ဒေါက်တာနွေဦး

မမြင်တာ မဆုံတာကြာတဲ့ သိဟောင်းကျွမ်းဟောင်းများနဲ့ အမှတ်တမဲ့ပြန်တွေ့လို့ ကိုယ့်ရဲ့လက်ရှိအခြေအနေကို update ဖြစ်သွားရင် “နိုင်ငံရေးတွေ တော်တော်လုပ်နေတာပဲနော်။” လို့ တအံ့တဩ ပြောကြပါလိမ့်မယ်။အဲ့သလိုတော့ဖြင့် ကိုယ်က မခံယူပါဘူး။ နိုင်ငံရေးဆိုတာ ဘာကိုပြောတာလဲ။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ နိုင်ငံရေးပုဒ်မတပ်ပြီး ဖမ်းဆီးထောင်ချလို့ ရချင်ရပါလိမ့်မယ်။ သို့သော်ငြား ကိုယ်က အဲ့ဒါကို နိုင်ငံရေးအနေနဲ့ သတ်မှတ်ပြီး လုပ်နေတာ မဟုတ်ပါဘူး။

တော်လှန်ရေးလို့ ပြောချင်ပြောလေ။ လက်ခံတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ကိုယ်ပါဝင်နေတယ်။ ဒါနည်းတဲ့နိုင်ငံရေးပြစ်မှုကြီးလား။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း စိတ်ရှိတိုင်း စီရင်နှိမ်နှင်းဖို့ရာ အာဏာကုန်လွှဲအပ်ထားတယ်။ သူတို့ကိုဖီဆန်တဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တစ်ခုအတွက်နဲ့ သူတို့ဟာ ကိုယ့်ရဲ့ အသက်ကိုရော၊အိုးအိမ်စည်းစိမ်ကိုရော၊ အသက်မွေးမှု လုပ်ငန်းခွင်၊ မိသားစုဘဝ၊ ဘာမဆို အရာရာတိုင်း အတိုင်းအဆမရှိ လုပ်ချင်တိုင်း လုပ်လို့ ရသွားတယ်။

အဲ့ဒီအခြေအနေ ဖြစ်တည်မှုဘဝတစ်ရပ်ကိုတော့ ကိုယ့်အနေနဲ့ ဘယ်နည်းနဲ့မှ သဘောတူ လက်ခံနိုင်ခြင်း မရှိပါဘူး။ အဆုံးထိ ဆန့်ကျင်တော်လှန်ပါတယ်။ ဒါသည်ပင် သူတို့အတွက် နိုင်ငံရေး လို့ ခေါင်းစဉ်တပ်ပေမယ့် ကိုယ့်အဖို့ရာမှာတော့ မတရားမှုတစ်ရပ်ကို ဆန့်ကျင်တွန်းလှန်တဲ့ လုပ်ရပ်တစ်ခုမျှသာပါပဲ။

အလိမ်မာသဘောနဲ့ မျှောလိုက်သွားပြီး ပဲ့ပြားပင် ယိမ်းသလိုယိမ်းမယ့် အစားထဲ ကိုယ်မပါပါဘူး။ ဘယ်သူ့ဖြားယောင်းသွေးဆောင် စည်းရုံးမှုမှမပါပဲ ကိုယ့်အသိဉာဏ်နဲ့ကိုယ် ဝေဖန်ပိုင်းခြားပြီး မတရားသဖြင့်အနိုင်ကျင့်မှုကိုဆန့်ကျင်တာ။ ထောင်ထားခြားနားတဲ့ အရေးတော်ပုံမှာ နီးရာဓါးကြောက်လို့ ဝင်ပါတာ မဟုတ်သလို ရွှေတောင်တက်ရင် နန်းသိမ်းပွဲမှာ ကိုယ့်အမည်အရည်ပါဖို့ သစ္စာခံ အမှုတော်ထမ်းနေတာလည်း မဟုတ်ဘူး။ ဘက်တော်သားအဖြစ် ခွဲခြားချင်သပဆို အမှန်တရားဘက်တော်သား လို့သာ ခေါင်းစဉ်တပ်ဖို့ရှိတယ်။

