လှထုံတို့ရွာ (၂)

ဒီအလုပ်ကို လူမိုက်တွေပဲလုပ်မယ်။ လူလိမ်မာတွေ မလုပ်ဘူးဆိုတာက ကိုယ်ရောက်နေတဲ့အရပ်ရဲ့ ကာလံဒေသံတွေနဲ့ဆိုင်ပါတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော အုန်းကနဲ ဒိုင်းကနဲ ကျနေတဲ့ စစ်မြေတလင်းမို့လို့ အခန့်မသင့်ရင် လမ်းမှာဂိသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ပိုဆိုးတာက စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ကျော်ရဖြတ်ရဦးမှာ။ ဘယ်နေရာမှာ ငါ့ဆွဲစိလိုက်မှာပါလိမ့်ဆိုတဲ့ စိတ်နဲ့ ခရီးသွားရပါတယ်။ လက်ကိုင်ဖုန်းကို reset မချရုံတမယ် ဖယ်ရှားခြင်းတွေပြုပြီးမှ အာကာထွန်းဘောင်းဘီဝတ် ရာဘာဖိနပ်စီးပြီး ရွှံ့အလူးလူးနဲ့ ရုပ်ပေါက်အောင် သွားရတာ။ ကားနဲ့သွားမရရင် ဆိုင်ကယ်နဲ့ ၊ ဆိုင်ကယ်ပါရုန်းမရရင် လူကိုယ်တိုင် ဗွက်ထဲဆင်းရုန်းရတာကိုး။ ကားဆရာကတော့ တစ်ဂိတ်ဝင် တစ်မျိုး ပုံပြောတာပါပဲ။ “ရွာဦးကျောင်းဆရာတော် အသည်းအသန်ဖြစ်နေလို့ လစ်တော့မယ်။ သူ့ခမည်းတော်နဲ့ မိသားစုတွေကို အသက်မီအောင် သွားပင့်လာတာ။ သွားလက်အုန်းမျယ်နော်။ သက်လား။” ဆိုတာကတမျိုး။ “ဒါ ကျနော့်လော်ပန်။ နေမကောင်းလို့ အိမ်ပြန်ခေါ်လာတာ။” ဆိုတာလည်းပါသေး။ ပါးစပ်ထဲရှိရာပြောသော်ငြား လက်ထဲရှိတာလေးလည်း မနည်းစေနဲ့ပေါ့နော။ “ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။” ဆိုတာလေးနဲ့ သွားလမ်းလာလမ်း သာစေတယ်လေ။ ဒါတောင် တိုက်ပွဲဖြစ်နေလို့ ပိတ်သွားတဲ့လမ်းတွေ ကွေ့ပတ်ရှောင်ရှား သွားရသေး။

ကိုယ်ကသာ ရောက်မှရောက်ပါ့မလား။ တထိတ်ထိတ်နဲ့လိုက်ရတာ။ ဆရာသမားက ကိုယ့်အထုပ်တွေ သူ့ကားပေါ်တင်ပြီးတာနဲ့ ရွာကို ဖုန်းလှမ်းထောက်တော့တာပဲ။ “ရပြီ။ ရပြီ။ ဆရာဝန်ခေါ်လို့ ရလာပြီ။ လမ်းမှာ ညမအိပ်ဘူး။ နေ့ချင်းအရောက်မောင်းခဲ့မှာ။ အကုန်လုံးကြိုဖို့ အသင့်ပြင်ထား။” တဲ့။ “မျှော်နေကြတာ ကြာလှပြီ ဆရာရဲ့။” တဲ့။ ဟုတ်မှာပါ။ ချက်ချင်း ရွာလူကြီးက ဖုန်းပြန်ဆက်တယ်။ “ဝမ်းသာလိုက်တာ ဆရာရယ်။ ကျေးဇူးတင်လိုက်တာ ဆရာရယ်။ ဒီညပဲ ဆရာ့ကိုကြိုဖို့ ပွဲလုပ်ထားတယ်။ ဒီမှာ ဆရာ့ကို အရမ်းတွေ့ချင်နေတဲ့ အဖွဲ့သားတွေ ၃ ဖွဲ့ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်ရယ် စခန်းမှူးကြီးရယ် တပ်ကလူကြီးတွေရယ်။” တဲ့။ ခေါင်းနားပန်းကို ကြီးသွားတာပဲ။ ဖြူဖြူကျော်သိန်း အသံလေးနဲ့ “ဘလို ဘလို ဘလို ပြောလိုက်တယ်။ ပြန်ပြောပါဦး ပြန်ပြောပါဦး။ ကျွန်တော့်ကိုတွေ့ဖို့စောင့်နေတယ်။ ဘသူက။ ရဲက။ စစ်တပ်က။ အယ်မလေး။ ဖယ်ယား။” ဆို ရင်ဘတ်ကလေး သပ်ချလိုက်ရတယ်။ “မစိုးရိမ်ပါနဲ့ဆရာ။ ကျွန်တော်တို့အရပ်က အားလုံး ညီအကိုတွေလိုပါပဲ။ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေကြတာ။” တဲ့။ ဟုတ်ရဲ့လားဗျာ။ သမင်နဲ့ကျား လေးသမားနဲ့သားကောင် ချစ်ခင်ယှဉ်တွဲနေတဲ့ မိဂဒါဝုန်တောကြီးပေါ့။ ဒါဖြင့်။ သို့သော်လည်း သားသားကြောက်တယ်နော်။ တောင်းပန်ပါရစီ။ ဘာပွဲမှ မလုပ်ပါနဲ့။ ဘယ်သူလာမယ်ဆိုတာလည်း မပြောပါနဲ့။ အမည်မဖော်လိုသူ ဆရာဝန်လေးတစ်ဦးမှ လာရောက်ကူညီသည် လို့ပဲ သဘောထားပါ။ လို့ သတင်းတွေ လိုက်ပိတ်ရတယ်။

