ချန်ဂင်တို့စခန်း (၂၀၈)

“ငွေလဝန်း အစဉ်အမြဲမသာပါဘူး။ စမ်းရေတိုင်း မအေးဘူး။ ပန်းကလေးတွေများဟာလည်း အမြဲမမွှေးဘူး။ မထူးဆန်းဘူး။” တဲ့။ ဆရာစိုးလည်း ထာဝစဉ် မပျော်နိုင်ပါဘူး။ သူများကို မိုတီပေးပေးနေတဲ့သူမို့ ကိုယ့်ကိုယ်ကိုယ် ပေါ့စတစ်ဗိုက်ကလေးနဲ့ မောင်းနှင်ပြီး အမြဲတမ်း ပျော်ရွှင်ကြည်နူး တစ်တီတူး ဖြစ်နေလိမ့်မယ် ထင်လို့လား။ ဆရာစိုးမှာလည်း စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျတဲ့အချိန်၊ စိတ်ဆင်းရဲတဲ့ အချိန်တွေ ရှိတာပါပဲ။ ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတလှည့်တဲ့။ ဘယ်တတ်နိုင်မလဲ။ တခါတရံမှာ ခါးသည်းလည်း ကျော်ဖြတ်လိုက်ပေါ့နော့။ သူ စိတ်ညစ်တာကလည်း သီချင်းတွေ ကုန်တော့မယ်။ မတတ်နိုင်ဘူးလေ။ နားထဲမှာ ကြားနေတာကိုး။ ပါးစပ်ကတော့ မဆိုနိုင်တာ ကြာလှပါပြီ။ တောကားတောင်ကား နောက်ခံနဲ့ စခန်းချ မြိုင်ထ နှစ်ပါးသွားလေး ကတယ်ဆိုတာ ဇာတ်ခုံပေါ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီမှာတော့ အချစ်ဟာ ကြိုခင်းထားတဲ့ ပန်းတစ်ခင်း မဟုတ်ဘူး။ တို့မျက်ရည်တွေကိုမြင်ရင် မင်းသိသင့်ပါတယ်။ ဟောကြည့် တစ်ပုဒ်ပြီးတစ်ပုဒ်ပဲ။ အရင်ဘဝက အသံတိတ်ရုပ်ရှင် အဆိုတော် ဝင်စားသလား မသိ။

ဘာတွေညစ်နေတာလဲ ဆိုတော့ လူနာတွေပါပဲ။ ကုသမျှ လူနာအားလုံး ပျောက်စေသတည်း ဆိုတာ လက်တွေ့ကျတဲ့ ဆုတောင်းမှ မဟုတ်တာ။ “ဆရာစိုး ခွဲပေးလိုက်သမျှ တစ်ယောက်မှ မသေဘူး။ အကုန်ကောင်းသွားတာချည့်ပဲ။” ဆိုတာ ကိုယ် အလိုချင်ဆုံးဆုပေမယ့် ဘယ်တော့မှ မပြည့်နိုင်တဲ့ဆုမှန်းလည်း သိပါတယ်။ သို့သော်လည်း ဆုတောင်းမပြည့်တဲ့လူနာကျရင် အင်မတန် စိတ်ညစ်ရပါတယ်။ ခဏခဏ စိတ်ညစ်ရဖန်များရင်တော့ ရိုးသွားမလား မပြောတတ်ဘူး။ ခုထက်ထိတော့ အဲ့သလိုမျိုး tolerance မရသေးဘူး။ တချို့လူနာတွေ ဆုံးသွားရင် ဘာအလုပ်မှ ဆက်မလုပ်ချင်တော့ဘူး။ သို့သော်လည်း အဲ့ဒီ ဆုံးသွားတဲ့သူက ကိုယ်မဟုတ်သေးတဲ့အတွက် ရှေ့ဆက်ပြီး လုပ်စရာရှိတာတွေ ဆက်လုပ်ရပြန်တယ်။

