လှထုံတို့ရွာ (၃)

နောက်တနေ့ ဆေးထုပ်တွေရောက်လာတော့ ကားတစ်စီးတိုက် အပြည့်ပါပဲ။ အိမ်တစ်အိမ်မှာ ဆေးတွေကိုအမျိုးအစားခွဲ နေရာချထားရင်း ဘာတွေရှိပြီး ဘာတွေလိုသေးသလဲ စာရင်းပြုစုနေတုန်းမှာ ဥက္ကဌအမေ ကိုဗစ်နာလန်ထက ဝမ်းတွေသွားနေတာ ဘာဆေးသောက်ရမလဲ မေးလို့ ဆေးညွှန်ပေးလိုက်ပါတယ်။ လိုလိုမယ်မယ် အောက်ဆီဂျင်လေးလည်း တိုင်းကြည့်ထားဦး လို့ မှာလိုက်တော့ ခနနေ ပြန်လာခေါ်တယ်။ ဆရာ့အောက်ဆီဂျင်စက်ကလေးက တိုင်းလို့လည်း မရဘူးတဲ့။ အေးလေ။ သွားကြည့်ရမှာပေါ့။ မိုးထဲလေထဲ ထီးကလေးဆောင်းပြီး level 2 PPE နဲ့ home visit ကြွလေသတည်း။

အောင်မယ်လေး။ ကိုဗစ်လူနာအိမ်မို့သာတော်တော့တယ်။ ဆွေအစုံမျိုးအစုံနဲ့ လူနာပြုစုနေကြတာ။ ရွာလူကြီးတွေ ကို အိမ်ထဲမဝင်နဲ့၊ အပြင်ကပဲ စောင့်ကြပါ ဆိုလည်း မရဘူး။ တအောင့်နေ အကုန်အထဲရောက်လာတာပဲ။ “အမေ။ ဆရာဝန်လာပြီ အမေ။ အားတင်းထားဦးနော်။ စိတ်မလျှော့လိုက်နဲ့။” ဆို သားသမီးတွေက ကုတင်ပတ်ချာလည်မှာ ပျာယာခပ်လို့နေတယ်။ အိမ်နီးနားချင်းတွေက ပြူတင်းပေါက်က မျောက်ပွဲကြည့်သလို စိတ်ဝင်တစားကြည့်လျက်ပဲ။

အောက်ဆီဂျင်က ဘယ်တိုင်းလို့ရမလဲ။ စက်ပျက်တာ မဟုတ်ဘူး။ သွေးဆုတ်နေပြီ။ သွေးပေါင်တောင် ချိန်မရတော့ဘူး။ ဆေးထားတဲ့အိမ်ပြန်သွားပြီး ကဒ်ထူပုံးတွေ တစ်ပုံးပြီးတစ်ပုံးဖောက်ရှာ။ ဒရစ်သွင်းစရာ တစ်ပုလင်းမှ ရှာမရဘူး။ cannula လည်း တစ်ချောင်းမှမပါဘူး။ လိပ်ပြာအပ်တွေချည့် ထောင်နဲ့ချီပါလာတယ်။ အရက်ပျံတွေ သေတ္တာလိုက်ပါပေမယ့် ဂွမ်းလိပ်တစ်လိပ်တောင် ထည့်မပေးလိုက်။ ဆေးနဲ့ဆေးပစ္စည်းတွေ ကားတစ်စီးတိုက် သိန်း ၂၀၀ ဖိုးတောင် မှာပေးလိုက်တယ်ဆိုပေမယ့် ဆိုင်မှ ာ အရောင်းထိုင်းသမျှတွေ ဘောက်ချာဖြတ်ပြီး ကထိန်ပဒေသာပင်သီးသလို သီးလွှတ်လိုက်ပုံရပါတယ်။ အများကြီးတော့ အများကြီးပဲ။ ဒါပေမယ့် လိုချင်တာတော့ ရှာမရဘူး။

