ချန်ဂင်တို့စခန်း(၁၉၁)

ဟိုတစ်ရက်က ကိုဗစ်လူနာတွေကို သီးခြားခွဲထားပြီး ၅ ရက်လောက်ကြာတဲ့အထိ နောက်ထပ် လူနာအသစ် မတွေ့တဲ့အခါ “တော်ပါသေးရဲ့။ စောစောစီးစီး သိလိုက်ပေလို့။” ဆို စိတ်အေးလက်အေး ခွဲလူနာတွေ ရက်ချိန်းပြန်ပေးဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဒီမနက် ထီးချိုင့်ဘက်က တက်လာတဲ့ ကလေးမလေးမှာ ထပ်တွေ့တော့ သူတို့နေတဲ့ တန်းလျားလေးကို lock down ချ။ အတူနေတဲ့သူတွေ swab ယူ quarantine လုပ် အလုပ်ရှုပ်ရပြန်ရော။ ငှက်ဖျားလူနာကလည်း တဖွဲဖွဲ တဖျောက်ဖျောက်တော့ လာနေတုန်းပါ။ တရွာလုံးလည်း သူ့အိမ်ကိုယ့်အိမ် အနာအဖျားကို မလွတ်ကြဘူး။ ကိုဗစ်စင်တာဖွင့်တုန်းက “ဒီတသက် ကုန်အောင် သုံးနိုင်ဖွယ်ရာ မရှိ။” လို့ ထင်ထားတဲ့ အကိုက်အခဲပျောက်ထိုးဆေး တောင်ပုံရာပုံကြီးဟာ ကုန်သွားလို့ အသည်းအသန်ကို ထပ်မှာရပါရောလား။ ဒါကြောင့်လည်း ဒီအရပ်မှာ GP လာလုပ်တဲ့သူတွေဟာ ဖင်ဆေးထိုးလိုက်၊ ပုလင်းချိတ်လိုက်နဲ့ ရွှေကျင်သလောက် ကျောက်တူးသလောက်ကို ပိုက်ဆံရနေတာ ထင်ပါရဲ့။ ကိုယ့်အဖို့ကတော့ ကုသိုလ်ပေါ့ကွယ်။

ဆာဂျင်ဆိုတော့လည်း ခွဲခန်းကြီးပိတ်ထားရတာ ၂ ရက်လောက်ကြာရင် နေမထိထိုင်မသာ ဖြစ်တာအမှန်ပါပဲ။ ဒါပေမယ့် ခုရက်ပိုင်း stress တွေများလို့ထင်ပါရဲ့။ ခါးပြန်နာလာတယ်။ ညဘက်ကျတော့ ပိုနာလာတယ်။ ညောင်းလို့နာတာနဲ့မတူဘူး။ ကျောက်ကပ်ထဲက ကျောက်ကလေးတွေ အောက်ကိုဆင်းလာသလိုပဲ။ ဆေးသောက်လိုက်မှ သက်သာတယ်။ ultrasound တော့ ရိုက်ကြည့်နိုင်တာပေါ့လေ။ ရေအိပ်ကလေး ပြန်ပြည့်နေတာပဲတွေ့တယ်။ Uro CT တွေဘာတွေတော့ ဘယ်ရိုက်နိုင်မှာလဲ။ ကျောက်က အောက်ကိုဆင်းတယ်ဆိုရင် ဒီလိုပဲ လှိမ့်နေအောင် နာပြီးမှ ထွက်ကျလာမှာ။ မတတ်နိုင်ဘူး။ ဖြစ်တော့လည်း ဖြစ်သလို ရင်ဆိုင်ရတာပ။

