လှထုံတို့ရွာ (၄)

ကိုဗစ်ကာလအတွင်း ဆေးခန်းဖွင့်ပြီး လူနာကြည့်တယ်ဆိုတာ လာလာသမျှ အကုန်လုံး အတူတူထိုင် အတူတူစမ်းပြီး အတူတူကုလို့ မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ်က အထက်တန်းကျောင်းကြီးကို ဘယ်တစ်ခြမ်း ညာတစ်ခြမ်း ခွဲပြီး COVID နဲ့ Non COVID ကို တနေရာစီ ဆရာဝန် ဆရာမ တစ်ယောက်စီခွဲပြီး ကြည့်တယ်။ ကျောင်းတံခါးဝမှာ ဝါးလုံးတားပြီး လက်ဆေး mask တပ် ပြီးမှ လုံခြုံရေးဂိတ်ကိုသွား။ အထဲမှာ level 2 နဲ့ ဗော်လံတီယာက လက်ကလေးထုတ်ပြီး နဖူးကို thermo gun လေးနဲ့ အဖျားတိုင်းလိုက်တယ်။ စာရွက်ကလေးနဲ့ ပေးထားတဲ့အတိုင်း တိုက်စစ်၊ ကိုဗစ်နဲ့ဆိုင်ရင် ဟိုဘက်ကြွ၊ မဆိုင်ရင် သည်ဘက်ကြွ။ ကွင်းပြင်ထဲ ခပ်ကျဲကျဲခင်းထားတဲ့ ခုံတန်းရှည်ပေါ်မှာ တစ်ခုံကို တစ်ယောက်ပဲ ထိုင်ရတယ်။ စာအုပ်ထပ်တဲ့ဆီက နံမည်ခေါ်မှ အခန်းဝက ခုံတန်းလေးမှာ အဖျားပြန်တိုင်း၊ သွေးပေါင်ချိန်၊ အောက်ဆီဂျင်တိုင်း လုပ်ပြီး ဆရာဝန်အခန်းထဲ သွင်းတာ။ တစ်ခါသွင်းရင် လူနာတစ်ယောက်တည်းဆိုပေမယ့် ဆရာဝန်အခန်းထဲ ကုတင် ၆ လုံးနဲ့ ချာရပတ်ကို လည်နေတာပါပဲ။ ထိုင်တောင်မထိုင်လိုက်ရ။ ဆရာဝန်ပြစရာမရှိတော့လို့ အောင်းထားတဲ့လူနာပေါင်းစုံ ထွက်လာတာကိုး။ ကိုယ်က ကိုဗစ်ဘက်ခြမ်းနေတော့ လူနာ ၆ ကုတင်နဲ့မလောက်ဘူး။ နောက်တစ်ခန်းဖွင့်ပြီး ၁၂ ကုတင်ယူရတယ်။ အောက်ဆီဂျင်ပေးဖို့လိုလာရင် ဟိုဘက်ခန်းကြွ အောက်ဆီဂျင် ရအောင်ပေးပြီး ဂရီး ဂရီး ဝင်ကြည့်ရတယ်။ လောလောဆယ်မှာ ညအိပ်လူနာလက်ခံဖို့ ဟောခန်းမကြီးက ပြင်နေတုန်း ရှိသေးတာ။ ညအိပ်ညနေ ကူမယ့် ဗော်လံတီယာတွေလည်း မရသေးဘူး။ ဒါကြောင့် အောက်ဆီဂျင် ၇၀-၈၀ နဲ့ အသည်းအသန်လူနာရောက်လာရင် ကျွန်တော်တို့က ဆေးရုံမဟုတ်ပါဘူး။ ညဘက် လူနာကြည့်ပေးလို့ မရပါဘူး။ လူနာရဲ့အခြေအနေက စိုးရိမ်ရပါတယ်။ မဖြစ်မနေ ဆေးရုံတက်ဖို့ လိုကိုလိုပါတယ်။ ဒါကြောင့်မို့လို့ လောလောဆယ် ကျွန်တော် အောက်ဆီဂျင်ပေးထားပါမယ်။ ဆေးရုံပို့ဖို့ ကားစီစဉ်ချေပါ။ ညနေ ၄ နာရီ ကျွန်တော်တို့ ဆေးခန်း ပိတ်ပါမယ် လို့ စကားကုန်အောင် ပိတ်ပြောရပါတယ်။ လူနာက ပြောရဆိုရ လက်ပေါက်ကပ်တာ မဟုတ်ဘူးခင်ဗျ။ ဆရာဝန်က ကပ်နေတာ။ ဆေးရုံကို မရောက်ရောက်အောင် ခေါ်သွားပါပြီတဲ့။ ဟိုမှာ ဆရာဝန် ရှိမှာမို့လား။ သူတောင် CDM လုပ်လို့ ဒီရောက်လာတဲ့ဟာ။ ရှိတယ်ထား။ ကုမယ် တင်မယ် လို့ ဘယ်သူက အာမခံနိုင်လို့တုန်း။ လူမရှိလို့ ကုတင်မအားလို့ အောက်ဆီဂျင် မရလို့နဲ့ ပြန်ပြန်လွှတ်နေတာ တရပ်လုံးတရွာလုံး သိတယ်။ ခုမှရောက်လာတဲ့ ဟောဒီဆရာဝန်သာ မသိတာ။ အားကြီး လက်ပေါက်ကပ်တာပဲ။