မနေ့က ကိုယ့်ဆီမှာ မနိုင်ရင်ကာ ill case ၂ ယောက်ရှိတယ်။ အင်တာနက်မကောင်းလို့ လိုင်းမိတဲ့ ရွာပြင်ထွက်ပြီး Physician ဆီ consult လုပ်ရတယ်။ တစ်ယောက်က အဝလွန်တဲ့ အမျိုးသမီး မလှုပ်နိုင် မရှားနိုင် မောပြီး အောက်ဆီဂျင်တွေ ကျနေတာ။ လူက ပေါင်ချိန် ၃၀၀ ကျော်လောက်ရှိတယ်။ SpO2 က 50% လောက်ပဲ ရှိတယ်။ ECG အရတော့ Pulmonary Embolism လို့ Physician က diagnose လုပ်တယ်။ ကိုယ်တို့မှာလည်း ထိုးပေးစရာ Enoxaprin တွေ အလုံအလောက် ရှိတယ်။ မရှိတာက အောက်ဆီဂျင်။ မရှိတာ မဟုတ်ပါဘူး။ မလောက်တာ။ တစ်နေ့ အောက်ဆီဂျင်နှစ်အိုး အသွားအပြန် နေ့တိုင်းသယ်ပို့ပြီး တစ်ပါတ်ဆယ်ရက်လောက် ကုဖို့ဆိုတာ သူတို့လည်း မလုပ်နိုင်ဘူး။ အရင်တခါ ကိုဗစ်လူနာကြီးလို ၁၅ ရက်လောက် ရှူပြီးမှ တာ့တာပြသွားခဲ့ရင် ကိုယ့်ဆေးရုံအပေါ်လည်း ဝန်ပိတယ်။ “ဆရာတို့ကို အားကိုးလို့ လာတယ်။” ဆိုပေမယ့် “ဆရာတို့က အားမကိုးလောက်ပါဘူး။” လို့ ရှင်းပြပြီး မြစ်ကြီးနားဆေးရုံကို လွှဲရတယ်။ ကျန်တဲ့ကိစ္စ သဗ္ဗေသတ္တာ ကမ္မသကာ။

နောက်လူနာတစ်ယောက်ကတော့ ရောက်နေတာ ၃ ရက် ရှိပြီ။ ညကြီးမင်းကြီး ဗိုက်နာတယ် ဆိုပြီး ရောက်လာတော့ ကိုယ်တိုင်တက်စမ်းပြီး “ခွဲရမယ့်ဗိုက်တော့ မဟုတ်ဘူး။” လို့ ပြောပြီး ဆေးရုံတင်ထားတယ်။ အစာအိမ်ရောဂါ နဲ့ သည်းခြေအိပ်ယောင်တာ တစ်ခုခုပဲဆို ၂ ခုစလုံးအတွက် ကုထားပေးလိုက်ပါတယ်။ မနက်လင်းတဲ့အခါကျ လူနာက အန်ပြီး သွေးပေါင်တွေ ကျလာလို့ ကလေးတွေက နှာခေါင်းပိုက်၊ ဆီးပိုက်ထည့်ပြီး Shock ကို revise လုပ်ထားတယ်။ အဖျားလည်း မရှိဘူး။ အသားလည်း မဝါဘူး။ ultrasound ထောက်ကြည့်တော့လည်း အသည်းနည်းနည်းကြီးတာကလွဲလို့ ဘာမှ ရေရေရာရာ မတွေ့ဘူး။ သည်းခြေအိပ်ကလည်း ပြည်တည်ပြီး ဖောင်းကားနေတဲ့ လက္ခဏာမတွေ့ဘူး။ ဆီးချိုတွေတော့ အများကြီးတက်နေတယ်။ ဒါဆိုရင် ဆီးချိုဆိပ်တက်ပြီး ဗိုက်နာတာလည်း ဖြစ်နိုင်သေးတာပဲ။ အင်ဆူလင်စထိုးပြီး ဓါတ်ခွဲခန်းကို သွေးတွေဖောက်ပို့လိုက်တယ်။ ဒီကြားထဲ ဗိုက်ပြန်ပြန်စမ်းရသလောက် ခွဲရမယ့်အခြေအနေမျိုးနဲ့လည်း တူမနေဘူး။ သွေးပေါင်ပြန်တက်မလာတာ၊ နှလုံးခုန်မြန်နေတာပဲ ရှိတယ်။ ဆီးလည်းထွက်နေသေးတယ်။ သွေးအဖြေတွေရမှ ECG ပါ ဆွဲပြီး လိုင်းရတဲ့ဆီမှာ သမားတော်နဲ့ တိုင်ပင်ကြတယ်။ ဆီးချိုကလည်း အင်ဆူလင် drip နဲ့ပေးတာတောင် ကျကိုမကျဘူး။ ဆရာကတော့ သွေးဆိပ်တက်နေတာ Septicemia လို့ ကောက်ချက်ချတယ်။ Septic focus တခုခုတော့ ရှိလိမ့်မယ်။ antibiotics တွေ ၃ မျိုးလောက် ထိုးနေပေမယ့် မသက်သာဘူး။ leptospirosis အတွက်လည်း ဆေးပေးထားပေမယ့် biliary sepsis ကို exclude လုပ်ဖို့တော့ လိုနေပြီ။ pressure လေးကောင်းတုန်း ဝင်လိုက်တာ ကောင်းမယ် ထင်တယ် လို့ ဆုံးဖြတ်တယ်။