လောလောဆယ်တော့ ခွဲစရာ လူနာလည်း မရှိသေးတော့ အိမ်မှာပဲ နားနေတယ်။ အားရင် ယုန်စာကျွေးတယ်။ ယုန်က အခု အပြင်ယုန်ရော အတွင်းယုန်ရော ကျွေးရတာ။ အပြင်မှာနေတဲ့ကောင်က မိုးလင်းတယ်ဆို ခြံစည်းရိုးဘေး ရောက်လာပြီ။ အစာကျွေးနေကျဆိုတော့ လူမြင်ရင် ထွက်မပြေးဘူး။ ခြေရင်းနားရောက်အောင် ပြေးလာတာ။ ကျောသပ်ရင်သပ်လုပ်လည်း ငြိမ်ခံတယ်။ သူက မိုးထဲရေထဲ တောထဲခြုံထဲနေပြီး ဘာဖြစ်လို့ သန့်သန့်ပြန့်ပြန့် ဖြူဖြူဖွေးဖွေး ဖြစ်နေလဲ မသိဘူး။ အိမ်ကကောင်တွေက ကြောင်ချေးရုပ် ဖြစ်နေပြီ။ ဒါနဲ့ပဲ အားအားယားယား ခြံထဲက ယုန်တွေကို တစ်ကောင်ပြီးတစ်ကောင် ရေချိုးပေး၊ hair dryer နဲ့ မှုတ်ပေး၊ သန့်ရှင်းရေး လုပ်ပေးဖြစ်ပါတယ်။ အမယ် ဒီလိုတော့လည်း အဲ့ကောင်တွေက ငြိမ်ခံသား။ ပြီးရင် ရေချိုးပြီးသား ၅ ကောင်စလုံး ခြံထဲမှာ ငြိမ်ပြီး ကိုယ့်ဖင်ကိုယ်လျက် စီးပွါးတက် လုပ်နေကြတယ်။ သူတို့ကိုယ်မှာ သန်းတွေတွေ့လို့ ရေမိုးချိုးပြီး ဘေဘီပေါင်ဒါတွေ လူးပေးချင်လို့ လုပ်တာပါ။

တောထဲမှာဆိုတော့ အင်းဆက်ပိုးမွှား တကယ်ပေါတာပဲ။ ဓါတ်မှန်ရုံဆောက်ဖို့ အိမ်အဟောင်းလေးကို ရှင်းတဲ့အခါ အဲ့ဒီထဲမှာ ခွေးသားအုပ်မ တစ်မြုံနေတယ်လေ။ သူတို့နေရာကိုရှင်းတုန်းက ရှိသမျှ လူတွေအကုန် ခွေးသန်းတွေတက်လာတာ ရစရာ မရှိဘူး။ ကြမ်းခင်းတစ်ခင်းလုံး နှမ်းစေ့တွေ ဖိတ်ထားသလိုကို များတယ်။ ယုန်တွေလည်း ဒီတိုင်းလွှတ်ထားရင် အဲ့လို သန်းတွေပွါးလာမှာကြောက်လို့။ တောထဲမှာသွားနေတဲ့ကောင်ကတော့ မိုးရွာရင် ဘယ်နားခိုတယ် မသိပါဘူး။ သူ့ကြည့်ရတာ ရွှံ့ပေါ် ရှဉ့်ပြေး ရှဉ့်မွှေး ရွှံ့မလူးရယ်။ ရေချိုးထားတဲ့ကောင်တွေထက်တောင် ပိုသန့်သေး။

ကိုယ်တို့ မီးဖိုချောင်က စတိုခန်းထဲမတော့ ကြက်မတွေလာလာဝပ်တာ လေးသားလောက်ရှိပြီ။ အုချင်လာရင် ကတော်ကတော်နဲ့ ပိတ်ထားတဲ့တံခါးကို အတင်းဖွင့်ခိုင်းတယ်။ အကောင်ပေါက်တော့မှ တစ်မြုံလုံး အပြင်ထုတ်ပေးရတယ်။ သူတို့က တစ်မြုံပြီးတစ်မြုံလာအုတော့ စတိုခန်းတံခါးက ဖွင့်ကိုထားရတာ။ သူတို့လာအုနေကျမှန်း မြွေတောင် သိတယ်။ တနေ့ညက စတိုခန်းထဲမှာ ငန်းတော်ကျားကြီးတစ်ကောင် တွေ့လို့ အဲ့အခန်းထဲ ညဘက်မဝင်ရ ကာဖျူးထုတ်ထားတယ်။ ဒီမှာ မြွေတွေ အရမ်းတွေ့တာပဲနော်။ မကိုက်လို့သာ တော်တော့တယ်။ ကိုယ်တို့ကလည်း မြွေတွေ့ရင် မသတ်ပါဘူး။ မောင်းပဲ မောင်းထုတ်တာ။ အဲ့ဒါကြောင့် ညဘက် ဘုရားရှိခိုးရင် ခန္ဓသုတ်၊ မေတ္တာသုတ် ရွတ်ပြီး အကောင်ပလောင်မျိုးစုံကို မေတ္တာပို့ရတာ။ ရတနသုတ်လည်း ရွတ်ပါတယ်။ ရန်သူမျိုးငါးပါးစလုံး တစ်ဦးတစ်ဖွဲ့တည်း ကံထရိုက်ယူထားတဲ့ ဟိုအကောင်တွေ ရန်က လွတ်အောင်။ ကပ် ၃ ပါးကလည်း ကိုယ့်အနားမှာ တဝဲဝဲလည် မဟုတ်လား။

