ချန်ဂင်တို့စခန်း (၂၀၀)

ယုန်ကလေးတွေ နို့ခွဲပြီ။ သူတို့မှာ ရှေ့သွားလေးတွေပေါက်လာတော့ နို့စို့ရင် နာလို့ထင်တယ်။ ယုန်မေမေက ရုန်းရှာတယ်။ ကန်စွန်းရွက်ကလေးတွေလည်း ပိုးလို့ပက်လက်လန်အောင် ကိုက်စားနေကြတော့ နို့ဆက်မတိုက်တော့ပဲ အရွက်ပြောင်းကျွေးတယ်။ အဲ့ဒီအခါကျတော့ အင်အင်းလေးတွေ ပါလာပြီမို့ အိပ်ခန်းထဲမှာ မထားတော့ပဲ ခြံထဲပြန်ပို့လိုက်တယ်။ ခုန်ပေါက်ပြေးလွှားနေပြီ။ အမွှေးဖွားဖွားနဲ့ ချစ်စရာလေးတွေ။ အကြီးတွေ ကပ်လာတိုင်း သူတို့အမေအမှတ်နဲ့ နို့ဆွဲဆွဲလို့ သူတို့ကိုတောင် အကြီးတွေက ပြန်ကြောက်နေရသေး။ နောက်တော့ သင်စရာပြစရာမလိုပဲ သူတို့အမေတူးထားတဲ့ ကျင်းကလေးထဲ အကုန်ဝင်ဝင်အိပ်နေကြတယ်။ ပျောက်လို့ရှာရင် အဲ့ဒီထဲမှာချည့်ပဲ။ တစ်ကောင်ကတော့ ခြံစည်းရိုးပျဉ်ချပ်ကြားကတိုးထွက်ပြီး အိမ်ဘေးက ခြုံထဲရောက်နေလို့ ပြန်ခေါ်ထားရတယ်။ ငယ်သေးတော့ လွတ်အောင် မပြေးတတ်သေးဘူး။ အပြင်ကကောင်များဖြင့် လူသာ အကပ်ခံတာ။ ခြံထဲထည့်ရင် ချက်ချင်းပြန်ခုန်ထွက်တယ်။ မနေဘူး။ ဒီလကုန်လောက်ဆို သူ့အမေ နောက်တစ်သားပေါက်လိမ့်မယ် ထင်တယ်။ ခြံချဲ့ဦးမှပါ။ ယုန် ၁၃ ကောင်စာဆိုတော့ အစာဖိုးကုန်တာထက် ဈေးဆိုင်ကယ်မဝင်ရင် သူတို့အတွက် ကျွေးစရာ မရှိဘုး ဖြစ်ဖြစ်နေတာ။ ရွာထဲက ကန်စွန်းရွက်တွေကောက်ပြီး လာလာပေးကြလို့သာ တော်တော့တယ်။ သူတို့တွေက လူကိုမှတ်မိတယ်။ မြင်တာနဲ့ ပြေးလာကြတာ။ ပတတ်လေးတွေတောင် ရပ်လို့။ ထိုင်းက Safari မှာ ကြည့်ချင်ပွဲပြတဲ့ တိရိစ္ဆာန်လေးတွေလည်း ဒီလိုပဲ သူတို့သခင်သင်သမျှ ခိုင်းသမျှ လုပ်ပြကြရတာနေမှာ။

ဒီတစ်ပါတ်ထဲ သူတို့လေးတွေနဲ့ များများနေဖြစ်တာက ဆေးရုံမှာ ကြာကြာမနေနိုင်ပဲ အိမ်ပြန်ပြန်နားနေရလို့ပါ။ အစားအသောက် ပျက်တယ်။ ပင်ပန်းတယ်။ အိပ်နေရင် အိပ်မပျော်ပဲ နိုးနေပြန်တော့လည်း အိပ်ချင်နေပြန်တယ်။ ခွဲစရာရှိရင် မပြီးမချင်း လုပ်နိုင်ပေမယ့် ခွဲပြီးသွားရင် ထမင်းတောင် မစားနိုင်။ ဖျားတော့လည်းမဖျားသလို ချောင်းဆိုးတာ လည်ချောင်းနာတာလည်း မဟုတ်ဘူး။ ဖြစ်စရာကတော့ ငှက်ဖျားရော ကိုဗစ်ရော ကိုယ့်ဆေးရုံမှာ ကြောက်ခမန်းလိလိ ရှိတယ်။ ကိုယ်တို့ထဲက တဝက်လောက်က ဖြစ်ပြီးသား။ ကိုယ်သာ မဖြစ်သေးတာ။ အခု ဖြစ်ချင်နေပြီလား မသိ။

