“Fly me to the Moon
and let me play among the stars
Let me see what spring is like
ကိုယ်တို့ဆီမှာ စိတ်ကူးယဉ်ကြတဲ့အခါ သက်တန့်ပေါ်မှာပဲ ကစားကြပါတယ်။ သူတို့ဆီက ကလေးတွေ စိတ်ကူးထဲမှာ ကစားရင်တော့ လကမ္ဘာပေါ်တက်ပြီး ငွေကြယ်ပွင့်ကလေးတွေနဲ့ ကစားတယ်။ အဲ့ဒီကမှ တခြား အရံဂြိုလ်လေးတွေဆီတောင် သွားလိုက်သေးတယ်။ ကြာသပတေးဂြိုလ်တို့ အင်္ဂါဂြိုလ်တို့မှာ နွေဦးရာသီကျရင် ဘယ်လိုများ နေမှာပါလိမ့်တဲ့။ သူတို့ကလေးတွေက အမြင်ကျယ်တယ် လို့ ပြောရမလားပဲ။ ကလေးတွေမှာ လွတ်လွတ်လပ်လပ် စိတ်ကူးဉာဏ်ကလေးတွေ ဖြန့်ကျက်နိုင်ဖို့ အခွင့်အရေး ရသင့်တယ် လို့ ထင်ပါတယ်။ ကိုယ်တို့ဆီမှာ အညွန့်ချိုးပြီး ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲ အတင်းထည့်တာကြောင့် ရှင်သန်ခွင့်မရတဲ့ ရပိုင်ခွင့်တစ်ခုပေါ့။
မူလတန်းအရွယ်မှာကတည်းက “တို့တေဇလူငယ် စည်းကမ်းရိုသေတယ်။” ဆို ကြီးလာတဲ့အခါ သူတို့ပါတီအတွက် ကေဒါကောင်းဖြစ်ဖို့ ဘာခိုင်းခိုင်း လုပ်ဖို့ဆိုပြီး ဦးနှောက်ဆေးပစ်တာ။ အဲ့ဒီမျိုးဆက်တွေ တိုင်းပြည်အုပ်ချုပ်လို့ အခု ဒီဘူတာကို ဆိုက်လာတာလေ။ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ဖို့ကလွဲလို့ စဉ်းစားတတ်တဲ့ ဦးနှောက်မပါဘူး။ ခံစားတတ်တဲ့ အသည်းနှလုံးလည်း မပါဘူး။ ဆံပင်ထောင်ထောင်နဲ့ ခရမ်းရောင်ပြောင်းသွားတဲ့ minions လေးတွေလိုပဲ။ အထက်ကခိုင်းတဲ့ အမိန့်ကလွဲလို့ ဘာဆိုဘာမှ နားမလည်ဘူး။ လူတစ်ဦးတစ်ယောက်က တခြား လူပေါင်းများစွာရဲ့ ဖြစ်တည်မှုဘဝတွေကို သူ့သဘောဆန္ဒ၊ သူ့ကိုယ်ကျိုးစီးပွါးအတွက် နင်းချေပြီး စတေးပစ်တယ် ဆိုတာ လက်ခံသင့်တဲ့ အကြောင်းအရာလား။
အခုလက်ရှိအချိန်မှာတော့ ဒေါ်စိန်အေးသားတွေ ဖျက်စီးပစ်တာ တစ်နိုင်ငံလုံးက ကလေးတွေရော လူငယ်တွေရော ပန်းညွန့်ညှာကြွေ ဖြစ်ကုန်ပြီ။ ကျောင်းတက်နေရင်းလည်း ကျောင်းထဲကို ဗုံးကျဲခံရတယ်။ စစ်ရှောင်စခန်းထဲလည်း လက်နက်ကြီးနဲ့အထုခံရတယ်။ တွေးတောင်မတွေးရဲစရာ ဘဝတွေမှာ လက်တွေ့ ရုန်းကန်ရှင်သန်နေရတော့ သူတို့မှာ စိတ်ကူးယဉ်ချိန်လည်း မရှိတော့ပါဘူး။ ကလေးသူငယ်အခွင့်အရေးရော တခြား အခြေခံ လူ့အခွင့်အရေးတွေပါ ကြီးကြီးမားမား ချိုးဖောက်ကျူးလွန် ခံနေရတာ။ ကြားဖူးကြလား။ “ကချင်ပြည်နယ်က မှတ်ပုံတင်နဲ့ဆို နိုင်ငံကူးလက်မှတ် လုပ်မပေးဘူး။” “၅/ မှတ်ပုံတင်ဆို လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးခန့်လို့တောင် မရဘူး။” ဆိုတဲ့ စကားတွေ။
