ချန်ဂင်တို့စခန်း (၂၁၀)

“ဗိုလ်ချုပ်ဈေး

ပေါင်ချိန်စက်

ပေါင်ချိန်တုန်ူး

ဟောတဲ့အကြောင်းလေး

အချစ်ရေးမကောင်းနိုင်ဘူး။

ဆင်ခြင်ပါ သတိပြုတဲ့။”

ငယ်ငယ်တုန်းက စကော့ဈေးကိုသွားရင် အမြဲတမ်း မလုပ်မဖြစ် လုပ်တဲ့အလုပ်ကတော့ ပေါင်ချိန်စက်ကြီးမှာ ဝင်ချိန်တာပါ။ “တစ်ပါတ်နဲ့တစ်ပါတ် ကိုယ်အလေးချိန် ဘယ်လောက်များ တက်ကျသွားမှာမို့လဲ။”ဆိုပေမယ့် ကိုယ်က Body Weight ချည့်ပဲ သိချင်တာ မဟုတ်ပါဘူး။ ပေါင်ချိန်ကဒ်ကလေးမှာပါတဲ့ ဗေဒင်ကလေးလည်း ဖတ်ချင်သေးတာကိုး။ ဗေဒင်ကို တော်တော်ယုံလို့လားဆိုတော့ ယုံလို့လည်းမဟုတ် မယုံလို့လည်း မဟုတ်ပါဘူး။ အဲ့ဒါလေးတွေ ဖတ်ရတာ ပျော်လို့ပါ။

စကော့ဈေးမသွားဖြစ်ရင်လည်း မဟေသီမဂ္ဂဇင်း ငှါးဖတ်တဲ့အခါ ကိုယ့်မွေးဇာတာ ရာသီခွင်အလိုက် တစ်လစာ ဗေဒင်ဟောစာတမ်းကလေးတွေ ဖတ်ဖြစ်အောင် ဖတ်သေးတာပဲ။ အခုနောက်ပိုင်း ကြီးတောင့်ကြီးမားတောင်မှပဲ City Mart မှာ ဈေးဝယ်လို့ ငွေရှင်းကောင်တာနားရောက်ရင် စံဇာနည်ဘို ရဲ့ တစ်နှစ်စာဟောစာတမ်းစာအုပ်ကလေးတွေ ကောက်ထည့်လာတတ်သေးတယ်။ “လာမယ့်နှစ်မှာ ရည်းစားထားမယ်။” တွေ ဘာတွေများ ဟောမလား သိချင်သူပါလေ။ “ဗေဒင်ကို ဝါသနာပါလို့လား။” ဆိုရင် အပျော်သဘောနဲ့တော့ ဝါသနာပါတာပေါ့။ စွဲစွဲလမ်းလမ်းကြီးတော့ မဟုတ်ပါဘူး။ ဗေဒင်ဆိုတာ ပေါက်ဖော် ပဲ လုပ်လို့ရတယ်လေ။ မဖြစ်ခင်မှာ ကြိုဟောထားပေမယ့်လည်း ဖြစ်ပြီးသွားမှသာ မှန်တယ် မမှန်ဘူး သိရတာ။ မမှန်လို့လည်း ဘယ်သူ့မှ အပြစ်ပြောလို့ ရတာ မဟုတ်။

အိမ်မှာ သားသမီးတွေအတွက် စိတ်ပူစရာ တစ်ခုခု ရှိရင် ဗေဒင် ပြေးပြေး မေးလေ့ရှိတာကတော့ အမေပါပဲ။ ဝါဝင်ဝါထွက်ဆိုလည်း မိဆိုင်ဘဆိုင် တင်လေ့မြှောက်လေ့ရှိတာ အမေပဲ။ ရိုးရာဆိုတာ မမေ့ကောင်းဘူးတဲ့။ လောလောဆယ်မှာတော့ သားသမီးခြောက်ယောက်ထဲမှာ ကိုယ့်အတွက် စိတ်အပူရဆုံးများ ဖြစ်မလား မသိဘူး။ သူက ကိုယ့်အတွက် ဗေဒင်မေးလာရင်တော့ ကိုယ်လည်းပဲ ဗိုလ်ချုပ်ဈေးရှေ့မှာ ပေါင်ချိန်သလိုပဲ ဗေဒင် အလကား ဝင်ဝင်ဖတ်ဖြစ်ပါတယ်။ ယတြာကတော့ ဘယ်လောက်မှာမှာ မလုပ်မှန်းသိလို့ သူ့ဘာသာပဲ အိမ်ကနေလုပ်လုပ်ပေးတယ်။ အစွဲအလမ်းမထားပေမယ့်လည်း ဒီတစ်ခါ ဗေဒင်ဆရာ ဘာတွေဟောထားသလဲ။ မှန်သလား မမှန်ဘူးလား။ အချိန်တစ်ခုစောင့်ကြည့်ပြီး အဖြေထုတ်ရတာ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

