လှထုံတို့ရွာ (၁၂)

အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ လှထုံတို့ရွာကိုတောင် NUG အစိုးရရဲ့ တိုက်ပွဲခေါ်သံ သတင်းက တမနက်ခင်းအတွင်းမှာပဲ ပြန့်နှံ့ရောက်ရှိလို့ လာခဲ့ပါတယ်။ ရှိတဲ့အလုပ်တွေ အကုန်ပစ်ထားပြီး လိုင်းသုံးလို့ရတဲ့ဆီပဲ ပြေးချင်နေတော့တယ်။ သတင်းဆာတယ် ဆိုတာလည်း ထမင်းဆာသလို တော်တော်ကို ပြင်းပြတဲ့ အာသီသတစ်မျိုးပေပဲ။ ဟိုးတုန်းကလို ဘီဘီစီ ဗီအိုအေ ပြန်နားထောင်ရမယ့် အခြေအနေမျိုး ပြန်ရောက်သွားတာကိုး။ ဒီဘက်မှာ လိုင်းတွေအကုန်ဖြတ်ထားလို့ ဖေ့စ်ဘုတ်ပေါ်ကပျောက်နေတာကြောင့် တော်တော်များများက စိတ်ပူနေကြသတဲ့။ ဆက်သွယ်ရေးလမ်းကြောင်းပျောက်ရင် ထောက်ပို့အလုပ်ကလည်း အဆင်မပြေတော့ဘူး မဟုတ်လား။

ကလေးတွေကလည်း တစ်တော့မဆော့ရ ဇာတ်ကားမဒေါင်းရလို့ မပျော်နိုင်ဘူး။ အဟောင်းလေးတွေ ပြန်ကြည့်ကြည့်ပြီး အပျင်းဖြေနေရရှာတယ်။ “မိတ် အမေဒီးကား။ ဂဒိတ်။ အဂိန်းတဲ့တော်။ တို့ရွာက ကပ္ပိယကြီးတောင် သူ့လောက် လျှာမထူဘူး။” ဆိုပြီး ဟားနေတာ။ “ဟဲ့ကလေးတွေ။ သူများတကာ ပညာမတတ်တာကို မလှောင်ကောင်းဘူး။ ဝဋ်လိုက်တတ်တယ်။ လူကြည့်တော့ ရှစ်တန်းရှိသေး။ ဟိုက ဝန်ကြီးအဆင့်ဟဲ့။ ဗိုလ်ချုပ် ဗိုလ်ချုပ်။ ဘာမှတ်လို့လဲ။ CNN က သတင်းထောက်မကြီးကတောင် ကြုံဘူးပေါင်တော် လို့ အော်ပြေးရတဲံဥစ္စာ။” ဟန့်တဲ့လူကလည်း ရယ်ချင်ပက်ကျိ၊ အဆူခံရတဲ့သူကလည်း ပါးစပ်အတင်းစေ့ပြီး အသံမထွက်ပဲရယ်တာ သိမ့်သိမ့်ကို တုန်ရော။

ကိုယ့်အဖို့မှာတော့ အခုမှ “ရွှေဘ လာပါပြီခင်ဗျား။” လို့ လက်ခုပ်ထတီးရတဲ့လူလို မတရားတဲ့ကောင်တွေကို နှိမ်နှင်းတုန့်ပြန်ပေးမယ့် အချိန်ရောက်ပြီဆိုပြီး စိတ်အားတွေ တက်ကြွလာရတာပေါ့။ NUG ဘက်က အဲ့သလိုမျိုး အတိအလင်း ကြေငြာလိုက်တဲ့အခါ ကိုယ့်ဘက်က ပြင်ဆင်လုပ်ဆောင်စရာတွေကလည်း အရင်အတိုင်း မဟုတ်တော့ပဲ plan B ကို အကွက်ရွှေ့ရတော့တယ်။ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ဖို့ မဖြစ်နိုင်တော့ဘူး။ စစ်ပွဲက တနိုင်ငံလုံးမှာ ဖြစ်တော့မှာ။ ရောက်ရာအရပ်မှာ ဘေးကင်းရန်ကွာဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ ကိုယ့်ပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ပဲ ရှိတော့တယ်။