ဗိုက်ဖွင့်လိုက်တဲ့အခါ အထဲမှာ ကိုကာကိုလာရောင် အရည်တွေ အများကြီး ထွက်လာတယ်။ သည်းခြေအိပ် မဖောင်းဘူး။ မယောင်ဘူး။ အစာအိမ် နဲ့ အူလမ်းကြောင်း မပေါက်ဘူး။ မုန့်ချိုအိပ်ယောင်နေတာ။ acute hemorrhagic pancreatitis လို့ပဲ diagnosed လုပ်ပြီး drainage tube နဲ့ ပြန်ထွက်တယ်။ အစအဆုံး ၄၅ မိနစ်ပါပဲ။ ဒါပေမယ့် လူနာ ပြန်မနိုးဘူး။ သမားတော်ဆီရော မေ့ဆေးဆရာဝန်ဆီရော အကြိမ်ကြိမ်အခါခါ ဖုန်းဆက်တိုင်ပင်ပြီး ရှိသမျှဆေးအားလုံးနဲ့ အစွမ်းကုန် revise လုပ်ကြတယ်။ ဒါပေမယ့် မနိုးဘူး။ ဘာမှ လုပ်စရာ မကျန်တော့ဘူး ဆိုတဲ့အထိ လုပ်တယ်။ ဒါပေမယ့် မနိုးဘူး။ ကိုယ့်ဆီမှာ ICU setting လည်း မရှိဘူး။ တစ်ယောက်တစ်လှည့်စီ ထိုင်ညှစ်ပြီး အသက်ကူရှူပေးကြတယ်။ သူ့ဟာသူရှူပေမယ့် စိတ်မချလို့။ နေ့လည် ၁ နာရီက ခွဲတဲ့လူနာက ည ၈ နာရီကျော်လောက်မှာ ဆုံးပါတယ်။ အားလုံးလည်း အရမ်းပင်ပန်းသွားကြပြီ။ “မနက်ဖြန် ခွဲမယ့်လူနာတွေ postpone လုပ်လိုက်ရမလား။” တဲ့။ အဲ့သလိုတော့ မဖြစ်သေးဘူးလေ။ အလုပ်ကတော့ ဆက်လုပ်ရဦးမှာပေါ့။ “ပြင်ထားလိုက်ပါ။” လို့ပဲ ပြောခဲ့တယ်။

ဆာဂျင်တစ်ယောက်အတွက် ကိုယ်ခွဲတဲ့ လူနာ သေသွားတယ် ဆိုတာ တကယ့်အိပ်မက်ဆိုးပဲ။ စိတ်ရောလူရော ဂျုံးဂျုံးကျသွားတာ။ တစ်ပါတ်ဆယ်ရက်လောက်နဲ့ ပုံမှန်ပြန်မဖြစ်ဘူး။ စိတ်နဲ့လူနဲ့ မကပ်ရတဲ့အထဲ ရောက်မိရောက်ရာ တီဗီလိုင်းထဲမှာ သဲတုန်လေးက မေ့ဆေးပေးပြီး ပြန်မနိုးဘူးတဲ့။ နောက်တစ်လိုင်း ပြောင်းကြည့်တော့လည်း “Just like heaven” ထဲမှာ Reese Witherspoon ကို ဆရာဝန်က အသက်ရှူစက်ဖြုတ်ဖို့ သူ့မိသားစုဆီမှာ consent တောင်းနေပြီ။ စိတ်ဆင်းရဲစရာတွေကလည်း အဲ့လောက်တောင် တိုက်ဆိုင်ရသလား။ နိုးတဝက် အိပ်တဝက်နဲ့ တညလုံးကုန်ပြီး မနက်ကျတော့ ခွဲခန်းပြန်ဝင်ရတာပါပဲ။

ကိုယ့်ခေါင်းထဲမှာတောင် ပြန်မတွေးချင်တဲ့အဖြစ်တွေကို စာထဲမှာလည်း ဘယ်ထည့်ရေးချင်ပါ့မလဲ။ ဒါပေမယ့်လည်း ကိုယ့်အကြောင်းကို အကောင်းလေးတွေချည့် ထည့်ရေးပြီး မကောင်းတာတွေကို ထိန်ချန်ထားလို့ မရဘူးလေ။ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းချည့်ရေးတဲ့ စာရေးသူတစ်ယောက် မဖြစ်ချင်ဘူး။ အနိုင်ကို ရင်ဆိုင်တတ်ဖို့ လိုသလို အရှုံးကိုလည်း ရင်ဆိုင်နိုင်ရမှာပဲ။ စိတ်ဆင်းရဲစရာ စိတ်ဓါတ်ကျစရာ အခြေအနေတွေကို ဘယ်လိုရင်ဆိုင် ဖြတ်သန်းမလဲ ဆိုတာလည်း အရေးကြီးတာပဲ မဟုတ်လား။ အရှုံးထဲမှာလည်း ကိုယ့်အတွက် သင်ခန်းစာယူစရာ၊ ပြုပြင်စရာတွေ ရှိပါတယ်။ “လမ်းဟောင်းဆက်မသွားဖို့၊ အမှားဟောင်းဆက်မမှားဖို့၊ ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ။” တဲ့။ ဒီကနေ့ ခွဲရတဲ့ လူနာအသစ်တွေဟာ မနေ့က လူနာနဲ့ ဘာမှမဆိုင်တော့ဘူးလေ။