သူတို့ဘာဟောထားသလဲဆိုတော့ ကိုယ့်ဇာတာက မကောင်းတဲ့ ဂြိုလ်ခွင်ထဲကို ဝင်လာပြီ။ အလူးအလဲ ရုန်းကန်ရလိမ့်မယ်။ ၉ လပိုင်း ကျော်လောက်ကျမှ အသက်ရှူချောင်လာမယ်။ ၁၂ လ ပိုင်းကုန်ရင် အကောင်းပိုင်းကို ရောက်ပြီတဲ့။ အဲ့ဒါ ဟုတ်သလား လို့ အခုမှ ပြန်ကြည့်တာလေ။ ဟုတ်တော့ ဟုတ်နေသလိုပါပဲ။ ကုန်လွန်ခဲ့တဲ့လတွေမှာ ကိုယ် အသေအလဲ ရုန်းကန်ခဲ့ရတယ်။ အခုမှ အဆင်ချောတော့တယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်စရာတော့ မရှိပါဘူး။ အဲ့ဒီအချိန်တွေတုန်းက ဘယ်သူဘာပြောပြော ခေါင်းထဲကို မထည့်ဘူး။ ကိုယ့်အပူနဲ့ကိုယ်။ လုပ်သမျှကိုင်သမျှ အဆင်ပြေချောမွေ့ဖို့ဆိုတာ အရမ်းကို အားထည့်ရတာပဲ။ ကိုယ့်အိမ်က ဖဲသေနေသခိုက် အရှုံးနည်းအောင် ထိန်းပြီး ကစားနေရတယ်။

အစွဲအလမ်း မထားပေမယ့်လည်း ဘယ်အချိန်မှာ လာဘ်တိတ်သွားသလဲ ဆိုတာ ကိုယ်မှတ်မိပါတယ်။ တော်လှန်ရေးနေ့တုန်းက ညဘက်ကြီး ဆေးရုံကို လေယာဉ်လာမယ်လို့ သတင်းရလို့ ကိုယ်တို့ စွန့်ခွါကြရတယ်။ လူနာတွေလည်း ရွှေ့ကြတယ်။ ရွှေ့လို့မရတာက လူသေအလောင်းကြီးတစ်လောင်းပါ။ ညခင်းမှောင်ရီမှာ လူနာကဆုံးတော့ အသုဘကိစ္စ မနက်ဖြန်မှ လုပ်မယ်ဆိုပြီး ဓါတ်မှန်ဆောင်ဆောက်မယ့် တဲအိုပျက်ကလေးမှာ ဆွေမျိုးသားချင်းတွေ စောင့်အိပ်ဖို့ နေရာစီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် လေယာဉ်လာမယ်လည်းဆိုရော ဆွေမျိုးတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရော။ ကင်းသမားတွေ ကင်းလှည့်တော့ ဘယ်ကအလောင်းကြီးလဲ ဆို ပြဿနာတွေ တက်ကြရော။ သူတို့အယူတွေနဲ့ဆို စိတ်လည်းဆိုးတာပေါ့။ အစောင့်မရှိပဲ ထားလို့မရဘူး ဆို ညတွင်းချင်း ကျင်းတူးပြီးမြှုပ်လိုက်ရတယ်။ သပိတ် လည်းမသွပ်၊ ဘုန်းကြီးလည်း မပင့်၊ တရားလည်း မနာ။ နောက်နေ့ ဆေးရုံမှာ သရဲခြောက်ပါတယ် ဆို လူနာတွေက ဟိုပြောသည်ပြော ပြောကြရော။ သူတို့ဟာသူတို့ ဘယ်လိုပဲပြောပြော ကိုယ်တို့ကတော့ ဒါတွေ အယုံအကြည်မရှိဘူးပဲ ပြောရမှာ။ ကောင်းတာလုပ်နေတာလေ။ ဘယ်မကောင်းဆိုးဝါးကမှ မနှောက်ယှက်နိုင်။

