တော်လောက်ပြီ ထင်တယ် လို့ နိဂုံးကလေး အဆုံးသတ်မယ် ကြံပေမယ့်လည်း လှထုံတို့ရွာအကြောင်းက ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလို့ လာပြန်ပြီ နောက်တစ်ပိုင်းနော်။
ရွာရောက်ပြီး ၃ ရက်မြောက်နေ့ ဆေးခန်းစမဖွင့်ခင်မှာ swab ယူပြီး ပိုးမတွေ့ခဲ့ပေမယ့် ၇ ရက်မြောက်နေ့မှာ ထပ်ယူတဲ့အခါ positive ဖြစ်သွားပါပြီ။ အစကတည်းက ဘယ်လိုမှ ပြေးမလွတ်လောက်ဘူးလို့ တွက်ထားပြီးသားမို့ ထူးထူးထွေထွေ တွေဝေအံ့ဩနေချိန် မရှိပါဘူး။ မနှစ်ကတစ်နှစ်လုံး ပိုးမကိုက်အောင် ရှောင်ရှားနေနိုင်ခဲ့ပေမယ့် ဒီတခါတော့ မလွတ်တော့ပါလား လို့ပဲ သဘောထားလိုက်ပါတယ်။ အမေတွေ အဒေါ်တွေတောင် ကျော်ဖြတ်လာနိုင်ခဲ့သေးတာ ကိုယ့်အတွက်လည်း အချိန်ကာလတစ်ခုကြာရင် ပျောက်ကင်းသွားပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုဗစ်နဲ့ ဟန်းနီးမွန်းကာလမို့ ထင်ပါရဲ့။ ဆေးတစ်ခွက်လောက် သောက်လိုက်ရင် ပိန်းကြာဖက် ရေမတင်သည့်နှယ်ပဲ။
ခုမနက် ဗော်လံတီယာလေးတွေဆီက ဖုန်းလာတော့ မနေ့ကကတည်းက အခြေအနေဆိုးနေတဲ့ လူနာဆီ ဆေးထိုးဆေးသွင်း ပုလင်းချိတ် သွားလုပ်ပေးလိုက်တယ်။ မနေ့နေ့လည်က ကားပေါ်တင်ပြီး ပို့လိုက်ပြီဆိုတဲ့ အောက်ဆီဂျင်အိုးတွေက ခုထက်ထိ ရောက်မလာသေးပါဘူး။ Concentrator ၂ လုံးထပ်ရောက်လာလို့ မီးစက်နှိုးပြီး အဲ့ဒါလေးနဲ့ ခုထားရတယ်။ သူများဝေဒနာကုနေရင် ကိုယ့်ဝေဒနာကိုယ်မေ့ပြီး ဆေးကုစရာ မလိုတော့ဘူး။ အိမ်မှာနားနေသင့်မှန်း သိပေမယ့် နားလို့မှမရတဲ့ဟာကို။ သုံးရင်းသုံးရင်း လျော့သွားတဲ့ဆေးတွေ ပြန်ဖြည့်ဖို့ မှာရဦးမယ်။ ဒီနေ့ထပ်ရောက်လာတဲ့ဆေးတွေလည်း သွားကြည့်ရဦးမယ်။ တနင်္ဂနွေနေ့ ဆေးခန်းပိတ်တယ် ဆိုပေမယ့် တင်ထားတဲ့လူနာတွေနဲ့ day care O2 အခန်းမှာ တနေ့တာ လာရှူမယ့်သူတွေကို စီစဉ်ပေးရဦးမယ်။ တောဆိုတော့ တောစတိုင်ပဲလေ။ မကြည့်ဘူး။ ပိတ်တယ်။ ဘယ်လောက်ငြင်းငြင်း လူမမာ ကားပေါ်တင်ခေါ်လာပြီး “မရဘူး။ အဝေးကြီးကလာတာ။ ကြည့်ပေး။” တွေလည်း လာကြဦးမှာ။ ကိုယ့်ကိစ္စပဲ ကိုယ်သိကြတာကိုး။
ကိုယ့်ရွာက အိမ်ခြေ ၁၅၀၀ လောက်ပဲရှိပေမယ့် ရွာနီးချုပ်စပ်အတွက်ကျ ကုန်းလမ်းရေလမ်းစုံတဲ့ လမ်းဆုံမှာကျတာမို့ ဈေးဆိုင်တွေနဲ့ လူအဝင်အထွက် စည်ပါတယ်။ ရွာမှာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းကလေးနဲ့ သားဖွားဆရာမလောက်ပဲထားပေမယ့် အခုတော့ သူတို့လည်း ကိုဗစ်ဖြစ်လို့ ထွက်ပြေးသွားကြပြီ။ ဆေးခန်းဖွင့်တဲ့ ဆရာဝန်လည်း သွားရှာပြီ။ အပ်ပုန်းနဲ့ရမ်းကုတွေချည့်ပဲ တခြားရွေးခြယ်စရာ မရှိလို့ မရှိမဖြစ်မိုး လုပ်နေကြတယ်။ ဒီလိုရွာမျိုးလေးတွေ မြန်မာပြည် တနံတလျား ဘယ်လောက်တောင် များနေခဲ့သလဲ ကိုယ်လည်း အစက မတွေးမိပါဘူး။ အခုတော့ Senior Consultant လုပ်ခဲ့ဖူးတဲ့ကိုယ်က ကားလမ်းကြမ်း ၃ နာရီအကွာမှာရှိတဲ့ တိုက်နယ်ဆေးရုံကလေးက SMO ဆီကို ဒီကမနိုင်ရင်ကာ လူနာတွေ လွှဲနေရတယ်။ (ကိုယ့်နေရာကိုယ်မနေပဲ ကလန်ကဆန်လုပ်တာကိုး။ ခုတော့ တောမှာ တိုက်နယ်ဆရာဝန်အောက် ရောက်သွားပြီ မဟုတ်လားလို့ ဦးသက်ခိုင်ဝင်းကတော့ ပြောလိမ့်မယ်) လွှဲလို့သာ လွှဲရတယ်။ သူလည်းဟိုမှာ ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ သူ့ဆီကအခြေအနေလည်း ဒီကနဲ့ ဘာမှမထူးတာ။ ဒီကိုအလာ သူ့ဆေးရုံရှေ့ကနေ ကားနဲ့ဖြတ်လာခဲ့တုန်းကတော့ နောင်ကျ မွေးလူနာ ခွဲလူနာရှိရင် ဒီမှာလာပြီး လုပ်ပေးမယ်လေ လို့ စိတ်ကူးမိပေမယ့် အခုချိန်မှာတော့ တောင်မင်းမြောက်မင်း မကယ်နိုင်ပဲ။ ကိုဗစ်ကူးလို့တောင် ငြိမ်ငြိမ်ထိုင်မနားနိုင်တဲ့ဘဝ။
မြန်မာပြည်ရဲ့ ကျန်းမာရေးမဏ္ဍိုင်ကြီးဟာ ရန်ကုန် မန္တလေးမှာတောင် ဘုန်းဘုန်းလဲကျ ပြိုဆင်းသွားခဲ့ပြီ။ ပြည်စွန်ရွာဖျား ဇနပုဒ်အကြားမှာတော့ ပြောဖို့ရာမရှိ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအနှံ့အပြားမှာ ပြည်သူအားလုံး လက်တွေ့ခံစားနေရတဲ့ ဒုက္ခပါ။ brain wash အလုပ်ခံထားရတဲ့ သည်းခြေပျက်တွေကို ဗြောင်လိမ်ဖို့အတွက်သာ ဟန်ပြကလေး အလုပ်ဖြစ်ချင်ယောင်ဆောင်နေကြတာ။ စိတ်ကူးယဉ်ကမ္ဘာငယ်ကလေးနဲ့နေလေ။ ကိုယ့်လူကိုယ်အုပ်ချုပ်ပြီး မင်းကြီးနဲ ဖယဲ။ တိုင်းပြည်မြို့ သာယာပေစွ လုပ်နေကြ။ ဘဂ္ဂဒက်က ဘော့ပ်လည်း သူ့ရှေ့ကမိုက်ခွက် လာမသိမ်းမချင်း အမေရိကန်တွေကို အောင်ပွဲရနေတုန်းပဲဟာကို။