ကိုယ့်ကိုယ်ကိုယ် အဖက်ဖက်က ပြည့်စုံတဲ့ Mr Perfect တစ်ယောက် လို့ ဘယ်တုန်းကမှ မယူဆပါဘူး။ ညံ့တဲ့ရှော်တဲ့နေရာတွေ အများကြီး။ ကိုယ်လုပ်သမျှ အကုန် အမှန်တွေချည့်ပဲ လို့လည်း တွေးမထားပါဘူး။ မှားတဲ့အခါလည်း မှားခဲ့တာပဲ။ အသက်ကြီးလာတဲ့အခါ ဘာမဆို စဉ်းစဉ်းစားစား လုပ်တတ်လာလို့ ငယ်တုန်းကလောက်တော့ မမှားတော့ဘူးပေါ့။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ရဲ့ အကျိုးဆက်ကိုတော့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ ကြိုးစားရတာပဲ။ အလုပ်တစ်ခု အောင်မြင်ဖို့အတွက် ကံရယ်၊ ဉာဏ်ရယ်၊ ဝီရိယရယ် လိုတယ်ဆိုရင် ကိုယ့်ဆီက စိုက်ထုတ်လို့ရတဲ့ ဉာဏ် နဲ့ ဝီရိယ ကိုတော့ မခိုမကပ် စိုက်ထုတ်ပေးလိုက်စမြဲပါ။

ဒီ ၂ နှစ် ၃ နှစ်စာ ကာလအတွင်းမှာ ကိုယ့်အတွက် စိတ်ဒဏ်ရာတွေ ရခဲ့တာလည်း အသေအချာပါပဲ။ နဂိုအတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြန်နေသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘဝကို true or false ပဲ ရွေးလာရတာ အသားသေသွားတော့ ကိုယ့်ရဲ့ဆန္ဒက ဘာဆိုတာတောင် မေ့မေ့လာတယ်။ ငယ်တုန်းက မိုက်ခဲ့မှားခဲ့တာတွေက မှားခါမှမှားရော ကိုယ်လုပ်ချင်တာ လုပ်ခဲ့ရလို့ စိတ်ချမ်းသာတယ်လေ။ အမြဲမဟုတ်ရင်တောင်မှပေါ့။ ဆေးကျောင်းမှာ ကျူတာလုပ်တုန်းက မမငြိမ်းကို မမနန်စီကြီး ဆုံးမတာ မှတ်မိသေးတယ်။ “လူဆိုတာ ငယ်တုန်းမှာ မိုက်ချင်မှားချင် မှားပစ်လိုက်ရတယ်။ အသက်ကြီးသွားတဲ့အခါ စဉ်းစားရတာတွေများလို့ မမိုက်ဖြစ် မမှားဖြစ်တော့ဘူး။” တဲ့။ ဟုတ်တာပေါ့။ ကိုယ်တို့မှာ အသက်ကြီးလာတော့ မိုက်ခွင့်မှားခွင့် quota တွေ ကုန်သွားပြီ။ “ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ် ကြိတ်မှိတ်ခံစားမယ်။” ဆိုတဲ့အရွယ်ရောက်လာပြီ။

အခုလည်းပဲ ကိုယ့်စိတ်ထဲမှာ ဘာတွေရှိရှိ။ ကိုယ်လုပ်ရမယ့်အလုပ်ကို မပျက်မကွက် အမှားအယွင်း မရှိ၊ ဆက်လုပ်နေရသေးတာပဲ။ ဒါမှပဲ professional ပီသတယ် လို့ ပြောရမယ် ထင်ပါရဲ့။ ကိုယ်စွမ်းသလောက်တော့ ကိုယ်ကြိုးစားခဲ့ပါတယ်။ ထိပ်ဆုံးအထိ မရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်။ ရည်မှန်းချက် ခရီးပန်းတိုင်နဲ့စာရင် စိတ်ခံစားချက်တွေက ဘာအရေးကြီးမှာလဲ။ ရေစီးတစ်ခါ ရေသာတစ်လှည့်ပေါ့။သိတဲ့အတိုင်းပဲလေ။ “လူတွေလည်း ထာဝစဉ်မပျော်နိုင်ဘူး။ ပူဆွေးစရာများတယ် အားလုံးမမြဲ။ အိုး…ဟိုး… မလွမ်းဖူးသော တယောသံလည်း မကြားဖူးဘူး။ ဘေးဘေး။