ချန်ဂင်တို့စခန်း (၁၉၀)

ကပ်တွေကျော်အောင် ပဲကပ်ကြော် လုပ်စားပေါင်းလည်း များပါပြီ။ ဘေးဘယာတွေကျော်အောင် ဘယာကြော်လည်း လုပ်စားခဲ့ပြီးပြီ။ ဒါပေမယ့်လည်း မကုန်သေးဘူးဗျ။ ဒီနေ့မနက် ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို နှာခေါင်းတို့ပတ်ယူလိုက်တာ ကိုရိုနာဗိုင်းရပ်စ် ရှိတယ် လို့ အဖြေတန်းထွက်လာတယ်။ အဲ့ဒါမှ ဒုက္ခ။ မယ်မင်းကြီးမ က တန့်ဆည်က ပြန်လာတာ မကြာသေးဘူး လို့ ပြောတယ်။ အဲ့ဒီဘက်က ပါလာတာ နေမှာပဲ။ ဒီရွာမှာ ရှိမှ မရှိသေးတာ။

ကိုင်း အခု ရှိသွားပြီဗျ။ လုပ်ကြပါဦး။ “ခင်ခင်ရယ်။ ဘယ်ရွာမှာ နေတာကို သိချင်စမ်းပါတယ်။” ဆို လိုက်ဖို့သာပ။ သူတို့ဘက်က စစ်ဘေးရှောင်ရင်း ဒီရွာရောက်နေတာ တစ်နှစ်လောက်တောင် ရှိတော့မယ်တဲ့။ ရွာ ခဏပြန်သွားပြီး လည်ချောင်းကွဲမတတ် ချောင်းဆိုးနေတာ ၂ ရက်လောက်ပဲ ရှိသေးသတဲ့။ “အိမ်ကလူ အကုန်ခေါ်လိုက်”ဆိုမှ လင်တွေ မောင်တွေတသိုက်က ဆေးရုံမှာ ဓါတ်မှန်ဆောင် ဆောက်နေတဲ့ လက်သမားတွေ ဖြစ်နေတယ်။ ဘယ်တတ်နိုင်မလဲ။ “နှာခေါင်းနှိုက်၊ တံခါးပိတ်၊ ဂျိတ်။” လုပ်ရုံ ရှိတာပေါ့။ “အိမ် ဘယ်သူကျန်သေးလဲ။” ဆိုတော့ “ယောင်းမ နဲ့ သူ့ကလေး နှစ်ယောက်” တဲ့။ ပင့်ချေဦး။ ပင့်ချေဦး။ “ကလေးက တစ်ယောက်တည်း ပါလာတယ်။ နောက်တစ်ယောက်ကရော။” ဆိုတော့ “ကျောင်းတက်နေတယ်။” တဲ့။ သေဟဲ့ နန္ဒိယ။ ကလေးတွေချင်း ကူးကုန်ရင် ဘယ်လိုလုပ်ရပ။ “သားသား။ နေကောင်းလို့လား ကျောင်းသွားတာ။” ဆိုတော့ “နှာကျီးကျောင်းသိုးချစ်နေတယ်။” တဲ့။ နှာခေါင်းအနှိုက်မခံချင်လို့ အာခေါင်ကြီးဖြဲအော်ပြီး ရုန်းရင်းဆန်ခတ် ထွက်ပြေးတာ။ နှစ်ယောက်သုံးယောက် ဝိုင်းချုပ်ရတယ်။ ထွက်လာတော့ ဒင်းက ပေါ့စတစ်။ သေရောဟာ။ အကုန် contact တွေ မိကုန်ပြီ။ အခုမှ ငှက်ဖျားပျောက်ကာစ ရှိသေး။

နောက်ဖြစ်တဲ့ ကိုဗစ်တွေဟာ မသေနိုင်တော့ဘူး လို့တော့ ပြောကြတာပဲ။ အလူးအလဲတော့ ခံရသတဲ့။ အဲ့ဒါက ပြဿနာ မဟုတ်ဘူး။ ကူးစက်မြန် ဆိုတာက ပြဿနာ။ ရွာထဲမှာ ကူးကုန်ရင် လွယ်မှာ မဟုတ်ဘူး။ တရွာလုံး ငှက်ဖျားဖြစ်လို့တောင် မပြီးသေးတာ။ ဆရာဝန်တွေက ငှက်ဖျားတန်းလန်းနဲ့တောင် ဆေးသောက်ပြီး အနားမယူပဲ လူနာကြည့်နေကြရတာ။ ခွဲတဲ့ case ကြာလာရင် ကူတဲ့သူ ထွက်နားယူရတယ်။ ကိုဗစ်ပါထပ်ကူးရင် သေရချည်ရဲ့။ ရှိတာလည်း ဒီလူပဲ။ လူနာကြည့်နေရတာလည်း ဒီလူပဲ။ ခွဲခန်းဝင်ရတာလည်း ဒီလူတွေချည့်ပဲလေ။

