ချန်ဂင်တို့စခန်း (၁၉၈)

ရေစီးတစ်ခါ ရေသာတလှည့် တဲ့။ “စစ်ပွဲတွေ လောလောဆယ် မရှိသေးဘူး။ အေးအေးချမ်းချမ်းပဲ။”လို့ ထင်ခဲ့ရတဲ့ကာလတွေက ကုန်သွားပြန်ပြီလေ။ ဖားကန့်ဘက် ကသိုဏ်းတောင်ပေါ်က စစ်ခွေးဂိတ်ကို KIA က သွားသိမ်းပြီးတဲ့နောက်မှာ ဒီဘက်ပိုင်းက ရွာသူရွာသားတွေအားလုံး လေကြောင်းအန္တရာယ် ဥဩသံကြီး အလိုလို ကြားယောင်နေတာဟာ ဘဝပေးအသိ လို့ ပြောရရင် တော်တော် ရင်နာစရာကောင်းမှာပဲ။ ယူကရိန်း နဲ့ ရုရှားလို ပြည်ပက ကျူးကျော်စစ်လည်း မဟုတ်သလို အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့သူတွေကလည်း စစ်သားတွေ မဟုတ်ကြပါဘူး။ အရပ်သား ပြည်သူတွေပါ။ ကိုယ့်တိုင်းပြည်က တိုင်းသူပြည်သားတွေရဲ့ ရပ်ရွာအိုးအိမ် ဘာသာရေးအဆောက်အဦတွေကို အဲ့ဒီတိုင်းပြည်ရဲ့ စစ်တပ်ကိုယ်တိုင်က ရက်ရက်စက်စက် ဗုံးကျဲ မီးရှို့ သတ်ဖြတ်တယ် ဆိုတဲ့ဖြစ်ရပ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ရှိရောရှိပါ့မလား မသိဘူး။ ဒါတွေက အရေးမကြီးတော့ပါဘူး။ သူ့ဟာသူ ရှိရှိ မရှိရှိ။ အရေးကြီးတာ ကိုယ့်အသက်ကို လွတ်အောင်ရှောင်။ တို့ဆီမှာ ဒါမျိုးတွေက ရိုးဟိုးဟိုးနေပြီ။ ၈ လေးလုံးတောင် ၃၅ နှစ် ကြာသွားပေါ့။ စစ်သားတွေက ခုထက်ထိ လူသတ်တုန်းရှိသေးတယ်။ သူတို့ ခံယူချက်က ရှင်းရှင်းလေး။ ဒီတိုင်းပြည်မှာ စစ်သားတွေကသာ ကမ္ဘာတည်သ၍ အုပ်ချုပ်သွားမယ်။ လုပ်ချင်ရာကို လုပ်ချင်သလို လုပ်မယ်။ မခံနိုင်ရင် လဲသေလိုက်။ မသေသေးရင် သူတို့သတ်ပေးမယ်။ အဲ့ဒါ စစ်သားဝါဒ။

ဪ မဟုတ်ဘူးလို့များ ငြင်းချင်သေးတယ်။ ကိုင်းအခု ဂျက်ဖိုက်တာနဲ့ လာဗုံးကျဲသွားပြီဗျား။ ကသိုဏ်းတောင်အောက်က နမ့်မှော်ရွာကို။ နင်တို့အထင်သာ မှားချင်မှားမယ်။ နင်တို့အဖေထင်တာ မမှားဘူး။ လာမယ်ဆို လာတာပဲ မဟုတ်လား။ အခုနေ PDF ကလေး ၁၀ ယောက်လောက် ကျောက်ဖြူဆင်းတုကြီးမှာ ၈ လေးလုံး ထီးနီလေးလက် ဆက်ကပ်ပူဇော်နေပါတယ် လို့ ဖေ့စ်ဘုတ်ပေါ် တင်ကြည့်လိုက်ပါလား။ ဘုရားကြီးပါ စိစိညက်ညက် ကျေသွားဦးမယ်။ ဒီကောင်တွေ ယုတ်မာတဲ့အကြောင်း ကိုယ်တို့ထက် သိနိုင်တဲ့သူ မရှိပါဘူး။ မှိန်းခံတာ မခံတာပဲ ကွာပါတယ်။

