ရပြီလား။ PPE တွေရော ဈေးကျပြီလား။ ခန့်မှန်းမိသလောက်တော့ yes လို့ ပဲဖြေကြမယ် ထင်ပါတယ်။ ကူးစက်မှုတွေလျော့သွားပြီ။ ဒါမှမဟုတ် သေစရာလူ ကုန်သလောက် ရှိနေပြီ ဆိုတဲ့ သဘောပေါ့။ ဒီရွာမှာလည်း ကိုဗစ်လူနာ အသစ် ထပ်မတွေ့တော့ဘူးလေ။ ရွာနီးချုပ်စပ်ကပဲ လာကြတော့တယ်။ တော်တော်များများက ကူးခဲ့ပြီးသား။ ရွာကဗော်လံတီယာ ကလေးတွေ Antibody စစ်ကြည့်တဲ့အခါ ၂/၃ လောက်က ပေါ့စတစ်ထွက်နေပြီ။ ဒါဆိုရင် herd immunity ရနေကြပြီပေါ့။ တရွာလုံးပတ်ပြီး ဆေးတွေလိုက်ဖြန်းလိုက်တယ်။ ကာကွယ်ဆေးတွေလည်း အလကားထိုးပေးမယ်ဆိုလို့ အတင်းတိုက်တွန်းပြီး ထိုးခိုင်းလိုက်တယ်။ မနှစ်ကတုန်းက ဦးဇော်ဝေစိုးကြီး ပြောသလိုပဲ အဆုံးသတ်ကို မြင်နေရပြီ ဆိုတဲ့ အချိန် ရောက်လာပြီ။
မနှစ်ကတော့ အိမ်မပြန်ရပဲ ကိုဗစ်လူနာဆောင် ၂ ခုမှာ နေ့ရောညရော မရပ်မနား run နေရတဲ့အခါ ခြေကုန်လက်ပန်းတွေ ကျလာတော့ သူက အဲ့ဒီစကားနဲ့ ချော့တယ်။ “တောင့်ထားနော်။ ပြီးတော့မယ်။ အဆုံးသတ်ကို မြင်နေရပြီ။” တဲ့။ သူပြောမှပဲ ကိုယ်တွေက အစတုန်းက ကမ်းမမြင်လမ်းမမြင် ယက်ကန်ယက်ကန် ရုန်းနေရာကနေ အခုမှ ရေမြောကမ်းတင် ဖြစ်ရတော့မှာမှန်း သဘောပေါက်တယ်။ ပြီးမှပါပဲ။ မပြီးရင် အသက်ထွက်တော့မယ်။
ဒါပေမယ့်လည်း ဗေဒါပန်းလေး ကမ်းကပ်မယ်ပြင်ကာမှ နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါရောလား။ စုန်းစုန်းကို မြုတ်သွားတာပါပဲဗျာ။ တနိုင်ငံလုံးကို အမှောင်ဖုံးသွားတာ။ ဘယ်လိုတွေတောင် ရုန်းကန်ခဲ့ရတယ် အားလုံးအသိ။ တကယ်ဆို ကိုဗစ်မစခင်က ဘရူနိုင်းက မြန်မာဆရာဝန် အထူးကုတွေခေါ်လို့ ဝန်ကြီးဌာနကနေ လျှောက်လွှာ တင်ပြီးသား။ စင်္ကာပူသွားတုန်းက သမီးကိုခေါ်သွားတာလည်း အဲ့ဒီမှာ သူကျောင်းတက်မယ်ဆို နေနိုင်မနေနိုင် သိချင်လို့။ အခုတော့ သူ့အိပ်မက်ရော ကိုယ့်အိပ်မက်ရော သဲထဲမှာ လက်သန်းနဲ့ရေးတဲ့စာ ဖြစ်သွားပြီ။ အေးလေ။ တနိုင်ငံလုံးက လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေအားလုံး ခြောက်ခန်းသွားသော အိပ်မက်မြစ် ဘဝရောက်သွားတာ။ သာကေတအိမ်က သားသား မီးမီး အမွှာတောင်မှ သူငယ်တန်းက မတက်ရသေးတာ ၂ နှစ်တောင်ကြာသွားပြီ။ ကျောင်းမတက်ပဲ အိမ်မှာပဲ ၂ နှစ်လုံးလုံး အချိန်ကုန်ရှာတယ်။ ပင်စင်မယူရဲတဲ့ အဘိုးကြီးတစ်ယောက်ကြောင့် မြန်မာတပြည်လုံးက ကျောင်းသားတွေ အချိန် ၂ နှစ် ပုပ်သွားတယ်။ ကိုဗစ်တစ်နှစ် သူတစ်နှစ်။