ကိုဗစ်ကို ကိုယ်အကြိမ်ကြိမ်အခါခါ ကြုံဖူးတယ်လေ။ ဆယ်ဇင်းမှာ တစ်ခါပဲ positive ထွက်တယ်။ ဘာ symptoms မှ မပြဘူး။ မနှစ်က ဒီဆေးရုံမှာ အကုန် positive ပြန်ထွက်ကြတယ်။ ကိုယ် မထွက်ဘူး။ ဒီနှစ်က လူနာရှိလို့သာ စိတ်ပူနေတာ။ တုတ်ကွေးလက္ခဏာ ဘာတစ်ခုမှ မရှိဘူး။ လူနာကတော့ စိတ်ပူရပါတယ်။ တော်တော်လေးလည်း ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဗိုက်နာလို့ ဆေးရုံလာတက်တဲ့လူနာဟာ ညကြီးမင်းကြီး ၃ နာရီလောက် အိပ်မရအောင်ချောင်းဆိုးလို့ ဆိုပြီး ဆရာဝန်အိမ်မှာ လာနှိုးတယ်။ သူ့မှာတော့ swab ယူတာ COVID ပိုးမတွေ့ဘူး။ ဒါပေမယ့် နောက်ရက်ကျ သူ့သွားကြည့်တဲ့ ဆရာဝန်မလေး လည်ချောင်းနာလို့ swab ယူတာ positive ထွက်ရော။ သူရော သူ့အမျိုးသား ဆရာဝန်လေးပါ Q ရတာပေါ့။ လူနာတွေ ကူးမှာစိုးရတာကိုး။ နောက်ရက်မှာ သူနာပြုဆရာမလေးတစ်ယောက်ပါ ပိုးထပ်တွေ့လို့ Q ရပြန်တယ်။ နဂိုကတည်းက လူမရှိလို့ သူတို့မှာ ပိတ်ရက်ပိတ်ချိန်မရှိ လူနာတွေကြည့်နေရတဲ့အထဲ သျှင်နည်းရာ အဂ္ဂလူထွက် ဖြစ်ရတာပေါ့လေ။ သူတို့နားတုန်း ကိုယ်တွေက ဆေးရုံမှာလူနာအကြည့်များတော့ ကူးဖို့ risk ကလည်း ပိုများတာပေါ့။ လူနာတွေက နားမှမနားပဲဟာကိုး။

ခက်တာက နောက်တစ်ခါထပ်ပြီး swab ယူသည့်တိုင်အောင် negative ပဲ ထွက်နေတော့ အဲ့ဒီလူနာကို ကိုဗစ်ဖြစ်နေတာပါ လို့ ကံသေကံမ စွပ်စွဲဖို့က ခက်ပါတယ်။ ချောင်းက အိပ်မရအောင်ဆိုး၊ လည်ချောင်းနာ၊ အသက်ရှူမဝ၊ အဲ့ဒီနောက် အောက်ဆီဂျင်ပါကျလာတဲ့အခါမှာတော့ ကိုဗစ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုဗစ်ကုသလိုပဲ severe pneumonia အဖြစ် ခေါင်းစဉ်တပ် ကုကြပါတယ်။ CS 2 Inj တွေထိုး၊ Azithromycin တွေပေး၊ Enoxaprin တွေထိုး၊ ချောင်းဆိုးပျောက်ဆေးပေါင်းများစွာနဲ့ chest physiotherapy တွေ လုပ်ပြီး ကုကြတာပေါ့။ Steroid