ဒါကတော့ မုန်းလျှင်အပြစ် ချစ်လျှင်အကျိုးပါလေ။ ကိုယ်ကိုယ်တိုင်ကသာ စစ်တပ်အသိုင်းအဝိုင်းနဲ့ ထွေးရောယှက်တင် ကောင်းစားခွင်တည့်နေရင် သည်စကားမျိုး ပြောဦးမှာလားနော့။ ဒီမေးခွန်းကိုတော့ သူများလာမမေးခင် ကိုယ့်ဘာသာ ပြန်မေးပြီးပါပြီ။ လူဆိုတာ ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲဟာ။ ကိုယ့်ဘဝမှာ အခွင့်အရေးနဲ့ အစွမ်းအစကို ယှဉ်ယှဉ်ပြီး ရွေးလို့ရတဲ့ လမ်းဆုံလမ်းခွဲတွေ အခါခါကြုံခဲ့ဖူးပြီးသား။ ကိုယ့်စွမ်းကိုယ်စ မဟုတ်တဲ့ အခွင့်အရေးတွေကို အခါခါငြင်းပယ်ခဲ့ပြီးသား။ မစားရလို့ စပျစ်သီးချဉ်တာ မဟုတ်ဘူး။ အဲ့လိုစပျစ်သီးမျိုး ကိုယ်မစားဘူး။ မက်လည်းမမက်ဘူး။ အတု နဲ့ အစစ်ကို ခွဲခြားနားလည်တတ်ပြီးတဲ့နောက် အတုအယောင် ဟန်ဆောင်လောကမှာ မုသားတွေမာယာတွေနဲ့ စိန်မြရံခြယ် မကြွယ်ချင်ပါဘူး။

ကိုယ်တို့မှာ မွေးချင်းမောင်နှမ ၆ ယောက်ရှိတယ်။ အဲ့ဒီထဲက ၃ ယောက်ဟာ စစ်ကြောရေးမှာ ဧည့်စာရင်းမတိုင်ပဲ ရက်အတန်ကြာ သွားအိပ်ဖူးကြတယ်။ တစ်ယောက်ကတော့ အင်းစိန်တောရမှာ လေးလကြာ တရားစခန်းဝင်ခဲ့ရတယ်။ ကိုယ်တို့အိမ်ကို သူပုန်အိမ် လို့ သတ်မှတ်မလား။ ကိုယ့်မိဘတွေဟာ သားသမီးကို အစိုးရဆန့်ကျင်ရေးစကားတွေ သွန်သင်နေတယ်လို့ ထင်သလား။ ကိုယ်တို့အမျိုးထဲက မြေအောက်တော်လှန်ရေးသမားကြီးတွေနဲ့ အဆက်အသွယ် ဝါဒလွှမ်းမိုးမှုတွေ ရှိနေသလား။

အဲ့သလို ဆိုလို့ကတော့ တစ်ခုမှ မမှန်ပါဘူး။ တက်တက်စင်အောင်လွဲပါတယ်။ ကိုယ့်အဖေ အမေ အဖွား လူကြီးသူမများဟာ ကလေးတွေရှေ့မှာ နိုင်ငံရေးစကား ပြောလေ့မရှိဘူး။ ကြမ်းကြားလေကြား သူများကြားရင် အိမ်လာဖမ်းမှာ ကြောက်လို့ပါ။ ကိုယ်တို့ကလေးတွေ နိုင်ငံရေးစကားပြောရင်လည်း မကြိုက်ပါဘူး။ “ကလေးက ကလေးစကား မပြောဘူး။ အဲ့ဒါ ကလေးနဲ့ ဘာဆိုင်သလဲ။” ဆို ဟန့်ပါတယ်။ စစ်အတွင်းကို ဖြတ်သန်းခဲ့ရဖူးလို့ ထင်ပါရဲ့။ အဖွားတို့ သားအမိဟာ အရေးအကြောင်းဆို ကိုယ့်မိသားစုကိုယ် အိမ်ထဲလုံအောင်သိမ်းပြီး ဇက်ကလေးပုလို့ ဘုရားစာတွင်တွင်ရွတ်ဖို့ပဲ အားသန်ပါတယ်။ အဲ့ဒါကြောင့်ပဲ ကိုယ်တို့မောင်နှမတွေက “ဒါကြီးကို ဘာလို့ ဒီလောက် ကြောက်နေကြရမှာလဲ။” ဆို မျက်ကန်းတစ္ဆေမကြောက် သတ္တိတွေ ရလာတာ ထင်ပါတယ်။ သို့သော်ငြားလည်း ထောက်လှမ်းရေးနဲ့ စစ်ကြောရေးရဲ့ အရသာကို တိုက်ရိုက်ဖြစ်ဖြစ် တဆင့်ခံဖြစ်ဖြစ် ရင်ဆိုင်လိုက်ရတဲ့အခါ ဘာတွေကမှားပြီး ဘာတွေမှန်တယ် ကိုယ်တွေ့သိလိုက်ရတာ ဖြစ်ပါလိမ့်မယ်။

