“ကြက်မရီး ဂုစိုက်” လို့ လူတကာက ပြောတဲ့အတိုင်း ကိုယ်လည်းပဲ အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ တဆေးရုံလုံး ကိုဗစ်တွေဖြစ်တုန်းကလည်း ကိုယ်မဖြစ်ခဲ့ဘူး။ ငှက်ဖျားတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်တဲ့ထဲလည်း ကိုယ်မပါခဲ့ဘူး။ ဒေါင်ဒေါင်မြည်တဲ့အစားထဲကပါ လို့ ကိုယ်ကိုယ်ကိုယ် ထင်မိသေးတယ်။ ဒါပေမယ့်လည်း “အဟံ ငါသည် ဗျာဓိဓမ္မော နာခြင်း တရားသဘော ရှိသည် အံမှီ ဖြစ်၏။ တဿဓမ္မဿ ထိုနာခြင်းသဘောတရားမှ အနတိနော မလွန်မြောက်နိုင်။” လို့ ဆိုတယ် မဟုတ်လား။ ကိုယ်လည်းပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဆိုတော့ ခန္ဓာရှိရင် ဝေဒနာ ရှိရတာပ။
သူများဝမ်းနာတွေကိုတောင် ခွဲခြမ်းစိတ်ဖြာပြီး ကုသပေးနေတဲ့သူ တစ်ယောက်မို့ ကိုယ့်ဝမ်းနာလည်း ကိုယ်သာ အသိဆုံးပါ။ ဒီတစ်ခေါက် ခါးနာတာက ခါတိုင်းလို တနေကုန်ခွဲပြီး အလုပ်ပင်ပန်းရင် နောက်ကျောထဲက တောင့်တင်းပြီး လူတစ်ယောက် တက်နင်းပေးမှ အညောင်းအညာပြေတာမျိုး မဟုတ်ဘူး။ ကျောကနေ ခါး၊ ခါးကနေ အောက်ဘက်ကို တရွေ့ရွေ့ ဆင်းလာတယ်။ ဆေးသောက်လိုက်ရင် ကောင်းသွားတယ်။ ဒါမျိုး ဖြစ်ဖူးပါတယ်။ တစ်ညလုံး မအိပ်နိုင်ဘူး။ လှိမ့်နေအောင်နာတာ။ အဲ့တုန်းကတော့ YGH မှာမို့ အရေးပေါ်မှာ Diclo တစ်လုံးထိုးပြီး မစိမ်းမို့မို့ဆီမှာ အာထွာဆောင်းသွားရိုက်လိုက်တယ်။ သူကလည်း မြင်တယ်ဗျ။ ဆီးအိမ်အဝင်ဝမှာ ကျောက်ကလေးတစ်လုံး တစ်နေတယ်တဲ့။ အရွယ်သေးသေးလေးမို့ ဓါတ်မှန်မှာတောင် မမြင်ရဘူး။ ဒါများ ဘာခက်တာမှတ်လို့ကွယ်။ Urologist ဆီမှာ မှန်ပြောင်းနဲ့ ဆွဲထုတ်လိုက်ရင် ဖလွတ်ဆို ထွက်လာမှာ။ ဒါပေမယ့်လည်း uro-surgical ward မှာ waiting list တွေက တစ်နှစ်စာလောက်ပြည့်နေတာ။ ကိုယ်က ကြားဖြတ်ဝင်လိုက်ရင် အကြာကြီးတန်းစီထားတဲ့ လူနာတစ်ယောက် ပြုတ်သွားမှာပေါ့။ ကိုကျော်မြင့်ကြီဆီသွားပြပြီး Sakura မှာပဲ သွားထုတ်လိုက်တယ်။ တစ်ညပဲ အိပ်ရတာ။