လူတွေကလေ သူ့နယ်ကိုယ့်နယ်ရယ်လို့ အင်မတန် ခွဲခြားချင်ကြတာ။ ဒီနေရာကဖြင့် ကချင်ပြည်နယ်ပဲ။ ကချင်တွေ နေရမယ်။ ဟာ မဟုတ်ဘူး။ ရှမ်းနီနယ်ပါ။ ရှမ်းနီတွေ ပဝေသဏီကတည်းက ဒီမှာပဲ နေကြတာ။ အို မဟုတ်တာ။ ကဒူးနယ်၊ ကနန်းနယ်၊ လီဆူးနယ်၊ ရဝမ်နယ်။ မြေပုံပေါ် အရောင်တွေခြယ်ပြီး ခွဲချင်တိုင်း ခွဲခြားထားကြတယ်။ ဒါပေမယ့်လေ ဘယ့်သူ့နယ်မှာပဲဖြစ်ဖြစ်၊ ဘယ်မျိုးနွယ်စုအတွင်းမှာပဲဖြစ်ဖြစ်၊ တစတစ တိုးပွါးလာတဲ့ population တစ်ခု ရှိနေတာ မသိကြဘူး။ ကိုယ်တော့ သတိထားမိတာ ကြာပြီ။ မြန်မာပြည် တနံတလျား ဘယ်လောက်ဝေးလံခေါင်ဖျားတဲ့ အရပ်ကို ရောက်နေပါစေ။ အခုဆို ကိုယ်ရောက်နေတာ ရွာတောင်မဟုတ်ဘူး။ တောထဲနော် တောထဲ။ ဒါပေမယ့် လူတန်းစားတစ်ရပ်ကို ဆေးကုဖို့ ကြုံကိုကြုံရတာပဲ။ ပြေးလို့ကို မလွတ်ပါဘူး။ အဲ့ဒါကတော့ ဆေးစွဲပြီး အေကိုက် ဘီကိုက် စီကိုက် လူနာတွေပါ။

ခြေဖျားကနေ ဆံဖျားအထိ ဆေးထိုးစရာ သွေးကြောရှာယူရတယ်။ ခွဲတဲ့စိတ်တဲ့အခါလည်း သုံးပြီး မီးရှို့ပစ်ရမယ့် တစ်ခါသုံးတွေပဲ သုံးရတယ်။ ခွဲပြီးရင်လည်း ခွဲခန်းကို ပိုးပြန်သတ်ပစ်ရတယ်။ ပြီးရင် သူတို့အနာ ပုပ်ပုပ်ဆွေးဆွေးကြီးကို တစ်လကိုးသီတင်း ဆေးထည့်ယူရတယ်။ တစ်ခါတုန်းကဆို ဆေးရုံက အလှူခံပုံးကြီးကို ခိုးသွားလို့ လူနာတွေက လာတိုင်ရော။ မနှစ်မြို့ပေမယ့်လည်း၊ မကြည်ဖြူပေမယ့်လည်း သူက လူနာ၊ ကိုယ်က သမား ဖြစ်တဲ့အတွက် ကုရတာပဲ။ ကျေးဇူးရှင်တွေ လို့ပဲ သဘောထားပါတယ်။ အတိတ်ဘဝက ကျေးဇူးကြွေး ရှိလို့နေမှာပေါ့။