ရော် ဒီဆရာဝန့်နှယ်။ မကြောက်သင့်တာ ကြောက်နေတယ်။ ကျုပ်တို့က ကြွားနှင့်ပြီးပြီဗျ။ ငတို့ရွာ ဆရာဝန်ရခဲ့ပြီ။ နှယ်နှယ်ရရ မမှတ်နဲ့။ ရန်ကုန်က ဆျာဝင်နော်။ ရန်ကုန်တောင် ရန်ကုန်ဆေးရုံကြီးက။ ရိုးရိုးဆျာဝင်တောင်မဟုတ်ဘူး။ ခွေးစိတ်ဆျာဝင်။ ဖေ့စ်ဘုတ်အကောင့်ကြီးနဲ့ တဂ်တွဲပြီး မကြွားသေးတာတောင် ကျေးဇူးတင်ရမယ်။ “အို ဘာပဲဖြစ်ဖြစ် ဆရာဝန်ပါလာပြီဆိုတော့ မနက်ဖြန်မနက် လူနာတွေ စကြည့်လို့ ရပြီပေါ့နော်။” “ ဪ။ ဆေးခန်းကြီးက ဖွင့်ရင်းတန်းလန်းလား။” ဆိုတော့ “ဆေးခန်းမရှိဘူး။ ကျောင်းဝန်းထဲမှာ နေရာချပေးမှာ။” တဲ့။ ဖြစ်မှဖြစ်ရလေ။

အင်မတန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတယ် ဆိုတာကတော့ အမှန်ပါပဲ။ ကားဆရာလေးက တလမ်းလုံး ကိုယ့်ကို အရိပ်တကြည့်ကြည့် အကဲခတ်ပြီး ရွာကိုလှမ်းစီမံတာ။ ညနေ ရွာရောက်ရင် ဆရာတို့ ဆာလာမယ်နော်။ ထမင်းကောင်းကောင်းချက်ထား။ တို့ဆီကဆန်စီးတွေ ဆရာ မစားတတ်ဘူး။ ပေါ်ဆန်းမွှေးတစ်အိုးချက်ထား။ ဟင်းကောင်းကောင်းချက်။ ကြက်ဥမွှေကြော်တော့ ပါပစေ။ ဆရာက ကော်ဖီဆို မေမြို့နှပ်ကော်ဖီအစိမ်းထုပ်ကလေးတွေ သောက်တာ။ သိလား။ ဈေးထဲမှာ သွားဝယ်ထားနှင့်။” သူ့ဟာသူ ထောင့်ကိုစေ့နေတာပဲ။ ရွာထဲလည်းကားဝင်ရော ဟွန်းလေးတတီးတီးနဲ့ကို ဝင်တာ။ အိမ်ပေါက်စေ့ထွက်ကြည့်နေတာလေ။ ရဲစခန်းရှေ့ကဖြတ်တော့ စခန်းမှူးကြီးက ကြည့်ရုံနဲ့ အားမရလို့ နောက်က ကားနဲ့ကိုလိုက်လာတာ။ ရွာလူကြီးတွေ အားပါးတရ နှုတ်ဆက်နေတုန်း အိမ်ရှေ့က ကားရပ်ပြီးကို ကြည့်သွားတော့ ကိုယ့်မှာ ဖျာတန်းထဲ ရဲအုပ်ကြီး ဝင်လာပြီး လူလာရွေးသလိုကို ခံစားရတယ်။ ဘယ်လိုလူကြီးလဲ။ နောက်ပြီး ဘယ်သူတွေမှန်းမသိ ခပ်တည်တည်နဲ့ ဖုန်းထုတ်ပြီး ဓါတ်ပုံတွေက ရိုက်သေးတော့ မလှမှာစိုးလို့ ပြုံးသာနေရတယ်။ ဇောချွေးတွေကိုပြန်ရော။