အဲ့ဒါကြောင့်လို့ မပြောနိုင်ပေမယ့်လည်း ဆေးရုံက စက်ပစ္စည်းတွေက တစ်ခုပြီးတစ်ခု ပျက်လာတယ်။ မီးစက်တစ်လုံး စပျက်တယ်။ ကိစ္စမရှိဘူး။ နောက်တစ်လုံးနဲ့လည်တယ်။ နောက်တစ်လုံးပါ ထပ်ပျက်တယ်။ ပြင်တာက တစ်လုံးပဲ ပြင်လို့ရတယ်။ ကိစ္စမရှိဘူး။ မီးစက်ပျက်ရင် generator ဝယ်တပ်မှာပေါ့။ ပိုက်ဆံအများကြီးပေးပြီး အဲ့ဒါကြီး တောထဲအထိ မရောက်ရောက် အောင်သယ်ယူတယ်။ မီးစလောင်းက ပျက်ပြန်တယ်။ ဝယ် နောက်တစ်ခု။ ရေမော်တာ ပျက်တယ်။ ဆိုလာ ပျက်တယ်။ အင်ဗာတာ ပျက်တယ်။ အိမ်မှာကြည့်နေတဲ့ တီဗီပါ ပျက်တယ်။ လျှပ်စစ်ပစ္စည်းတွေပျက်တာ မီးအားမမှန်လို့ မီးအားထိန်းစက် မရှိလို့လေ။ ဒါပေမယ့်လည်း ပလပ်ပေါက်တောင်ထိုးမထားတဲ့ diathermy machine က လောင်သွားတယ်။ ECG စက်လည်း ပျက်၊ oxygen concentrator လည်း ပျက်၊ suction machine တွေလည်း ပျက်၊ nebulizer တွေလည်း ပျက်၊ autoclave ကြီးလည်း ပျက်၊ ဘာဆိုဘာမှ မကျန်အောင် တစ်ခုပြီးတစ်ခုပျက်တာ။ နည်းနည်းတော့ လွန်လွန်းတယ်။ ဒါပေမယ့်လည်း အဲ့ဒီပျက်သမျှ အရာတွေအားလုံး ပြင်လို့ရတာ အကုန်ပြင်၊ ပြင်မရ အသစ်ထပ်ဝယ်။ လူနာအတွက် လိုတဲ့အချိန်မှာ မရမရှိအောင် ကြိုးစားခဲ့ပါတယ်။ အကုန် အလျဉ်မီအောင် စီမံနိုင်တယ်။ ဘာမှ စိတ်ပျက်စရာ မရှိ။

သို့သော်လည်းပဲ ဟိုက်ကနဲ ငုတ်တုတ်မေ့သွားတဲ့ အချိန်ကို ရောက်လာပါတယ်။ အဲ့ဒါကတော့ ကိုယ်တို့ဆီကို digital X’ray machine တစ်လုံး ရောက်လာတဲ့အခါမှာပါ။ အဲ့ဒီစက်တစ်လုံးရဲ့ တန်ကြေးပမာဏက ကိုယ့်ဆေးရုံမှာ ရှိသမျှ စက်ပစ္စည်း ကိရိယာတွေအားလုံးထက် ဈေးကြီးပါတယ်။ အဲ့ဒါကြီး ကိုယ့်ဆီရောက်အောင်သယ်ဖို့ ဆိုတာကလည်း လမ်းခရီးအခက်အခဲ၊ အစစ်အဆေး၊ အဖမ်းအဆီး နဲ့ အရမ်းကို အန္တရာယ်များပါတယ်။ သိမ်းသွားရင် ပစ္စည်းဆုံးရုံတင် မဟုတ်ဘူး။ လူတွေပါ တသီကြီး ဖမ်းခံရမှာလေ။ ကိုယ့်ဆီကို ချောချောမောမော ရောက်ပြီဆိုမှ လိုချင်သလို ပုံစံထုတ်ပြီး ဓါတ်မှန်ရုံကို စဆောက်ပါတယ်။ အဆောက်အဦပြီးတော့ မီးလိုင်းတွေသွယ်ပြီး ပစ္စည်းတွေကို တပ်ဆင်ကြည့်ပါတယ်။ အဲ့ဒီမှာ မိုးကြိုးပစ်သွားတာက ၁၁၀ ဗို့အား နဲ့ သုံးရတဲ့ သူတို့ဟာကြီးကို ကိုယ်တို့က ၂၂၀ ပလပ်ပေါက်နဲ့ တပ်ကြည့်မိလိုက်ပါတယ်။ လောင်သွားတာတော့ ဓါတ်မှန်စက်ပေါ့လေ။ ဒါပေမယ့်လည်း ရင်ထဲအထိ ကျွမ်းသွားအောင်ကို ပူလောင်ပါတယ်။ အဲ့ဒါမတိုင်ခင်က အသစ်ဝယ်လိုက်တဲ့ diathermy စက်တစ်လုံး သုံးလို့မရတာကိုလည်း ကိုယ်တို့က အဲ့ဒါကြောင့်လို့ မထင်မိဘူးလေ။ ခွဲခန်းထဲသုံးတဲ့စက်တွေ Diode ခံပြီး သုံးရတယ်လို့ တွေ့မှ မတွေ့ဖူးတာကိုး။