Viral load အများဆုံးအချိန်က အေးစက်နေတဲ့လူနာကြီးကို တစ်နာရီကျော်ကြာအောင် အကြောရှာယူရတယ်။ PPE ထဲမှချွေးတလုံးလုံးနဲ့ပေါ့။ အကူလည်း မခေါ်ချင်တော့ဘူး။ ကူးချင်းကူး ကိုယ်ပဲ ကူးပစေတော့။ နောက်တစ်ယောက်ထပ်အကူးမခံနိုင်။ နောက်ဆုံး လိုင်းရတော့မှ အောင်ပြီ အောင်ပြီ ၃ ခါရွတ်ပြီး ဆေးထိုးဆေးသွင်းလုပ်၊ ဆေးရုံကို အမြန်ခေါ်သွားပါတော့ လို့ လွှတ်တဲ့အခါ အားလုံးက “ဘာစကားတွေ လာပြောနေတာလဲ။” ဆို အထူးတဆန်းကြည့်ပါတယ်။ ဆေးရုံပို့လို့မရလို့ ဆရာဝန်ရအောင်ခေါ်ထားတာလေ။ ပို့လည်းဟိုက လက်ခံချင်မှ လက်ခံတာ။ အောက်ဆီဂျင်လည်း မရှိဘူး။ ကိုယ့်အောက်ဆီဂျင်အိုးနဲ့ ကိုယ် လာနိုင်လာ။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဖြည့်။ အရင်လွှဲလိုက်တဲ့လူနာ ၄-၅ ယောက်ရှိပြီ။ အိုးရောခေါင်းရော တစ်လုံးမှပြန်မရဘူး။ သေရင်အလောင်းပဲပြန်ရမယ်။ အောက်ဆီဂျင်ကတော့ ဆောရီးပါတဲ့။ သူတို့မှာ တခြားလူနာတွေ ပေးစရာတောင် မလောက်ရတဲ့အထဲ။ နို့ ဒီလူနာကြီးက ဒီမှာ ဘာမှလုပ်ပေးလို့ မရဘူးလေ။ ဒီတိုင်း အသေခံမလို့လား ဆိုတော့ လူနာထက် အရင်သေနှင့်တဲ့ မျက်နှာသေကြီးတွေနဲ့ တစ်ခွန်းတည်းဆက်ပြောတယ် ။ “ဘယ်တတ်နိုင်မလဲ။” တဲ့။

“Home care” ဆိုမှ “Home care” အစစ်ပါပဲ။ မိုးရွာထဲထီးတစ်ချောင်းနဲ့ လိုသမျှ အခေါက်ခေါက်အခါခါ ပြန်ယူပြီး ဆေးကုရတယ်။ ပုလင်းတွေကို နံပါတ်တပ်ပြီး ဒါပြီးဒါထည့်။ သွေးပေါင်ဒီလိုချိန် အောက်ဆီဂျင် ဒီလိုတိုင်း၊ မှောက်လျက်ကလေးသိပ် ကျောကုန်းကလေးပုတ် နဲ့ တတ်သမျှမှတ်သမျှ အိပ်သွန်ဖာမှောက် သင်ကြားပေးခဲ့ပြီး တစ်လုံးကုန်တိုင်း တစ်ခါပြန်တိုင်းပြီး ဖုန်းဆက်ပါ လို့ မှာထားရတယ်။ မျောက်ပွဲလာ မိဘပြည်သူများကိုလည်း ပြန်ကြပါတော့ မလာကြပါနဲ့ တောင်းပန်လွှတ်ရတယ်။

ဥက္ကဌအိမ် အသည်းအသန်ဖြစ်တော့ ရွာမှာရှိတဲ့ လူမှုရေး သာရေးနာရေး ပရဟိတတွေ အကုန် ပျားပန်းခပ်မျှ ဝန်းရံကြတာလေ။ တစ်ယောက်ပြန်ထွက်သွားလိုက် ပိုးတွေပါသွားလိုက်ပေါ့။ Super spreader လေးတစ်ယောက်ကတော့ ကိုယ်တို့အိမ်ကို ချောင်းပေါက်မတတ် ဝင်လာမစဲ တသဲသဲ လုပ်တော့တာပဲ။ အောက်ဆီဂျင်ပြန်တက်လာပြီ။ သွေးပေါင်ပြန်တက်လာပြီ။ အားတွေတက်အောင် လာလာပြောတာပေါ့။ တစ်ခုပဲ။ သူက ရှက်တတ်လို့ ထင်ပါရဲ့ စကားပြောရင် အသံကလေးတိုးတိုး တိုးတိုးနဲ့ ခေါင်းချင်းဆိုင်ပြီးမှ နှစ်ကိုယ်ကြား ပြောတာ။ ငါတော့ သူနဲ့မှ မကူးရင် ဘယ်တော့မှ ကူးမှာ မဟုတ်တော့ပါဘူးလေ လို့ စိတ်နှလုံး ဒုံးဒုံးချပလိုက်တယ်။