သူ့ကြောင့် ကျောင်းမတက်နိုင်ပဲ အနာဂတ်ပျောက်သွားတဲ့ကလေးတွေကို သူကပဲ ဖမ်းဆီး သတ်ဖြတ် သေနတ်ရော အမြောက်ရော တင့်ကားရော လေယာဉ်နဲ့ပါ ဗုံးကျဲတိုက်ခိုက်နေတဲ့အခါကျတော့ အနာဂတ်ကို အသာထား။ ပစ္စုပ္ပါန်ပါ ပျောက်သွားမှာစိုးလို့ ကိုယ်တ်ု့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နွေဦးတော်လှန်ရေးကြီးကို တစ်ဆင့်ပြီးတစ်ဆင့် ဆင်နွှဲခဲ့ရတာပေါ့ကွယ်။ ကုန်ခြေပန်းလို့ လှမ်းနိုင်ဖွယ်ပါပဲ။ အခု ဦးဇော်ဝေစိုးကြီးက ထပ်ပြောပြန်ပြီဗျား။ “အားမလျှော့နဲ့။ တောင့်ထားကြ။ အဆုံးသတ်ကို မြင်နေရပြီ။” တဲ့။
အမှန်ပါပဲ။ ကိုယ်လည်း အပိုမပြောဘူး။ မြင်ကိုမြင်နေပြီ။ အဲ့ဒီသေခြင်းဆိုးကြီးတွေ ပိုးစိုးပက်စက် သေခြင်းတွေ ဆိုးကြတော့မှာ။ ခုနေများ ဒင်းက နောင်တရပြီး “ဆရာစိုးရယ်။ တို့ကိုခွင့်လွှတ်ပါ။” ဆို မျက်ရည်လည်ရွဲ ခြေသလုံးဖက် တောင်းပန်ရင်တောင် “သေစမ်းဟာ သေစမ်းဟာ” ဆို သူ့မျက်ခွက်ကြီး ခြေထောက်နဲ့ကို ဆောင့်ဆောင့်ကန်မှာ။ သူ့ဘောမနေတဲ့ဟာတွေပါ တန်းစီပြီး ဆောင့်ကန်ပစ်မယ်။ (တွေးရ ရေးရတာကိုက အရသာရှိပါပေတယ်)
ကိုဗစ်ကိုရော ကိုစစ်ကိုရော အဆုံးသတ် မြင်နေရပြီဆိုတော့ ခံစစ် တိုက်စစ်တွေအပြင် ကိုယ့်အလုပ်တွေလှလှပပလေး အဆုံးသတ်သွားဖို့ ထည့်သွင်းစဉ်းစား ပြင်ဆင်ရပြီပေါ့လေ။ နို့မို့ဆို ဂိုးပေါက်ဝရောက်မှ ပြန် လည်ထွက်သွားမှာစိုးလို့။ ပန်းချီဆွဲတဲ့အခါမှာ finishing စုတ်ချက်ကလေးတွေ လိုက်ရတယ်။ သီချင်းဆုံးတဲ့အခါ တေတျာသပ်ရတယ်။ အလုပ်တွေပြီးဆုံးသွားတဲ့အခါတိုင်း လက်ရာခြေရာတွေ သေသေသပ်သပ်ကလေး ကျန်ရစ်စေရမယ်။
စစ်သတင်းနဲ့ ပါတ်သက်လို့ကတော့ ကိုယ်တို့အရပ်က PDF တွေက ခြေရာလက်ရာ သပ်ရပ်တယ်။ ရပ်တွေရွာတွေကို မထိဘူး။ စစ်ကြောင်းယာဉ်တန်းလာမှ အတန်းလိုက် ဆော်တာ။ အသံကြားပြီးရင် မီးလောင်ထားတဲ့ကားပဲ မြင်ရမယ်။ လိုင်းပေါ်ကို သတင်းမတက်ဘူး။ တခါတခါ တိုက်ပွဲဖြစ်ရင် ထိန်းကနဲ ထိန်းကနဲ အသံကြားရပေမယ့် ရွာထဲကလူတွေ စက်ဘီးကလေးနဲ့ အပြင်ထွက်ပြီး ခေါက်ဆွဲသွားဝယ်မပျက်ဘူး။ လေယာဉ်သံ ကြားတဲ့အခါ ကြားတယ်။ ညဘက်ကြီး ဒရုန်းလာပျံတဲ့အခါ ပျံတယ်။ ပစ်ချမလို့ လေးခွလိုက်ရှာတာ မမီလိုက်ဘူးကွာ။ ကာရာအိုကေမှာတော့ ဆိုလျက်ကလျက်ပါပဲ။ စစ်ဗိုလ်တွေလည်း ခုန်ခုန်ပြီးတော့ကို ကတာ။ “ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့။” တဲ့။ ရွဲ့များရွဲ့နေသလား ဟင်။
လူချင်းတွေ့ရင်တော့ဖော်ဖော်ရွေရွေပါပဲ။ “စိတ်ချ ဆရာ။ ဆရာ့ လုံခြုံရေးအတွက် ကျနော်တို့ အပြင်ကနေ ဝန်းရံစောင့်ရှောက်နေတယ်။” တဲ့။ အေးတာပဲ။ သူတို့ကမှ ရန်မရှာဘူးဆိုရင် ကိုယ့်အတွက်က “ရန်ကုန် ရန်ကုန်” ပါ။ စစ်တိုက်နေတဲ့ သူတို့ချင်းလည်း လည်ပင်းကိုဖက်နေတာပဲ။ အင်တာနက်မသုံး ဘာမသုံးနဲ့ နေ့နေ့ညည သီချင်းချည့်ဆိုနေကြတဲ့ ဆိုင်ကကလေးတွေဆို အာဏာသိမ်းထားမှန်းတောင် သိပါ့မလား မသိဘူး။ သူတို့ဆိုင်ထဲရောက်မှပဲ “မြန်နိုင်ငံပြည်ကြီး ရန်မီးပျောက်ကွယ်သွေ။ ပန်းကြာရေ လန်းပါစေ။” ဖြစ်သွားမှာ။ ဒါကြောင့် မိဂဒါဝုန် ခေါ်တာကိုး။
ကိုဗစ်အတွက်ကတော့ ကိုယ့်ဆေးခန်းကလေးဟာ non-COVID လူနာတွေ ပိုပိုများလာပြီ။ အဘောရှင်းလည်းလာ။ ဆွဲကြိုးချလည်းလာ။ မျက်စိရေတိမ်ဖြစ်လည်းလာ။ သွားနှုတ်ချင်လို့ လာတယ်ဆိုတာတောင်ရှိသေး။ ကလေးလိုချင်လို့ လာတယ်ဆိုတဲ့မမကလည်း ဘယ်လိုမှ ဖြောင်းဖြလို့မရ။ ရုက္ခစိုးမဟုတ်ဘူး ကြီးတော်။ ရုက္ခချော ရုက္ခချော။ ဆရာလေးနဲ့မှ နှစ်ကြောင်းပေါ်ချင်တယ်ဆို နှာခေါင်းကော်ဖို့ပဲ ရှိတယ်။
ဒီရွာမှာ လှထုံထက် ထုံတဲ့သူတွေ အများကြီးပဲ။ ကလေးမလေးတစ်ယောက် အူအတက်ယောင်တော့ “ဒီအနေဆို ခွဲလို့အတော်ပဲ။” ဆို တိုက်နယ်ဆေးရုံရှိတဲ့ရွာကို လိုက်ခဲ့။ ဟိုရောက်ရင် ခါးရိုးထဲ ထုံဆေးထိုးပြီး ခွဲပေးမယ်။ နှစ်ရက်သုံးရက်ဆို အိမ်ပြန်လို့ရတဲ့အကြောင်း ရှင်းပြပါတယ်။ မခွဲဘူး ချည့်ငြင်းတယ်။ “ဒါဆိုလည်း သောက်ဆေးပေးလိုက်မယ်။ မသက်သာရင် လာဖြစ်အောင်လာပြနော်။ ပေါက်သွားရင် မခွဲလို့မရဘူး။ သေတတ်တယ်။” လို့ ရှင်းပြလိုက်တယ်။ ၂ ရက်လောက်နေတော့ မသက်သာဘူးဆို ပြန်လာတယ်။ လူနာမပါဘူး။ လူတစ်ယောက်လွှတ်ပြီး လွှဲစာရေးပေးပါ လို့ လာတောင်းတာ။ ဒီကနေ တစ်ညအိပ်ခရီး