ကိုယ့်မွေးချင်းမောင်နှမတွေလည်း တကယ်တမ်းမှာ ဘယ်သူမှ နိုင်ငံရေးလောကထဲ ကျင်လည်နေတဲ့သူ မပါပါဘူး။ နီးတောင် မနီးစပ်ဘူး။ ဒါပေမယ့် ဆုံးသွားတဲ့ ကိုယ့်အဖွားအပါအဝင် ကိုယ်တို့တစ်မိသားစုလုံး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ တခဲနက် ယုံကြည်အားကိုးပါတယ်။ အဲ့ဒါ မြန်မာတနိုင်ငံလုံးက လူဦးရေ သန်း ၅၀ နဲ့ အတူတူလေ။ သူ့ဘဝမှာ ဘယ်ရွေးကောက်ပွဲ ဆန္ဒခံယူပွဲမှာမဆို မယှဉ်သာအောင် အပြတ်အသတ် အနိုင်ရခဲ့တာချည့်ပဲ။ ရှိခဲ့ဖူးသမျှ စစ်ဗိုလ်ချုပ်ကြီးတွေ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တောင် သူ့လိုထောက်ခံယုံကြည်မှုမျိုး မရနိုင်ဘူး။ “ငါးပါးသီလ အရင်စောင့်ဦး ချစ်သား။” လို့ ဗျာဒိတ်လန်မယ့်သူတွေ။

ဒါပေမယ့်လည်း ကိုယ်တို့မိသားစုရဲ့ ထောက်ခံယုံကြည်မှုဟာဆန္ဒမဲပေးတဲ့ဆီမှာပဲ အဆုံးသတ်ပါတယ်။ ဗူးသီးတဲ့အခါ အရီးတော်ချင်လို့ မဟုတ်ဘူး။ ဗုံကြီးသည်စကားနဲ့လည်း နားပေါက်မချဲ့ဘူး။ ကိုယ်ကိုယ်တိုင် အဲ့ဒီပါတီထဲ အရောက်ဝင်ပြီး အရွေးခံဖို့တို့ဘာတို့ လုံးလုံး စိတ်မဝင်စားတာ။ “နိုင်ငံရေးမလုပ်ဘူး။ နိုင်ငံရေးလုပ်တာ ဝါသနာမပါဘူး။” လို့ ပြတ်ပြတ်သားသား ငြင်းရဲတယ်။ “အဲ့သလိုဆိုမှဖြင့်လည်း မောင်ရင်က ဘာတွေဝင် ဖျင်ယားမိလို့ သည်ဘဝကို ရောက်နေရတာလဲ။” လို့ပဲ မေးစရာရှိတော့တယ်နော်။

