ရေးရင်းရေးရင်း အပိုင်း (၁၀) တောင် ရောက်လာပြီနော်။ ဒါတောင်မှ ခွဲခန်းကြီးက လက်စသတ်ရုံပဲ ရှိသေးတယ်။ စုရင်းဆောင်းရင်း စုံလာတာပဲ ရှိသေးတာ။ “ရယ်ဒီ ဝမ်းတူးသရီး အက်ရှင်” ဆိုပြီး ဓါးစွမ်းမပြနိုင်သေးဘူး။ ခွဲစရာလူနာတွေတော့ တန်းစီပြီး ရက်ချိန်းပေးထားပြီ။ ရက်ချိန်းပေးလို့ မရတဲ့လူနာတွေကျတော့ သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကို မဖြစ်မနေ ရှာရတာပေါ့။ ဘာလာလာ အကုန်လုံး ကိုယ်ချည့်ပဲလုပ်ချင်တဲ့ အရမ်းကုဆရာဝန်တော့ မဖြစ်ချင်ပါဘူး။ ကိုယ့်အတ္တကိုယ် အရောင်တင်ဖို့ လူနာအသက်ကိုတော့ အသုံးမချနိုင်။
ဒီဘက်အရပ်မှာက ကိုယ်တိုင် စွန့်စွန့်စားစား ခွဲပလိုက်တာထက် သေသေချာချာ ခွဲပေးနိုင်မယ့်သူဆီကို ရောက်အောင်လွှဲပေးရတဲ့အလုပ်က ပိုပြီးခက်ပါတယ်။ ပိုလည်း စွန့်စားရတယ်။ “သွားလိုက်တော့နော်။ ငါ့လက်ကလွတ် ဗြွတ်။” လို့ လွှဲစာလေးတစ်စောင် ကောက်ရေးပေးလိုက်ရင် ကိုယ့်အရေးကုန်ပြီလို့ သဘောမထားပဲ အဲ့ဒီလူနာ ချောချောမောမော ရောက်ဖို့အထိ ကိုယ်က လိုက်ပူနေရတာကိုး။ ပို့မယ့်ကလေးက PDF။ ရခဲ့တာက သေနတ်ဒဏ်ရာ။ ကျည်ဆံကဗိုက်ထဲတင်ရှိသေးတယ်။ အပြင်ထွက်မလာသေးဘူး။ ကိုယ့်ဆီလာရင်း တစ်ရက်ကြာခဲ့တယ်။ စမ်းသပ် ဆုံးဖြတ် စီစဉ်ချိတ်ဆက်ရင်း ကိုယ့်ဆီမှာ တစ်ညထပ်အိပ်ရတယ်။ ဂိတ်တွေက ညဘက်ပေးမမောင်းဘူး။ နောက်တစ်နေ့ လွှဲတဲ့ဆီရောက်အောင် တစ်ရက်ထပ်သွားရဦးမှာ။ လမ်းမှာ စစ်တပ်ဂိတ်တွေ အဆင့်ဆင့်။ မှတ်ပုံတင်မြင်တာနဲ့ ဒီအရပ်ကနံပါတ်ဆို ပုံစံထိုင်ခိုင်းတဲ့ ဓလေ့နဲ့။ အရွယ်ကလည်း မောင်ပဉ္ဇင်းအရွယ်။ အောင်မယ်လေး။ လွယ်သလားခက်သလား ရာမရယ်။ ပြောစမ်းပါ။ လွယ်သလား ခက်သလား။
ဒါပေသိ တို့ကတော့ အပြောသမား မဟုတ်ပါဘူး။ မဖြစ်ဖြစ်အောင်လုပ်တယ်။ အဲ့ကလေး ရှင်တယ်။ ဘာပြောချင်သေးလဲ။ ဘယ်လိုသိုင်းကွက်တွေ သုံးရသလဲလို့တော့ မမေးနဲ့နော်။ မပြောပြဘူး။ သတ်ရင်သတ်။ ဒီလိုမျိုး တစ်နေရာက တစ်နေရာ ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားသည်ကပင် သူတို့ရဲ့ဗျူဟာ ဖြစ်နေတာပ။