ဟိုးအရင်ကလည်း နယ်တကာလှည့် တာဝန်ကျနေတဲ့အခိုက် ဝေးလံခေါင်ဖျားတဲ့အရပ်က တိုက်နယ်ဆေးရုံကလေးတွေ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကလေးတွေ ရောက်ဖူးပါတယ်။ မီးမရှိ ရေမရှိ အိမ်သာမရှိ အမိုးအကာ မပြည့်စုံတာလေးတွေတောင် တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ ကျန်းမာရေး ဘတ်ဂျက်တွေ ပိုရလာလို့ သပ်သပ်ရပ်ရပ် အိမ်ကလေးတွေ ဖြစ်လာတာ မြင်ရလို့ ဝမ်းသာမိရုံရှိသေး။ ၂၀၂၁ ရောက်မှ ကာကွယ်ဆေးထိုးပေးမယ့်သူ ကိုယ်ဝန်စောင့်ရှောက်ပေးမယ့်သူတောင် မရှိတော့ဘူး။ ကိုယ်တို့ရန်ကုန်ဆေးရုံကြီးလည်း အတူတူပဲလေ။ ကိုဗစ်အတွင်းလူနာ ကုတင် ၃-၄၀၀ စာလောက် တင်ထားပြီး ပြည့်ပြည့်စုံစုံ ကုသပေးနိုင်မယ်လို့ ထင်ထားပြီးကာမှ အခုလည်းကျရော အောက်ဆီဂျင် မရှိလို့မဖြစ်ဘူး။ ရေမြေလေ လောကတလွှား ရှင်သန်အောင် တန်ခိုးကြီးပါလား ဆို အစကပြန်စရတယ်။
အခြေအနေတွေကတော့ မြင်တဲ့ကြားတဲ့အတိုင်းပဲ။ ဒါပေမယ့် မြင်တဲ့ကြားတဲ့သူပဲ မြင်ရမယ်။ မမြင်တဲ့မကြားတဲ့သူက မမြင်နိူင်မကြားနိုင်ဘူး။ မမြင်ချင်ယောင်မကြားချင်ယောင်ဆောင်ပြီး ကိုယ်နဲ့မဆိုင်သလို နေနေတဲ့သူတွေလည်း အများကြီး ရှိလိမ့်မယ်။ ကိုယ့်အိမ်ဝ လာမလောင်သေးသ၍ မီးဆိုတာ ပူရကောင်းမှန်း မသိသူတွေက ပိုတောင်များဦးမယ်။ ဒီအထိ ရေးလာခဲ့သမျှဟာ ကိုယ့်ဘက်က စာရေးသူတစ်ယောက်အနေနဲ့ ပကတိအခြေအနေကို မြင်သာအောင် စာနာခံစားလို့ရအောင် တင်ပြခြင်းသက်သက်မျှသာပါပဲ။ ရှေ့ဘာဆက်ဖြစ်လာနိုင်တယ်။ ကိုယ့်ဘက်က ဘာတွေဘယ်လို ဆက်လုပ်ရမယ် ဆိုတဲ့အဖြေကတော့ စာဖတ်သူတွေကိုယ်တိုင် ဖော်ထုတ်ရမယ့် လက်တွေ့လုပ်ဆောင်ရမယ့် ကိစ္စသာဖြစ်ပါတယ်။ မလုပ်ဘူးဆိုလည်း ကိစ္စမရှိဘူးပေါ့။ မလုပ်မချင်း