ဒါကတော့ ပြောပြီးပါပြီ။ အခါခါလည်း ထပ်ပြောနေဦးမှာပါ။ မတရားသဖြင့် နိုင့်ထက်စီးနင်း ဖိနှိပ်မှုတွေကို ဘာအကြောင်းနဲ့မှ အောင့်အီး သည်းခံ မနေနိုင်လို့ လို့ပဲ ဖြေရပါမယ်။ လေဆိပ်မှာ မြေးကလေးချီထားတဲ့အဖိုးတစ်ယောက်ကို သေနတ်နဲ့ကစ်ခိုင်းတဲ့လုပ်ကြံမှုမျိုးကို ကျူးလွန်တာ စီစဉ်ညွှန်ကြားတာ၊ လွတ်မြောက်အောင် မလျှော်ဩဇာသုံးပြီး လက်စဖျောက်တာ ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် လက်မခံနိုင်ပါဘူး။ မိဘကယုံကြည်လို့ စိတ်ချလက်ချမျက်နှာလွှဲလိုက်တဲ့ ၄ နှစ်သမီးလေးကို မကာကွယ်နိုင်တဲ့အပြင် မကင်းရာမကင်းကြောင်းတွေငဲ့ပြီး သက်သေပါဖျောက် အမှုဆက်မလိုက်နိုင်အောင် ကောက်ကျစ်တဲ့ ကျောင်းပိုင်ရှင်အသိုင်းအဝိုင်းကြီးကို လက်မခံနိုင်ပါဘူး။ သူတို့ဘက်ကျတော့ ကျောင်းထိခိုက်မှာစိုးလို့ wisdom hill မူကြိုအမှုလို့ ခေါင်းစဉ်တပ်ရင် တရားစွဲပြီး နစ်နာသူကလေးငယ်ကိုကျ အမည်ရောလိပ်စာပါ သတင်းစာမှာဖော်ထုတ်တဲ့ ပြည်သူ့ရဲတွေကိုလည်း အယုံအကြည်မရှိပါဘူး။ တသက်လုံး ယုံယုံကြည်ကြည်ပေါင်းလာတဲ့ ငယ်သူငယ်ချင်းအရင်းကြီးကိုတောင် “ဒီအမှုဟာ အမှုမှန် မဟုတ်တဲ့အတွက်ကြောင့် တရားခံမပေါ်တာပါ။ Victoria rape case ဆိုတာ နဂိုကတည်းက မရှိတဲ့အမှုပါ။” ဆိုတဲ့ စကားတစ်ခွန်း သူ့ပါးစပ်ကအကြားမှာ တစ်သက်လုံး စိတ်ချထားတဲ့ သူ့အပေါ်ယုံကြည်မှုတွေ ပြိုကျခဲ့ပါတယ်။

အဲ့သလိုမျိုး မတရားအနိုင်ကျင့်မှုတွေ မရေမတွက်နိုင်အောင် အဆက်မပြတ် ကျူးလွန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို ကိုယ်ကျိုးစီးပွါးငဲ့ကွက်လို့ပဲဖြစ်ဖြစ်၊ မျက်မုန်းကျိုးအငြိုးထား ငြိုငြင်စိတ်ကွက်မှာ ထိတ်လန့်လို့ပဲဖြစ်ဖြစ် စောစောက သူငယ်ချင်း ပြောတဲ့စကားမျိုး ယုံကြည်လက်ခံပြီး ရေငုံနှုတ်ပိတ်နေနိုင်တာ ကိုယ့်ဗီဇသဘာဝ မဟုတ်ပါဘူး။ ခြေမမကောင်းခြေမ လက်မမကောင်းလက်မဆိုပေမယ့် ငါ့ခြေမငါ့လက်မဖြစ်နေတော့ “ဘယ်ကောင်မှ လာထိလို့မရဘူးကွ။” ဆိုတဲ့အဖွဲ့အစည်းမျိုးကိုလည်း အဖွဲ့အစည်းလိုက်ပဲ သည်ပုတ်ထဲက သည်ပဲအဖြစ် မှတ်ယူရမယ် မဟုတ်ဘူးလား။

ပြန်စဉ်းစားကြည့်ပါ။ ၆၂ က အစပြုလို့ ၂၁ ရောက်သည့်တိုင်အောင် စစ်ဗိုလ်ချုပ်တွေ မျိုးဆက်ဘယ်နှစ်ဆက် ပြောင်းလဲသွားသည်ဖြစ်ပစေ။ အာဏာဟာ သူတို့လက်ထဲကလွဲလို့ ဘယ်သူ့ဆီကိုမှ လုံးလုံးလျားလျား ရောက်မသွားဖူးပါဘူး။ သူတို့ချင်း ဘယ်လိုပဲ နေရာလု စားခွက်လု အသက်ပါလုထားရသည်ဖြစ်ပစေ။ သာရေးနာရေးတွေများ ပြန်တွေ့တဲ့အခါ စိုသောလက်မခြောက်စတမ်း “ဖေဖေ နေကောင်းလား။ မေမေ နေကောင်းလား။ သားလေးတို့ သမီးလေးတို့ အဆင်ပြေကြလား။ ဦးဦးတို့အန်တီတို့က မေးတယ် ပြောလိုက်နော်။” ဆို ဖက်လှဲတကင်း အလွမ်းသယ်ကြဆဲပါ။ သူတို့လောကမှာ သင်ပုန်းမချေနိုင်စရာဆိုလို့ မယ်စုမှတပါး အခြားမရှိ။ မယ်စုအသံတစ်ခွန်းကြားတာနဲ့ သတိ သက်သာ တန်းစီ ညာညှိ လုပ်စရာမလိုပဲ ခြောက်လုံးပြူးပေါ် လက်ညှိုးတင်ပြီးသား အသင့်ဖြစ်နေတဲ့သူတွေ။ အဲ့ဒီတော့ မယ်စုကို ထောက်ခံသူမှန်သမျှ သူတို့အတွက် ရန်သူဖြစ်နေတာ ၈၈ ကတည်းကပါပဲ။ ဒီအခါမှာ ကိုယ်ဟာ ဘယ်ချိန်မှာကြည့်ကြည့် သူတို့အတွက် မျက်စိထဲက စပါးမွှေးပေါ့နော်။