ကွန့်မြူးဖန်တီးနိုင်ဖို့ နေနေသာသာ အနုပညာတဲလန့် ဆိုတာ မိန်းမပျိုလေးတွေရဲ့အလှအပတွေ၊ လုလင်ငယ်ကလေးတွေရဲ့ နုနယ်ပျိုမျစ်မှုတွေလိုပဲ ခေတ်ပျက်သူဌေးတွေ အရက်နဲ့မြည်းဖို့ ဖျော်ဖြေရေးပစ္စည်းတွေ ဖြစ်ကုန်တယ်။ ရွှေဈေး၊ ဆီဈေး၊ ဒေါ်လာဈေးတွေခေါင်ခိုက်နေသလောက် လူဈေးက နှစ်ပြားမတန်တော့တဲ့ဘဝ။ ဘယ်အိမ်မှာမဆို ဆယ်ကျော်သက် ကလေးသူငယ်တွေ ရှိကြမှာပါပဲ။ ကိုယ့်အိမ်က ကလေးတွေရဲ့အနာဂတ်ကို အဲ့လိုဘဝမျိုးမှာ ထားချင်နေတုန်းပဲလား။
မနေ့က ဆယ်ဇင်းဘက်က ကလေးလူနာတစ်ယောက် ရောက်လာတယ်။ ရောက်ကတည်းက အေးစက်ပြာနှမ်း သတိလစ်လာတာ။ ဘယ်လိုလုပ်လုပ် ကယ်လို့မရတော့ဘူး။ ကလေးက ခုမှ ၂ လ သား ရှိသေး။ နေမကောင်းတာလည်း ၃ ရက်လောက် ရှိသေးတာတဲ့။ တစ်ရက်လောက် စောရောက်လာရင်တောင် ရှင်ချင် ရှင်ဦးမယ့်ဟာကို။ ကိုယ်တို့ဆေးရုံမှာ perinatal mortality လုံးဝ မရှိပေမယ့် infant mortality ၃ ယောက် ရှိသွားပြီ။ ARI နဲ့ GE နဲ့ချည့်ပဲ သေတာ။ ဘာ immunization မှ မရတဲ့ကလေးတွေလေ။ UCI / EPI vaccine တွေ ရဖို့ ကိုယ်ကြိုးစားသေးပေမယ့် မအောင်မြင်ပါဘူး။ နောက်ကလေးရအောင် လုပ်ပေးလိုက်တာကမှ ပိုလွယ်မလား မသိဘူး။ ဆေးရုံထောင့်မှာ ညောင်ပင်ရှိတယ်။ သားဆုပန်ခိုင်းမလို့။
ဒါပေမယ့် ရွာက ကလေးတွေကတော့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်ရပါတယ်။ ကလေးရှိတဲ့အိမ်တိုင်းမှာ para suppo တွေ cough syrup တွေ ရှိကြတယ်။ အရင်ပေးထားတာတွေ ကုန်အောင် ဆက်မတိုက်လို့။ နည်းနည်းလေး ရင်ကြပ်ရင် တစ်နေ့ ၃ ခါ ဆေးရုံခေါ်ပြီး မှုတ်စက်နဲ့ ရှူကြတာ။ ဓါတ်ဆားထုပ်၊ drip set၊ အောက်ဆီဂျင်ပိုက်၊ cannula ။ အကုန်လုံး ကလေးဆိုက်ကလေးတွေ ရအောင်မှာထားတယ်။ မေ့ဆေးပေးဖို့ tube ကလေးတွေကအစ။ ဆောင်းတွင်းရောက်ရင် တစ်ရွာလုံးက ကလေးတွေဝေဖို့ ခြေအိပ်တွေ ချပ်ဖာကြီးနဲ့ ၂ ပုံးရှိတယ်။ မွေးလူနာတွေအတွက် အနှီး၊ အင်္ကျီပါ ဝယ်ထားတယ်။ လုပ်လို့ရသ၍တော့ အကုန်လုပ်ထားပေးတာပဲ။ ဘာဖြစ်လို့ဆိုတော့ ကိုယ့်ဆေးရုံကလေးရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်ရင် အဲ့ဒီ အမေသေနှုန်း၊ ကလေးသေနှုန်း နဲ့ပဲ အကဲဖြတ်တယ် ဆိုတာ သိနေလို့။ ကလေးတွေကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်ရမယ် ဆိုတာ နားလည်ပါတယ်။ ဆယ်ဇင်းမှာ မိုင်းထိလာတဲ့ကလေးတွေကို ၅ ယောက်လုံး အိမ်ပြန်အောင် ကုနိုင်ပေမယ့် မနေ့က တာမခန်က ဗုံးမှန်တဲ့ကလေးကတော့ ဒီထိတောင် ရောက်မလာနိုင်တော့ဘူး။
ဆေးရုံဟာ တစ်ရွာလုံးက ကလေးတွေအတွက်တော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ နေမကောင်းရင် ဆေးရုံသွားပြမယ်ဆိုတာ အကျင့်ဖြစ်နေပြီ။ ကလေးတွေ ဆေးရုံနဲ့ အကျွမ်းတဝင် ရှိတာ ဝမ်းသာစရာပါ။ ဆေးရုံကိုအကြောင်းပြုပြီး စစ်ပွဲနဲ့ အကျွမ်းတဝင် ရှိသွားမှာကိုပဲ စိုးရိမ်တာ။ ကိုယ်တို့ဆေးရုံက war casualties တွေ ကုပေမယ့် military hospital မဟုတ်ပဲ civilians ဆန်နေတယ်။ အရပ်သားလူနာတွေ အဝင်အထွက် အတက်အဆင်း မပြတ်ဘူး။ အခုလို တဆေးရုံလုံး လေကြောင်းအန္တရာယ် သတိပေးချက်နဲ့ နေနေရတဲ့အခါ ဆေးကုတဲ့လူနာတွေမှာလည်း ဘေးမကင်းရန်မကင်း ဖြစ်ရတယ်။
ဒါပေမယ့်လည်း မိုးပါးသွားပြီး ပွင့်လင်းရာသီ ဖြစ်လာတာနဲ့အမျှ ရပ်ဝေးလူနာတွေ တဖွဲဖွဲရောက်လာကြပါတယ်။ ရွာကလူတွေကတော့ ဒီအချိန် elective ခွဲစရာ ရှိရင်တောင် သူတို့ဘာသူတို့ postpone လုပ်ထားကြတယ်။ စပါးသိမ်းခါနီးပြီ။ ရိပ်ဖို့သိမ်းဖို့ ပြင်ကြဆင်ကြရပြီလေ။ တစ်နှစ်စာ ဝမ်းစာ မဟုတ်လား။ ဒီလိုအချိန်မျိုး ကချင်တွေက ထိုးစစ်ဆင်လေ့ မရှိပါဘူး။ ဒါပေမယ့် ဟိုဘက်ကကောင်တွေ ကျွဲပြဲလာလာစီးလို့ ခုရက်ပိုင်း စစ်ပွဲတွေ မပြတ်တာ။ ကိုယ်တို့မှာ ရောဂါလည်း ကုရသေး၊ စစ်ပွဲလူနာလည်း ကယ်ရသေး၊ ကိုယ့်အန္တရာယ် ကိုယ့်ဘေးလည်း ကြည့်ရှောင်ရသေး။ “မလုပ်လောက်ပါဘူး။ မဖြစ်လောက်ပါဘူး။” လို့ ပေါ့ပေါ့လေးတွေးလို့မှ မရတာ။ ဘာတွေဖြစ်လာနိုင်သလဲ။ အဲ့ဒီအတွက် ဘာတွေ ပြင်ဆင်ထားပြီးပလဲ။ အမြဲတမ်း သတိနဲ့ နေနေရတာ။
