ဘဝမှာ အသက်ဘေးနဲ့ နီးနီးကပ်ကပ် ကြုံခဲ့ပြီး လွတ်မြောက်လာတာ နှစ်ခါရှိပြီလို့ ပြောရမှာပဲ။ ကိုဗစ်ဆိုတာ သေတတ်မှန်းလည်းသိတယ်။ သေချာပေါက် ကူးမယ်မှန်းလည်း သိတယ်။ အဲ့ဒီကြားထဲကမှ သေမှာကြောက်ရမှာကို သေရမှာထက် ပိုကြောက်တဲ့စိတ်နဲ့ ခေါင်းမာမာ ဝင်တိုးခဲ့တာလေ။
အခုတော့ သေနိုင်ပါရိုးလား လေပါတီရယ် လို့ သက်ပြင်းသက်မချနိုင်ပြီပေါ့။ ကိုယ်တို့ တည်းအိမ်တစ်အိမ်လုံးတော့ ဘယ်သူမှ ပြေးမလွတ်ပါဘူး။ ထမင်းလာလာပြင်ကျွေးတဲ့ သားအမိနှစ်ယောက်ပါ အိပ်ယာထဲ အတုံးအရုံးလဲကုန်တာ။ ချောင်းဆိုးတဲ့ဆရာမလေးဆိုလည်း အသံတောင်မထွက်နိုင်လောက်အောင် မရပ်မနားဆိုး၊ ဖျားတဲ့ကလေးဆိုလည်း တကိုယ်လုံးခြစ်ခြစ်တောက်ပူပြီး ရေတောင်မသောက်နိုင်။
ဒီရောဂါနဲ့ နှစ်ပေါက်အောင်နေလာရတဲ့ ဆရာဝန်တစ်ယောက်မို့ သူ့အကြောင်းကို လှစ်လှစ်ကလေးနေအောင်ကို သိပါတယ်။ ပေါ့ပေါ့လေး မနေပါဘူး။ ပို့သသောမေတ္တာများကြောင့်ရော ကုသသောစေတနာများကြောင့်ရော ဘာဝေဒနာမှ မခံစားရပဲ ပိန်းကြာဖက် ရေမတင်တာ အင်မတန် အံ့ဩစရာကောင်းသား။ ရန်ကုန်မှာတောင် ရှာမရ ဝယ်မရတဲ့ဆေးတွေကို တောကြိုအုံကြား မရောက်ရောက်အောင်ပို့ပေးတဲ့ မိတ်ဆွေများရဲ့ ကျေးဇူးလည်း ပါတာပေါ့။
အခုတော့ ကိုယ်တိုင်လည်း ကျန်းမာစွာကျော်ဖြတ်ခဲ့တယ်။ ရည်ရွယ်တဲ့အတိုင်း ကိုဗစ်စင်တာတစ်ခုလည်း အသက်ဝင်အောင် ဖန်တီးနိုင်ခဲ့တယ်။ မနက်ဖြန်ဆို ပျောက်ကင်းသက်သာတဲ့လူနာတွေ အိမ်ပေးပြန်နိုင်ပြီ။ လူနာဆောင်၊ day care center၊ ပြင်ပလူနာခန်း၊ ကာရန်တင်းစင်တာ၊ သူ့ဟာနဲ့သူ ရုပ်လုံးလေးပေါ်လာသား။ အလုံးစုံမတတ်နိုင်သော်ငြား ကိုယ်တတ်ကျွမ်းသလောက်တော့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
ကိုယ်တို့လို ကိုယ်ထူကိုယ်ထ ကိုဗစ်စင်တာကလေးတွေဟာ တခြားတခြားသော လွတ်မြောက်နယ်မြေတွေမှာလည်း ရှိနေကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူနာတွေကို ကုနေကြတယ်လို့ သိရတဲ့အခါ စိတ်ထဲမှာ တော်တော်လေး အားတက်သွားပါတယ်။ တော်ပါသေးရဲ့။ ကိုယ်သာ ဒီအလုပ်ကို မလုပ်ဖြစ်ခဲ့ရင် နောင်တရလို့ ဆုံးမှာ မဟုတ်ဘူး။