အဲ့ဒါကြောင့် အစကစီစဉ်ထားသလို လွတ်လမ်းရှာပြီး ကားနဲ့ပြေးဖို့ထက် ကိုယ်ဆေးရုံလုပ်တဲ့နေရာကို စစ်ဘေးရှောင်စခန်းအဖြစ် ပြင်ဆင်ဖို့ စိတ်ကူးပြောင်းလိုက်တယ်။ ပြေးလည်း ဘယ်ပြေးပြေး လွတ်မှာမှ မဟုတ်တာ။ “for the people, by the people, together with the people ပေါ့။ သူတို့အတွက်လည်း တပ်စည်းရိုးအပြင် ခြေချတာနဲ့ ရန်သူ့နယ်မြေချည့်ပဲ ဖြစ်စေရမယ်။ ဒါကြောင့် ဆုံးဖြတ်လိုက်ပြီ။ မပြေးတော့ဘူး။ ခံစစ်ပြင်မယ်။

လူနာဆောင်ထဲမှာ တင်ထားသမျှလူနာတွေကို အီလေးဆွဲ မကုတော့ဘူး။ မြန်မြန်ဆင်းပေးနိုင်အောင် အရှိန်တင်ရတယ်။ ဟိုတခါ ခွဲပေးထားတဲ့ အဖိုးကြီး လင်မယားလည်း ကောင်းနေပြီ။ ချုပ်ရိုးဖြေပြီး ပေးပြန်လိုက်တော့မယ်။ ကိုဗစ်ဆောင်ထဲကဟာတွေလည်း နာလန်ထစပြုပြီ။ ခေါင်းထဲမှာတော့ ပေးဆင်းစရာလူတွေ နံပါတ်စဉ်တပ်ထားလိုက်ပြီ။ ရွာထဲကို တစ်အိမ်တက်ဆင်း လိုက်ဆေးဖြန်းပစ်မယ်။ Q စင်တာကလူတွေကို အသစ်လက်မခံတော့ဘူး။ အရေးကြုံလာရင် ကိုဗစ်ကုသရေးစင်တာကနေ စစ်ရှောင်စခန်းအဖြစ် တမဟုတ်ချင်း ပြောင်းလဲပစ်နိုင်အောင် လိုအပ်တာတွေ အကုန်ပြင်ဆင်ထားလိုက်တယ်။ နေရာထိုင်ခင်းကျယ်ဝန်းတာ၊ ရေ မီး အိမ်သာ အလုံအလောက် အဆင်သင့်ရှိတာ၊ မီးလောင်မီးကူးဖို့ခက်တာ၊ ဘယ်ဘက်ကပြေးပြေး ဝင်လာလို့ရပြီး ဘယ်ဘက်ကိုပြေးပြေး ပိတ်ဆို့မနေတာ၊ သည်ရွာမှာ သည်တစ်နေရာပဲ ရှိတယ်။

ရွာမှာရှိတဲ့ သွက်လက်တက်ကြွသော Gen Z တော်တော်များများကလည်း ကိုယ့်စင်တာမှာ ဗော်လံတီယာအဖြစ် ရောက်နေပြီ။ သူတို့ကို Rescue Team ဖြစ်အောင် သင်ပေးကျင့်ပေးဖို့ပဲ လိုတော့တယ်။ စိတ်ချရပါတယ်။ အခုတောင် စင်တာတစ်ခုလုံး သူတို့အားကိုးနဲ့ လည်ပတ်နေရတာ။ လုပ်အားပေးရင်း ပျော်ရွှင်ခင်မင်နေလို့ အိမ်တောင် မပြန်နိုင်ကြဘူး။ သံဆိုတာ ပူနေတုန်း ပုံသွင်းရသတဲ့။ ကနေ့ပဲ စလိုက်ကြတာပေါ့။ ဒီရွာမှာ ငယ်ငယ်ရွယ်ရွယ် သန်သန်စွမ်းစွမ်း တက်တက်ကြွကြွ လှလှပပဆိုလို့ ကိုယ်တွေပဲ ရှိကြတာ မဟုတ်လား။ ဒီအလုပ်တွေ ကိုယ်မှမလုပ် ဘယ်သူလုပ်မလဲနော့။ မီးသတ်လည်းကိုယ်တွေပဲ။ အမ်းဗျူးလန့်လည်း ကိုယ်တွေပဲ။ ကြက်ခြေနီလည်း ကိုယ်တွေပဲ။ ဘာလာလာဒေါင်းရတော့မှာ။