ရေလမ်းနဲ့သွားရတဲ့ တိုက်နယ်ဆေးရုံမှာ သွားခွဲမတဲ့။ ဒီမှာမခွဲဘူး။ လွှဲစာသာရေးပေးပါတဲ့။ အံ့ဩဆွံ့အရတာ လက်ကုန်ပါလားနော်။ မနေနိုင်လို့ တစ်ခွန်းတော့ ပြောမိတယ်။ “တိုက်နယ်ဆေးရုံဆိုတာ ရိုးရိုး MBBS ဆရာဝန်ပဲ ရှိတာနော်။ ဒီမှာ ခွဲစိတ်ဆရာဝန်ခွဲပေးမှာ။ နောက်ပြီး ပိုက်ဆံလည်း တစ်ပြားမှ ပေးစရာ မလိုဘူး။” ဆိုတော့ လှထုံတုန်းကလိုပဲ “ကျွန်တော်တို့က အဲ့ဒါတွေ ဘယ်သိမှာလဲဗျ။ ဒီမှာက သူ့တစ်ယောက်တည်း။ အဆင်မပြေဘူး။ အိမ်ကဟိုမှာ။ ဟိုမှာပဲ အဆင်ပြေတယ်။” တဲ့။ အေးပါကွာ။ ကိုယ်က ကိုယ့် identity မှ မဖော်ပဲကိုး။ ဆရာဝန်အတုလို့တောင် ထင်ချင်ထင်ဦးမှာ။ သို့/ တိုက်နယ်ဆရာဝန် လို့ လိပ်စာတပ်ပြီး ကိုယ့်နံမည်ရော ရာထူးရော လွှဲစာထဲ ရေးထည့်လိုက်ပါတယ်။ ရွှေဆိုရင် ဦးထုံကိုပဲ အထူးယုံလိုက်ကြပါတော့။
တနေ့ကတော့ ဆေးခန်းမှာ သုံးတဲ့ ဆေးထိုးအပ်တွေကို မီးရှို့ဖျက်ဆီးပစ်ဖို့ သံပုံးကလေးနဲ့ လာသိမ်းတဲ့အခါ လှထုံရယ်လေ။ “ဟောတော်။ ဆရာလေးတို့ ဆေးခန်းမှာလည်း ကွန်ဒုံးတွေ လိုက်သိမ်းနေတာလား။” တဲ့။ “ဘာရယ်။ ညည်းတို့ရွာက ကွန်ဒုံးတွေလည်း အဲ့လိုမျိုးလိုက်သိမ်းတယ်။ ဟုတ်စ။ ကြံကြီးစည်ရာအေ။” ဆိုတော့ “ အမယ် ဆရာကလည်း ဆရာမယုံရင် လှထုံလိုက်ပြမယ်။ ရွာမှာအများကြီး။ အဲ့လိုပုံးကလေးတွေ။ အတွဲတွေ လာတဲ့နေရာတွေမှာ ထားထားပေးတာ။ ဟိုထောင့်က ကုက္ကိုပင်ကြီးအောက်တောင် တစ်ပုံးရှိသေး။” တဲ့။
ဟိုက်ရှားဘား။ အသစ်နော် အသစ်။ ခေတ်နဲ့တော့ ပြတ်ကျန်ခဲ့လို့ မဖြစ်သေးဘူး။ ပုံးသိမ်းတဲ့ NGO က ဆရာဝန်လေးကို သေချာအောင် မေးဦးမှ။ “ဆရာ။ ဆရာတို့က အတွဲတွေလာတဲ့နေရာမှာ သုံးပြီးသား ကွန်ဒုံးတွေပါ လိုက်ကောက်ပြီး မီးရှို့ပေးတာပေါ့။ ဟပ်လား။ ဘာရောဂါတွေ ကူးတတ်လို့လဲ။” လို့ မေးရတယ်။ “ဟာ ပေါက်ပေါက်ရှာရှာ ဆရာရယ်။ သုံးပြီးသား ပြန်မသိမ်းပါဘူး။ အသစ်ယူလို့ရအောင် ထားပေးတာပါ။ ဟိုဟာကြီးက ဘာလုပ်ရမှာလဲ။” တဲ့။ နို့ သိနိုင်ဘူးလေ။ ရွာထဲမလည်း ခေါက်ဆွဲဆိုင်တချို့က “ရှမ်း သုက်/ရည် ရပြီ” လို့ စာရေးထားတော့ recycle များ ပြန်လုပ်နေသလား လို့ တွေးမိတာကိုး။ ဒီတခါတော့ လှထုံက ဂိုးထည့်သွားတာ ခံလိုက်ရပြီ။ ချောထုံလို့သာ ခေါ်ကြပါတော့။