ဒီလိုနဲ့ပဲ မိုးကြီးချုပ်တယ်။ လူနာကတော့ မပြန်နိုင်ပေါင်။ ဆရာ့ဘာဆရာ ပြန်ချင်ပြန်။ သူကတော့ ဒီမှာပဲ အိပ်မတဲ့။ လာတုန်းက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ၇၀-၈၀ အောက်ဆီဂျင်က တနေကုန်ထိုင်ပြီး စိတ်အေးလက်အေးရှူလိုက်မှ ၉၀ ပတ်ချာလည်လောက် တက်လာတာကိုး။ အိမ်ပြန်ရောက်သွားရင် ပြန်ကျလာမယ့်တူတူတော့ ဆေးခန်းထဲ အိပ်နေလိုက်လည်း တောသူတောင်သား ချေးမများတတ်ပါဘူး။ သွားသွား။ စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့။ ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ။ မနက်ကျ စောစောလာခဲ့နော့ တဲ့။ အေးလေ။ အဲ့ဒီတောသူတောင်သားတွေပဲ ကြောက်တာ။ ညကျ တပိုတပါးသွားတော့ ဘယ်နားသွားထိုင်မှာတုန်း။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ထဲဖတ်ပြီး ရွာထဲထွက်ထွက် ဝယ်မယ့်ဥစ္စာ။ ၂ ရက် ၃ ရက်အပြင် မကြာပါဘူး။ ပြင်ချိန်ဆင်ချိန်လေးကို မပေးနိုင်တာ။ နောက်ဆုံးတော့ အိုးနဲ့အစုံလိုက် အိမ်သယ်ပြီး မနက်ကျမှ ပြန်လာခဲ့ပါနော်။ မလာပဲတော့ မနေပါနဲ့။ ဒီရောဂါ အောက်ဆီဂျင် ရှူရုံလေးနဲ့ ကောင်းမသွားတတ်ပါဘူး ဆို ပြန်လွှတ်ရတယ်။