ဆယ်ဇင်းမှာဆို သူတို့ ယင်းထနေရင် ဆေးပါ ရှာပေးရတယ်ဗျ။ deli service တွေ ရှိလို့သာ တော်တော့တယ်။ သူ့ဝေဒနာက ကိုယ့်ရှိသမျှဆေး ဘယ်ဆေးနဲ့မှ မတိုးဘူးလေ။ လက်သုံးတော်ကြီးနဲ့မှ ယူပစ်သလိုပျောက်ကင်းတာ။ ခက်တာက ဆေးသမားလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဗျာ။ ကိုဗစ်ဖြစ်လာရင် ကိုဗစ်စင်တာရောက်မယ်။ ပြည်တည်နာအကြီးကြီးတွေ အဖုအကြိတ်တွေ ထွက်လာရင် ခွဲစိတ်ဆရာဝန်ဆီရောက်မယ်။ ဟော ငှက်ဖျားမိလာရင် ကိုယ်တို့ဆေးရုံရောက်တာ အဆန်းတကျယ် မဟုတ်ဘူးလေ။ ဘာလို့ မကုရမှာလဲ။ ကုရတာပေါ့။ အရေးကြီးတာက သူ့ရောဂါကြီး ကိုယ့်ကို မကူးအောင်၊ ကိုယ့်ဆေးရုံကအဖွဲ့တွေကို မကူးအောင်၊ ကိုယ့်ဆီလာတဲ့ တခြားလူနာတွေဆီမကူးအောင်။ ဒါတော့ အသေအလဲ ဂရုစိုက်မှ ရမယ်။

ဟိုအသည်းဆရာဝန်ကြီးဆို အိုင်တို့တွေ လူနာတစ်ယောက်ကြည့် စမ်းသပ်ခ တစ်ရာ ရတဲ့ခေတ်မှာ သူ့ဆီလာတဲ့လူနာတွေ ကုတင်ပေါ်မတက်ခင် တစ်ခါသုံးအခင်းကြီးခင်းခင်းပြီး စမ်းတယ်။ တစ်ယောက် ငါးထောင်ပဲကျတယ် ဆိုတဲ့ခေတ်ကို မီလိုက်သေးလား။ အခု ကိုယ်တို့က အဲ့ဒီခေတ်က ငါးထောင်တန် ဆားဗစ်ကို အလကားတောင် မဟုတ်၊ အိပ်ထဲကစိုက်ပြီး ကုနေရပါသနော်။ ဘယ်တတ်နိုင်မလဲ။ ကျေးဇူးရှင်ကြီးတွေပါဆို။ ကိုယ်တို့လိုပါပဲ။ AHRN တို့၊ MSF (AZG) တို့၊ INGO တွေကလည်း အဲ့ဒီ ကျေးဇူးရှင် လူတန်းစားတွေနဲ့ ထမင်းအိုးတည်ရတဲ့အတွက် ဒီလိုလူနာတွေ အရေးဆို သူတို့ပဲ အားကြိုးမာန်တက် ကူရှာပါတယ်။ အရင်တုန်းကဆို လူနာရှိနေရင် သူတို့ဆီ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံပဲ။ ခြေမြန်တော်လေးတွေလွှတ်ပြီး “ဘေဘီ ကြိုက်တာပြော။” စီစဉ်ပေးတယ်။ အခု သူတို့မရှိတော့ အကုန် ကိုယ့်ဘာသာ စီစဉ်ရတယ်။ လွမ်းမိပါသေး။

ဆယ်ဇင်းရွာ ပျက်သွားတော့ မြန်မာပြည်အရပ်ရပ်က ဆယ်ဇင်းမှာ လာအမြစ်တွယ်နေသော ဆေးသမားများဟာ သိန်းနဲ့ချီနေသော ရပ်သူရွာသားများနဲ့အတူ displaced population ထဲကို ပါဝင်သွားရပါတယ်။ အစပိုင်းမှာတော့ ပျော်နေလိုက်ကြတာ။ တစ်ရွာလုံး ကြိုက်တဲ့အိမ်တက်၊ ခိုးချင်တိုင်းခိုး၊ ယူချင်တိုင်းယူ။ အဝတ်သစ်အစားသစ်တွေနဲ့ ဆိုင်ကယ်အသစ်တွေစီးလို့ ပွဲတော်ကြီးတွေ့နေကြတာပေါ့။ ဆေးသမားဆိုတာ အဖြူထည်လေ။ ဘာအရောင်မှ မရှိဘူး။ စစ်သားလာရင် စစ်သားခိုင်းတာ လုပ်ပေးမယ်။ KIA လာရင် KIA ခိုင်းတာ လုပ်ပေးမယ်။ ရှမ်းနီလာရင် ရှမ်းနီခိုင်းတာ လုပ်ပေးမယ်။ အဖြူသာ ရပစေ။ မအေလည်းမချန် နှမလည်း မချန်ဘူး။ ခိုင်းတဲ့အတိုင်းလုပ်တယ်။ ဒါပေမယ့်လည်း ယူစရာ သယ်စရာ ကုန်တဲ့အခါ ရွာပျက်ကြီးထဲ ဆက်နေလို့မရပြန်ဘူး။ ရေကြည်ကြည် မြက်နုနု ဆေးပုံမှန် ဝယ်လို့သုံးလို့ ရမယ့်နေရာ ရွှေ့ပြောင်းစိုးစံကြရတာပေါ့။ ဒါကြောင့် သူတို့လည်း migrants တွေထဲပါလာတာ။