၈၈ မှာတောင် နေသာအောင်နေခဲ့ပြီးသားကို အခု ၂၁ ရောက်မှ မနေနိုင်မထိုင်နိုင် ငွေမြိုင်တုတ်နဲ့ထိုးသလို ဖြစ်နေရသလဲဆို အဲ့ဒါကတော့ စစ်ကောင်စီဘက်က တွန်းပို့လို့ ရောက်သွားတာလို့ပဲ ပြောရမယ် ထင်ပါတယ်။ ဆေးရုံမှာ ကလေးတွေ CDM လုပ်တော့ ကိုယ်က အားပေးထောက်ခံသူထဲမှာပဲ ပါပါတယ်။ ဒါပေမယ့် ဆေးရုံလုပ်ငန်းလည်ပတ်မှုဆိုတာ ဆရာဝန်အငယ်တွေ သူနာပြုဆရာမတွေ မရှိပဲ အလုပ်ဆက်လုပ်လို့မရတော့ ကိုယ်က Auto CDM ထဲပါသွားတာပါ။ လက်ကျန်လူနာတွေကုန်တဲ့ထိ တစ်ယောက်တည်း နေ့ရောညပါ ဂျူတီဆင်းပြီး တစ်ရုံပြီးတစ်ရုံ မီးမှိတ်သော့ခတ်လိုက်ရတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကိုယ့်ဝါဒ်ကလေးလည်း တစ်ခုအပါအဝင် ဖြစ်သွားပါတယ်။

ဆေးရုံကပိတ်သွားပြီ။ လူနာတွေက ဘယ်သွားပြမလဲ။ ပိုက်ဆံရှိတဲ့သူက အပြင်ဆေးခန်းပြနိုင်တယ်။ ဆင်းရဲသားတွေ ဒုက္ခရောက်ကြမှာပေါ့။ ဒီအခါမှာ ဘယ်တုန်းကမှ အပြင်ဆေးခန်း ပေါ်လီကလင်းနစ်တွေမှာ လူနာထိုင်မကြည့်ဖူးတဲ့ကိုယ်က သူငယ်ချင်းဆေးခန်းပိုင်ရှင်နဲ့ ညှိပြီး ကုသိုလ်ဖြစ် လူနာတွေ တင်ခွဲပါတယ်။ ကင်ဆာဆေးသွင်းနေတဲ့လူနာတွေလည်း ချိတ်ဆက်ပြသပြီး အလှူငွေနဲ့ ဆေးသွင်းမပျက်အောင် စီစဉ်ပေးရပါတယ်။ အိမ်မပြန်နိုင်ပဲ နေ့ရောညပါ ဆေးခန်းမှာနေပြီး လာသမျှ ခွဲစိတ်လူနာ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင် ကိုယ့်ဆီလွှတ်ဖို့ မှာထားပြီး အခမဲ့ခွဲစိတ်ကုသမှုပေးပါတယ်။ အဲ့ဒါလည်း ၂ လ တောင် မခံပါဘူး။