လေကြောင်းနဲ့ ဗုံးလာကျဲမယ်။ ပြီးရင် အဲ့ဒီနေရာကို စစ်ကြောင်းထိုးဝင်လာပြီး တွေ့သမျှလူသတ်မယ်။ ရွာတွေမီးရှို့မယ်။ အမျိုးသမီးတွေဆို မုဒိန်းကျင့်မယ်။ အဲ့ဒါ သူတို့လုပ်နေကျ အမူအကျင့်ပဲလေ။ ဘာထူးဆန်းသလဲ။ ဘာမှ မထူးဆန်းဘူး။ တကမ္ဘာလုံးက အံ့ဩချင်ဩ မဩချင်နေ။ ကိုယ်တို့အတွက်တော့ အံ့ဩစရာ မဟုတ်တော့ဘူး။ မြန်မာတပြည်လုံးမှာ သူတို့ အဲ့ဒီအတိုင်းချည့် လုပ်နေတာ။ ဒါကို မခံမရပ်နိုင်လို့ သေချင်သေ အသက်စွန့်ပြီး ပြန်တော်လှန်နေတာလေ။ ဒီထဲကလူအားလုံး သုမနကျောမှာ လော်ရာတွေနဲ့ချည့်ပဲ။ ဘယ်သူကမှ ငါတို့ကိုလုပ်တာ ဒီအကောင်တွေ ဟုတ်မှ ဟုတ်ပါရဲ့လား မောင်တို့ လို့ သံသယမရှိဘူး။ ဘယ်သူ့မေးမေး ဟုတ်ပေဗျား။

အဲ့ဒီတော့ ကိုယ်တို့လည်း ထူးပြီး မအံ့ဩပါဘူး။ လေယာဉ်လာရင် လွတ်ရာက အရိပ်အခြေကြည့်ပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြတာပ။ Appendix တစ်ယောက် ခွဲစရာ ရှိတယ်။ ကလေးတွေကို လုပ်ခိုင်းပြီး လိုတာကြည့်သင်ပေးတယ်။ ကိုယ့်ဆေးရုံအဖွဲ့ထဲက ကိုဗစ်ပိုးတွေ့လို့ Q ထားရတာက ၃ ယောက်ရှိတယ်။ ward ထဲမှာ ပိုးမတွေ့ပေမယ့် ကိုဗစ်မှကိုဗစ်ကြီးပါဆို ကုနေရတဲ့ အောက်ဆီဂျင် ဖြုတ်လို့မရတဲ့လူနာက တစ်ယောက်ရှိတယ်။ ဟိုနေ့က သွားယူတဲ့ ဆလင်ဒါ ၅ လုံးက ကုန်ပြီ။ နောက်တစ်ခေါက် သွားယူရဦးမှာ။ ဆေးဖိုးထက် လေဖိုးက ကြီးတော့တယ်။ လမ်းခရီးမှာ တံတားကကျိုး၊ မြေကပြို၊ ရေတွေကကြီးလို့ ဆိုင်ကယ်တောင် သွားမရပါဘူးဆိုမှ “အောက်ဆီဂျင် မရှိလို့ မဖြစ်ဘူး။” ဆိုတဲ့ လူနာနဲ့တွေ့တော့ ကိုယ်ပါ သေချင်သွားတယ်။ ဖြစ်ဖြစ်ချင်းကတည်းက မြို့သွားဖို့ လွှဲစာယူ၊ ကားလက်မှတ်ဖြတ်ပြီးသား။ အိမ်ပြန်နတ်ပြရင်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ပြန်ရောက်လာတာ။ ခွံခန်းထဲဝင်မှ အသက်ကယ်တယ် မထင်နဲ့။ အောက်ဆီဂျင် ရအောင်ရှာပေးတာလည်း အသက်ကယ်တာပဲ။ အတူတူပံ။ ရအောင်လုပ်။ အေးပါကွာ။ လေယာဉ်လာတော့လည်း “ပြာလွင်လွင် ဝေဟင်ထဲ ဝဲလာတဲ့ငှက်ငယ်ရယ် … အိုး ဟို…” လို့ နှုတ်ဆက်လိုက်။ ပြီးရင် ဆေးရုံထဲပြန်ဝင်ခဲ့ဦး။ အောက်ဆီဂျင်အိုးအလွတ်တွေ ပို့ဖို့စီစဉ်ရဦးမှာပေါ့။