ကိုယ်တို့ဆရာဝန်တွေဟာ ဖေဖော်ဝါရီလမှာ CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် ဆေးရုံကလူနာတွေကို မျက်နှာလွှဲခဲပစ် မလုပ်ဘူး။ ပျောက်ကင်းသက်သာအောင် စောင့်ကုပေးပြီး သူတို့အိမ်ပြန်နိုင်တော့မှ လူနာဆောင်တံခါးပိတ်တာ။ နောက်ထပ်ရောက်လာတဲ့လူနာတွေကို ဆေးရုံမှာမတင်နိုင်သော်လည်း အဆင်ပြေရာဆေးခန်းကနေ အခကြေးငွေမယူပဲ ဆက်ကုပေးခွဲပေးခဲ့တာလည်း စစ်သားတွေ ဆေးခန်းပေါ် တက်မဖမ်းမချင်းပါပဲ။
ရပ်ကွက်ထဲက fever center လေးတွေမှာ ဘုန်းကြီးကျောင်းမှာ၊ ဓမ္မာရုံမှာ ဘယ်သူကမှ ဆင့်ခေါ်ခိုင်းစေတာမပါပဲ လူရောဆေးရောစိုက်ပြီး ဆေးကုပေးခဲ့ကြတာလည်း CDM လုပ်နေတဲ့ ဆရာဝန်တွေပါပဲ။ ရန်ကုန်ပတ်ပတ်လည် စစ်သူပုန်တွေဝင်စီးတဲ့အခါမှာလည်း ဆရာဝန်တွေ ရှေ့တန်းထွက်ရသလို နီးစပ်ရာဆေးရုံက အရေးပေါ်ခွဲခန်းတွေမှာ အိမ်မပြန်နိုင်ပဲ ခွဲစိတ်ကုသနေရတာ ဘယ်သူ့ဆီက အမိန့်အာဏာနဲ့မှ မဟုတ်ပါဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါ။
ဆရာဝန်တွေဟာ ရတဲ့နေရာမှာ ဖြစ်တဲ့နည်းနဲ့ ဆေးကုပါတယ်။ အဲ့ဒီအတွက် ပုဒ်မတွေတပ် ဝရမ်းတွေထုတ် ဖမ်းဆီးချုပ်နှောင် ထောင်ချနှိပ်စက်တာတွေလုပ်လည်းပဲ ကိုယ့်အသက်မွေးမှုရဲ့ ကျင့်ဝတ်သိက္ခာကို ဘယ်တုန်းကမှ မကျိုးပေါက်စေခဲ့ပါဘူး။ နောက်ပိတ်ဆုံး နေရပ်ဒေသကိုစွန့်ခွါပြီး လွတ်မြောက်နယ်မြေမှာ တိမ်းရှောင်နေရတာတောင်မှ ဆေးကုတဲ့အလုပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လုပ်နေတဲ့ဆရာဝန်လေးတွေ အများကြီးပဲ။ လမ်းတူလို့ လူချင်းတွေ့ရ သိကျွမ်းခင်မင်ရပါတယ်။ ကိုယ်ကိုယ်တိုင် သူတို့လိုဆရာဝန်အမျိုးအစားထဲက တစ်ယောက်ဖြစ်ရတာ ဆရာဝန်သက်တမ်းတလျှောက်မှာ ဂုဏ်ယူစရာအကောင်းဆုံးပါပဲ။
ယောယိမ်းလိုက် ဘသားယိမ်းလိုက်နဲ့ နေရာကောင်းရဖို့ လုပ်စားကိုင်စား စီးပွါးဖြစ်ဖို့ လူလိမ်မာ ပညာရှိနည်းလမ်းကိုမရွေးပဲ လက်ပါးစေ လက်ကိုင်တုတ်မလုပ်တဲ့ ဆရာဝန်စစ်စစ်ဆိုတာ ရှိတော့ရှိတယ်။ ရှားတယ်။ အဲ့ဒီအထဲမှာ ကိုယ်ပါတယ်။ ဘယ်လောက်ကျေနပ်စရာ ကောင်းသလဲ။