ရွာသူရွာသားများဆိုတော့ အင်မတန် ဧည့်ဝတ်ကျေပါတယ်။ ညစာထမင်းဝိုင်းကြီးက မယ်တော်လေးပါး စားတော်တိုက်သလောက်ကို စားဖွယ်စုံလင်တာ။ စားလည်းစားပါ။ စောင့်လည်းစောင့်ရှောက်ပါပေါ့။ “အိမ်မှာ အမောဖောက်နေတဲ့ အမေ ရှိတယ်။ ဝါသနာပါရင် လိုက်ကြည့်ပါဦးလား။” တဲ့။ လက်ဖဝါးနှစ်ဘက် ထောင်ပြပြီး “ကျွန်တော့်မှာ ဘာဆေးမှ မရှိဘူးလေ။ ဆေးတွေက မနက်မှ ရောက်မှာ” ဆို။ “အို ဆရာကလည်း။ ဘာဆေးမှ မရှိလည်း ဆရာဝန်က လူနာလက်ကလေးကို ကိုင်ပြီး ကျွန်တော်လာပြီ။ အားတင်းထားနော်။ သက်သာသွားမှာ သိလား လို့ ပြုံးပြုံးလေး ပြောလိုက်ရင် လူမမာ ရောဂါတဝက် သက်သာသွားတယ် ဆရာရဲ့။” လို့ လက်ချာတွေ ရိုက်ပါလေရော။

ရွာမှာ ဆရာဝန်ရောက်ပြီ ရေချိုးမိုးချိုး ညစာထမင်းများလည်း တည်ခင်းဧည့်ခံပြီးပြီဆိုတော့ ကျေးရွာသဘာဝ “ကျုပ်တို့အိမ် ရေနွေးကြမ်းသောက်ကြွပြီး လူနာကလေးများ ကြည့်လှည့်ပါတော်။” ဆို လာလာခေါ်ကြပါလေရော။ ပြောတော့ကျ ကိုဗစ်တွေ တရွာလုံးဖြစ်လို့ lock down တောင် ချထားရတယ်ဆို။ mask တပ်တဲ့လူလည်း မမြင်မိဘူး။ အိမ်အလည်ချည့်ခေါ်နေကြပါရောလား။

ဆရာနဲ့တွေ့ချင်လို့ ဧည့်သည်တစ်ယောက် စောင့်နေတယ် ဆိုလို့ ဆင်းတွေ့တော့ “ကျွန်တော်က စအဖ ကပါ”တဲ့။ “ဆရာတို့ ဘယ်နှစ်ယောက်လာတာလဲ။ ဘယ်ကလာတာလဲ။ အမည် အသက် မှတ်ပုံတင် အလုပ်အကိုင်။ ဘယ်ဆေးရုံမှာ နောက်ဆုံး တာဝန်ကျခဲ့တာလဲ။ အဲ့ဒီကိုယ်ရေးအချက်အလက်ကလေးတွေ ရေးပေးပါ။ ကျွန်တော့် လူကြီးက အတောင်းခိုင်းလို့။ အထက်ကို တင်ပြ သတင်းပို့ရမှာမို့ပါ။” တဲ့။ အိုး ဘုရားသခင်။ တရပြန်ပြီ ဖြူဖြူရေ။ “စိတ်ချပါ။ ကျွန်တော်တို့ကို ယုံပါ။ ဆရာတို့ကို အန္တရာယ်မဖြစ်စေပါဘူး။ တာဝန်အရ အထက်အဆင့်ဆင့်ကို သတင်းပို့ရုံလေးပါပဲ။” တဲ့။ လွှတ်ယုံတာပေါ့ဗျာ။ အဲ့ဒီ တာဝန်အရ တစ်ခွန်းတည်းနဲ့ပဲ တတိုင်းပြည်လုံး ဘာတွေဖြစ်ကုန်ရသလဲ။ ဦးဦးစစ်သားကြီးတို့ကို ယုံမှဖြင့် ကျုပ် ဒီနေ့ ဒီနေရာမှာ ရောက်နေစရာ အကြောင်းကို မရှိဘူး။ အရူးကွက်ပြန်နင်းပြီး “လူကြီးတွေ မရှိသေးဘူး။ သားလည်း ဘယ်သူနဲ့မှ မသိသေးဘူး။ လိုက်မေးလိုက်ဦးမယ်နော်။ နောက်တခေါက်မှ ပြန်လာခဲ့ပါလား။” လို့ အချိုသတ်ကလေး ပြန်ချော့ရပါတယ်။ ပြီးတာနဲ့ ရွာလူကြီးတွေဆီ ဖုန်းတက်ပြီး “အောင်မယ်လေး အရပ်ကတို့ရေ။ သားသားကြောက်တယ်။ မနေရဲဘူး။ ပြန်တော့မယ်။” လုပ်ရတာပေါ့။ “ဘယ်က စအဖ ကို ပြောတာလဲ။ ရွာမှာ စအဖ မရှိပါဘူး။ ကိုဗစ်ဖြစ်လို့ မြို့ကဆေးရုံပေါ်မှာပဲ ရှိသေးတယ်။ အဲ့ဒါ ဘာမှမဟုတ်ဘူး။ ဒလန်လုပ်ပြီး စကစဆီ သတင်းပေးမလို့ အချဉ်လာဖမ်းတာ။ မိလို့ကတော့ သေပြီသာမှတ်။” ဆိုတော့ အဲ့ဒီကောင်ထွက်ပြေးရပါလေရော။ ကိုယ့်မလည်း ရွာမှာဖင်ပူအောင်မထိုင်ရသေးဘူး။ ရန်သူတစ်ယောက် ရသွားတာပေါ့။