ကိုယ်တို့ဆေးရုံရှိတဲ့အရပ်မှာ ဆေးမရပါဘူး။ ကချင်တွေက ဒီနယ်မြေကို မူးယစ်ကင်းစင်နယ်မြေလုပ်ထားတယ်။ သုံးရင်လည်း ဖမ်းတယ်။ ရောင်းရင်ဝယ်ရင်လည်း ဖမ်းတယ်။ မိရင် အကုန် ၆ ပေါက်ထဲထည့်ထားပြီး အလုပ်ကြမ်းတွေ ခိုင်းတယ်။ ဆေးရုံဘေးက ခြုံတွေဆို ခဏခဏ လာရှင်းလွန်းလို့ တားထားရတယ်။ အုပ်အုပ်ဆိုင်းဆိုင်းလေး နေပါရစေ ဆိုပြီး။ ဥတုရာသီမှ တောကိုမှီတာ မဟုတ်ဘူးဗျ။ သမားဇာနည်လည်း တောကိုမှီနေတာ။ ပြောင်လွန်းရှင်းလွန်းရင် နေရတာ ခေါင်းကျိန်းတယ်။ အဲ့တော့ ဆေးရုံကို လာတဲ့ ကျေးဇူးရှင်တွေဆိုတာ ခြောက်ပေါက်ထဲက မဟုတ်ရင် ရွှေတွင်းထဲကလာတဲ့ မျှောသားတွေများပါတယ်။

