တခါတခါတော့လည်း ဘဝက ရယ်စရာကောင်းပါတယ်။ အခုဆို နေရင်းထိုင်ရင်း ရေသန့်ပုလင်းတွေနဲ့ နေထိုင်ရသော ဘဝ ဖြစ်သွားတယ်။ ရောက်လေရာအရပ်မှာ ရေသန့်ပုလင်းလေး တကိုင်ကိုင်နဲ့ “ကျွန်တော်ကတော့ ရေပဲ။” ဆို စွမ်းဇာနည် လုပ်ပြနေရတယ်။ သောက်ပြီးသား ရေသန့်ဗူးခွံတွေလည်း လွှင့်မပစ်နိုင်ပဲ အခန်းထဲသိမ်းထားရသေး။ ရှူရှူးပေါက်ရင် အဲ့ထဲပဲပေါက်ရတာလေ။ တော်နေကြာ ကျောက်က ဂလောက် ဆို ထွက်ကျလာမလား၊ ဖလွတ် ဆိုပြုတ်ကျလာမလား မှ မသိတာ။ လာတာတော့ လာတော့မယ်။ နာတာက ခါးကနေ ခါးစောင်း၊ ခါးစောင်းကနေ ပေါင်ခြံအထက်နားလောက်ဆီ ရောက်လာပြီ။ အမြဲနာနေတာတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါလောက်သာပါ။ ဆေးထိုးဆေးသောက်လိုက်ရင် ပျောက်သွားရော။ ကိုယ့်ဆရာသမားများက ကုသမှုအကြံဉာဏ်များ ပေးကြသလို စာဖတ်သူမိတ်ဆွေများဆီကလည်း ကိုယ်တွေ့ဆေးနည်းမျိုးစုံ ဝေငှကြပါတယ်။ ဆေးတွေဝါးတွေလည်း ပို့ပေးကြတယ်ဗျ။ တော်တော်များများလည်း ဒီမှာ ရှိပါတယ်။ လူနာတွေကို ဆေးကုတဲ့အခါ ဆေးတစ်မျိုး၊ ကိုယ့်ကိုယ်ကိုယ်ဆေးကုတဲ့အခါ ဆေးတစ်မျိုး ခွဲမထားပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း လူနာတွေနဲ့တန်းတူ ခေါင်းထဲမှာ စဉ်းစားပြီး ကုတာပါ။ ဘာမှလည်း ထွေထွေထူးထူး ဝေဒနာ မခံစားရပါဘူး။ စဖြစ်ကတည်းက ဆေးထိုးရတာ ၂ ခါပဲ ရှိသေးတာ။ ထိုးလိုက်ရင် သက်သာတယ်။ ရေချည့်ပဲသောက်ရတာ ပျင်းမှာစိုးလို့ အအေးတွေဖျော်ဖျော်ပြီး လာတိုက်တော့လည်း သောက်လိုက်တာပဲ။ ဒီနေ့ ဈေးထဲက ကျောက်ဖယုံသီး ဝယ်ခဲ့တယ်။ ကျောက်ဖယုံယိုတွေက ချိုလွန်းအားကြီးလို့ ရေစင်စင်ဆေးပြီးမှ ကြိတ်မှိတ်ဝါးချရတယ်။ antibiotics သောက်ထားရတော့ အစားအသောက်တွေက အရသာ မရှိဘူး။
ခု မနာတာ ၂ ရက်လောက် ရှိပြီဆိုတော့ ကျောက်က bladder ထဲရောက်သွားပြီ ထင်တယ်။ သေသေချာချာ ကြည့်လို့ရအောင် KUB X’ray သွားရိုက်မလို့ ဝမ်းနှုတ်ဆေးတွေ သောက်လိုက်တယ်။ တစ်ညလုံး မသွားဘူး။ နောက်နေ့မနက် ထပ်သောက်။ ဒါလည်း မသွားဘူး။ ဒါပေမယ့် အဲ့ညမှာ မိုးတွေ မတရားရွာလာလို့ မနက်ကျ ဘယ်မှသွားလို့မရဘူး။ လမ်းတွေ ပျက်သွားပြီ။ ကဲ မသွားတော့ဘူး ဆို အစားစားလိုက်တော့မှ ဝမ်းနှုတ်ဆေးက တန်ခိုးပြတယ်။ မသွားရလည်း နေပေါ့ကွာ။ အထဲမှာ ကျောက်ရှိမှန်းလည်း သိတယ်။ ထွက်လာစရာလည်း ဒီတစ်ပေါက်တည်းရှိတယ်။ တချိန်မဟုတ်တချိန် ထွက်လာမှာပေါ့။ အဲ့ဒါကြောင့် ရေသန့်ဗူးလေးနဲ့ခံပြီး ဂိုးစောင့်ဖမ်းနေတာ။ ချောင်းထဲ ရေချိုးရင်း ထွက်ကျသွားရင် ငါးတွေကို မှန်နေပါဦးမယ်။
လူတွေကလေ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” တို့၊ “ခန္ဓာရှိရင် ဝေဒနာ ရှိတယ်” တို့သာ လျှောက်ပြောတာ။ တခါတရံမှာ မကျန်းမမာတဲ့သူတွေမှသာ ခံစားရတဲ့ အရသာတွေ ရှိတယ်ဗျ။ ရှူရှူးပေါက်ရတာ၊ အင်အင်းပါရတာ ဘယ်လောက်အရသာရှိသလဲဆိုတာ မကျန်းမာတဲ့အခါမှသာ သိရတာ။ တချို့လူနာတွေဆီက ချေးတွေသေးတွေ ထွက်လာတယ်ဆိုတာ သူ့အိပ်ကပ်ထဲက ပိုက်ဆံတွေထွက်လာတာထက်တောင် စိတ်ချမ်းသာစရာကောင်းတဲ့အခါလည်း ရှိတယ်။ ကိုယ်စကားပြောတတ်စ ကလေးဘဝတုန်းက အိမ်က အမေတွေအဒေါ်တွေ အိမ်သာကထွက်လာရင် အမြဲ လိုက်မေးတတ်သတဲ့။ “ကောင်းလား ဟင်။ ကောင်းလား ဟင်။ အီအီးပါလို့ ကောင်းလား ဟင်။” ဆိုပြီး။ ကိုယ့်အတွက်တော့ အီအီးပါရတာလည်း အရသာရှိတယ် ထင်တာပဲ။ အခုတော့ ရေတွေနင်းကန်သောက်ပြီး ရှူရှူးပေါက်ရတာလည်း အရသာရှိနေပြီ။
ဆရာဝန်တွေ နာတယ်ဖျားတယ်ဆိုတာ တခြားသူတွေလို ခွင့်စာလေးရေးတင်ပြီး အိမ်မှာနှပ်နေလို့ မရဘူး။ ကိုယ့်ဘာသာ ဆေးမှန်မှန်သောက်ပြီး ကောင်းနေတဲ့အချိန် လူနာတွေ ဆက်ကြည့်ရတာပဲ။ လောက်ကိုင်မှာတုန်းက ငှက်ဖျားဖြစ်ဖူးတယ်။ OPD မှာ လူနာကြည့်နေရင်း ချမ်းစိမ့်လာရင် “ခနနေဦး။” ဆို ထားခဲ့ပြီး MO ခန်းထဲမှာ စောင် ၂ ထပ်လောက် ခြုံပြီး ကွေးပလိုက်တယ်။ အဲ့ဒီစောင်ခြုံအောက်မှာကို အရိုးထဲကစိမ့်အေးပြီး တုန်တက်လာတာ ၁၅ မိနစ်လောက်ဆို ကိုယ်တွေ ပူခြစ်လာရော။ ပြီးရင် တကိုယ်လုံးရွှဲနစ်နေအောင် ချွေးတွေထွက်ပြီး အဖျားကျသွားတယ်။ ကိုယ်တွေလက်တွေ ကိုက်ခဲလာတာ Diclo ထိုးလိုက်ရင် ခနနေ လူနာပြန်ကြည့်လို့ ရတယ်။ “နာနေဖျားနေရင် ဘယ်သူက လာပြီးစောင့်ရှောက်ပေးမလဲ ဟင်။” လို့ စိတ်ပူနေစရာမရှိဘူး။ ဘယ်သူမှ ဆေးထိုးပေးမယ့်သူ မရှိလည်း မှန်ထဲကြည့်ပြီး ကိုယ့်ဖင်ကိုယ်ထိုး ၂ ကျပ်ဖိုးလောက်တော့ ကုခဲ့ဖူးတာပဲ။ အိမ်ကထွက်လာသမျှ နယ်ဝေးခရီးတိုင်းကို တစ်ယောက်တည်း ထွက်လာခဲ့တာလေ။ အခုတစ်ခေါက်သာ အဖော်ပါလာတာ။ ရာသီပြောင်းချိန်မှာ ဖော်ကွာလို့ အပြင်ရောအတွင်းရော ဥပါဒ်ဝင်တယ် ဆိုတာ ကိုယ့်အတွက်တော့ မရှိပါဘူး။ သူများကိုတောင် ဆေးကုပေးနေတာ ကိုယ့်ကိုယ်ကိုယ်လည်း ကုနိုင်ပါတယ်။ ဒီကလူတွေရနိုင်သမျှ resources တွေ ကိုယ်လည်း အကုန် ရနိုင်တယ်။ သူတို့မရတဲ့ဟာတွေ ကိုယ်လည်း မရဘူး။ တန်းတူပဲ။ ဒီဆေးရုံကို ဆေးဝါးပစ္စည်းကိရိယာ တတ်နိုင်သမျှ အဆင်ပြေအောင် ဖြည့်ထားတာ သူတို့အတွက်တင် မဟုတ်ဘူး။ ကိုယ့်အတွက်လည်း ပါတယ်။
လူမမာဆိုတာ စောင့်ရှောက်ပြုစုပေးမယ့် သူနာပြုတော့ လိုတာပဲလေ။ ဒီအတွက်တော့ စိတ်ပူစရာ မရှိပါဘူး။ ဆေးရုံမှာအလုပ်လုပ်နေတဲ့သူအဖို့ သူနာပြုတွေ ရှားပါ့မလား။ ဆရာ နေမကောင်းဘူး လို့ သတင်းကြားရင် ချက်ပြုတ်ကြော်လှော်ပြီး လာပို့ပေးတဲ့သူတွေလည်း ရှိကြပါတယ်။ ရောက်ရာအရပ်မှာ ကိုယ့်ဘက်က အကောင်းဆုံး service ကို ပေးခဲ့တဲ့အတွက် ကိုယ့်အတွက် လိုအပ်လာတဲ့အခါလည်း သူတို့ဆီက အကောင်းဆုံးစောင့်ရှောက်မှုကို ရပါတယ်။ အဲ့ဒီအတွက်တော့ အားငယ်စရာ မရှိပါဘူး။
ဒါပေမယ့်လည်း လူနာမှန်ရင် လူနာရှင်တော့ လိုတာပဲလေ။ ကိုယ့်ဆေးရုံမှာ ခွဲမယ့်လူနာတောင် လူနာစောင့်မပါပဲ တစ်ယောက်တည်း လာခွဲလို့ မရဘူး။ “လူနာစောင့် ပြန်ခေါ်ချေဦး။” ဆို ပြန်ပြန်လွှတ်တယ် မဟုတ်လား။ အခု ကိုယ်ကိုယ်တိုင် နေထိုင်မကောင်းဖြစ်တဲ့အခါ လူနာလာစောင့်ပေးမယ့်သူတွေကတော့ အများကြီးပါ။ ဒါပေမယ့် မဆိုစကောင်း ဆိုစကောင်း အရေးရယ် အကြောင်းရယ်ကျရင် ဘယ်သူက လူနာရှင် လုပ်မှာတုန်း။ ဒါလည်း သိပ်စိတ်ပူစရာ မရှိပါဘူး။ ရောက်လေရာအရပ်မှာ ကိုယ့်အတွက် take care လုပ်ပေးမယ့် care taker ဆိုတာ ရှိပါတယ်။ သူတို့ကပဲ လူနာရှင်ပေါ့။ လောက်ကိုင်မှာတုန်းက သွားဆရာဝန်လေး ရှိတယ်။ ဘူတန်မှာနေတဲ့အခါ gynae madam ရှိတယ်။ အမ်းမှာတုန်းက ကလေးလေးတစ်ယောက် မွေးစားထားတယ်။ အခု တောထဲမှာတော့ အင်ဂျင်နီယာလေးတစ်ယောက် ပါလာတယ်။ မိသားစု အရင်းအချာလို ဂရုစိုက်စောင့်ရှောက်ကြသူတွေပါ။ ဒီလိုပေါ့လေ။ သူအိုကြီးဖြစ်လာပြီဆိုတော့ အားကိုးအားထား