အာဏာသိမ်းတာ ၆ လကျော်ကြာသွားပြီ။ ဆရာဝန်တွေ ဆေးရုံမလာကြလို့ ပြည်သူတွေမှာ ဒုက္ခရောက်လှပါပေါ့။ အထူးသဖြင့် မြို့မနီး ရွာမနီး ကျေးတောနယ်စွန်မှာ နဂိုကမှ တစ်ယောက်တည်းကျဲနေရတဲ့ တိုက်နယ်ဆရာဝန်လေးတွေ CDM လုပ်တဲ့အခါ ရွာနီးချုပ်စပ်ကပါ ကုစရာပြစရာ ရှာမရတော့ မိုးကြိုးကိုပစ်ကရော။ အုပ်ကြီးတွေ ဒလန်တွေကလည်း တိုင်မယ်တောမယ် တကဲကဲဆို ဆရာဝန်လေးတွေခမျာ အစောကြီးကတည်းက ဝရမ်းပြေးဖိုးသိန်းလုပ်ပြီး ၅၀၅ ဇာတ်လိုက်ကျော်တွေ ဖြစ်ကုန်ပါတယ်။ အစပိုင်းတော့ ဂိတ်တွေပိတ် ဓါတ်ပုံတွေ နံမည်စာရင်းတွေပို့၊ လိုက်ဟဖမ်းဟ လုပ်ကြတာပေါ့။ ဒါပေသိ မိတယ် ဖမ်းတယ်ဆိုရင်တောင် ရွာမှာတော့ ဆေးဆက်ကုမယ့်သူ မရှိတော့ဘူးလေ။
နောက်ဆုံးကျ ညှိယူရတော့တာပေါ့။ “ဆရာလေး CDM ဆက်လုပ်။ အားပေးတယ်။ ကျုပ်တို့တော့ ပစ်မထားနဲ့။ ဆေးဆက်ကုဦး။ ဆရာလေးအဖမ်းမခံရအောင် ရပ်ရွာက လုံခြုံရေးတာဝန်ယူမယ်။ စားဝတ်နေရေးလည်းတာဝန်ယူမယ်။ လစာလည်းပေးမယ်။ ရွာကခန့်တဲ့ဆရာဝန်အဖြစ်နဲ့ကု။ ဝန်ကြီးဌာနကို CDM လုပ်။ ဆရာလေးကို ရွာက ကံထရိုက်စံနစ်နဲ့ ပြန်ငှါးမယ်။ ဟုတ်ပလား။” အဲ့သလိုမျိုး မြွေမသေ တုတ်မကျိုးတွေ ဖြစ်ကုန်ရော။ ဒါ နယ်တွေမှာ ကိုယ်တွေ့ခဲ့ရတဲ့ တိုက်နယ်ဆေးရုံကလေးတွေရဲ့အခြေအနေပါ။
ဝန်ကြီးဌာနကတော့ အဲ့ဒါတွေစိတ်ကိုမဝင်စားတာပါ။ သူတို့ဘာသူတို့ စစ်တပ်ကခိုင်းတာလုပ်၊ ဇွန်းမီတင်လေးတက်ပြ၊ ဟိုစာလေးသည်စာလေးထုတ်ပြနေရင် အရေးကုန်နေပြီ။ အချိန်တန်လို့ ဘယ်ဘက်ကနိုင်နိုင် မြွေလည်းသေမသွားစေနဲ့ တုတ်လည်းကျိုးမသွားစေနဲ့။ ခံတဲ့သူခံပစေ။ ကျန်တဲ့လူ စံလိမ့်မယ်။ စံတဲ့အထဲမှာ ရှားရှားပါးပါး တင်ကျန်နေခဲ့ဖို့ အရေးကြီးတယ်ဆိုပြီး သူ့ထက်ငါ စံရှားတင် လုပ်နေကြတာကိုး။
ကိုဗစ်က ရွာတွေအထိ အတားအဆီးမရှိ ကူးစက်ပြန့်နှံ့လာတဲ့အခါကျ ရပ်တွေရွာတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆရာဝန် ဆရာမ ထွက်ရှာရပါတော့တယ်။ မြို့ဆေးရုံတွေတောင် လက်မခံနိုင်ပဲ အိမ်ပြန်ပြန်လွှတ်နေရတဲ့ အခြေအနေလေ။ ရန်ကုန် မန်းလေးမှာ ဆင့်အထွာနဲ့ ပြဲသလို မြို့စွန်ရွာဖျားမှာလည်း ကမျဉ်းနီအထွာနဲ့ ပြဲကြရတာပေါ့။ ဒီလိုနဲ့ပဲ ကျေးလက်ကိုဗစ်စင်တာလေးတွေ ပေါ်လာတာ ထင်ပါရဲ့။ ဒါလည်းပဲ စစ်ကောင်စီကသိရင် လာဖမ်းမှာသိမ်းမှာ သေချာသလောက်ရှိပါတယ်။