အရေးကြီးဆုံးက အုန်းဒိုင်းဂွမ်းတွေ ဖြစ်လာရင် အရင်ဆုံးဘေးလွတ်အောင်ကယ်ရမယ့်သူက ကိုယ့်ကိုယ်ကိုယ် ဆိုတာ နားလည်အောင်ရှင်းပြရတယ်။ ကိုယ်တိုင်က ဘေးမကင်းရင် ဘယ်သူ့ကိုမှ ကယ်ဖို့ မစဉ်းစားနဲ့။ ကိုယ်က မကယ်နိုင်တဲ့အပြင် ကိုယ့်ကယ်ဖို့ နောက်တစ်ယောက် လူကုန်တော့မယ်။ စစ်သားတွေဆိုတာ လူနာတစ်ယောက်ထိအောင်ပစ်ပြီး အဲ့ဒီလူနာကောက်ဖို့လာသမျှ ကယ်ဆယ်ရေးတွေကို စိမ်ပြေနပြေထိုင်ပစ်တတ်တာ ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ ဗီဒီယိုဖိုင်တွေ မြင်ဖူးတယ် မဟုတ်လား။ Medics တွေကို ထိတာ သူတို့အဖို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်မှန်တာပဲ။ Professional စစ်တပ်ဆိုသော်ငြား အာဏာရှင်အမိန့်ကလွဲလို့ ဘာစစ်စည်းကမ်းမှ မလိုက်နာကြတော့ဘူး။ ဒါကြောင့် စစ်ပွဲအတွင်းမှာ ကြက်ခြေနီအလံကြီးပဲထောင်ထောင် ဂျူတီကုတ်အဖြူကြီးပဲ ဝတ်ထားထား ဘယ်သူကမှ ညှာမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကျည်ကွယ်မျက်ကွယ် ဘေးလွတ်ရာကို အရင်နေရာယူပြီးမှ အရိပ်အခြေကြည့်ဖို့ အမြဲမှာရတယ်။

ဒါပြီးရင်တော့ ကိုယ်မပြောလည်း ကိုယ့်အိမ်ကိုယ် ပြန်ပြေးကြည့်မယ့်သူတွေမို့ တားမနေတော့ပါဘူး။ ပြန်ပါ ကယ်ပါ။ ကိုယ့်မိသားစုကိုယ်။ သို့သော် ပစ္စည်းတွေ မကုန်မချင်း မသယ်ပါနဲ့။ သယ်လည်းလမ်းမှာ လုမယ့်သူနဲ့တွေ့ရင် ပိုအန္တရာယ်များမယ်။ မီးရေးထင်းရေး မဟုတ်ရင် အိမ်တံခါးလုံအောင် သော့ခတ်ခဲ့ လူချည့်လွတ်အောင်ပြေးပါ လို့ မှာရတယ်။ အိမ်ကမှ လုံခြုံတယ်ထင်ရင်လည်း တံခါးပိတ်ပြီး အိမ်ထဲမှာပဲ အနေခိုင်းပေါ့။ အရေးကြီးတာ သူတို့အားလုံး ဘေးလွတ်ရာမှာ ရှိနေဖို့ပဲ။

မိသားစုအတွက် စိတ်ချလက်ချရှိရင်တော့ “မတ်မ မတ်မ ညယ်မကြောက်ဆယ်။” တွေနဲ့ အချိန်မဖြုန်းပါနဲ့။ ရွာသားတွေ ကယ်ဖို့ရာအတွက် ဖြစ်တဲ့နည်းနဲ့ အပြင်ပြန်ထွက်ခဲ့ပါ မှာရတယ်။ ဖေဖေမလွှတ်ဘူး မေမေမလွှတ်ဘူးတွေကို “ကလေးမဟုတ်ဘူး။ စိတ်မပူနဲ့။” တစ်ခွန်းတည်းနဲ့ ကျောခိုင်းခဲ့ပါလေ။ အပြင်မှာ တစ်သက်ဆိုတစ်သက် ကိုယ်ကယ်မှ ရမယ့်သူတွေချည့်ပဲ။ ကိုယ်လည်း ဘေးမသီရန်မခ မိသားစုလည်း ဘေးမသီရန်မခဆို ဘေးသင့်ရန်သင့် ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး စကြမယ်လေ။