စက်တွေကို ကုမ္ပဏီပြန်ပို့လိုက်ပြီး ကိုယ့်မှာ ဘာစကားမှ မပြောနိုင်၊ ဘာအလုပ်မှလည်း မလုပ်နိုင်တော့ပါဘူး။ ခလုပ်ထိမှ အမိတ ဆိုသလို စိတ်ထဲမှာ “အမေ” လို့ တ လိုက်မိတယ် ဆိုတာ အဲ့ဒီအချိန်ပါ။ ဘယ်သူ့ကြောင့် ဘာ့ကြောင့်လို့လည်း အပြစ်မတင်နိုင်ဘူး။ “ဒါကို ဘယ်လိုလုပ်ရင် ပြန်ကောင်းမှာလဲ။” ဒီတစ်ခုပဲ အမျိုးမျိုးအဖုံဖုံတွေးနေမိတယ်။ ကိုယ့်ကိုယ်ကိုယ် ကံဆိုးနေတယ်ဆိုတာ လက်ခံလိုက်တယ်။ ကံကောင်းချင်ရင် ဘုရားတရား လုပ်ရမယ် လို့ နားလည်လိုက်တယ်။ ဘုရားမှာ ဆုတောင်းတယ် ဆိုတာ ကိုယ်အယုံအကြည်မရှိဘူး။ အဲ့ဒါ ကလေးကလား အလုပ်တွေ။ ဘဝမှာ တစ်ခါပဲ အဓိဌာန်ပုတီးစိတ်ပြီး ဆုတောင်းဖူးတယ်။ ဆယ်တန်းစာမေးပွဲဖြေပြီးတုန်းက “ဆေးကျောင်းတက်ခွင့်ရပါစေ။” ဆိုပြီး ဆုတောင်းတာ။ အဲ့တုန်းကတော့ ပြည့်သားပဲနော့။ အခုလည်း ဘယ်ပြောနိုင်မလဲ။ ပြည့်ချင်ပြည့်မှာပေါ့။ အနည်းဆုံးတော့ ဆောက်တည်ရာမရ ဖြစ်နေတဲ့ ကိုယ့်စိတ်ကလေးဟာ ယုံကြည်ချက်၊ မျှော်လင့်ချက်ကလေးတစ်ခုနဲ့ တည်ငြိမ်သွားတာပေါ့။ သူများအသက်တွေနဲ့ အလုပ်လုပ်နေရတာ စိတ်နဲ့လူနဲ့ မကပ်လို့ မရဘူးလေ။ ကိုယ့်အတွက်လည်း စိတ်ဓါတ်ခွန်အားလိုတယ်။ ဘုရားရှိခိုး ပုတီးစိတ်နေတဲ့ အခိုက်အတံ့တော့ ရင်ထဲကအပူလေး ငြိမ်းသွားမှာပဲ။ အဲ့ဒါကြောင့် ကိုယ်တို့ဆရာတပည့်နှစ်ယောက် ကိုးနဝင်း စိပ်ပုတီးအဓိဌာန်ဝင်ကြပါတယ်။ ပရိတ်တွေရွတ်ကြတယ်။ ဆုကတော့ တစ်ဆုပဲတောင်းတယ်။ “ဓါတ်မှန်စက်ကြီး ပြန်ကောင်းပါစေ။” လို့။