အဖော်သဟဲ လိုပြီ။ သူနာကြီး ဖြစ်လာပြီဆိုတော့ ဆေးပေးမီးယူ ကူဖော်လောင်ဘက် လိုပြီ။ ရှေ့ဆက်ပြီး မပြောကောင်းမဆိုကောင်း သူသေကြီး ဖြစ်သွားရင် မသာရှင် ဘယ်သူလုပ်မှာလဲ ဆိုတဲ့အထိ စဉ်းစားထားရပြီ မဟုတ်လား။ အမှုမဲ့အမှတ်မဲ့ ဘာမှပြင်ဆင်စီစဉ်ချိန်မရပဲ သွားတာထက်စာရင် နောက်ဆံတင်းရမယ့်ကိစ္စတွေ အရင်ဖြတ်ခဲ့သင့်တာ မဟုတ်လား။ မပူပါနဲ့။ ကိုယ့်ရဲ့ ကာစင်စစ္စတာတွေ၊ တူမလေးတွေက အာမခံ ကုမ္ပဏီမှာ လုပ်ကြတာပါ။ သူတို့တော်ကီတွေလောက်တော့ ကိုယ်လည်းတတ်ပ။
ဟိုးအရင် ဘွဲ့လွန်သင်တန်းတက်နေတုန်းက တနေကုန်ဆေးရုံမှာ အလုပ်လုပ်၊ ညနေဘက် ပြင်သစ်ကျောင်းကိုတက်၊ ညဘက်ကျ စာဖတ်စာကျက် လုပ်ခဲ့ရတယ်။ ငယ်ကလည်းငယ်သေး။ ကိုယ်ရောစိတ်ပါ မရပ်မနား အလုပ်လုပ်နိုင်တဲ့ ၃၀ စွန်းစွန်း အရွယ်ပေါ့။ ပင်ပန်းလွန်းလို့ တခါတခါမှာ ခေါင်းတွေအရမ်းကိုက်၊ မူးဝေအော့အံပြီး အိပ်ရာထဲ လဲသွားတဲ့ အချိန်တွေ ရှိခဲ့တယ်။ “ငါ သေများသွားမလား မသိဘူး။” လို့ တွေးတဲ့အခါလည်း တွေးမိပါရဲ့။ ငါသေရင် ငါ့နာရေးက ဘယ်အိမ်မှာ လုပ်ရမှာပါလိမ့်။ ဆွေမျိုးတွေ သူငယ်ချင်းတွေက ဘယ်အိမ်ကို သတင်းမေးလာရမှာလဲ။ ရက်လည်ဆွမ်းသွပ်တော့ ဘယ်အိမ်ကနေ သာဓုခေါ်ရမှာတုန်း။ အကုန်လျှောက်တွေးမိတာပေါ့။ မယားကြီးအိမ်၊ မယားငယ်အိမ်တွေ ပွစိတက်ပြီး ဘယ်အိမ်က မသာလိုက်ပို့ရမှန်းမသိ ဖြစ်နေတာ မဟုတ်ပါဘူး။ သေရာညောင်စောင်းက်ု လဲလျောင်းသောအခါ ကိုယ့်လိပ်ပြာဝိဉာဉ်ဟာ တွယ်ငြိစရာ တနေရာရာ မရှိဘူးလား။ ပိုင်ဆိုင်ရာ အသက်သခင် မရှိဘူးလား။ တွေးကြည့်မိတာပါ။ ဒါလည်း အင်မတန်မှကို ရိုးရှင်းပါတယ်။ မာတာမိခင်တစ်ယောက်လုံး သက်ရှိထင်ရှား ရှိသေးတာပဲ။ ဘယ်သူတွေ ဘယ်လိုပဲ လက်ခံချင်သည် လက်မခံချင်သည်ဖြစ်စေ။ သူမွေးပေးတဲ့အသက်နဲ့ ရှင်သန်နေထိုင်ခဲ့ရတာမို့ အမြဲလက်ကမ်းကြိုဆိုနေမယ့်သူလည်းဖြစ်တာမို့ ကိုယ့်ရဲ့လိပ်ပြာစံအိမ်ဟာ အမေ့အိမ်ပဲ ဖြစ်ရလိမ့်မယ်။