အစောကြီးကတည်းက ဒီအရေးတွေကို ကြိုမြင်လို့ ကိုဗစ်ကို လက်ဦးအောင်နှိမ်ပါတယ်။ တခြားနေရာတွေမှာဆို swab တောင် မယူတော့ဘူး။ ဒီအတိုင်းပဲ ထားတာ။ ဒါပေသိ တောထဲတောင်ထဲမှာ အောက်ဆီဂျင်ကျတဲ့လူနာရောက်လာရင် ဒုက္ခရောက်လိမ့်မယ် လို့ ကြိုမြင်လို့ ပိုးတွေ့တာနဲ့ Q ခိုင်းတယ်။ ဒါနဲ့လည်း မရ။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်တုန်းက တနေကုန် စက်လှေနဲ့လာပြီး လူနာလာခေါ်ရတာ ဒီရွာကပေါ့ဗျာ။ အခုလိုပဲ မိုးတွင်းကြီး။ လမ်းတွေပျက်၊ ရေတွေကြီး။ စက်လှေနဲ့ ၄ နာရီလာ၊ ဒီဘက်ရောက်တော့ ထွန်စက်ပါ ပြောင်းစီးရတဲ့ရွာ။ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပါတယ်။

ဆယ်ဇင်းမှာ ကိုဗစ်ဖြစ်တုန်းက တကယ် ကြောက်စရာကောင်းတာနော်။ ရွာထဲမှာ တစ်ရက် နှစ်လောင်းသုံးလောင်း ဆက်လာလို့ သူတို့လည်း မရအရ ဆရာဝန်လိုက်ခေါ်တာ။ ရွာမှာနှစ်ရှည်လများ GP ဖွင့်တဲ့ ဆရာဝန်ကြီးလည်း ဆုံးရှာတယ်။ သူ့ဇနီးလည်း ဆုံးတယ်။ သူ့ဆေးခန်းကဆေးတွေကို ကိုယ်တို့ ကိုဗစ်စင်တာကို လှူခဲ့ပြီး အသားချောင်းတွေနဲ့ ကန့်လန့်ရိုက်ပိတ်ထားတဲ့ အိမ်ကလေးလည်း မီးထဲပါသွားရှာပြီ။ သူလှူတဲ့ဆေးတွေကိုတော့ ကိုဗစ်စင်တာပြီးလည်း ဒီဆေးရုံကလေးအထိ သယ်လာပြီး ကုန်အောင်သုံးပစ်ခဲ့နိုင်ပါတယ်။ မကုန်လောက်ဘူး ထင်တာ။ ကုန်ပေါ့။ ဒီဘက်အရပ်က ပစ္စည်းသင်္ခါရ လူသင်္ခါရဆိုသည်မှာ နေ့မြင်ညပျောက်ရယ်။ ကုန်ပြီဆိုလျှင်လည်း တက်တက်ကို ပြောင်ရော။ စိတ်မကောင်းလိုက်တာ။ ဆယ်ဇင်းမှာ ကိုယ်မြင်ခဲ့ ရင်းနှီးခဲ့တဲ့ မျက်နှာတွေက ဗျဿနတရား ငါးပါးနဲ့ မကင်း ဖြစ်ရတယ်။