ကိုယ့်ဆီရောက်လာတဲ့လူနာတွေဟာ ညကြီးမင်းကြီး ဓါးခုတ်လှံထိုး ဒဏ်ရာအမျိုးမျိုးကနေ ရာဘာကျည်ဆံနဲ့ သေနတ်ဒဏ်ရာတွေအများအပြားဖြစ်လို့ လာပါတယ်။ မြောက်ဉက္ကလာမှာ ဖြစ်တဲ့နေ့တုန်းကတော့ ဆေးရုံကြီးအရေးပေါ်ကို တိတ်တိတ်ကလေး ပြန်ဖွင့်ပြီး ရောက်လာသမျှ သေနတ်ဒဏ်ရာတွေကို လူမသိအောင်ကြိတ်ကုခဲ့ကြတယ်။ လှိုင်သာယာမှာ တစ်ရာနှစ်ရာသေတဲ့ရက်ကတော့ တံတား ၃ စင်းလုံးပိတ်ပြီး ဆော်နေခိုက်မှာ “ဆရာဝန် မရှိပါဘူး။ ကယ်ကြပါဦး။” ဆိုလို့ မရောက်ရောက်တဲ့နည်းနဲ့ သွားခဲ့ပါတယ်။ ဘယ်လိုမှ မခံစားနိုင်အောင်လည်း ရင်နာခဲ့ရပါတယ်။ ဆေးကုတဲ့အလုပ်ဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ ရာဇဝတ်မှုအဖြစ်ကို ရောက်သွားတဲ့အခါ ကိုယ်ကိုယ်တိုင်လည်း ရာဇဝတ်သားအဖြစ်ကို မကြေငြာပဲ ရောက်သွားရပါတယ်။

၅၀၅ တွေ ညစဉ်ထွက်လာတဲ့အထဲမှာ ကိုယ့်နံမည်မပါပေမယ့်လည်း ကိုယ်ဆေးကုတဲ့ ဆေးရုံဆေးခန်းတွေမှာ ရှာဖွေဖမ်းဆီးတွေ ရှိလာတယ်လေ။ ကိုကျော်မင်းစိုးတို့ ကိုမော်ဦးတို့ စွန်သုပ်သလို ကုပ်သွားတဲ့အခါ ကိုယ်လည်း ဘေးကင်းရန်ကွာ မရှိတော့ပါဘူး။ အဆင်ပြေသလို ခနတဖြုတ် ခရီးယာယီလေး ရှောင်ကာတိမ်းကာ လုပ်တာတောင် မလုံခြုံတော့ဘူး။ လွတ်မြောက်ချင်ရင် လွတ်ရာကျွတ်ရာမှာ လွတ်လွတ်ကျွတ်ကျွတ် သွားနေနိုင်မှ “Save Saya Soe” တို့ “Free Saya Soe” တို့ သူများတကာ လုပ်စရာမလိုတဲ့ဘဝ ရောက်မှာ။ ဒီလိုနဲ့ပဲ ကိုဗစ်ကြီးက တတိယမ္ပိပြန်တော့ ကိုယ်လည်း သည်သောင်သည်စခန်း ဆိုက်ခဲ့တယ်လေ။ ခုထက်ထိ “အဲ့ဒါ နိုင်ငံရေး လုပ်တာလား။” လို့ မေးရင် “ပေါက်တီးပေါက်ရှာ။ မဟုတ်ရပေါင်ဗျာ။” လို့ ဖြေမိဦးမှာ။

သီဟတင်စိုးကနေ စလိုက်တာ နေထက်လင်း၊ နေထူးနိုင် အခု ဆရာစိုးလက်ထက်အထိတောင် ရောက်လာပါပေါ့။ မင်းတို့တော်လှန်ရေးကြီးက မုဆိုးမလေး မဂင်္ဂါတို့ ဘုန်းမီးနေလ အာသောကတို့တောင် အရှုံးပေးရတော့မယ်။ ပြီးရောပြီးဦးမှာလား။ နောက်ထပ်ဘယ်နှစ်ပိုင်းလောက် ဆက်ဦးမှာလဲ လို့ သိချင်နေကြရော့မယ်နော်။

တော်လှန်ရေးဆိုတာ ရုပ်ရှင်ထဲကလို ရဲမြညွန့်နဲ့ အဖွဲ့လာမှ ဇာတ်ဆောင်တွေအားလုံး ဟေးကနဲအော်ပြီး ခုန်လိုက်မှ “ပြီးပါပြီ” စာတမ်းထိုးပြီး ဇာတ်သိမ်းရတာ မဟုတ်ပါဘူး။ တရုတ်ကြီး ရုရှားကြီးတွေက ဘာပြောပြော၊ ကုလသမဂ္ဂ အမေရိကက ဘာဆိုဆို၊ မအလကြီး ဆွဲကြိုးချ အဆိပ်သောက်မသေလည်းပဲ နွေဦးတော်လှန်ရေးကြီးကတော့ အဖြေထွက်နေနှင့်ပြီ။ အောင်မြင်နေပြီးပါပြီဗျ။ ဆေးကုမ္ပဏီတွေစကားနဲ့ ပြောရရင် ကိုယ်လိုချင်တဲ့ တားဂက်ထိပြီးပြီ။