ပြောထားပြီးတဲ့အတိုင်း လမ်းခရီးမှာ စစ်ဆေးရေးဂိတ်တွေ အကြိမ်ကြိမ်ဖြတ်ရတယ်။ ဒီအရပ် ဒီဒေသ ဒီချိန်ခါ ဘ်ိန်းအထုပ်လိုက်သည်လို့လည်း အမေးအမြန်းရှိမှာ မဟုတ်ဘူး။ ဆေးပြားတွေ ကီလိုလိုက် ရွက်လာလည်း အဖမ်းခံရစရာ မရှိဘူး။ ဒါပေသိ သူတို့ပြည်နယ်ထဲက CDM လုပ်လာတဲ့ ဆရာဝန်တွေ၊ ၅၀၅ ထဲပါထားတဲ့သူတွေကတော့ သူတို့ဆီမှာ ဓါတ်ပုံကြီးတွေနဲ့ စာရင်း ရှိတာနော်။ ဂိတ်မှာမိသွားတဲ့ဆရာဝန်တွေ ရှိပ။ နယ်ဆိုတော့ သတင်းက ဖုံးထားလို့မရဘူး။ ပိုဆိုးတာကတော့ ဒလန်တွေကတဆင့် သူတို့ဆီစာရင်းရောက်ထားတဲ့ PDF ကလေးတွေပါပဲ။ မိလို့ကတော့ စစ်ကြောရေးမှာ အိပ်မငိုက်အောင် အပေါ်မျက်ခွံကို မျက်ခုံးမွှေးမှာ တွယ်ချိတ်နဲ့တွယ်ပြီး စစ်တယ်လို့ ပြောကြတယ်။ ခေါင်းဖြတ် ဓါတ်ပုံရိုက်ပြီး တပ်ရင်းစခန်းကို ပို့ပေးလိုက်တာလည်း ရှိတယ်။ မယုံရင်လည်း မယုံနဲ့ပေါ့။ ဒါတွေက ပုံပြင်တော့ မဟုတ်ခဲ့ဘူး။ ကြောက်သလားဆိုရင် မကြောက်ပါဘူး။ ဒါပေမယ့် ကိုယ်က ဘာကိစ္စ အဲ့ဒီကောင်တွေ အနှိပ်စက်ခံရမှာတုန်း။ လွတ်အောင်ရှောင်မှာပေါ့။

အပြန်ကျ ဂိတ်တွေမှာ ဓါတ်ပုံရောက်သွားပြီးရင်တော့ “ဟယ်လို။ ဒေါက်တာကြီး။ ပြန်လာပြီလား။ အောက်ဆင်းပါဦး။ အေးဆေးပေါ့။ လက်ဘက်ရည်လေးဘာလေးသောက်ရအောင်။ ပြီး ဘာဆက်လုပ်ရမလဲ ကျွန်တော် အထက်ကို သတင်းပို့လိုက်ဦးမယ်လေ။” ဆို ဖြစ်လာမှာဗျ။ ပြောမယ့်သာပြောတာပါ။ ကိုယ်ပြန်တဲ့အချိန်ထိအောင် ဟိုကျက်သရေတုံးကြီးက အသက်ရှင်လျက် ရှိနေမှာ သေချာလို့လား။ တနေ့ ၃ ခါမက သင်းချိုင်းကုန်း မျက်စောင်းထိုးနေတဲ့ အကုသိုလ်ကောင်ကြီးပဲဥစ္စာ။ သူ့အသက်နဲ့ ကိုယ့်အသက် ဘယ်သူက ဇီဝိန်အကြွေလွယ်သလဲ ကြည့်ကြသေးတာပေါ့နော့။