ကျောက်ဆိုတာ တစ်ခါထုတ်ပြီးရင် ယူပစ်သလို ပျောက်သွားပေမယ့်လည်း ပြန်ပြန်ဖြစ်တတ်တာ သဘာဝပါ။ regular check up လုပ်ဖို့ လိုလိမ့်မယ် လို့တော့ တွေးထားတာပဲ။ နောက် ၂ နှစ်လောက်နေတော့ ဒုက္ခပြန်ပေးတယ်။ ဒီတစ်ခါ နာတာမဟုတ်ဘူး။ ဆီးထဲမှာ သွေးတွေပါတာ။ အမှုက ပိုကြီးပြီ။ Contrast CT ရိုက်ရတယ်။ ကျောက်ပြန်တည်နေရုံမကဘူး ရေအိပ်တစ်အိပ်ပါ ကျောက်ကပ်ထဲရှိနေတယ်။ ဒါကျတော့ ကင်ဆာတွေဘာတွေ ကြောက်ရတယ်လေ။ ဆရာဦးကျော်စွာလှိုင်ဆီသွား၊ ခွဲခန်းထဲမှာ ရေအိပ်ကိုအရင်စုပ်ထုတ်ပြီး ဓါတ်ခွဲခန်းပို့၊ ပြီးတော့မှ အထဲမှာကျန်တဲ့ကျောက်ကို ကိုစိုင်းလောင်ငိင်းက ကျောက်ချေစက်နဲ့ ချေထုတ်ပေးတယ်။ ဆိုလိုတာက အလုပ်ထဲက ဆရာဝန်တစ်ယောက်အနေနဲ့ ဆရာသမား လုပ်ဖော်ကိုင်ဘက် အသိုင်းအဝိုင်းနဲ့ဆို ဘာမှ စိတ်ပူစရာ မရှိဘူး။ အကုန်လုံး လွယ်ကူ အဆင်ပြေနေတယ် လို့ ပြောချင်တာ။
အခုတခါကျ check up ပြန်မလုပ်တာ ၅ နှစ်လောက် ရှိပြီဆိုတော့ ကိုယ့်ထဲမှာ ကျောက်အောင်နေပြန်ပြီဆိုတာ ဘာလက္ခဏာမှ မပြလည်း၊ ဘာစစ်ဆေးမှုမှ မလုပ်ပဲလည်း၊ ကိုယ့်ဘာသာ သိနေပါတယ်။ ပြီးခဲ့တဲ့ ၃ လလောက်က ခါးနာတာစိပ်လာတဲ့အခါ ကိုယ့်ဆီက ကလေးတွေနဲ့ပဲ ultrasound guided aspiration လုပ်ပြီး စုပ်ထုတ်ပစ်လိုက်တယ်။ ခါးနာလည်းပျောက်ပြီး သွေးတိုးတာလည်း ကျသွားတယ်။ ဒါပေမယ့် အထဲမှာ ကျောက်ရှိနေတာ တွေ့ခဲ့လို့ ဘယ်ချိန် ဒုက္ခပေးဦးမလဲ မသိဘူး လို့ တေးထားခဲ့တာ။ အခု အဲ့ဒီအချိန် ရောက်လာပြီလေ။
ဒီတစ်ခါနာတာက အောက်ကိုတရွေ့ရွေ့ဆင်းလာတာမို့ ကျောက်ကပ်ထဲကကျောက်ဟာ ဆီးလမ်းကြောင်းထဲကို တရွေ့ရွေ့ဆင်းလာပြီလို့တော့ မျက်စိထဲမှာ မြင်ယောင်လာပါတယ်။ ဒါပေမယ့်လည်း ဘာလုပ်လို့ ရမှာလဲ။ တောထဲမှာ uro-surgeon လည်း မရှိဘူး။ scopes တွေလည်း မရှိဘူး။ သူ့ဘာသူ ဆင်းလာတာပဲ စောင့်ရမှာပေါ့။ နာလာရင် ဆေးထိုးဆေးသောက်။ ဒါပဲရှိတယ်။ ရန်ကုန်မှာသာဆို မှန်ပြောင်းထဲကနေ တံချူလေးနဲ့ ချိတ်ဆွဲယူလိုက်ရုံပဲဥစ္စာ။ နယ်မှာနေရတဲ့သူတွေ တောမှာနေရတဲ့သူတွေဆိုတာ “ဒီမှာ ဘာမှ လုပ်ပေးလို့ မရဘူးလေ။” ဆိုတဲ့တစ်ခွန်းနဲ့ပဲ သွားနိုင်ရင်သွား၊ မသွားနိုင်ရင် ဒီအတိုင်းနေ၊ တခြားရွေးခြယ်စရာဆိုလို့ ဗမာဆေး၊ ရှမ်းဆေး၊ ကချင်ဆေးတွေပဲ ရှိတာ မဟုတ်လား။ အဲ့ဒါတွေမဆင်မခြင်သောက်ပြီး ကျောက်ကပ်ပျက်လာတဲ့ လူနာတစ်ယောက် ဆေးရုံမှာ သေဖူးပါတယ်။ ဒေတာအတိအကျ ကောက်ယူပြီး စစ်ဆေးစောကြောသင့်တာတစ်ခုကတော့ ဒီအရပ်မှာ ကျောက်ကပ်ရောဂါသည်တွေ များနေရတဲ့ အကြောင်းရင်းကို ရှာဖို့ပါ။ ရွှေကျင်ပြီးရင် ပြဒါးနဲ့ဖမ်းကြရတာချည့်ပဲ။ ပြီးရင် ချောင်းထဲပဲ စွန့်ပစ်တယ်။ ချောင်းရေကိုပဲ ချိုးကြသုံးကြတယ်။ ချောင်းထဲကငါးကိုစားတယ်။ မမြင်ရတဲ့အကြောင်းတရားကို ရှာကြံကြောက်ရွံ့နေလို့ အလကားပါပဲလေ။ မြင်ရတဲ့ လိန်ပျံကြီးတွေသာ မျက်ခြေမပြတ်စောင့်ကြည့်။ အဲ့ဒါက ချက်ချင်းသေတယ်။