ကိုယ့်တုန်းက ကိုယ့်မိဘက တစ်ခွန်းတစ်ပါဒမျှ သွန်သင်ပြသပေးခြင်းမရှိလည်းပဲ ကိုယ့်တစ်သက်တာလုံး စစ်အာဏာရှင်တွေကို တစိုက်မတ်မတ် ဆန့်ကျင်တော်လှန်ရကောင်းမှန်း ဘဝပေးအသိနဲ့ သိတယ်။ ဆန့်ကျင်ရမယ့်တာဝန်ကို သမိုင်းပေးတာဝန်လို ဦးလည်မသုန် ထမ်းရွက်ခဲ့တယ်။ ကိုယ့်မိဘက ကိုယ်နဲ့ နိုင်ငံရေး မဆွေးနွေးသလိုပဲ ကိုယ့်လက်ထက်မှာ ကိုယ့်သမီးနဲ့ နိုင်ငံရေးအယူအဆတွေကို မဖလှယ်ပါဘူး။ မိသားစုဆွေမျိုးအတွင်းမှာ နိုင်ငံရေးအကြောင်းတွေကို ဘယ်တော့မှ စကားစပ်လေ့မရှိဘူး။ သဘောထားကွဲလွဲရင် အဖုအထစ်ဖြစ်မှာစိုးလို့။ သမီးနဲ့ ရှည်ရှည်လျားလျား စကားစမြည် ပြောဖြစ်တဲ့အကြောင်းအရာတွေဟာ များသောအားဖြင့် ရိုးရာယဉ်ကျေးမှုအကြောင်း ပတ်ဝန်းကျင်အကြောင်း ကိုယ့်ငယ်ဘဝတွေအကြောင်းပဲ များပါတယ်။ သမီးအတွက်ရယ်လို့ ကိုယ့်ဘက်က လက်ဆင့်ကမ်းချန်ရစ်တဲ့အထဲမှာ နိုင်ငံရေးအတွေးအမြင်တွေ ဘယ်တော့မှ မပါပါဘူး။ ၁၈ နှစ်ပြည့်ပြီမို့ သမီးက ဆန္ဒမဲပေးရတဲ့အခါ ဘယ်ပါတီကို မဲပေးပါ လို့ မတိုက်တွန်းသလို ဘယ်ပါတီမဲပေးခဲ့သလဲ လို့လည်း မေးမကြည့်ဘူး။ ဒါ သူ့ရဲ့ ယုံကြည်ရာကိစ္စသာဖြစ်တယ်။ ၂၀၂၁ မှာ သူ့အဖေ သီဟတင်စိုးကားရိုက်တော့ သမီးရဲ့ဆန္ဒသဘောထား ဘယ်လိုရှိမလဲ ဆိုတာ ကိုယ်ဘယ်တုန်းကမှ မစေ့ငုခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ သူ့မွေးနေ့တုန်းကတော့ ကိုယ်ဘာမှ မစွက်ဖက်မလွှမ်းမိုးခဲ့တဲ့သမီးဟာ မန်ယူပရိသတ်လား ချယ်ဆီးပရိသတ်လား သိခွင့်ကြုံပါတယ်။ ကိုယ်တို့ရဲ့ အရေးတော်ပုံကြီး အောင်မြင်ပါတယ်။ နောက်မျိုးဆက်ကလေးတွေဟာ အမှန်နဲ့အမှား တရားမှုနဲ့ မတရားမှုမှာ လူကြီးတွေလို ဇဝေဇဝါ နဝေတိမ်တောင် မဖြစ်ဘူး။ ရှင်းရှင်းလင်းလင်း သိကြသားပဲ။ တော်လှန်ရေးဆိုတာ အဖေလက်ထက်မှာ မပြီးဆုံးသေးရင် သမီးလက်ထက်မှာ ဆက်တော်လှန်ဖို့ မျိုးစေ့ပါလာပြီးသားလေ။ ဒါဆိုရင်တော့ ကိုယ့်တာဝန်ကျေတယ်လို့ ယူဆလိုက်ပါတော့မယ်။