အခုဆို ရပ်ပြစ်ရှစ်ပါးထဲလည်း ပါနေပြန်ရော။

ဆယ်ဇင်းရွာက ဆရာဝန် လိုအပ်ပါတယ်။ ဆရာဝန်ကို ပျော်အောင်လည်း ထားနိုင်တယ်။ ဆယ်ဇင်း၊ တာမခန်၊ ဖားကန့် ဆိုတာ ဆေးမန်း က ဆရာဝန်တွေ GP တက်လုပ်ကြတဲ့ မှော်တွေပဲ။ ကိုယ့်မှာသာ ကြားတောင်မကြားဖူးပဲ ရောက်ခဲ့တာ။ ကိုဗစ်စင်တာသိမ်းတော့ ရွာက ကိုယ့်ကို သူတို့ဆီမှာပဲ GP ဆက်လုပ်စေချင်ကြတယ်။ ဒါပေမယ့် ကိုယ်က ခွဲခန်းလေးတစ်ခု ဖြစ်ချင်လို့ GP ထိုင်မယ့်အလုပ်ကို စွန့်လွှတ်ခဲ့တယ်။ ဖြစ်နိုင်ခြေအရမ်းနည်းတဲ့အလုပ်တစ်ခုကို စွန့်စွန့်စားစား လုပ်ခဲ့ရင်းကနေ နဂိုအခြေအနေနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်လောက်တဲ့ အနေအထားတစ်ခုကို ရောက်ခဲ့တယ်။ အခုလည်း ရောက်တဲ့နေရာမှာ ရပ်မနေပါဘူး။ ရှေ့ဆက်ပြီး ပို၍ပို၍ တိုးပွါးများပြားသော အလုပ်တွေ လုပ်ရဦးမယ်။

ကိုယ်က အပတ်တကုပ် ခြစ်ခြုပ်စုဆောင်းပြီး ကြိုးစားထူထောင်ထားသမျှဟာ တိုက်လေယာဉ်နဲ့ ဗုံးလာကျဲပလိုက်ရင် ၂ လုံးလောက်နဲ့ စိစိညက်ညက် ကျေသွားနိုင်တယ်ဆိုတာ အစကတည်းက နားလည်လက်ခံထားရမယ့် အမှန်တရားပါ။ သို့ပေမယ့် ချွေမယ့်ရန်ကို ကြောက်လို့ ပန်းတွေက မပွင့်ပဲနေတယ် ဆိုတာ ရှိသလား။ ဖြစ်ပြီးရင် ပျက်ရမယ့် လောကနိယာမ တရားအလယ်မှာ ကိုယ်ကတော့ အဖြစ်သမား၊ သူတို့က အဖျက်သမား၊ ကိုယ့်ဘက်က အားသာအောင် ကြိုးစားနိုင်ရင် ရှင်သန်ကြီးထွားလာမှာပေါ့။