ရှေ့တစ်ပါတ်ထဲရောက်ရင်တော့ သီတင်းကျွတ်ပြီ။ ရွာထဲက၊ တောင်ပေါ်က ဘုန်းကြီးကျောင်းတွေ လိုက်ကန်တော့ရဦးမယ်။ အမေတွေ၊ အဒေါ်တွေ မကန်တော့နိုင်တာ ၃ နှစ်တောင် ရှိသွားပြီပဲ။ အဲ့ဒီ ၃ နှစ်တာ ကာလပတ်လုံး အိမ်နဲ့အဝေးမှာ ဘယ်လိုရှင်သန်နေထိုင်ခဲ့ရသလဲ။ တောထဲတောင်ထဲမှာ ထုသားပေသားကျပြီး ကိုယ်ရောစိတ်ပါ ခံနိုင်ရည်တွေ ပြည့်ဝလာဖို့ ဘယ်အရာတွေက လေ့ကျင့်ပေးခဲ့သလဲ။ တကယ်တော့ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေက မာကျောကျစ်လစ်လာအောင် ထရိန်နင်ပေးနေတာ ဖြစ်ပါလိမ့်မယ်။ ပြဿနာတစ်ခု ဖြေရှင်းပြီးသွားတိုင်း နောက်ထပ်ရင်ဆိုင်စရာ အသစ်တစ်ခု ရှိလာတယ်။ ခဲရာခဲဆစ် လူနာတစ်ယောက် ပျောက်အောင်ကောင်းအောင် ကုပြီးတိုင်းလည်း လူနာနောက်တစ်မျိုးကို မရိုးအောင် ကြုံရတော့ ရှေ့ကလူနတွေ မှတ်တောင် မမှတ်မိတော့ဘူး။ လူပေါင်းများစွာရဲ့ ပြဿနာပေါင်းစုံကို အစဉ်သဖြင့် အာရုံစိုက်နေရတဲ့အခါ ကိုယ့်ကိစ္စ၊ ကိုယ့်ပြဿနာဆိုတာ ခေါင်းထဲမှာတောင် မရှိတော့တာ။
ကိုယ့်အနေနဲ့ တကယ်လို့များ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကသာ ရန်ကုန်က ထွက်မလာခဲ့ရင် ထောင်ထဲကို ရောက်နေမှာ သေချာသလောက်ပါပဲ။ သို့သော် ၅၀၅ နဲ့ ထောင်ကျခဲ့တယ်ဆိုရင်တောင် ၂ နှစ်ပြည့်လို့ ပြန်လွတ်နေလောက်ပြီ။ ဒါပေသိ အဲ့သလိုမျိုး ပြုသမျှ နုရမယ့် ၃ နှစ်ကို ဘယ်လိုမှ ရှင်သန်အောင် ဖြတ်သန်းနိုင်မှာ မဟုတ်ပါဘူး။ ထောင်ထဲ မပြောပါနဲ့ မဲဆောက်က ဟော်တယ်မှာ ဘာမှ လုပ်စရာမလိုပဲ ၃ နှစ်လောက် ဖေ့စ်ဘုတ်ထိုင်သုံးပါ ဆိုရင်တောင် ရူးသွားလောက်တယ်။ အခက်အခဲတွေ ပြဿနာတွေဆိုတာ ကိုယ့်ရဲ့ ရှင်သန်ခြင်းအတွက် မရှိမဖြစ်တဲ့အရာတွေပါလား ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ “Trouble is a friend. Trouble is a foe. Oh… Oh…”
ရေးသမျှစာတိုင်းမှာ သီချင်းကလေးတွေ သူများကြားယောင်လာအောင် ရေးခဲ့ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ မညည်းဖြစ် မဆိုဖြစ်တော့တာ တော်တော်တောင်ကြာပြီပဲ။ ရန်ကုန်ပြန်ရောက်ရင် သီချင်းသွားဆိုမယ် လို့ တေးထားတဲ့သူတွေ အများကြီး ရှိတယ်။ အဲ့ဒီအခါကျမှ အားရပါးရ ဆိုပလိုက်မယ် ဆို ကျက်ထားတဲ့ သီချင်းလေးတွေလည်း အများကြီး ရှိတယ်။ သိပ်မကြာတော့ဘူး လို့ အောင့်မေ့ရတာပဲလေ။
“Fill my heart with songs.
Let me sing forever more.
You are all I long for
All I worship and adore
In other words
Please be true
In other words
I love you.”