ဟုတ်ပါ့မလား မောင်စံဖားရယ်။ ခများ ဧရာဝတီစင်တာမှာ ကိုဗစ်ဆရာဝန်လုပ်တုန်းက အဲ့ဒီကလုပ်ပေးတဲ့ ကျန်းမာရေး အသက်အာမခံမှာ မိမိကွယ်လွန်က အကျိုးခံစားမည့်သူ ဆိုတဲ့နေရာမှာ အမေနံမည် နဲ့ မထားပါဘူး။ သမီးနံမည်ကြီးနဲ့ ဖြည့်ထားခဲ့တာ မဟုတ်လား။ သိပ်ဟုတ်တာပေါ့။ သေရင် သင်္ဂြိုလ်မယ့် မသာရှင်ချည့်ပဲ ရှိရတာ မဟုတ်ဘူးလေ။ အမွေဆက်ခံမယ့် သားထောက်သမီးခံလည်း ရှိရသေးတာပဲ။ လူကြီးတွေ အသေဖြောင့်ချင်ရင် အဲ့ဒီကိစ္စ ရှင်းရှင်းလင်းလင်း လုပ်သွားမှ မောင်နှမသားချင်းတွေ စိတ်ဝမ်းကွဲ အငြင်းအခုန် တရားတဘောင်ဖြစ်မယ့် ဒုက္ခက ကင်းဝေးမှာလေ။ သေရင် ဘယ်အိမ်ကနေ သာဓုခေါ်မလဲပဲ စဉ်းစားနေတယ်။ ကျန်ခဲ့တာတွေ ဘယ်သူ့ပေးခဲ့မှာလဲ။ ထည့်ပြောသွားဦးလေ။ ကိုဝင်းဦးကြီးလို သူ့ကားတွေ နောက်လူပြန်ရိုက်ချင် ဘယ်သူ့ဆီမှာ မူပိုင်ခွင့်တောင်းရမှာတုန်း ပြတ်ပြတ်သားသား ပြောခဲ့မှပေါ့။
အောင်မယ်။ ခများတို့ကလည်း လူကိုများ အသေယူယူ အရှင်ယူယူ ယူချင်တဲ့ အိုင်ရင်းတင်လှတွေ မရှိဘူး မှတ်နေ။ သေတမ်းစာရေးချင်ရုံနဲ့တော့ အဘဘုရားသခင် ဆွဲထည့်စရာ မလိုပါဘူးဗျ။ သေရင်ပေးစရာ မဆိုထားနဲ့။ အခု အသက်ရှင်စဉ်ကာလမှာတောင် သူများပေးခဲ့စရာ ပိုင်ဆိုင်မှုငွေကြေးပမာဏ ဘာတစ်ခုမှ မရှိပါဘူး။ ဘဏ်ထဲမှာ အလွန်ဆုံးရှိ အစိုးရလခ သုံးလစာလောက်တော့ မထုတ်ရသေးတာ ကျန်နိုင်တယ်။ အဲ့ဒါ ကိုဗစ်ကာလတုန်းက လခထုတ်ဖို့ ဘဏ်ကို သွားတန်းမစီနိုင်လို့ ကျန်တာ။ ဒါ အကုန်ပဲ။ ရဲစခန်းက ချိတ်ပိတ်ထားတဲ့အိမ်ကလည်း ကိုယ်ပိုင်တဲ့အိမ် မဟုတ်။ ငွေရေးကြေးရေးနဲ့ ပါတ်သက်လာရင် ဘာကိုမှ နောက်ဆံတင်းစရာမလိုအောင် နောက်ကြောင်းရှင်းတယ်။ ကိုယ့်ဆီက ဝင်ငွေနဲ့ထွက်ငွေ စာရင်းအင်းတွေဟာ သမဆိုင်က ငွေစာရင်းရှင်းတမ်းများလိုပဲ ကျပ်ပြားမစွန်း၊ အပိုအလိုမရှိ။ ကွက်တိပဲ။ ကိုယ့်မှာမရှိ၊ ဘယ်သူ့ဆီကမှ ချေးငှါးမသုံးဘူး။ မရှိ မသုံးပဲနေတယ်။ “ကိုယ်သေရင် အမွေတွေ ဘယ်သူ့ပေးခဲ့မှာလဲ။” ဆိုတဲ့စကားကြားရင် အရင်ဆုံး လက်ခုပ်လက်ဝါးတီးပြီး လူးလှိမ့်နေအောင်ရယ်မှာက ကိုယ့်သမီးပဲ ရှိလိမ့်မယ်။ ကိုဗစ်နဲ့ဆိုင်တဲ့ အသက်အာမခံက အကျုံးမဝင်တော့ဘူးဆိုတော့ တော်လှန်ရေးနဲ့ပါတ်သက်တဲ့ အသက်အာမခံလေးများ ဝယ်လို့ ရ မရ ကိုနဝနကြီးဆီ မေးထားဦးမှပါ။ သူ့အဖေမှာ အာမခံအပေါင်ထားစရာ အသက်တစ်ခုပဲ ချမ်းသာတယ် လို့ ပြောရမှာပဲ။