အရင်တုန်းကတော့ အခုလိုမျိုး ကိုယ့်ဆီမှာ စစ်ရိပ်စစ်ငွေ့တွေ သန်းလာပြီဆိုရင် ကိုယ်တို့လည်း စစ်ရှောင်ဖို့ အထုပ်တွေပြင်တယ်။ ကိုယ်နဲ့မကွာ အပါသယ်ရမယ့်အထုပ်။ ပစ္စည်းသယ်ပေးမယ့်သူတွေ မခဲ့ရမယ့်အထုပ်၊ စိတ်ချလုံခြုံရာမှာ သိမ်းဆည်းထားရမယ့်အထုပ်၊ ပြေးရင်းလွှားရင်း အရေးပေါ် အသက်ကယ်ရမယ့် အထုပ်၊ စသည် စသည်ပေါ့။ ဒါပေမယ့် ဒီအရပ်မှာ စစ်မက်အန္တရာယ်ဆိုတာက စကစစစ်တပ်ကြီး မပျက်သုဉ်းသ၍ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်။ အထုပ်ထုပ်လိုက် အထုပ်ဖြည်လိုက်နဲ့ ပစ္စည်းတွေ အလေအလွင့်များတာပဲ အဖတ်တင်တယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ဆေးရုံက ပစ္စည်းကိရိယာတွေကလည်း သယ်ယူရွှေ့ပြောင်းလို့ ရနိုင်သော ပမာဏထက် အများကြီး ကျော်လွန်လာတယ်။ အဖိုးတန်ဆုံးကိုပဲ ရွေးသယ်မယ်ဆိုရင်တောင် လူတစ်ကိုယ် အသက်တစ်ချောင်းနဲ့ လူအစိတ်သုံးဆယ်စာ လွတ်အောင်ကယ်ရမှာ။ တာဝန်ပေါ့ပေါ့တော့ မဟုတ်ဘူး။ နောက်ဆုံးတော့ အသက်ထက် တန်ဖိုးကြီးတာ ဘယ်အရာမှ မရှိပါဘူး။ ကိုယ့်အသက်ကိုယ် အန္တရာယ်ကင်းအောင်သာ အရေးထားစောင့်ရှောက်ကြပါ။ ဥစ္စာပစ္စည်းတွေကို ငဲ့ကွက်ထည့်တွက် မနေနဲ့ လို့ မှာရတယ်။ အရေးကြီးတာ ကိုယ့်အသက်ကိုယ် ဘေးကင်းအောင်နေ။ ကိုယ်ကဘေးကင်းပြီဆို ကိုယ့်ဆေးရုံအဖွဲ့သားတွေ ဘေးကင်းအောင် ကယ်ဆယ်။ ကိုယ့်ဆေးရုံကလူတွေ ဘေးကင်းရင် လူနာတွေကို ဘေးကင်းအောင် ကယ်ဆယ်ဖို့ပဲ မှာနိုင်တော့တယ်။ အဲ့ဒါကသာ လက်တွေ့ကျတဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး priorities ပဲ။ ကယ်ရမယ့် အသက်အရေအတွက်တွေများတဲ့အခါ ပစ္စည်းကိရိယာတွေအပေါ် မတွယ်တာနိုင်တော့ဘူး။ လာတုန်းကလည်း လက်ချည့်ပဲလာတာ။ ဘယ်နေရာက ပြန်စစ ရတယ်။

ဒါဆိုရင် ဒီစစ်ပွဲအခြေအနေမှာ ကိုယ့်ဘက်က စိုးရိမ်ပူပန်မှုတွေ၊ ထိတ်လန့်ကြောက်ရွံ့မှုတွေ မရှိသလောက်ကို ပျောက်သွားတာပဲ။ အလွန်ဆုံးရှိ ကိုယ့်အသက်ကိုယ် တွေးပူဖို့ပဲ ရှိမယ်။ အဲ့ဒါလည်း ပူစရာ မဟုတ်ဘူးဗျ။ သေတယ်ဆိုတာ ဒီကောင်တွေအောက်မှာ နင်းပြားဘဝနဲ့ နေရတာထက်တော့ သာသေးတာပဲ။ သေချင်သေပစေ။ ဒင်းတို့အောက်တော့ မနေနိုင်ဘူး။ ဒါဆို ဘာမှကို ပူစရာ မရှိတော့ပါဘူး။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပ။ ကိုယ့်အသက်တောင် ကိုယ်မခင်တွယ်တော့တဲ့သူဆီမှာ ပစ္စည်းသံယောဇဉ်၊ လူသံယောဇဉ်၊ ဘာတွေမှ ငြိတွယ်မနေဘူး။ ၈၈ တုန်းက ပေတရာပေါ်မှာစွန်းတဲ့သွေးတွေ မခြောက်သေးဘူးတဲ့။ ၂၁ မှာတော့ အဲ့ဒီသွေးကွက်သွေးအိုင်တွေထဲကို သွေးသစ်တွေလောင်းပြီး တော်လှန်ရေးပန်းတွေ ရဲရဲနီအောင် ပွင့်ခဲ့ပြီ။ နင်းခြွေဖျက်ဆီးလို့လည်း မရနိုင်တော့ဘူး။ တစ်ပွင့်ကြွေရင် တပြည်လုံး ဝေနေအောင် ပွင့်လာကြမှာ မဟုတ်လား။