ညဦးပိုင်းမှာတော့ ရှူရှူးပေါက်ချင်တယ် လာပြောလို့ ကိုယ့်မှာ ထီပေါက်သလို ဝမ်းသာရသေးတယ်။ ပေါက်ပေ့စေ။ ကျောက်ကပ်မပျက်သေးလို့ ပေါက်နိုင်တာ။ ပေါက်သာချ။ ဘယ်နှစ်ထည်လဲရလဲရ။ သို့သော် အောက်ဆီဂျင်ကတော့ပြန်တက်မလာဘူး။ မောနေတုန်းပဲ။ အဲ့တစ်ညတည်းတင် သံတော်ဆင့်ကလေးဆီက missed call ၁၁ ခါဝင်တယ်။ မကြားဘူးလေ။ ဖုန်းပိတ်အိပ်ရတာ ကြာပေါ့။ မီးစက်မောင်းချိန်လေး အားသွင်းပြီး တနေကုန် ပါဝါဘန့်နဲ့ လောက်အောင်သုံးရတာ အိပ်ချိန်ကြီးတော့ ပါဝါအော့ဖ် ထားမှာပဲ။ နိုးနိုးချင်း အောက်ထပ်မှာအိပ်တဲ့ ဆရာမလေးက ညတုန်းက ဆရာ့လူနာဆီက ခနခနလာခေါ်တယ်။ ကျွန်မက ဆရာနားနေပြီ ဆိုပြီး ခေါ်မပေးတာတဲ့။ အေးလေ။ မသေသေးဘူးဆိုရင် မျက်နှာသစ်ပြီးတာနဲ့ PPE လေးဝတ်ပြီးသွားကြည့်ရတာပေါ့။ လူတကာ mask တောင်မပါပဲ ဥဒဟိုဝင်ထွက်နေတဲ့အိမ်ကို ဒီဆရာဝန်ကျမှ ကြောက်ဒူးတွေ တုန်နေလိုက်တာ။ ကြောက်လို့သာပါပဲ။ နောက် ၂ ရက်အကြာ ဆေးခန်းမစမီ နှာခေါင်းတို့ပတ်ယူတဲ့အခါ တံခါးဖွင့်ဖွင့်ပြီးအတွေ့ခံတဲ့ အောက်ထပ်က ဆရာမလေး p ရှာပါလေရော။

မ p ပဲတော့ ဘယ်နေပါ့မလဲ။ အဲ့နေ့ကတင် ဆရာမနှစ်ယောက်ကို လာခေါ်ပြီး ဆေးပုံးကြီးလေးငါးပုံးထဲက ဆေးတွေကို ကာလတန်ကြေး ဈေးဖြတ်ပေးပါ ဆိုလို့ ဖုန်အလိမ်းလိမ်းနဲ့ ဆေးပုံကြီးထဲ ထိုင်ဖွရတယ်။ ဘာလုပ်ဖို့လဲ ဘာအတွက်လဲမေးမှ “လှူတာလေ။ ဆေးခန်းမှာ သုံးလို့ရအောင်လှူတာ။ ခန့်မှန်းခြေ ကာလတန်ဖိုးသိရင် ဂုဏ်ပြုမှတ်တမ်းရေးပြီး သူ့မိသားစုဆီ ပြန်ပို့ပေးမှာ။” တဲ့။ ဟယ် မဟုတ်မှလွဲရော။ ဒါ သေသွားတဲ့ ဆရာဝန်ဆီက ဆေးတွေ မဟုတ်လား။” ဆိုတော့ ဟုတ်ဟုတ် ဟုတ်ဟုတ်နဲ့တောင် မြည်သေး။ ကိုဗစ်တွေကုရင်း ကိုဗစ်နဲ့သေသွားတဲ့ ဆရာဝန်အခန်းထဲက တိုလီမုတ်စဆေးတွေကို ဖုတ်ဖက်မခါ ပြန်လည်စုစည်းခိုင်းတာပေါ့လေ။ ရက်စက်လှချည်လား။ အခု အလုပ်က မစရသေးဘူး။ ဆရာမတစ်ယောက် ပဲ့သွားပြီ။