ဆရာဝန်တွေ ဘာပဲလုပ်လုပ်၊ လုပ်သမျှ စစ်သားတွေက နောက်ကလိုက်လိုက်ဖမ်းတာ၊ တားဆီးပိတ်ပင်တာတွေ တချိန်လုံးတွေ့ကြုံလာခဲ့ရတဲ့အခါကျတော့ ဒီတစ်ခါလည်း ကိုယ်လုပ်လို့ အရှိန်ကလေးရလာတော့မှ ကဖျက်ယဖျက်လာလုပ်မှာကို ကြိုကာထားရပါတယ်။ ဒါကြောင့်မို့ ဆေးကုနေရင် ဘယ်သူကအကာအကွယ်ပေးမှာလဲဆိုတဲ့ကိစ္စကို ရှင်းအောင်အရင်မေးရပါတယ်။ ပြောင်ပြောင်ပြောရရင် နယ်မြေခံ စစ်တပ်နဲ့ရဲ အစောင့်အရှောက်သက်သက်နဲ့ဆို မလုံခြုံပါဘူး။ သူတို့က အထက်အမိန့်နာခံရတာမို့ အရေးရယ်အကြောင်းရယ်မှာ တာဝန်အရ တစ်ခွန်းတည်းနဲ့ အဖြူတွေအကုန်မည်းပလိုက်လို့ ရတယ်။ အဲ့လိုဆိုရင် သူတို့ဘက်ကမလွန်ဆန်နိုင်လောက်တဲ့ ရပ်ရွာနောက်ခံအင်အားတစ်ခုခုကို ကျောထောက်နောက်ခံပြုထားဖို့ လိုပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဆေးခန်းတွေက လွတ်မြောက်နယ်မြေမှာ ဖြစ်ကုန်တာလေ။ မလွတ်မြောက်လို့ကတော့ အစိခံလိုက်ရတာ ကြာပေါ့။
ဒါနဲ့ပဲ လွတ်မြောက်နယ်မြေဆိုတာ ဘာလဲ၊ ဘယ်သူ့လက်ကလွတ်မြောက်တာလဲလို့ ကိုယ့်ဘာသာကိုယ် အဓိပ္ပါယ်ပေါ်အောင် တွေးကြည့်မိပါတယ်။ လွတ်မြောက်နယ်မြေဆိုတာ မအလရဲ့ အာဏာစက်အောက်က လွတ်မြောက်တာကိုပြောတာ။ မအလ က “အဲ့ကောင် ဖမ်းလိုက်စမ်း။” ဆိုလည်း ကိုယ့် ဘယ်သူမှ လာမဖမ်းတဲ့နေရာ။ “သတ်လိုက်စမ်း။” ဆိုလည်း ဘယ်သူမှ လာမသတ်တဲ့နေရာ။ ကိုယ့်အတွက် ဘေးကင်းလုံခြုံတဲ့နေရာပေါ့။ ဒီလိုနေရာမျိုးတွေ ဘယ်မှာရှိသလဲ။ အဲ့ဒီနေရာတွေမှာ ဆရာဝန်လေးတွေ ဆေးကုနေကြလိမ့်မယ်။ ဆေးကုနေတဲ့ ကိုယ့်အသိမိတ်ဆွေ ဆရာဝန်တွေ ရှိမယ်။