တင်ဖို့ လိုပြီမို့ Dexa Inj တွေလည်းပေးရ၊ Gastric problem မရဖို့ PPI Inj တွေလည်းပေးရနဲ့ တစ်နေ့တစ်နေ့ သူ့ဆေးဖိုးကုန်ကျစားရိတ်တင် သိန်းဂဏန်းရှိပါတယ်။ သူ့အိမ်ကတော့ ဘယ်သိမလဲ။ ကုန်ချင်သလောက်ကုန်ပါစေ။ ကိစ္စမရှိပါဘူး။ တစ်ခုပဲ။ အောက်ဆီဂျင်ကုန်တာကတော့ တော်တော် ဒုက္ခရောက်တာပါ။ အောက်ဆီဂျင် ဆလင်ဒါတစ်လုံးက မပြတ်ရှူရင် ၁၂ နာရီပဲ ခံပါတယ်။ အိုးကစိမ့်၊ ပိုက်ကစိမ့် နဲ့ leakage ရှိနေရင် အဲ့သလောက်တောင် မခံဘူး။ ကိုယ်တို့ဆေးရုံမှ ဆလင်ဒါ ၁၈ လုံးတောင်ရှိပေမယ့် ၃ လုံးက ခေါင်းမလုံဘူး။ ငါးလုံးတစ်ခါ သွားဖြည့်ရင် အဲ့ဒီငါးလုံး ပြန်အရောက် နဲ့ ဒီက နောက်ထပ် ၅ လုံးအကုန်၊ အံကိုက်ပဲ။ အဲ့ဒီတော့ ကိုယ်တို့မှာ သုံးနေတာ ၅ လုံး၊ သွားဖြည့်နေတာ ၅ လုံး၊ ခွဲခန်း နဲ့ မွေးခန်းသုံးဖို့ ၅ လုံး။ အဲ့ဒါလေးကို အလျဉ်မီအောင် အပတ်လည်အောင် စီစဉ်ရတာ ခေါင်းတွေကိုက်ပြီး သွေးတွေတိုးပါတယ်။ ကားလမ်းမရှိတဲ့အချိန်မို့ ထွန်စက်နောက်တွဲနဲ့ သယ်ရပို့ရတာ မနက်ကသွားရင် မိုးချုပ်မှောင်မှ ပြန်ရောက်တယ်။ လိုင်းကားတွေကလည်း ဝန်ကျယ်ပြီး အစစ်အဆေးများလို့ မတင်ချင်ကြဘူး။ ဒလန်တွေ မျက်စိစပါးမွှေးစူးရင်လည်း ကိုယ့်ကူညီတဲ့သူတွေ ဒုက္ခကရောက်ဦးမယ်။ ဘယ်လိုပဲ အကွက်စေ့အောင် စီစဉ်ဦးတော့ တစ်ခုမဟုတ်တစ်ခု လွဲချော်ပြီး ကြန့်ကြာနေတတ်ပါတယ်။

ဒီလူနာဟာ ကိုဗစ်ပိုးရှာမတွေ့ပေမယ့်လည်း သူ့အဆုတ်က အောက်ဆီဂျင်ပေးထားမှ အမောသက်သာပါတယ်။ ခက်တာက သူ့ဆီက ကူးတဲ့သူတွေတောင် Q ဝင်ပြီး ရက်စေ့လို့ အလုပ်ပြန်ဆင်းလာပြီ။ သူက သက်သာသလိုလိုလေးပဲ ရှိတယ်။ အောက်ဆီဂျင် ဖြုတ်လို့မရ။ ကားလမ်းပေါ်က ဆေးရုံတစ်ခုခုဆီ လွှဲဖို့စဉ်းစားပေမယ့် လက်ခံပါ့မလား။ လက်ခံရင်ကော ဒီကကုပေးထားတဲ့ ဆေးတွေ ဆက်ပေးနိုင်ပါ့မလား။ (အရမ်းဝယ်ရခက်နေလို့ ပြောတာ) လူနာကရော ဒီခရီးလမ်းကို ခံနိုင်ပါ့မလား။ စဉ်းစားရင် မဖြစ်နိုင်ပါဘူး။ ဒါတောင် ကိုယ့်ဆီမှာ အောက်ဆီဂျင်ရှူနေတာ ၂ ပါတ်ကျော်လာပြီ။ အိုးတွေသယ်တဲ့ ကားခချည့်ပဲ ၇ သိန်းခွဲလောက် ရှင်းထားရတာ။ သူ့အိမ်ကို ထွန်စက်ပဲ အကူအညီတောင်းတယ်။