အဲ့ဒီအတောအတွင်းမှာ ဘယ်သူ့ဆီကမှ ဆက်သွယ်အကြောင်းပြန်မလာသလို ကိုယ်တို့ကလည်း ဘယ်သူ့ဆီမှ မဆက်သွယ် မစုံစမ်းပါဘူး။ ကောင်းမှုကုသိုလ်တွေကို ဖုန်းအားသွင်းသလိုသွင်းပြီး ကိုယ့်ဆီက ပါဝါပြည့်မှ operating system တွေ စ run မယ်။ “မရဘူး။ မကောင်းဘူး။ မဖြစ်နိုင်ဘူး။” ဆိုတဲ့စကားတွေ ကြားကို မကြားရဲဘူး။ စကားအခြေအတင် ငြင်းခုန်အပြစ်တင်ရမယ့်အဖြစ်ကိုလည်း မလိုလားဘူး။ ၄၅ ရက်လောက် ကြာတဲ့အခါမှာ “ကောင်းအောင်ပြန်ပြင်ပေးမယ်။ မရရင် အသစ်တစ်လုံးပေးမယ်။” ဆိုတဲ့ သတင်းစကားကြားရလို့ ရင်ထဲက အပူလုံးကြီး ဆင်းသွားတယ်။ သို့သော် ကုန်တော့ မကုန်သေးဘူး။

ဘာပဲပြောပြော “ဆုတောင်းပြည့်တယ်။ အဓိဌာန်အောင်တယ်။” လို့တော့ ဆိုရမှာပေါ့။ ဒါပေသိ အဲ့သလောက် လွယ်နေရင်ဖြင့် စကားထဲတောင် ထည့်မပြောပါဘူး။ ပြင်ပြီးပြန်ပို့လိုက်တဲ့ စက်ပစ္စည်းဟာ ကွန်ပြူတာက Wifi နဲ့ ဘယ်လိုမှ ချိတ်လို့မရဘူး။ တယ်လီဖုန်းတွေ ဆက်၊ ဗီဒီယိုကောတွေ ခေါ်၊ ဓါတ်ပုံတွေ ပို့၊ အမျိုးမျိုး ကြိုးစားသော်လည်း အကျိုးမထူးဘူး။ ကွန်ပြူတာမှာပါတဲ့ စာတွေကလည်း အင်္ဂလိပ်လို မဟုတ်။ ဂျပန်စာတွေ။ ဒီလိုနဲ့ အိုင်တီဆရာသမားတွေ အင်ဂျင်နီယာတွေကို ကိုယ့်ဆေးရုံအရောက် ပင့်ရပါလေရော။ သူတို့လည်း ဒီမှာ ၂ ရက် ၃ ရက်နေပြီး ကြိုးစားပြန်တယ်။ ဒိုးပြားတော့မရပါဘူး။ စက်တွေပြန်သယ်သွားကြရတာပေါ့။ ဒီခေတ် ဒီအခါ ဒီလမ်းဒီခရီးမှာ အဲ့ဒီဓါတ်မှန်စက်ကြီးဟာ ပွဲဦးအပျိုတော်တွေ ကန်တော့ပွဲပင့်သလို “တစ်ကြိမ်ငယ်မှ နှစ်ကြိမ်လေ” နဲ့လည်းမရ။ “သုံးကြိမ်ငယ်မှတင်တင်” ဆိုတော့မှပဲ မြို့တော်ရင်ရွာတော်ရင်တွေက လက်ခံပေတော့တယ်။ အဲ့ဒါ ပါရာစီတမောဗူးမြင်ရင် သိမ်းလှမော် လုပ်တဲ့ ဂိတ်တွေကို ဖြတ်သယ်ရတာနော်။ ပုတီးတစ်လုံး ချောက်ကနဲကျရုံနဲ့ ဆုတောင်းတွေ အလိုလိုပြည့်လိမ့်မယ်တော့ မထင်နဲ့။ အလုပ် လုပ်တာက အလုပ်နဲ့တူအောင်လုပ်ရမှာပဲ။ ဘုရားတရားကိစ္စက ကိုယ့်စိတ်နှလုံးကလေး အေးချမ်းတည်ငြိမ်အောင်လို့ လုပ်ရတယ်။ တစ်ဘီးတည်းလှိမ့်လို့ မရွေ့ဘူး။ ဘက်ပေါင်းစုံက မျိုးစုံကြိုးခုန်ထားတာ။