ဒီအရပ် ဒီဒေသက တကယ်တော့ ဆရာဝန်တွေ သောက်သောက်လဲ ပိုက်ဆံရတဲ့ အရပ်ပါ။ ဆေးခန်းထဲလာ။ အေးဆေးထိုင်ပါဦး။ ဘာဖြစ်ချင်လဲပြော။ ဖြစ်လာစေမယ်ဟေ့။ ဆရာနဲ့တွေ့ရင် သကြားနဲ့တွေ့သလိုသာမှတ်။ ဂလူးကိုးတွေ ပုလင်းကြီးရော ပုလင်းသေးရော ချိတ်ပေးမယ်။ ခင်မင်သူတွေဒီလိုခေါ်တယ်။ ဆရာ့ကို ဒေါက်ချို။ အားရှိရဲ့လား အားပြည့်ရဲ့လား။ အားပြည့်မှ အကြာကြီးခံ။ အားဆေးတွေ ဘယ်ဖင်တစ်လုံး ညာဖင်တစ်လုံး အကြောဆေးကတစ်လုံး ပုလင်းကြီးက တစ်စုံ ဘာမှ လုပ်စရာမကျန်တော့အောင် မီးကုန်ယမ်းကုန် ကုသပေးမယ်လေ။ ဆရာဝန်လေး။ ဈေးကြီးလိုက်တာ လို့ မမှတ်နဲ့။ ပေးရတဲ့ပိုက်ဆံနဲ့ တန်အောင် ဆားဗစ်ပေးတာ ဒီမှာပဲ ရှိတယ်။ ခများတို့ မြို့ပေါ် အထူးကုနဲ့တက်ပြရင် တနေကုန်လည်းတန်းစီစောင့်ရသေး။ ဘာဖြစ်သလဲ တစ်ခွန်းမေးပြီး ရင်ပတ်ပေါ် နားကြပ်ကလေးနဲ့ တို့လွှတ်လိုက်တာ။ ဘယ့်နှယ် စမ်းသပ်ခကျ မတန်တဆယူပြီး ဆေးလေးတစ်လုံးမှ ထိုးဖော်မရ။ အဲ့သလိုမျိုးပါ ပရိတ်သတ်ကြီးရယ်။ သူ့အရပ်နဲ့ သူ့ဇာတ် အဟပ်ကိုမိနေတဲ့ ကိစ္စမှာ ကိုယ်တစ်ယောက်တည်း ကီးကြောင်ကြီးနဲ့ ဟစ်နေရတာလေ။

“အမေက အားမရှိဘူး။ မောတယ်တဲ့ ဆရာ။ ဒီချိန်ဆို သူဒီလို အမြဲဖြစ်နေကျ၊ မိုရီယာမင်းလေး သွင်းပေးလိုက်ရင် ကောင်းသွားရော။ အခုဟာ ပြနေကျဆေးခန်းတွေ တစ်ခုမှမဖွင့်လို့ မသွင်းရသေးဘူး။ အဲ့ဒါလေး သွင်းပေးစမ်းပါ။” တဲ့။ ဟင်။ ကျောင်းအဝက ဝါးလုံးတန်းဂိတ်ကြီးမှာ ဆိုင်းဘုတ် အကြီးကြီး ချိတ်ထားတယ်လေ။ “ကိုဗစ်ကုသရေးစင်တာ” တဲ့။ ဒီမှာကြည့်။ ဆေးခန်းစာအုပ်ကလေးမှာလည်း ဒီအတိုင်းပဲ ရေးထားသား။ ဟိုမှာမြင်တယ်နော်။ ဟစိဟစိနဲ့ အောက်ဆီဂျင် ရှူနေတာ။ အဲ့ဒါအကုန် ကိုဗစ်လူနာတွေ ချည့်ပဲ။ ဒီအခန်းကိုက ကိုဗစ်ကုတဲ့အခန်း။ ခုလေးတင် အိုက်ကုတင်ကဆင်းသွားတာ ကိုဗစ်လူနာ။ ကိုယ့်မိအိုဘအို ကို ဘယ့်နှယ်ကြောင့် ကိုဗစ်တောထဲ မကူးကူးအောင် လာလာပို့ရတာလဲ။ ကြားဖူးတယ်မှလား။ ကိုဗစ်ဆိုတာ။ သေတတ်တယ်လေ။” “အို ကျွန်မတို့က တောသူတောင်သား။ ဒါတွေ ဘယ်နားလည်မှာတုန်းလို့။ အမေက မိုရီယာမင်းသွင်းချင်တာ။ တခြားဆေးခန်းတွေ အကုန်ပိတ်လို့ ဒီခေါ်လာရတာ။ ကိုင်း အမေ။ ကြားတယ်နော်။ အမေ့ကြောင့် ကျွန်မ အပြောအဆို ခံရပြီ။” ဆို မလှထုံလေသံနဲ့ ခြေထောက်ဆောင့်ပြီး ပြန်ခေါ်သွားပါတော့တယ်။ ထုံလှချည်လား လှထုံရယ် လို့ အပြစ်မတင်နဲ့။ ထုံလှ နဲ့ လှထုံ အတူတူပဲ။ ညီအမတွေ။