ဆေးတွေက အပုံလိုက်ကြီး။ ဗီရိုထဲတောင် မထည့်ရသေး။ လူနာကြည့်မယ့်အခန်းကို သန့်ရှင်းရေးလုပ်နေတုန်းရှိသေး။ ရွာနီးချုပ်စပ်က လူနာတွေက ဆိုင်ကယ်ကယ်ရီနဲ့ ထော်လာဂျီနဲ့ရောက်လာရော။ ဆေးခန်းတွေက ဘယ်မှာမှ မဖွင့်တော့ ဒီပဲလာစရာ ရှိတာလေ။ နေမကောင်းပဲ အဝေးကြီးကနေ လာရတာ။ ပြန်တော့မလွှတ်ပါနဲ့တဲ့။ ဆရာဝန်ကြီးငုတ်တုတ် ဆိုက်ဆိုက်မြိုက်မြိုက် တွေ့နေမှဟာကို။ ဒုက္ခပါပဲ။ ဟုတ်ပါတယ်။ ဆရာဝန်လည်း ငုတ်တုတ် လူနာလည်း ပက်လက် မျက်နှာချင်းဆိုင်ကြီးတွေ့နေပေမယ့် ဖြစ်နေတာက ကိုဗစ်ကပ်ရောဂါလေ။ အဲ့သလိုတွေအတင်းလုပ်လို့ အရင်ဆရာဝန်လည်း သေသွားတာ ပူပူနွေးနွေးကြီးရှိသေး။ ဆရာမတောင်ပြေးပြီ။ ပိုက်ဆံရှာဖို့ သူတို့ရပ်ရွာမှာ ဆေးလာကုစားတဲ့ အပြင်ဆရာဝန်များတောင် ငွေမရချင် နေပစေ။ ဆေးခန်းတော့ ပိတ်ထားမှဖြစ်မယ် ဆိုတဲ့ အခြေအနေမှာ မကုပေးရင် မပြန်ဘူး ဆို မင်းကုသထုံး နှလုံးမူနေကြတော့တာ။ အဲ့ဒါနဲ့ပဲ ကူးကာမှကူးရော ဆေးပုံကြီးခွထိုင်ပြီး ငုတ်တုတ်မတ်တတ် လူနာကြည့်ပေးရတယ်။

ဒီဘက်မှာ တိုးလို့တန်းလန်း အလုပ်မပြတ်တဲ့ကြားက ဥက္ကဌမေမေ အခြေအနေမကောင်းဘူးဆို အတင်းကိုလာပင့်နေသေးတာ။ ဘာမှလုပ်မရတော့ဘူးလေ။ အောက်ဆီဂျင်လည်း နှစ်အိုးပြိုင်ပေးထားပြီးပြီ။ ထိုးစရာရှိတဲ့ဆေးလည်း ထိုးထားပြီးပြီ။ ဆေးရုံကို ဘယ်လိုလွှဲလွှဲ မသွားတဲ့လူနာအတွက် ဆရာဝန်က ခေါင်းပေါ်ရွက်ပြီး တဖဝါးမခွါ ပြုစုကုသပေးဖို့ တာဝန်မရှိဘူး။ ကုလည်း ရှင်မှာ မဟုတ်ဘူး။ ဘာညာသာရကာ နေကြာကွာစိလေးတွေပြောပြီး ဥုံ မန်းနီးမန်းနီး ကမ်းကမ်း လုပ်မယ့်အစားလည်း မဟုတ်ဘူး။ သူ့ဝင်ကြည့်လိုက် ဒီကလူနာပြန်ကြည့်လိုက် လုပ်နေရင် ကိုယ်ကိုယ်တိုင် super spreader ဘဝ ရောက်တော့မယ်။ ရောက်လာတဲ့ ဆရာဝန်အသစ်ကလေးက ပန်းနုသွေးမဖြစ်ပဲ ခင်မို့မို့အေး တန်းဖြစ်သွားပါတယ်။ “အသည်းမာလိုက်တာတော်။” တဲ့။ ဟွန့် ဒါတောင် ဒီက အများကြီး မသိချင်ယောင်ဆောင်ထားရတာပါနော်။ ကိုဗစ်မသာကြီးကို တရွာလုံး အုန်းအုန်းကြွက်ကြွက် လိုက်ပို့ကြရုံတင်မဟုတ် ကနားဖျင်းကြီးထိုးလို့ စည်စည်ကားကား အသုဘပွဲလုပ်သေးတာ။ လှထုံတို့ရွာများ စကားဦးသန်းရင်း အပိုင်း (၃)တောင် ပြတ်သွားတယ်။ ခုထက်ထိ ဆေးခန်းဖွင့်တဲ့ဆီ မရောက်သေးဘူး။ အံ့ဩပါ့။