အခုဆို ဆီဈေးတွေ မိုးပျံနေချိန်မှ ဆီဘောက်ဆာကားတွေကို တစ်စီးမှ ပေးမဝင်တော့ဘူး။ မဟာဓါတ်အားလိုင်း မရှိတဲ့အရပ်မို့ ကိုယ့်မီးစက်နဲ့ကိုယ် မီးပေးနေရတာဗျာ။ စဉ်းစားကြည့်။ နဂိုက ဒီဇယ်တစ်ပီပါ ၃ သိန်းကျော်ကျော်ကနေ အခု လေးသိန်းခွဲကို ဝယ်လို့တောင် မရဘူး။ ဟာ တစ်ပီပါကြီးတောင် အကြာကြီး သုံးရမှာပေါ့ လို့ မထင်နဲ့။ နေ့ညမောင်းတဲ့မျှောတစ်မျှောတင် တစ်ရက်ကို ၂ ပီပါလောက် အသာလေးကျတယ်။ မကိုက်ရင် အလုပ်က ရပ်ထားလို့ရတယ်။ စားရိတ်က ရပ်လို့မရ။ ဈေးတွေဈေးတွေဆိုတာ ခေါင်ခိုက်အောင် ကြီးတာပေါ့လေ။ မြို့တက် ဘရိတ်ဖတ်စားတုန်းက ဆိတ်စွပ်နံပြားတစ်ပွဲ ၁၂၀၀၀ ဆိုတာ ဘာဟုတ်သေးလဲ။ တစ်ထောင်တန်ထက်ငယ်ရင် နံနံပင်တောင် ဝယ်မရဘူး သိလား။ ထောင်တန်တဲ့ ဟင်းရွက်ကန်စွန်းနဲ့ ဆို ကုန်စိမ်းသည်တောင် သိန်းသန်းချီ ရင်းရတော့တာပ။ စစ်သားကတော့ ဘာကုန်စရာရှိမှာလဲ။ ဝယ်စားစရာမှမလိုတာ။ လုစားနေကျ။ လူတွေက အငတ်ထားမှ ဖြစ်တော့မယ် မဟုတ်လား။ စားတာထက်ပိုရင် PDF ကို လက်နက်ဝယ်ပေးနေဦးမယ်။
ဒီအခြေအနေ ဒီအခင်းအကျင်းမှာ ဆေးရုံဆေးခန်း အတွက် ပစ္စည်းကိရိယာတွေကို တောစခန်းအထိအရောက် သယ်ရတာ တစ်လလောက် ကြာတဲ့အခါလည်း ကြာသွားတာပဲ။ မပြတ်လာနေတဲ့လူနာအတွက် ဆေးကလည်း အဆက်မပြတ်အောင် မှာရတာ။ ရန်ကုန်မှာတောင် ကိုဗစ်လှိုင်းတစ်ခါလာရင် ဒီကိုဂျင်တွေ ပါရာစီတမောတွေ ပြတ်ပြတ်သွားတယ် မဟုတ်လား။ ကိုဗစ်စင်တာတုန်းကလို စာရွက်ကလေးရေးပေးပြီး “လိုချင်တယ်။ ဝယ်ပေးပါ။” ပူဆာလို့ မရတော့ပဲ ဆန် ဆီ ဆား ဆေး store ရော stock ရော ကိုယ့်ခေါင်းပေါ်ရွက်ထားရတာ တာဝန်တစ်ခုပဲ။
ရည်ရွယ်ထားတာကတော့ လွတ်မြောက်နယ်မြေအတွက် တခြားကို ထပ်လွှဲစရာမလိုတဲ့ referral hospital တစ်ခုပါပဲ။ သိပ်မကြာခင် ဒီဒေသက နယ်သိမ်းတိုက်ပွဲတွေ ဖြစ်လာပြီဆိုတာနဲ့ သူတို့ဘက်က လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ဖြတ်တောက်ပစ်တော့မှာကိုး။ ဒါကြောင့်မို့ ခုကတည်းက လိုလေသေးမရှိအောင် logistics ပိုင်းက စီစဉ်ဖြည့်တင်းနေတာ။ စစ်ရေးအခြေအနေနဲ့ တိုက်ပွဲသတင်းတွေကိုတော့ ရန်သူဆီ လက်ထောက်ချရာရောက်မှာစိုးလို့ ဘာမှ မရေးတော့ပါဘူး။ အကုန်လုံးလည်း လိုင်းပေါ်မှာ ဖတ်လို့ရနေတာပဲ ဥစ္စာ။
ဒီနေ့ မိုးဗြဲမှာ ဆရာဝန်တစ်ယောက် ကျသတဲ့။ ဝမ်းနည်းနေတဲ့စိတ် ဖြစ်မလာပဲ သူ့တာဝန်ကို ဘယ်သူဆက်ယူပေးမလဲပဲ တွေးနေမိတယ်။ သူ့နေရာမှာ ကိုယ်ဖြစ်နေရင်လည်း စိတ်ထဲ ဘယ့်နှယ်မှ မထားပါနဲ့။ ကျန်တဲ့သူကို ဆက်ကူညီပါ လို့ပဲ ပြောချင်တယ်။ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အများကြီးပဲ။ ဆက်လည်း ရှိနေဦးမှာ။ ဒီလူတွေ စတေးခဲ့ရတဲ့ အသက်တွေ ဘဝတွေအတွက် ဒီစစ်ပွဲကို မနိုင်နိုင်အောင် တိုက်ဖို့သာ ရှိတယ်။ ဟိုဘက်က ဦးနှောက်မရှိတဲ့ စစ်ခွေးတွေကို မှိုင်းတိုက်ထားသလို မယ်စုနန်းတက်ဖို့ ကလေးတွေကို သွေးထိုးလှည့်ဖြားနေတာ မဟုတ်ဘူး။ ကလေးတွေကို ကယ်တင်ဖို့ ကလေးတွေကိုယ်တိုင် စစ်တိုက်နေရတာ။