၂ ပါတ်ကျော်ရင် infectivity တော့ မရှိတော့ဘူးလေ။ recovery ဘက်ကို ပြန်ပါလာပြီ။ သို့သော် fibrosis ဖြစ်လာပြီဆိုတော့ သူ့အဆုတ်က ပျော့ပြောင်းမှု မရှိတော့ဘူး။ မာရေကျောရေ ဖြစ်လာတဲ့သဘောရှိတယ်။ ဒီအခါမှာ အရင်က သူအားမထုတ်ပဲ ရှူနေရတဲ့ အသက်ရှူခြင်းအမှုတွေဟာ သူ့အတွက် မလုံလောက်တော့ဘူး။ အစက အောက်ဆီဂျင်ကို နှာခေါင်းပိုက်လေးနဲ့ ရှူနေတာ။ အဲ့ဒါ 2 liter/min နှုန်းပဲ ရတယ်။ အခု 5 liter/min လောက် လိုလာပြီ။ face mask ကလေးနဲ့ ရှူမှ ရမယ်။ ဒါဆိုရင် ဆလင်ဒါက ၁၂ နာရီ မခံတော့ဘူး။ မီးစက်နှိုးပြီး oxygen concentrator နဲ့ ပေးမှရမယ်။ ကောင်းပြီလေ။ သု့အတွက် တစ်နေ့ ၃ ခါ မီးစက်နှိုးကြတာပေါ့။ ခွဲခန်းရှိတဲ့အချိန်တိုင်းလည်း သူ လိုက် ကုန်းဆင်းလို့ရမယ်။ ကျန်တဲ့အချိန် ဆလင်ဒါနဲ့ ထားလိုက်တယ်။ လူနာကိုလည်း ရှင်းပြလိုက်တယ်။ ပုံမှန်ရှူရုံနဲ့ မလုံလောက်ဘူး။ အားစိုက်ပြီးရှူမှ အသက်ရှူဝမယ်။ သက်သာသလိုမနေပါနဲ့။ အသက်ပြင်းပြင်းရှူပါ။ အဲ့ဒါ သေရေရရှင်ရေးပါ။ ဘယ်သူမှ ကူရှူပေးလို့ မရပါဘူး။ ကိုယ်တွေဘက်ကလုပ်ပေးနိုင်တာ ကျောပုတ်ရင်ပုတ် မုန့်လက်ခုပ်ပဲ ကျွေးလို့ရမယ်။ သူ နားထောင်ရှာပါတယ်။ နားထောင်တော့ ရက်ကြာကြာ ပိုခံတာပေါ့။ အောက်ဆီဂျင်တွေလည်း ပိုကုန်တာပေါ့။ ဒီအခြေအနေမျိုး ရန်ကုန်မှာတုန်းကဆိုရင်တော့ Bag & Mask လေးနဲ့ ပြောင်းရှူခိုင်းပေး။ အဲ့ဒါနဲ့မှ မရရင် HFNC စက်ကလေးနဲ့ နှာခေါင်းထဲကို စက်နဲ့ မှုတ်ထည့်ပေး လုပ်ရတယ်လေ။ လုပ်ဖို့အချိန်တန်ပြီ။ ဒါပေမယ့် ဒီမှာ လုပ်လို့မှ မရတာ။ ကိုယ့်ဆီရောက်နေတဲ့ ဆေးကျောင်းသားလေး နဲ့ သစ်လွင်ဆရာဝန်လေးကိုတော့ ကိုဗစ်ဆိုတာ အစကဘယ်လိုလာပြီး ဘာတွေဖြစ်လာရင် ဘာတွေလုပ်ပေးရတယ်။ ဒီအဆင့်ဆို ဘာတွေ လုပ်ပေးဖို့လိုတယ်။ အာတွေ့တွေပဲ နားလည်အောင် သင်ပေးလို့ရတာပေါ့ကွယ်။ သူတို့လည်း ကိုဗစ်စင်တာမှာ ဗော်လံတီယာတောင် ဆင်းဖူးတာ မဟုတ်တော့ ဘယ်သိမှာလဲ။