မနေ့တုန်းက ဆေးကို ဘယ်တစ်လုံး ညာတစ်လုံး ထိုးမှ သက်သာသွားပေမယ့် ဒီမနက်ကျတော့ မနာတော့ပြန်ဘူး။ ကြည့်ရတာ ကျောက်က ဆီးအိမ်ထဲရောက်သွားပြီ ထင်ပါရဲ့။ ဒါဆိုရင် ခရီးတဝက်တော့ကျိုးပြီ။ သူ့ထဲကနေ ဆီးပြွန်ထဲပြန်ထွက်လာမှ ပြန်နာလိမ့်မယ်။ ဒီကိုရောက်ပြီးမှ အဲ့လိုပဲ ထိပ်ဝမှာ ကျောက်တစ်နေတဲ့ လူနာ ၃ ယောက် ဆွဲထုတ်ပေးဖူးတယ်။ သူများအသားဆိုတော့ “မနာပါဘူး။ ခဏလေး အောင့်ခံ။ ရပြီ ရပြီ။ အင့်။” ဆို forceps နဲ့ ဆွဲထုတ်လိုက်တာပဲ။ ကိုယ့်အလှည့်ကျ အဲ့လိုမျိုး အစိမ်းထုတ်တာ မခံချင်ဘူး။ ဆီးမပေါက်နိုင်ပဲ တစ်လစ်ကြီးပိတ်နေတဲ့ဒုက္ခက ပိုဆိုးဦးမှာ။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ ဆီးအိမ်ထဲရောက်သွားပြီးရင် ပူစရာ မရှိတော့ပါဘူး။ ဒီက ဆရာလေးတွေ bladder stone ထုတ်တတ်အောင် ပြထားပြီးသား။ ဒီမှာ အဲ့လိုမျိုးခွဲဖူးတာ၂ ယောက် ၃ ယောက်ရှိပြီ။ မသကာ ဗိုက်ပေါ်မှာ အမာရွတ်တစ်ခု ထင်ရုံပေါ့။
ဂျပန်ရောက်ခဲ့တုန်းက သူတို့ဆီက Osaka Prefecture မှာ neuro-surgeon ၂၀၀ ကျော် အလုပ်လုပ်နေကြတယ်ဆိုလို့ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ကိုယ်တို့ မြန်မာတပြည်လုံးပေါင်းရင် အယောက် ၂၀ တောင် မရှိဘူးလေ။ အဲ့ဒီ အယောက် ၂၀ ကလည်း ရန်ကုန်၊ မန်းလေး မှာပဲ ရှိတာ။ တခြားနေရာတွေမှာ မရှိဘူး။ ဒီလိုပါပဲ။ cardiac surgeon တွေ၊ chest surgeon တွေ၊ uro- surgeon တွေဟာလည်း ပြည်နယ်နဲ့တိုင်းတစ်ခုစီမှာ တစ်ယောက်စီ ရှိတာ မဟုတ်ဘူး။ အသစ်တွေတော့ မွေးထုတ်နေတာပဲလေ။ ဒါပေမယ့် တတ်မြောက်ကျွမ်းကျင်သွားရင် သူတို့အလုပ်လုပ်လို့ရမယ့် infrastructure နဲ့ facilities တွေက ရန်ကုန်၊ မန်းလေးမှာပဲ ရှိတယ်။ အရင်တုန်းကဆို MSc အောင်ပြီး Speciality သွားတယ်ဆိုတဲ့ SAS တွေဟာ ရန်ကုန်က မန်းလေးက တခြားနေရာတွေကို ရောက်သွားမှာစိုးလို့ ဆရာကြီးတွေကို ခေါ်ပါယူပါ ပူဆာပြီး သွားရတာ။ နယ်တွေ ရောက်သွားရင်လည်း ထိုင်နေရတာပဲလေ။ ရုံးပေါ်ကလူတွေက