ဘယ်သူပြောနိုင်မှာလဲ။ တချို့လူတွေရဲ့ ဖန်တီးမှု အနုပညာလက်ရာတွေက အဲ့ဒီလူတွေ သေပြီးတော့မှ တန်ဖိုးကြီး ကြေးကြီးလာတဲ့အခါလည်း ရှိတတ်တာပဲ။ ကိုယ်ရေးတဲ့စာတွေက အခုအချိန်သာ အဖိုးမတန်တာ။ ထောင်လေးတန်းလေး ကျကြည့်ပါလား။ “We stand with Doc Soe.” ဆိုပြီး လှန်လှောရှာဖွေ ဖတ်ရှုတဲ့သူတွေ များချင်လည်း များလာမှာ။ အောင်မယ် တခုခုများ ဖြစ်လို့ကတော့ “ဒေါက်စိုး မသေခင် ရေးသွားခဲ့သော စာစုများ” ဆို ဘက်ဆယ်လာကြီး ဖြစ်ချင်ဖြစ်သွားမှာ။ အဲ့တော့မှ စာမူခတွေ မူပိုင်ခွင့်တွေ ဘယ်သူ့ပေးရမှန်းမသိ ဖြစ်ကုန်ဦးမယ်။ ဒါတော့ မဖြစ်သေးဘူးလေ။ ရှင်းရှင်းလင်းလင်း လုပ်ထားဦးမှပါ။
ကိုယ်ရေးတဲ့စာတွေက ဘယ်လောက်တန်သတဲ့လဲ။ ဒါကတော့ ဈေးစကား လို့ခေါ်တယ်။ ရောင်းချင်တဲ့သူက ဈေးခေါ်လိုက်။ လိုချင်တဲ့သူက ပေးဝယ်လိမ့်မယ်။ မင်းလူ မသေခင်က စာအုပ်တစ်အုပ် ထုတ်ဝေလိုက်လို့ သူရတဲ့စာမူခဟာ လင်းသိုက်ညွန့်လောက်တော့ ရမှာ မဟုတ်ဘူး။ အဲ့ဒါ ဘယ်သူက တော်ပြီး ဘယ်သူက ညံ့တယ်ဆိုတဲ့ နှိုင်းယှဉ်ချက်တွေ တစ်ခုမှ မပါဘူး။ ဈေးရောင်းဈေးဝယ် စကားနဲ့ပဲပြောရင် ရောင်းတတ်တဲ့သူ ဈေးကောင်းရမယ်။ ဘယ်သူကမှ သေနတ်နဲ့ချိန်ပြီး အတင်းမဝယ်ခိုင်းဘူး။ ရောင်းသူဝယ်သူ အသံတူရင် ပွဲဖြစ်တယ်။ လိုင်းပေါ်မှာ ခေါင်းလောင်းလေးတီး ရောင်းတုန်းက အလုအယက်ဝယ်သွားပြီး နောက်တော့မှ မစစ်ပါဘူး ဆို ပိုက်ဆံပြန်တောင်းကြတာ ဘောင်ဝင်တဲ့စကားမှ မဟုတ်တာ။ စိန်တွေရွှေတွေဆိုတာက မှတ်ကျောက်နဲ့တိုက်လို့ရတယ်။ ရာဖြတ်နဲ့ ကြေးဖြတ်လို့ရတယ်။ လူတစ်ယောက် ဖန်တီးထားတဲ့ အနုပညာပစ္စည်းဆိုတာက ဘယ်သူက ကြေးဖြတ်မှာလဲ။ အဲ့ဒါက လူတိုင်း ခံစားလို့သိနိုင်တဲ့ ကိစ္စမှ မဟုတ်တာ။ ကားလမက်ရဲ့ အရင်းကျမ်းကြီးလည်း မကုလားမဆီရောက်သွားရင် ဆနွင်းမှုန့် မဆလာ ထုပ်ချင်ရာ ထုပ်မှာပဲ။ ဒါတောင် စာရွက်က ရုပ်ထွက်ကောင်းဦးမှ။ စာပေတို့ အနုပညာတို့ဆိုတာက ရေးသူ နဲ့ ဖတ်သူအကြားမှာ ဦးနှောက်ချင်း နှလုံးသားချင်း မီးကူးယူတဲ့ ကိစ္စပဲ။ ထိချင်ထိမယ်။ ငြိချင်မှ ငြိလိမ့်မယ်။ ဇာတ်ကားကြီးတစ်ကားလုံး အဆိုအက၊ အပျောက်အမွှန်း မျိုးစုံနဲ့ အသေးစိတ်ခြယ်မှုန်းထားလည်း နောက်ဆုံးတော့ ကိုယ့်ရင်ထဲမှာ ငြိကျန်ရစ်ခဲ့တာက စကားလေးတစ်ခွန်းလည်း