ဒါပေမယ့် လက်တွေ့မှ မပါတာလေ။ လူနာ ဘယ်ပြန်ကောင်းမှာလဲ။ ကိုယ်အတင်းဆွဲထားတော့ သူ့ခမျာ နောက်ဆုံးအချိန်ထိ သတိကလည်း ကောင်းတုန်း။ ကိုဗစ်ရဲ့ complication တွေကို စာသင်လို့ကောင်းအောင် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြသွားတော့ မတ်မတ်ဆောင်းသာ သိရင် “ဆရာကုတာ အခု မသေလည်း ဖြေးဖြေး ဖြေးဖြေးသေသွားတာပဲ။ ဟုတ်သလိုလို မဟုတ်သလိုလိုနဲ့ အပြီးသတ်ကျတော့ မဟုတ်လည်း မဟုတ်ဘူးနော်။” လို့ အပြောခံရလိမ့်မယ်။

၁၇ ရက်မြောက် မနက်မှာ လူနာ ဆုံးပါတယ်။ ဆေးရုံက အောက်ဆီဂျင်တွေလည်း ပြတ်ထွက်သွားတယ်။ ဆေးတွေကုန်သွားတာလည်း သောက်သောက်လဲ။ နောက်ပိုင်း pressure ကျလာတော့ သူ့ကို ICU ထဲ ကုတဲ့အတိုင်း ကုထားရတာကိုး။ ဆေးရုံကလူတွေလည်း မျော့မျော့ပဲ ကျန်တော့တယ်။ ကိုယ်တောင် နေမကောင်းဖြစ်တာ ကိုယ့်ကိုယ်ကိုယ် ငှက်ဖျားလား၊ ကိုဗစ်လား၊ ဆီးအောင့်ကျောက်တည်လား၊ ဘာဖြစ်နေမှန်း မကွံပြားတော့ဘူး။ အိမ်မှာ ယုန်တွေနဲ့ ခွေနေတယ်။ သောက်လိုက်ရတဲ့ ဆေးတွေဆိုတာ မနက် လေးငါးလုံး ည လေးငါးလုံး။ ကြားပေါက်တွေက ပါသေး။ နောက်ဆုံးတော့ ငါ အစက ဘာဆေးမှ မသောက်ပဲ နေလို့ ကောင်းနေတာပါ။ အခု ဆေးတွေ သောက်ကာမှပဲ နေမကောင်း ဖြစ်ရတယ်လို့။ အဲ့ဒီဆေးတွေကြောင့်လား မသိပါဘူး ဆို အကုန်လုံး ရပ်ပစ်လိုက်တာ အခု ကောင်းသွားပြီ။ အေးတာပဲ။

ပြောချင်တာက သပ်သပ်ပါ။ ကိုဗစ်လူနာတွေကြားထဲမှာ ဆေးကုတဲ့ကိုယ်က နေထိုင်မကောင်း ဖြစ်တဲ့အခါ ကိုယ့်ကို ကူးပြီလား လို့ သံသယဖြစ်ရတာ၊ စိတ်ပူရတာက တစ်ချက်။ နေမကောင်းပဲနဲ့ အအိပ်ပျက် အစားပျက် အခြေအနေကြီးနဲ့ ကိုဗစ်လူနာကြည့်နေရတော့ ကိုယ့်ကို ရောဂါကူးရင် ခံနိုင်လောက်တဲ့ ကိုယ်ခံအား ရှိပါ့မလား ဆိုတာ စိတ်ပူရတာက တစ်ချက်။ စိတ်ပူတာက စိတ်ပူတာတစ်ပိုင်း၊ လူနာအတွက် လုပ်ပေးစရာရှိတာကို ကိုယ့်ဘက်က အတတ်နိုင်ဆုံး လုပ်ပေးရမှာက တစ်ပိုင်းပဲ။ အိမ်ပြန်ခေါ်သွားမယ် ဆိုတာတောင် ပေးမပြန်ခဲ့ဘူး။ သူ့အတွက် သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်တာ ဒီမှာပဲ ရှိတယ် ဆိုပြီး အဆုံးထိခေါ်ထားလိုက်တာ။ ဆရာဝန်က