အခုတော့လည်း ရေးအားရှိပြီပေါ့လေ။ ပြန်ကောင်းသွားပြီ မဟုတ်လား။ အဲ့သလို ရေးနိုင်ဖို့ ဘယ်နှစ်ရက် ဘယ်နှစ်လ စိတ်ဆင်းရဲခဲ့ရသလဲလည်း ထည့်တွက်ပါဦးနော်။ ကိုယ်သုံးမယ့်ပစ္စည်းလည်း မဟုတ်၊ ကိုယ့်အပိုင်လည်းမဟုတ်၊ ကိုယ်ပေးရတဲ့ ပိုက်ဆံလည်းမဟုတ်။ အလကားသက်သက်မဲ့ အပူရှာတာ။ ဒါကတော့ ကိုယ်ကိုယ်တိုင်က ဟောဒီဆေးရုံတစ်ခုလုံးနဲ့ပါတ်သက်လာရင် တာဝန်တစ်ခုအနေနဲ့ပဲယူတာပါ။ ပိုင်ဆိုင်မှုအနေနဲ့ ဘာကိုမှ အစွဲမထားဘူး။ မသေမပျောက် အိမ်ပြန်သွားရရင်တောင် အကုန်ထားပစ်ခဲ့မှာ။ ဒါပေသိ အဲ့သလောက် ခေါင်ခိုက်ရှားပါးနေတဲ့ ခေတ်အခါထဲမှာ ဘယ်အရာလေးတစ်ခုကိုမှ အချည်းနှီး အကျိုးမဲ့ အလဟဿ အဖြစ်မခံနိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ်ဖြစ်နေတဲ့ ပူပင် သောကဟာ ဥစ္စာချောက်တဲ့ နှမျောတသတဲ့စိတ်နဲ့ မဟုတ်ဘူး။ ကိုယ့်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ပဲ ဆိုင်တယ်။ ဘယ်လိုအခက်အခဲမျိုးပဲတွေ့တွေ့၊ ဘယ်လိုစိန်ခေါ်မှုနဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ။ ကိုယ့်ဘက်ကတော့ အနိုင်မရမချင်း၊ လိုရာဆန္ဒ မပြီးမြောက်မချင်း၊ ဖြတ်ကျော်လာခဲ့တယ် ဆိုတာကို မှတ်တိုင်တစ်ခု ထားပစ်ခဲ့တာ။ ကံကြမ္မာက ကိုယ့်အပေါ် မျက်နှာသာမပေးတဲ့ အချိန်မှာတောင် ရေဆန်ကိုလည်း လှော်ရဲတယ် ဆိုတဲ့အကြောင်း သက်သေပြတာ။

အဲ့သလိုဆိုတော့လည်း ဗေဒင်ဆရာဟောတဲ့ မကောင်းသော ဂြိုလ်ခွင်နက္ခတ်နဲ့ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းရလိမ့်မယ် ဆိုတဲ့ ဟောကိန်းဟာ မှန်သင့်သလောက်တော့ မှန်ခဲ့တယ် ဆိုရမှာပဲ။ ရှေ့ဆက်ပြီး စောင့်ကြည့်ရမယ့် အကြောင်းတရားက ဒီဇင်ဘာလကိုကျော်ရင် ကံဇာတာ တိုင်ထိပ်ကိုရောက်ပြီဆိုတာ “ကြင်စိုးနိဂုံး ၂၃” လို့ သွယ်ဝိုက်ပြီး ဟောချင်တာများလား မသိပါဘူး။ ဟုတ်များဟုတ်လို့ကတော့ ဗေဒင်ဆရာ လိပ်စာ လာတောင်းမယ့်သူတွေ ဘယ်နည်းလိမ့်မလဲနော့။ မေးပေးဦး။ ဗိုလ်ချုပ်ဈေးက ပေါင်ချိန်စက်ကြီးက ဘာပြောတုန်း။