ဖြစ်ချင်ဖြစ်တတ်တယ်။ “La la land” ကို အခါခါ ကြည့်ဖြစ်တယ်။ ကြိုက်လည်းကြိုက်တယ်။ အဲ့ထဲကလိုလည်း သီချင်းဆိုချင်တယ်။ အဲ့ထဲကအတိုင်းလည်း ကချင်တယ်။ ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာ အခုထက်ထိစွဲနေတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ကိုယ်အိပ်မက်ထားတဲ့ အနုပညာနောက်ကို လိုက်ဖို့တွေဝေနေတဲ့ ချစ်သူအတွက် ပြောတဲ့စကား။ “Since when are you caring about like and being liked?” တဲ့။ အနုပညာအလုပ်ဆိုတာ ကိုယ်ရေးကိုယ်ကြိုက် တစ်ယောက်တည်း ပေါက်မြောက်ပြီး စိတ်ထင်ရာတွေ လုပ်ထားတာ မဟုတ်သလို အများတကာ နှစ်ခြိုက်သဘောကျခံရဖို့ ဖန်တီးလုပ်ယူထားတာလည်း မဟုတ်ဘူး။ ကုန်ပစ္စည်း ထုတ်လုပ်မှု မဟုတ်တဲ့အတွက် အရင်းအနှီး၊ လုပ်အားခ၊ စားရိတ်စားခ၊ အမြတ်အစွန်း အနေနဲ့လည်း တွက်လို့ မရဘူး။ “စာအုပ်တစ်အုပ်ရေးလို့ စာမူခ ၅ သိန်းရတယ်ဆိုရင် တစ်လ ဆယ်အုပ်လောက်ရေးပြီး ထိုင်နေပါလား။” လို့ အကြံကောင်းပေးမယ့်သူတွေလည်း ရှိတာပဲ။ “မရေးပါနဲ့။ အဲ့ပိုက်ဆံ တို့ပေးပါ့မယ်။” ဆိုတဲ့သူတွေတောင် ရှိချင်ရှိဦးမှာ။ ကိုယ့်စာမူခတွေကို သမီးဆီ အမွေပေးခဲ့မယ်ဆိုရင် ဒီတစ်ခါ အော်အော်ပြီး ရယ်မယ့်သူတွေက ကိုယ့်ကိုစာအုပ်ထုတ်ပေးဖူးတဲ့ ပါဘလစ်ရှာတွေပဲ ဖြစ်ပါတယ်။ (အရီးသာ ဒီစာကိုဖတ်မိရင် ဟော့နားလေးလည်းရောက်ရော မျက်ရည်တွေပါထွက်လာအောင် အူတက်နေလိမ့်မယ်။ ဒိယတာပါနော် အရီး။)
အဲ့တော့ စောစောက စကားပြန်ကောက်ရရင် ကိုယ်စာတွေရေးတယ်။ ကြိုးစားပန်းစား ရေးတယ်။ အပတ်တကုပ်လည်း ရေးတယ်။ အဲ့ဒါ စာအုပ်ထုတ် ရောင်းစားချင်လို့ မဟုတ်ဘူး။ ဖတ်တဲ့သူတွေက လက်မလေးထောင်သွားဖို့လည်း မဟုတ်ဘူး။ ကိုယ်ရေးကိုယ်ကြိုက် Hi 5 တွေ ဖြစ်နေလို့လည်း မဟုတ်ဘူး။ ပြောချင်တဲ့စကား ရောက်စေချင်တဲ့အတွေးက စာထဲမှာပါပြီးသား။ ဖတ်ရင် ရလိမ့်မယ်။ ရချင်မှလည်းရမယ်။ “မောင်ငယ်ရင်သွေး နာဘိသေးလော့” တွေ ရေးပြီး ဘယ်သူ့ကိုမှ ဆုံးမဖို့ ရည်ရွယ်ချက် မရှိဘူး။ “Soe’s life in jungle” ဆိုပြီး ဘယ်သူ့ကိုမှလည်း မျှဝေနေတာ မဟုတ်ဘူး။ လူတွေ ကမ္ဘာဦးကတည်းက ကျောက်ဂူနံရံတွေမှာ အရုပ်ရေးကြတယ်။ ဒါကြီးတွေက