စာရွက်ပေါ် နံမည်ရေးပြီး ဝန်ကြီးလက်မှတ်ထိုးလွှတ်တာ။ မေ့ဆေးစက်မရှိပဲ မေ့ဆေး consultant လွှတ်တဲ့အခါလည်း လွှတ်တယ်။ လောက်ကိုင်မှာတုန်းကဆို အိမ်ခြေ ၁၀၀ မပြည့်တဲ့ ကျေးလက်ကျန်းမာရေးဆေးခန်းက “ဆရာဝန် လိုချင်ပါတယ်။ ဆရာဝန်တစ်ယောက် ခန့်ပေးပါ” လို့ လူကြီးခရီးစဉ်မှာ ပူဆာလို့ ပါလာတဲ့ ဝန်ကြီးကို “ဆောင်ရွက်ပေးလိုက်ပါ။” ဆို အမိန့်ပေး၊ ဝန်ကြီးကတစ်ခါ HR ကို ညွှန်ကြား၊ HR က တစ်ခါ “ဆရာဝန်တော့ မရှိသေးဘူး။ လိုချင်ရင် သွားဆရာဝန်တော့ ရမယ်။ အင့်။” ဆို ခန့်ချပလိုက်တာ ကိုယ်နဲ့ လောက်ကိုင်မှာဆုံခဲ့တဲ့ ဆရာကျော်ဇင်လေး အဲ့ဒီက ရောက်လာတာပေါ့။ သွားဆရာဝန်သာပို့ပေးတာ။ ဟိုမှာ သွားခုံလည်း မရှိဘူး။ သွားနှုတ်ဖို့ရာ ပလာယာတစ်ချောင်းတောင် မရှိဘူး။ အလုပ်လုပ်စရာတောင် စီစဉ်မထားတာ နေရေးစားရေးဆိုတာကတော့ “အဲ့ဒါ ငါ့စောင်းလုပ်မှုတ်ပူး ညီလေး။” လို့ ပြန်ပြောမှာပဲ။ ကျောင်းပြီးစ ဆရာဝန်တစ်ယောက်ကို သူတို့ဘက်က ဘာတာဝန်ခံမှုမှ မရှိပဲ ရုံးစာရိုက်ပို့တာနော်။ ရောက်တာ မရောက်တာ၊ အလုပ်လုပ်တာ မလုပ်တာလည်း သူတို့စောင်းလုပ် မဟုတ်ပါဘူး။ နောက်တစ်ပါတ် အစည်းအဝေးကျရင် “ဆောင်ရွက်ပြီးစီး” လို့ သတင်းပြန်ပို့နိုင်ရင် ရပြီ။
သွားကလေးနှုတ်ဖို့တောင် အဲ့သလောက် ရွာလည်နေတဲ့ တိုင်းပြည်ကြီးမှာ ဦးနှောက်ခွဲ၊ အဆုတ်ခွဲ၊ နှလုံးခွဲ၊ ကျောက်ကပ်ခွဲလုပ်ဖို့ အထူးကုဆရာဝန်တွေ နယ်ကို လွှတ်လည်း ဘာပစ္စည်းမှ မရှိလို့ ငုတ်တုတ်ထိုင်နေရမှာဗျ။ ရန်ကုန်၊ မန်းလေးမှာတောင် လူနာတွေမနိုင်မနင်းနဲ့မို့ အလုပ်လုပ်ဖို့ မနိုင်ပါဘူး ဆိုမှ။ ဝန်ကြီးဌာနတွေ နေပြည်တော်ကို ရွှေ့တဲ့အခါ ဌာနအကြီးအကဲတွေက သူတို့နာရေးဖျားရေး ကြုံလာရင် အထူးကုကြီးတွေ မရှိမှာစိုးလို့ အာဏာစက်ရော မက်လုံးပါပေးပြီး specialities တွေ သူတို့ဆီရောက်ဖို့ ခေါ်ပါတယ်။ ကုန်စိမ်းဈေးကြီးကိုသာ ကီလီက ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်က ဘုရင့်နောင် ဟိုရွှေ့သည်ရွှေ့ လုပ်လို့ရပေမယ့် specialty က professor တွေက ၂ ကျိပ် ၈ ဆူ ဘုရားတွေလေ။ ကိုယ့်သာသနာနဲ့ကိုယ် စိုးစံတယ်။ ဦးရှင်ကြီးပင့်သလို လေးတိုင်စင်ပေါ် မုန့်ဆမ်းတင်ပင့်ရုံနဲ့ မကြွဘူး။ ဒီလိုနဲ့ နေပြည်တော်မှာ နန်းစံသက်တောင် အနှစ် ၂၀ မကတော့ဘူး။ J Donut က J Donut မှာပဲ နေတယ်။ မော်မော်စန်းကလည်း မော်မော်စန်းမှာပဲနေတယ်။ ကြွယ်ချင်သပဆို ကိုယ့်ဘာသာ နန်းစိန် နဲ့ မျှစ်ချဉ် လုပ်ပြီး ကြွယ်ယူကြ။ ဆရာကြီးတို့ကတော့ ဆရာကြီးတို့နေရာမှာပဲ ပျော်တယ်။ သိလား။