အမယ်။ နည်းတော့မနည်းပါလား။ လက်ထောက်ချသလိုဖြစ်မစိုးလို့ အသေးစိတ် လိုကေးရှင်းတွေ မထောက်တော့ဘူး။ မြန်မာပြည်မှာ မအလ မအုပ်စိုးနိုင်တဲ့ လွတ်မြောက်နယ်မြေတွေ တော်တော်အများသားပါကလား။ လက်နက်ကိုင်ရှိတဲ့အရပ်မှန်သမျှ အပစ်အခတ်ရပ်စဲရေးလိုက်ညှိပြီး PDF တွေကို သည်းသည်းမည်းမည်း လိုက်ဆော်နေတာလေ။ သဘောကတော့ စစ်တပ်ဟာ အရင်က သူပုန်ဆိုပြီး သူတို့တိုက်နေတဲ့သူတွေနဲ့ ဘွာတေးခတ်ပြီး သေနတ်ပြောင်းဝကို ပြည်သူတွေဘက် လှည့်ထားလိုက်တာ။ အဲ့ဒီအခါကျတော့ ပြည်သူက စစ်တပ်ရန်ကလွတ်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေဆီမှာ စစ်ဘေးရှောင်နေရတာ။ အဲ့ဒါက ဆရာဝန်တွေအတွက် လွတ်မြောက်နယ်မြေ ဖြစ်လာရော။ ရှင်းပလား။
လွတ်မြောက်နယ်မြေမှာ ဆေးကုရတဲ့အားသာချက်ကတော့ စကစရဲ့ အနှောက်အယှက် အပိတ်အပင် အတားအဆီး ကင်းတယ်။ ကိုယ့်လာမဖမ်းနိုင်ဘူး။ ဆေးရုံမှာလှူထားတဲ့ပစ္စည်းတွေ လာသိမ်းလို့မရဘူး။ အောက်ဆီဂျင်အိုးတွေ လာယူသွားလို့မရဘူး။ ဆေးဆိုင်တွေ လာပိတ်ခိုင်းလို့လည်းမရဘူး။ ဘာဝယ်မရဘူး ညာဝယ်မရဘူး ခေါင်းမစား။ “လိုချင်တယ်။ ရှာပေး။ အဲ့ဒါရမှ ဖြစ်မယ်။” ဆို ပြီးပြီ။ သူတို့ဘာသူတို့ ရအောင်ရှာလိမ့်မယ်။ အဲ့ဒါလွတ်မြောက်ခြင်းရဲ့အရသာပဲ။ ရန်ကုန်မှာ ဆေးဝယ်မရ၊အောက်ဆီဂျင်ဖြည့်မရ၊ ဆေးရုံတင်မရ၊ ဘာမရ ညာမရနဲ့လူတွေ မျက်ရည်တောက်တောက်ကျသွားမယ်။
အဲ့သလိုမျိုး လွတ်မြောက်နယ်မြေတွေ များများလာမှ ကိုယ့်ပြည်သူတွေ အသက်ရှူချောင်လိမ့်မယ်။ ဒါကြောင့် ကိုယ့်ရပ်ကိုယ့်ရွာ အေးချမ်းလွတ်မြောက်ဖို့ရာအတွက် စစ်ဖိနပ်အောက်က လွတ်အောင်ရုန်းထွက်ဖို့ လိုတယ်။ သူတို့နဲ့ မပူးပေါင်းနဲ့။ မထောက်ပံ့နဲ့။ သတင်းမပေးနဲ့။ ဒလန်မလုပ်နဲ့။ အကာအကွယ်ပေးသင့်သူကိုပေး။ စောင့်ရှောက်သင့်တဲ့သူကို စောင့်ရှောက်။ အနည်းဆုံးတော့ ကိုယ့်ဆရာဝန်ကိုယ် ဘေးရန်ဆီးကာ မပေးနိုင်ရင် ကိုယ့်လည်း ဆေးကုပေးမယ့်သူ ရှိမှာ မဟုတ်ဘူး ဆိုတာ သတိရစေချင်ပါတယ်။ စစ်ဆေးရုံဆိုတာ ခများတို့လိုအရပ်သားမပြောနဲ့ အခွေပါတဲ့သူတွေတောင် တူသလားတန်သလား ပြော၊ တောထုတ်ခံရတဲ့အရပ်ပါ။ သူ့ဆေးရုံတင်ချင်ရင် စစ်တပ်ကပါရဂူတွေတောင် ရွှေရူပါဦးလက်မှတ်ပါမှ တင်ရဲတဲ့ဘဝပါ။ ကိုင်း။ အသက်ကို ဉာဏ်စောင့်သတဲ့နော်။ ကိုယ့်ဆရာဝန်ကိုယ်စောင့်ရှောက်နိုင်ကြပါစေသား။