ကျားတွေဆင်တွေ၊ ဒီလိုဟာက အမဲလိုက်တာ။ ဒီပုံမှာတော့ မီးကို သုံးတတ်ပြီ။ အဲ့သလိုမျိုး ကိုယ့်အသိဉာဏ်နဲ့ကိုယ် ပုံဖော်ယူရတယ် မဟုတ်လား။ အဲ့သလိုပဲပေါ့။ ကိုယ်လည်း စိတ်ထဲရှိတာတွေ ရေးလိုက်တယ်။ စာဖတ်တဲ့သူတွေဆီလိုက်ပြီး “ဟေ့လူ။ ကျနော် အဲ့စာရေးတုန်းက ဟိုနားလေးမှာ ဟိုလို ကလိလိုက်တယ်လေ။ အဲ့ဒါ ဟိုဥစ္စာကို အဝှါပြုသွားအောင် ရေးလိုက်တာဗျ။ ညှင်းညှင်းညှင်းညှင်း။” လို့ အနက်လိုက်ပြန်ဖို့ ဝါသနာမပါဘူး။ နားလည်တဲ့သူလည်း နားလည်လိမ့်မယ်။ နားမလည်တဲ့သူလည်း ဒီအတိုင်းပဲ ရှိလိမ့်မယ်။ “ဟင် ဟုတ်လား။ သိနေတယ်လေ။ အဲ့ဒါကြောင့် အရသာရှိနေတာပေါ့။ ရေးပါဦး နောက်တစ်ခွက်လောက်။” ဆိုတဲ့ ဖန်တွေကိုလည်း မခင်တတ်ပါဘူး။ (Fandom တွေကို ပြောတာနော်။ ချိတ်အချိုးရဘူး။)
ကိုယ့်အသိဉာဏ်နဲ့ ကိုယ့်ဘာသာကိုယ် အကဲဖြတ်ရသလောက်တော့ ကိုယ်ဟာ မသေခင်မှာရော သေပြီးနောက်မှာပါ အများသူငှါ တန်းတန်းစွဲ နှစ်ခြိုက်ဖတ်ရှုအံ့သော စာရေးသူတစ်ယောက် ဖြစ်လာလိမ့်မယ် လို့ မမျှော်လင့်ပါဘူး။ ဆရာအတ္တကျော် လို “စာရေးခြင်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုတော့အံ့။” ဆိုတဲ့ ပြတ်သားတဲ့ သတ္တိမျိုးတောင် မရှိဘူး။ ဒါပေမယ့်လေ။ ၂၀၁၁ ဘူတန်မှာကတည်းက စာတွေအဆက်မပြတ်ရေးလာတာ အခုထက်ထိလည်း ရေးစရာ အကြောင်းအရာတွေက မကုန်နိုင်သေးဘူး။ ဘာလာလာ ရေးတယ်။ ဘယ်ရောက်ရောက် ရေးတယ်။ ဘာမှ ရေးစရာ မရှိဘူးဆိုရင်တောင် ဒီနေ့ ရေးစရာ ဘာမှလည်း မရှိဘူး ဆိုပြီး စာအရှည်ကြီး ကောက်ရေးချင် ရေးနေတတ်တာ။ အိပ်ပျော်သွားလည်း အိပ်မက်ထဲမှာ စာရေးနေတယ်။ တရေးနိုးလာရင် မမှတ်မိပဲ ပျောက်သွားမှာစိုးလို့ ထရေးမိပြန်ရော။ တခါတလေ ကိုယ်ရေးတဲ့အကြောင်းက တကယ်လား အိပ်မက်ထဲမှာလား မကွဲဘူး။ သို့သော် ရေးတာတော့ ရေးနေတယ်။ အများကြီးပဲ။ အဲ့သလောက်တောင် ရေးနေမှတော့ ထုတ်ချင်သပဆို စာမူတွေ အများကြီး ရှိနေလောက်ပြီပေါ့နော်။ ဟား ဟား ဟား။ ဒီတစ်ခါ ငါရယ်မယ်ကွာ။
ရောက်တတ်ရာရာတွေ လျှောက်ရေးနေတာ ဟိုမရောက် ဒီမရောက် ဘယ်မှမရောက် ဖြစ်သွားမှာစိုးလို့ ဒီနေ့တော့ ရောက်တဲ့အရပ်မှာပဲ ရပ်လိုက်တယ်။ ရယ်ရင်းမောရင်း happy ending လေးပေါ့။