လှထုံရှိမှတော့ ကျော်ကွန့်လည်း ရှိရတာပေါ့လေ။ ကျော်ကျော်ပြီးကို ကွန့်ကြတာ။ ရွာမှာ ဆရာဝန်ရောက်နေပြီလေ။ သူတကာနဲ့ ရောကောသောကော ဝင်မပြချင်ပါဘူး။ home visit ရအောင်ပင့်ခဲ့။ ဒီဆေးခန်းရဲ့ မိန်းစပွန်ဆာပါ လို့ နားဝင်အောင်ပြော။ ကြည့်ခ ရိုးရိုးမှုတ်ဘူး။ ရှယ် ရှယ်။ ထူးထူးရှယ် လို့ ပြောပြီးပင့်ခဲ့။” ဆို ခြေမြန်တော်နဲ့ လွှတ်တာပါ။ ရွှေလက်နဲ့ခေါ်မရဘူး ဆို ဘူးလက်နဲ့ခေါ်နေမှ ဒုက္ခကွယ်။

ပြဿနာက တစ်ခုတည်းပါပဲ။ ကိုဗစ်ဖြစ်နေပြီ။ အရင်လို နေလို့ မရတော့ဘူး။ နယူးနော်မယ်နဲ့ နေကြရတော့မှာ။ အဲ့ဒါ သူတို့ သဘောမပေါက်ဘူး။

အုပ်ချုပ်ရေးအဖွဲ့ကိုသွားပြောတယ်။ ရွာမှာ ဆရာဝန်ရောက်ပြီ။ စင်တာလည်းဖွင့်ပြီ။ တခြားရွာတွေက လာပြချင်လှပြီ။ lock down လေး ဖြည်ပေးပါတဲ့။ “ဟုတ်လား။ လူနာတွေ ရွာထဲလာပြလို့ မရဘူး ဖြစ်နေသလား။ ဒါဆိုလည်း ဖွင့်ပေးလိုက်လေ။” ဆိုတဲ့စကားလည်းရရော lock down တွေ ဖြည်ချလိုက်တာ။ ဆိုင်တွေအကုန်ပြန်ဖွင့်။ ဆိုင်စားရော ထိုင်စားရော တရုံးရုံးပြန်ဖြစ်။ ရှေ့က ကာရာအိုကေဆိုင်မှာ “သီဆိုနေမယ် မင်းဖို့သီချင်းတွေ။ တညလုံးပဲ အင်းလျားလမ်းမပေါ်မှာလေ” ဖြစ်ကုန်ပါလေရော။

ကိုင်း။ လှထုံတို့ရွာမှာ တစ်ရွာလုံး ကိုဗစ်ဖြစ်တာ ဘာမှ မထူးဆန်းဘူး။ သိပြီနော်။ ဘယ့်နှယ်ရှိစ။ ရန်ကုန်ကလာတဲ့ ဆရာဝန်ကြီးရေ။ ကိုဗစ်ကုသက် တစ်နှစ်လောက် ရှိတယ်ဆို။ ဧရာဝတီစင်တာက ဆရာကြီးဆို။ ပြစမ်းပါဦး။ ခများဇ ဘယ်လောက် ရှိသလဲ သိရအောင်။