မျက်ရည်လည်ရွဲ အူယားဖားယားနဲ့ “သမီးကိုလေ သမီးကို သမီးကို” ဆိုပြီး ကယ်ပါယူပါ လာခေါ်မယ့်သူတွေ ရှိပါလိမ့်မယ်။ အဲ့ဒါဆိုရင် သူတို့ကို အစိမ်းရောင် လို့ သတ်မှတ်လိုက်ပါ။ ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းလျှောက်နိုင်သေး ပြေးနိုင်သေးတယ်။ ဖြစ်ကြောင်းကုန်စင် နတ်သံနှောနိုင်သေးတယ်။ အသိတွေ သတိတွေ မပျောက်သေးဘူး။ သူ့ကို ကယ်ဆယ်ရေးစခန်းကို လမ်းညွှန်ပြလိုက်ဖို့ပဲလိုတယ်။ လိုက်ပို့စရာတောင်မလို။ ကွာရန်တင်းစင်တာလုပ်ထားတဲ့ ကျောင်းဆောင်ဘက်ကို ညွှန်ပေးလိုက်။ ဟိုမှာ စစ်ဆေးမေးမြန်း စာရင်းသွင်းပြီး လိုတာလုပ်ပေးမယ့်သူရှိတယ်။ အပြင်မှာလွှတ်ထားရင် သူကချည့် မူယာဖြူပြာသွက်သွက်ခါ လိုက်လုပ်နေတာနဲ့ ကယ်ဆယ်ရေးတွေ တိုင်ပတ်နေမယ်။

ဒီလိုဆိုရင် ကယ်ဆယ်ရေးတွေ စခန်းကို သယ်ပို့နိုင်မှ ရောက်မယ့်သူတွေအတွက် နောက်ထပ် အရောင် နှစ်ရောင် ထပ်ခွဲရတယ်။ ဒဏ်ရာရတယ်။ သူ့ဘာသူ မသွားနိုင်တော့ဘူး။ ပို့ကြရအောင်။ တစ်ခုပဲ သိအောင်လုပ်။ အဲ့ဒီလူ အသက်နဲ့နီးသလား ဝေးသလား။ နီးရင်အနီ ဝေးရင်အဝါ။ အနီဆို အခု ကိုဗစ်လူနာစောင့်ကြည့်တဲ့ဘက်ကိုပို့။ အဝါက နန်းကိုဗစ်အိုပီဒီက ဆရာဝန်လေးဆီပို့။ တချို့အနီတွေက မပို့ခင် အရေးပေါ်အသက်ကယ်မှု တစ်ခုခုပြုစုပြီးမှ ဆရာဝန်ရှိရာ ပို့လို့ရမယ်။

၁။ အသက်ရှူလမ်းကြောင်း မပိတ်စေနဲ့။

၂။ အသက်မှန်မှန် ရှူနိုင်ရဲ့လား ကြည့်။ မရှူနိုင် ကူဖို့သာပြင်ထား။ သူတို့မယ် mouth to mouth လုပ်ဖို့ချည့် ပါးစပ်တပြင်ပြင်။ Amboule Bag က စင်တာမှာတောင် ၂ ခုပဲ ရှိတာကိုး။ လူနာအပေါ်တော့ မူတည်မှာပေါ့လေ။ ဝက်ခြေထောက်ညီမလေးသာကယ်မှာ ဝက်နားရွက်ကိုကိုကြီးဆို ပစ်ထားမယ့်ပုံပေါ်တယ်။ အော်အော့ကျီကျိ။

၃။ နှလုံးခုန်သံကို နားထောင်ပြီး သွေးခုန်နှုန်းကို စမ်းပါ။ သူတို့ကိုတော့ ရန်ကုန်မှာလို နှလုံးနှိုးစက်တွေ iv line ရှာ cannula ထိုး၊ အောက်ဆီဂျင်ပေးတွေ သင်မထားနိုင်တော့ဘူး။ ကြက်သားဝက်သား ချက်တတ်ပေမယ့် ချည်ပေါင် ကန်စွန်းဟင်းချည့် သင်ပေးနေရတဲ့ ရွာ့ကျက်သရေထဲက ဆရာစောကတော်ကြီးလိုပ။