အောင်မယ်။ နောက်နှစ်ခါ တန်ဆောင်မုန်းဆို ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကြီး ကျင်းပရတော့မှာနော့။ အဲ့ဒီခါကျရင် ၉ တိုင်း ၉ ဌာန ခွဲပြီး သာသနာပြုလွှတ်ရအောင် သာဝကကြီးတွေမှ အလုံအလောက် ရှိပါလေစ။ တစ်ဆေးရုံလုံး ထွက်စာတင်ပြီး အပြင်မှာပဲ ခွဲစားတော့မယ် ဆိုမှ အခက်။ “မောင်ရင်တို့တုန်းကလည်း CDM ဆို ဆေးရုံက လူနာတွေ ထားခဲ့ပြီး ထွက်သွားတာပဲလေ။ အခု ငါတို့ နန်းစိန်တွေ CDM လုပ်ပြီ။ မင်းတို့တလှည့် ဆေးရုံစောင့်ဦး။” လို့ပဲ ပြောမှာ။ အပြင်မှာ ခွဲတာက ပိုက်ဆံရတယ် မဟုတ်လား။ နံမည်ရော လူနာရော စုမိဆောင်းမိ ရှိနေမှ ဆေးရုံမှာ ခွက်စောင်းခုတ်စရာ အကြောင်းမရှိပါဘူး။ “ဖယ်။ ငါ့ကားကို မထိနဲ့။ ရွံတယ်။” ဆို မောင်းထွက်သွားမှာ။ ဆေးရုံပေါ်က လူနာဆိုတာ သူ့အိမ်မှာမွေးထားတဲ့ ခွေးလောက်တောင် တန်ဖိုးရှိတယ် ထင်တာ မဟုတ်။
လူကလေး မောင်စိုးမင်း။ မောင်မင်း စာရေးတာ အနှောင့်တွေအသွားတွေ မလွတ်ဘူးကွယ်။ ဟိုလူ့ထိုးမိ သည်လူ့ထိုးမိနဲ့။ ကိုယ့်ဘာသာ ဒရာမာလေးခင်းပြီး ဒေါ့ကူမန့်ထွီရိုက်ရင် ကိုယ့်အကြောင်းကိုယ်ရေးလေ။ ဟိုလူက ဆံပင်ဆွဲသလေး ဒီလူကဆံပင်ဆွဲသလေး ဗီလိန်တွေ ထည့်ရအောင် မောင်ရင်က နှိုင်းယှဉ်မြင့်မိုရ်လား။ မသေမချင်း မှတ်ထား။ လူတိုင်းဟာ ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာ ဇာတ်လိုက်ချည့်ပဲ။ ဗန့်ရိုးက ပလေးမယ်ဆိုရင်တောင် “ဒီမှာကြည့်။ ငါလုပ်တတ်တယ်။ တွေ့လား။” ဆိုပြီး ငါ့အနုပညာက ပိုပေါ်လွင်တယ် လုပ်သွားမှာ။ ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းများမယ့် ပါးစပ်ပေါက်ကြီးကို အပ်နဲ့ချုပ်ပြီး ပိတ်ထားပါလားကွယ်။ အခုတောင်မှ “ရွာမှထွက်လေ တောမှာသေသည် ကောင်သေဠင်းတ ကျ၏တည်း။” ဖြစ်လုပြီ။ ဒီကထပ်ထွက်စရာ အမေရိကားပဲ ရှိတော့တယ်။ ဟိုရောက်မှ နိုင်းနိုင်းစနေ၊ မိုင်းမိုင်းစမေတွေ လာလုပ်လို့ကတော့ ကိုပီတဘေးက သတင်းထောက်ကလေးလို ပြုံးပြုံးကြီး ကြည့်နေလိုက်မယ်။ သိလား။ သွား။ လူဆိုး။ ရေလည်း မချိုးပဲနဲ့။