လူကြီးတွေကတော့ စားပွဲဝိုင်း ခေါ်မယ် ကုလားထိုင်ခင်းမလိုလိုနဲ့ကို တစ်နှစ်ကျော်လာပြီ။ ကျွဲပါးစောင်းတီးကြည့်ပြီး “ငါ့လက်ထက်တော့ မမီလောက်ဘူး” ဆို ဘာမှမဘာရပဲ လက်လျှော့ချင်နေပြီ။ ပြောစမ်းပါဦး။ ပြည်တွင်းစစ်ဖြစ်မှာစိုးလို့ ပြည်တွင်းအနိုင်ကျင့် သတ်ဖြတ်မှုတွေကို လည်စင်းအညံ့ခံစေချင်တာပေါ့။ ဟုတ်စ။ စကတည်းက သူများလာကယ်နိုးနဲ့ ရေထဲမိုးထဲ ဆင်းတာ မဟုတ်လို့ သူတို့ဘာပြောပြော သောတယ်ပဲမှတ်တယ်။ နယ်စပ်က စစ်ဘေးဒုက္ခသည်တွေက NGO တွေ အလှူခံလို့ကောင်းအောင် မအေးအေးဝင်း စီစဉ်ထားတာ မဟုတ်ဘူး။ ဒုက္ခပေးမယ့်သူကို လက်ပိုက်ကြည့်နေပြီး ဒုက္ခသည်ဖြစ်မှ ဘေထုပ် လာမဝေနဲ့။ မလိုချင်ဘူး။
စိတ်သာချ။ အခုစစ်တိုက်နေတဲ့ကလေးတွေကို ၈၈ တုန်းက တောခိုခဲ့ဖူးလျက်နဲ့ စစ်ဖိနပ် လျှာနဲ့လျက်နေတဲ့ Gen L ဘဝရောက်တဲ့အထိ တော်လှန်ရေးကြီး အဓွန့်မရှည်စေရဘူး။ ဒီစစ်ပွဲကို တစ်နှစ်မှန်းတယ်ဆိုတာ ဘာအရင်းအမြစ်မှ မရှိတဲ့ လက်နက်မဲ့ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို နှစ် ၆၀ ကျော် မောင်ပိုင်စီးလာတဲ့ အာဏာရှင်ခါးပိုက်ဆောင်တပ်ကို လက်နက်အင်အားချင်း ယှဉ်ပြီး သုံးသပ်တာ နေမှာပေါ့။ ဒါပေမယ့် ကိုယ်တို့ဘက်က ယုံကြည်ချက်တွေ စိတ်ဓါတ်ခွန်အားတွေ တနေ့တခြား ခိုင်မာလာပြီး ဘယ်သူကမှ သေရမှာ မကြောက်တော့ဘူး။ ဒီကောင်တွေကို သေတောင်အရှုံးမပေးဘူးဆိုတဲ့စိတ် လူတိုင်းမှာ ရှိတယ်။ ဟိုဘက်မှာတော့ ထိပ်ဆုံးကကောင်ကအစ အခြေအနေမဟန်ရင် ဘယ်ကောင့်ကို ထိုးကျွေးရမလဲ ပဲ ဓါးစာခံလိုက်ရှာနေတာ။ စောင့်ကြည့်ထားဦးပေါ့။ မကြာခင် ငါတို့ နိုင်တဲ့အခါ တကမ္ဘာလုံးက နမူနာပြ သွန်သင်ရတဲ့ တော်လှန်ရေးတိုက်ပွဲအဖြစ် ပြောစမှတ် တွင်စေရမယ်။ ရှင်တဲ့သူတွေ အသက်စွန့်ပြီးတော်လှန်သလို သေသွားတဲ့ ဝိဉာဏ်တွေကလည်း အစွဲမကျွတ်ပဲ ဆက်ပြီး တိုက်ပွဲဝင်သွားမှာ။ ဘဝဆက်တိုင်း ရန်သူဖြစ်စေရမယ်လို့ပြောရင် အရမ်းများ ယိုးဒယားဆန်သွားမလား မသိ။ ဘာပဲဖြစ်ဖြစ် အောင်ပွဲဟာ မကြာတော့ဘူးဆိုတာကို ဒီကနေ့ရက်စွဲနဲ့ ထုံးတို့ထားခဲ့တယ်။ တစ်နှစ်မကြာစေရဘူး။ ရက်ပြန်လာတွက်ယူမယ်။ ဟုတ်ပလား။ စိန်လိုက်တော့။