နောက်ထပ် အနှစ် ၅၀ အနှစ် ၁၀၀ တိုင်အောင် လှထုံတို့သားသမီးမျိုးဆက်တွေ ဒီအတိုင်းပဲ ဆက်ခံစားနေရဦးမှာပါ။ ကမအဝ မှာ ဝန်ကြီးကိုယ်တိုင်က အချိန်တန်ရင် gracefully retired လုပ်ဖို့ပဲ စဉ်းစားနေတာ။ တနိုင်ငံလုံး မသာချချ ပြာကျကျ သူ့ကိစ္စ ဟုတ်တယ် မထင်ဘူးလေ။ သူ့ဘာသူ မြဝတီသတင်းလေးနဲ့ ဖြေသိမ့်နေပါစေတော့။
လှထုံတို့ရွာကို ဖတ်ရင်း သူတို့တတွေ ပညာမတတ် အသိမရှိတော့ နုံလိုက်တာ။ ရယ်ရတယ်တော့ ဗြဲ။ လုပ်နေကြတယ် မဟုတ်လား။ အောင်မလေး။ သူတို့က အခု ညတွင်းချင်းကို လူလည်တွေ ဖြစ်ကုန်ပြီနော်။ မနေ့ညနေက အောက်ဆီဂျင်အိုးမလောက်တော့လို့ ဆေးရုံမတင်နိုင်တော့ဘူး။ ဒီညတော့ အိမ်ပြန်ပြီး မှောက်လျက်ကလေး အိပ်နေပါနော်။ နက်ဖြန်မနက် ပြန်လာခဲ့။ အိုးရောက်တာနဲ့ တင်ထားပေးမယ် လို့ ပြန်လွှတ်လိုက်ရတဲ့ လူနာအဖွားတစ်ယောက်ရှိတယ်။ သူတို့လည်း အခြေအနေအရပ်ရပ်ကို ကိုယ်နဲ့အတူ ဆေးခန်းမှာ တနေကုန်မြင်တွေ့သွားသားပဲ။ နားလည်ကြပါတယ်။ ဒီမနက် သူတို့ပြန်လာတော့ လက်မှာ အောက်ဆီမီတာလေး တပ်လျက် နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်လေးတန်းလန်းရှူလျက် ပါလာတယ်။ ဒါတွေ ဘယ်ကရလာတာလဲ လို့ မေးကြည့်တော့ ညက အောက်ဆီဂျင်တွေ ကျလာတာ ၅၀ ကျော်ပဲ ရှိတော့လို့ ရွာထဲက တစ်အိုးဝယ်ရှူထားနှင့်တယ် ဆရာ တဲ့။ မြင်တယ်နော်။ သင်ရင်ပြရင် မတတ်ဘူးဆိုတာ မရှိဘူး။ အလည်းမအသလို ထုံလည်းမထုံကြဘူး။
မနေ့က ဘာကြောင့်အောက်ဆီဂျင်ရှာရခက်သလဲ သိလား။ ရွာမှာဝယ်ရင် တစ်အိုးမှ ၃ သိန်းရယ်။ မနေ့က မန်းလေးမှာ တစ်အိုး ၁၂ သိန်းပေါက်တယ် တဲ့။ ဒါကြောင့်မို့ ပြောင်းပြန်စီးသော မြစ်တစ်စင်းဖြစ်ကုန်တာ။ သိရဲ့လား။ ရွှေကျင်မှ ကျောက်တူးမှ ချမ်းသာတယ်မထင်နဲ့။ ခုခေတ်မှာ လေလေးမှုတ်မှုတ်ရောင်းတောင် သီရိသုဓမ္မသိင်္ဂီ လုပ်လို့ရနေပြီ ဥစ္စာ။ တနိုင်ငံလုံး လှထုံလောက်မှ မလည်ရင်တော့ သံသရာအဆက်ဆက် စစ်ကျွန်ခံရဦးမှာ။ ကိုယ့်ဘာသာ ဘာလုပ်သင့်သလဲ သဘောပေါက်ကြ။ တော်လောက်ပြီ။ ဒါပဲ။