လက်လျော့လိုက်တယ် လို့တော့ မပြောပါနဲ့။ မနိုင်လို့ ပါသွားတာ။ စာရင်းချုပ်ကြည့်လိုက်ရင် ကောင်းကင်မှာ လေယာဉ်ပျံတွေ ဝဲနေတာ၊ လက်နက်ကြီးသံတွေကြားပြီး စစ်ပွဲလူနာတွေ ရောက်ရောက်လာတာ။ အဲ့ဒါတွေက ဆေးရုံကို ဘယ့်နှယ်မှ မတုန်လှုပ်စေဘူး။ အဲ့ဒီ ကိုဗစ်လူနာလေးတစ်ယောက် တက်သွားတာ တစ်ဆေးရုံလုံး အီစလံကိုဝေသွားတာပဲ။ လူအားရော ငွေအားရော။ သောက်သောက်လဲကုန်ပြီး အဖတ်လည်း မတင်ဘူး။ အဲ့ဒါ တစ်ယောက်တည်းက ပေးသွားတဲ့ ဒုက္ခပဲရှိသေး။ ကိုယ်တို့တစ်နိုင်ငံလုံးမှာ ကိုဗစ်ကြောင့် ထိခိုက်နစ်နာရတဲ့ impact ဆို ဘယ်လောက်အထိ ကြီးမလဲ စဉ်းစားသာကြည့်ပါတော့။ တကယ်လို့များ အဲ့ဒီ COVID-19 virus ဟာ ဝူဟန်က ဓါတ်ခွဲခန်းကနေ တရုတ်တွေ ဆပ်ဆပ်ဆော့ဆော့ မွေးယူလို့ ပျံ့ထွက်လာတာသာ မှန်ခဲ့ရင် တကမ္ဘာလုံးက ထိခိုက်နစ်နာခဲ့သမျှ ဒင်းတို့ကို တူသောအကျိုး ပြန်ပေးကြပါစေဗျား။

နောက်တစ်ခုက ကိုယ့်ဆေးရုံကလေးမှာ ခြိမ်းခြောက်လာတဲ့ အန္တရာယ်ကို Nosocomial infection လို့ ခေါ်ပါတယ်။ ဆေးရုံပေါ်ကနေမှ ကူးစက်ရောဂါတွေ ပြန့်ပွါးလာတာကိုပြောတာ။ hospital acquired infection ပေါ့။ ကိုယ်တို့မှာ ငှက်ဖျားကပ်ရောဂါကို ကုနေရင်းနဲ့ ကိုယ်တို့ထဲကလူတွေ တစ်ယောက်ပြီးတစ်ယောက် ငှက်ဖျားဖြစ်လာတယ်။ ကိုဗစ်ရောဂါကို မပြန့်ပွါးအောင် ထိန်းသိမ်းနေလျက်နဲ့ ကိုယ်တို့ထဲမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာတယ်။ မသေမပျောက်သော်ငြား ကျန်းမာရေးထိခိုက်ပြီး လုပ်အားတွေလည်း ဆုံးရှုံးရတယ်။ ကိုယ်ခန္ဓာအင်အား စိတ်ဓါတ်အင်အားတွေ ကျဆင်းရတယ်။ ဒါက ပျောက်ကင်းနိုင်တဲ့ ရောဂါမို့ တော်သေးတယ်။ မပျောက်ကင်းတဲ့ ရောဂါဆို ဘယ်လိုလုပ်မလဲ။ ကိုယ်တို့အနားမှာ KIO ရဲ့ တရားရုံး နဲ့ အချုပ်ထောင်ရှိတယ်။ အချုပ်သား အများစုက ဆေးမှုနဲ့ ဖမ်းထားတဲ့ အကျဉ်းသားတွေ။ သူတို့ထဲက မကြာခဏ ဆေးရုံလာပြရတယ်။ overdose နဲ့ လာလိုက်၊ ရင်းထလို့ လာလိုက်၊ ငှက်ဖျားနဲ့လာလိုက်၊ အကွဲအပြဲ အရိုက်အနှက်နဲ့ လာလိုက်။ နည်းတော့ မနည်းဘူး။ စစ်လိုက်ရင်တော့ B+ C+ R+ တွေချည့်ပဲ။ အဲ့ဒီလူတွေဆီကနေ ကိုယ့်ဆေးရုံကလူတွေဆီ ရောဂါအကူးခံလို့ မဖြစ်ဘူး။ အဲ့ဒီလူတွေက ပြည်တည်နာအကြီးကြီးတွေဖြစ်ပြီး ခွဲခန်းဝင်ရတာလည်း ရှိတယ်။ အဲ့ဒါနဲ့ပဲ ခွဲခန်းထဲက ပစ္စည်းတွေကို သူတို့အတွက် တစ်စုံခွဲထုတ်ပြီး ထုံးစံနဲ့အညီ စီရင်ရတယ်။ သုံးပြီးမီးရှို့ပစ်ရလို့ drapes တွေလည်း ကုန်တယ်။ ET tubes တွေဆိုရင်လည်း ထပ်သုံးလို့ မရတော့ဘူး။ သူတို့ကို တစ်လကိုးသီတင်း ဆေးထည့်ပေးရတဲ့ ပစ္စည်းတွေဆို စဉ်းစားသာကြည့်ပါတော့။ ဒီကြားထဲကမှ ကိုယ့်လူတွေ အပ်စူးတယ်ဆိုလို့ အသည်းအသန် PEP လှမ်းမှာရသေးတယ်။ အရင်ကတည်းက မှာထားတာ ကြာပြီ။ “မကြာမီ လာမည်။ မျှော့။” နဲ့ တွေ့နေလို့ “မရတော့ဘူး။” ဆို အရေးပေါ် ထတောင်းရတယ်။ အခု “လာပါပြီတော်။ မုန့်ဆီကြော်” က လမ်းမှာတင်ပဲ ရှိသေးတယ်။ နက်ဖြန်ဆို ရောက်ပြီ။

အခုတော့ သိပါပြီ။ လူနာတွေကို ဆေးကုရတာ၊ ခွဲစိတ်မှုတွေ ခက်ရာခဲဆစ် လုပ်ရတာ၊ မေ့ဆေးပေးရတာ၊ အဲ့ဒါတွေ အားလုံးထက် ခက်တာက တောထဲတောင်ထဲမှာ ဒီဆေးရုံအတွက် လိုအပ်သမျှ ရနေဖို့ logistics လုပ်ရတာပါပဲ။ တော်တော်ကို ပင်ပန်းပါတယ်။ ရောက်လာရင် အများကြီး။ သုံးလိုက်ရင် ပြိုက်ကနဲ။ ဆေးရုံ ငယ်ပေမယ့်လည်း လူနာများတဲ့အခါ နင်တက်ငါဆင်း ကုနေရလို့ ဆေးဝါးပစ္စည်း consumables တွေ ကုန်တတ်ခမ်းတတ်တာ သဘာဝပေါ့။ ပွန်းပဲ့ပျက်စီးစေတတ်သော အရာတွေဟာလည်း ချို့ယွင်းလျော့ပါးတတ်တာ သဘာဝပဲ။ ကူးစက်တတ်သော လူနာများနဲ့ ထိတွေ့မှုတွေ များလာတဲ့အခါမှာလည်း ခုနကပြောခဲ့တဲ့ nosocomial infection တွေ တစ်စခန်းထတာကလည်း သဘာဝပါပဲ။ ရှိသမျှလူအင်အားကလေးနဲ့ ဘာမဆိုလုပ်နိုင်အောင် ကြိုးစားနေရတာ ဘာခံစားခွင့်မှလည်း ရှိကြတာ မဟုတ်ပါဘူး။ ပိတ်ရက်နားရက် မရှိ၊ အိပ်ချိန်နားချိန်မှန်းမသိ။ လူနာလာရင် လာသလို ကြည့်ပေးနေရတာ မဟုတ်လား။ ဒါက ကိုယ်တို့ရင်ဆိုင်ရတဲ့ စစ်မျက်နှာက မြေပြင်အခက်အခဲတွေပါ။ အောင်အောင်မြင်မြင် ဖြတ်သန်းလာခဲ့တဲ့ မှတ်တိုင်လေးတွေ ဆိုလည်း ဟုတ်တယ်။ နောင်ကျရင် မေ့သွားမှာစိုးလို့ မှတ်တမ်းလေးရေးပြီး သိမ်းထားတာ။ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက်တော့ လုပ်ခဲ့ပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှပါပဲ။