ကချင်ပြည်နယ်မှာ ရွှေတွေလည်း ထွက်ပါတယ်။ ကျောက်တွေလည်း ထွက်ပါတယ်။ ဒါပေမယ့် ဘိန်းတော့ မထွက်ဘူးဗျ။ ဘိန်းက အထွက် မဟုတ်ဘူး။ အဝင်။ ဘယ်က ဝင်သလဲတော့ ကိုယ်သေချာ မပြောတတ်ဘူး။ သို့သော် ဒီအရပ်မှာ ဘိန်းရှာရတာ ကျုပ်တို့ ငှက်ဖျားဆေး ရှာရသလောက်တောင် မခဲယဉ်းပါဘူးဆို။ အခု ဖုန်းဆက်လိုက် အခု ရတယ်။ food panda လောက်တောင် မကြာဘူး။ ကာရာအိုကေဆိုင်မှာ ဘီယာသောက်သလောက်လည်း ကုန်ကျစားရိတ် မများဘူး။ ပြောရမယ်ဆိုရင် မျှောသား ကျင်းသား အောက်ခြေလူတန်းစား လက်လှမ်းမီလောက်တဲ့ အရပ်မှာ ရှိတယ်။ လော်ပန်တွေဖြစ်ရင် ဆေးမသုံးဘူး။ မိန်းမပဲယူတာ။ ဆေးသုံးရင် လော်ပန်မဖြစ်တာလား လော်ပန်ဖြစ်ရင် ဆေးပြတ်သွားတာလားတော့ မပြောတတ်။ KIA စစ်သား နဲ့ ပြည်သူ့စစ်တွေထဲမှာ ဆေးသမားတွေ ကုခဲ့ဖူးပေမယ့် အရာရှိအဆင့်တွေမှာ အဲ့ဒါသုံးတဲ့သူ မတွေ့ဖူးဘူး။ နောင်ကျ federal ပြည်ထောင်စုကြီးဖြစ်သွားရင် ဒါက သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမယ့် ဒုက္ခဆိုတာ သူတို့လည်း သိမှာပါလေ။ တရုတ်နယ်စပ်တလျှောက်မှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေဟာ ကိုယ်သိထားတာတွေထက် အများကြီး ရှုပ်ထွေးနက်နဲလိမ့်မယ် ထင်ပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ဘယ်လိုစာတွေ ထုတ်သလဲ အားလုံး ဖတ်ဖူးကြမှာပါနော်။ ကိုယ့်ဆီက ခွေးသားတွေ အာဏာသိမ်းတဲ့ကိစ္စကို “သူတို့ပြည်တွင်းရေးမို့ ဝင်မစွက်သင့်ဘူး” လို့ အာဆီယံမှာ ထိပ်ကပိတ်ထိုင်ပြီး ကန့်ကွက်ထားတဲ့ ပေါက်ဖော်ကြီးတွေက နေပြည်တော်ကို အခေါက်ခေါက်အခါခါ လာနေတာ မာလာရှမ်းကောစားဖို့တော့ မဖြစ်နိုင်ပါဘူး။ စကားရောင်းစကားဝယ် သင်္ဘောသီးထောင်း ရောင်းတဲ့ကောင်ကရော စက္ကူပုံးလေးသယ်ပြီး ရုံးခန်းကဖယ်ပေးရမယ့်အစား “ဝမ်းစွေ့ ဝမ်းစွေ့” ပြေးလုပ်တာ ဘာသဘောလဲ။ “အလုပ်ပြီးပြီ ငွေချေတော့။” လို့ ဘောက်ချာသွားဆုတ်တာလား။ ဒီ့ထက်ပိုပြီး ရှင်းတဲ့ကိစ္စကတော့ ဒီလထဲမှာ လိုင်ဆာကိုတိုက်ဖို့ နမ်ဆန်ယန်မှာ မြန်မာစစ်တပ်က စစ်ကြောင်းထိုးလာတဲ့ ကိစ္စပါ။ မတ္တရာကနေပြီး အထက် တက်လို့မရအောင် အထပ်ထပ်ပိတ်ထားတဲ့ ကချင်ပြည်နယ်ထဲက တပ်စခန်းတစ်ခုကို စကစ တပ်ရင်း ၁၁ ရင်း နဲ့ လာတိုက်တယ်။ အဲ့ဒီတပ်ရင်းတွေက လက်နက်ကြီး အပြည့်အစုံနဲ့ မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ မြန်မာစစ်တပ်ကြီးက တရုတ်နိုင်ငံနယ်နိမိတ်အတွင်းကနေ လှည့်ဝင်လာနိုင်အောင် ခွင့်ပေးထားတယ်ဆိုရင် အံဩနေဦးမှာလား။ အရင်တုန်းက လိုင်ဆာကို လက်နက်ကြီးနဲ့ထုရင် သူ့နယ်နိမိတ်ထဲကျပါတယ်ဆို ပေါင်ကြားထဲ မီးပွါးကျတဲ့ကောင်တွေက အခုတော့ “ထုချင်တိုင်းထု၊ ဝ မျက်စေ့မှိတ်ပေးထားလယ်။ မထွက်မချင်း ထု။ အသက်။” ဆိုတာ ဝက်မှိန်းမှိန်းနေတာ မဟုတ်လို့ ဘာဖြစ်ရဦးမလဲ။ နောက်ကွယ်မှာ လက်မည်းကြီး မဟုတ်ဘူး။ ဝက်ခြေထောက်ဖြူဖြူကြီး ရှိတာ မြင်ရဲ့လား။

သတိိတော့ထားပေါ့နော။ တီအန်နန်မင် ဆိုတာ ကိုယ်တို့ဆီက ၈၈ အပြီးမှာ ရိုက်ခတ်လာတဲ့ လှိုင်း မဟုတ်လား။ နွေဦးမို့ လေရူးကလေးပါပဲ လို့ ထင်ရင် အခုထိုင်းမှာ လေပွေဆင်နေတာ မြင်တဲ့အတိုင်းပါပဲ။ အဲ့ဒီကဆက်လို့ ထိုင်ဝမ်ဘက်ကို ကူးလာရင် တောင်တရုတ်ပင်လယ်ထဲ ရောက်တော့မယ်။ တသက်လုံး ကွန်မြူနစ်ပါတီအုပ်ချုပ်မှုအောက်မှာနေရတဲ့ တရုတ်ပြည်သူလူထုကြီးကရော “ဒီမိုကရေစီဆိုတာ မကြားချင်တော့ပါဘူး။ ဥက္ကဌကြီးတွေ စိတ်တိုင်းကျ နင်သေငါတက် အုပ်ချုပ်ပြီးသာ နေကြပါတော့။” လို့ သဘောတူ ကြည်ဖြူတယ် ထင်ရင်လည်း ပြီးတာပါပဲဗျာ။ ဖူးလီလိုင် အန်းကုံး ဖူးလီလိုင်။