အရေးကြီးတာ လူနာသယ်ဖို့ Ambulance တောင် မရှိတာမို့ ဒေသရိုးရာ ဟတ်စကီး ၃ စီးလောက် အသင့်ပြင်ထားခိုင်းတယ်။ စောင် ၃ ထည် ဝါးပိုး ၃ ချောင်းဆို ရပြီ။ ကယ်ရီကို လူ ၆ ယောက်ထက်လည်း ပိုမပေးနိုင်ဘူး။ စခန်းမှာ လုပ်စရာတွေ အများကြီး။ အရေးကြုံလာရင် ဒီလူလောက်နဲ့လည်း ခရီးရောက်စရာ လမ်းမရှိဘူး။ ရွာထဲရှိသမျှ ဆေးခန်းဆေးဆိုင်အပေါင်းက ဆေးတပ်သား သားဖွားဆရာမ ကျန်းမာရေးမှူးမကျန် လာရောက်ဝန်းဝိုင်းကြပါ လို့ မေတ္တာရပ်ခံထားတယ်။ လူမလာနိုင်တောင် ဒီမှာဆေးပြတ်ရင်တော့ ရှိတာ လာယူမှာပဲ။ ဘယ်မှလွှတ်အဝယ်ခိုင်းလို့မရ။

အရောင်တွေ ခွဲတဲ့အထဲမှာ အမည်းရောင်သတ်မှတ်ပြီး ထုံးတို့ထားခဲ့ရမယ့် လူနာတစ်မျိုးကျန်ပါသေးတယ်။ အသက်မရှိတော့တဲ့သူ အသက်ငင်နေတဲ့သူတွေပါ။ ဘာမှလုပ်မရတော့မယ့်သူနံဘေး ငုတ်တုတ် ကလေးထိုင်၊ အသက်ရှူသေးလား နှလုံးခုန်သေးလား စမ်းလို့ “ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာနဲ့လေ မညာနဲ့လေ။” လုပ်နေရင် တခြား အသက်ရှင်အကျိုးထူးမယ့်သူတွေကို မကယ်နိုင်တော့ဘူး။ ကယ်ဆယ်ရေးသမားဆိုတာ ရက်စက်မှကြေကွဲ မျက်နှာလေးသာ လွှဲခဲ့ပါတော့။ ကိုကျော်သူတို့ လုပ်ကြပစီ။

ဒါပြီးရင် အကုန်လုံးအဆင်သင့်ဖြစ်နေစေဖို့ မီးသတ်ကားကြီးဆိုလည်း သော့ရှာ စက်နှိုး ဆီဖြည့် ရွေ့ရောရွေ့သေးရဲ့လား စမ်းမောင်းကြည့်ပါဦး ပြောရတယ်။ မီးရေးထင်းရေးကြုံရင် စင်တာထဲက အောက်ဆီဂျင်ဆလင်ဒါတွေကို ကျောင်းနောက်ဘက် ဆင်ခြေလျောကနေ လယ်ကွင်းထဲရောက်အောင် အသာလှိမ့်ချလိုက် လို့ လည်း မှာထားတယ်။ ပေါက်စရာကွဲစရာ ကြားရင် မှန်အနောက်ဘက်တို့ ဖော်မိုင်ကာ သုံးထပ်သား နံရံအပါးနောက်တို့ မကွယ်နဲ့ မလုံဘူး လို့ ရှင်းပြမိသေး။

မုန့်ဆီကြော် နဲ့ နှုတ်ခမ်းနာ တည့်ပါ့မလား တွေးကြောက်တယ်တော့ မဟုတ်ဘူးပေါ့။ စစ်ကတော့ အနှေးနဲ့အမြန် လာကိုလာမှာ။ မရွာပဲ မချိန်းဘူး။ ပိန်းပိတ်အောင် မှောင်နေလို့ကို သိသာတယ်။ ဒါကြောင့်မို့ ကိုယ့်ဘက်ကလက်ဦးအောင် ပြင်စရာရှိတာတွေ ကြိုပြင်ထားတာ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အန်းနီးဝေး မိုင်ဒီးယား အန်းနီးဝေး။ ပြည်သူတွေ လွတ်မြောက်ရေးအတွက် လာခြင်းကောင်းသောစစ်မို့လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ကြိုတင်ပြင်ဆင်ပါတယ်။ အခုမှပဲ ညည်းတို့ငါတို့ စစ်ကြိုခေတ်ကို ပြန်ရောက်နေမှန်း သိရတော့တယ် လှထုံရယ်။ မောလိုက်တာ။ ကာဖီရေလေး သောက်ချေဦးမယ်နှော့။