တချို့တလေကလည်း စေတနာနဲ့ အကြံပေးကြပါတယ်။ “Case လေးတွေက ကောင်းသားပဲနော်။ Scientific paper လေးဘာလေး ရေးတင်ပါလား။ Journal တွေမှာ ပါသင့်တာပေါ့။” တဲ့။ အင်္ဂလိပ်လို ဘာသာပြန်စေချင်တာလည်း ရှိတယ်။ နေပါစေလေ။ သူများအထင်ကြီးခံရဖို့သက်သက်တော့ အဲ့လောက် သက်စွန့်ဆံဖျား အပင်ပန်းခံစရာလား။ ဘယ်သူသိသိ မသိသိ၊ ကိုယ့်ဘာသာသိဖို့ပဲ ရေးတာပါ။ ဒီအရွယ်ကြီးရောက်မှ “မင်းတော်တယ် မောင်ပြူး။” လို့ ဘောက်ဆူးပေးမယ့်သူလည်း မမျှော်ပါဘူး။ ဂျပန်ပုံပြင်ထဲက ကြိုးကြာလေးလိုပဲ ကိုယ့်အတောင်လေးကို နှုတ်ပြီး ကလောင်အဖြစ် ခြစ်ရတာ၊ ကိုယ့်နှလုံးသွေးနဲ့တို့ပြီး မင်အဖြစ် ခြယ်ရတာ။ အပြင်မှာရှိတဲ့အတိုင်း ပန်းချီကားလေး (ကီမိုနိုလေး ထင်ပါတယ်) ဖြစ်လာဖို့ပါ။ ကိုယ်ခြယ်မှုန်းထားတဲ့အတိုင်း အပြင်မှာ ဖြစ်လာဖို့ကလည်း ကိုယ်ကိုယ်တိုင်ပဲ ရုန်းကန်ရတာ မဟုတ်လား။ အသက်ဝင်တယ် ဆိုတာ ဒီပန်းချီကားထဲမှာ တကယ့်အသက်တွေ ပါလို့ပါ။ သေရင်လည်း သေတဲ့အလျောက် ရှင်ရင်လည်း ရှင်တဲ့အလျောက်ပေါ့။ ဒီအထဲမှာ မပါတဲ့ အခြားတပါးသူတွေ နှစ်ခြိုက်သဘောကျစေမယ့်အကြောင်းကို ခေါင်းထဲမှာတောင် မထည့်ထားဘူး။ ကီမိုနိုကလေးရဲ့အသက်ဟာ ရဲရဲနီတဲ့ နေဝန်းကလေး ဖြစ်သလို ကိုယ့်စာစုကလေးရဲ့ အသက်ဟာလည်း နွေဦးတော်လှန်ရေးကာလအတွင်းက CDM ဆရာဝန်တစ်ယောက်ရဲ့ ဘဝသာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းကလို “ဂျပန်ခေတ် ဆေးရုံကြီးဝယ်” လို့ မရေးနိုင်တာ စိတ်မကောင်းပါဘူး။ ကိုယ်ကမှ အဲ့ဒီမှာ ရှိမနေတာကိုး။ ရေးရင်းရေးရင်း ရုပ်လုံးတော့ ပီပီပြင်ပြင် ပေါ်နေပါပြီ။ အပြီးသတ်စုတ်ချက်ကလေးတွေနဲ့ အနားသပ်ဖို့ပဲ ကျန်ပါတော့တယ်။ အပိုင်း ၂၀၀ ရှိလို့မှ ဝါးတားတား ဖြစ်နေသေးရင်လည်း လဲသာသေပလိုက်ဖို့ပဲ ကောင်းတော့တာပေါ့။ ဘယ့်နှယ့်။ စောင့်ဖတ်နေတဲ့သူတွေ အားနာစရာ။