ကိုယ်တွေက တောထဲရောက်နေတာလည်း ၂ နှစ်လောက်ရှိပြီဆိုတော့ နောက်ဆုံးပေါ် ကိုဗစ်ကုထုံး နဲ့ ကာကွယ်တိုက်ဖျက်ရေး နည်းဗျူဟာတွေကို up to date မဖြစ်တော့ဘူး။ ခါတိုင်းလုပ်သလို case detection ရရင် notify လုပ်ပြီး လူနာကို barrier nursing နဲ့ close monitoring လုပ်။ contact tracing နဲ့ quarantine လုပ်။ နေအိမ် ကို lock down ချ။ ဒါတွေပဲ လုပ်တတ်တယ်။ ဒီကနေ့ခေတ်မှာ အခါခါ လာနေကျ ကိုဗစ်ရောဂါကို ရာသီတုပ်ကွေးလိုပဲ သဘောထားကုရမယ် ဆိုရင်တော့ အဲ့ဒါတွေ တစ်ခုမှ မလိုဘူး။ ဦးသက်ခိုင်ဝင်းတို့ ဝန်ကြီးဌာနကြီး နဲ့ ကိုယ်နဲ့ကလည်း ဘဝချင်းက ခြားခဲ့ပြီမို့ တိုင်ပင်နှီးနှောလို့လည်း မရနိုင်ပါဘူး။ “အဲ့ဒါ မင်းစောင်းကိစ္စလေ ညီလေးရဲ့။” လို့ ပြန်ပြောမှာပေါ့။

မတတ်နိုင်ဘူး။ ကိုယ့်ဘာကိုယ် ချင့်ချိန်စီမံရုံပဲ ရှိတယ်။ အုပ်ကြီး နဲ့ ဆလန်ကဘာတွေကို အကြောင်းကြားပြီး အိမ်ကို lock down ချတယ်။ ကျောင်းကို ၁၀ ရက်ပိတ်ပေးပါ လို့ မှာလိုက်တယ်။ (ကလေးတွေက ငါ့များ မက်တျား ချစ်နေကြမလားကွယ်။ ကျောင်းပိတ်ခိုင်းရတာ ၂ ခါ ရှိပြီ) ဆေးရုံကလူတွေ အကုန် ရေချိုးခေါင်းလျှော်ပစ်။ ဆေးတွေဖြန်းပစ်။ လူနာရော contact တွေရော mask တွေ အထုပ်လိုက်ဝေရတယ်။ ကုန်ပါပြီ ရှိစုမဲ့စုလေးတွေ။ အသေအပျောက်နည်းသွားတယ်ဆိုလို့ ဝမ်းသာမိပေမယ့် အကူးအစက် မြန်နေတဲ့ကိစ္စက ရင်မအေးနိုင်ဘူး။ အဲ့ဒီထက်ပိုပြီး ခေါင်းမီးတောက်ရမယ့် ကိစ္စက အောက်ဆီဂျင်အိုးတွေ ပြန်ဖြည့်ဖို့ ကိစ္စပါ။ အိုးလွတ် ၅ လုံး တင်ပေးလိုက်တာ တစ်ပါတ်ကြာပြီ။ ပြန်မလာသေးလို့ ဘယ်နားရောက်နေပြီလဲ လိုက်ရှာနေရတုန်း။ အဘက်ဘက်ကို တင်ပြပြီး အကူအညီတောင်းခံပေမယ့်လည်း အဆင်မပြေချင်ရင် အဲ့သလိုပဲ။ ကြံဖန်ပြီး ရွာလည်တတ်ပါတယ်။

တောဆေးရုံမို့သာ တော်တော့တယ်။ တစ်နေ့ တစ်မျိုး မရိုးရပါလားနော်။ ခွဲဖို့စောင့်နေတဲ့ လူနာတွေတော့ ၃ ရက်စောင့်ကြည့်ဦးမယ်။ ၃ ရက်နေလို့ ကိုယ့်ဆေးရုံက ကူးတဲ့သူ မရှိဘူး ဆိုမှ ခေါ်ခွဲမယ်။ စစ်ပွဲအခြေအနေကတော့ အတိအကျကြီး သတင်းမထုတ်ပြန်ချင်ပေမယ့် ကချင်ပြည်နယ်မှာ သတင်းကောင်းတွေ ရှိတယ် လို့ပဲ မှတ်ထားလိုက်ပါ။ တော်တော်ကြာ ရှုံးမဲမဲပြီး ကိုယ့်ဆေးရုံကို လာရန်ရှာမှ သတင်းဆိုးကြားနေရမှာစိုးလို့ အသံမပေးပဲနေတာ။ တဖြုန်ဖြုန် ကေးတာ နှေးတယ်ထင်လို့ မြုံမြုံကန်ဖို့ ကြိုးစားနေပုံပဲ။ သာဓုပါ ကာပုရေ။ သာဓု။

အရပ်သားပြည်သူတွေရဲ့ အသက်ကိုမှ တန်ဖိုးမထားတာ မဟုတ်ပါဘူး။ သူ့အောက်ကစစ်သားတွေ သေရင်လည်း နှစ်ပြားတောင်တန်တယ်လို့ ထင်တဲ့အကောင် မဟုတ်ဘူး။ သေချင်သလောက်သေ။ KIA ရဲ့ ဌာနချုပ်ကိုတောင် ဝင်သိမ်းဖို့ စစ်ဆင်ရေးလုပ်နေပြီ ဆိုပြီး တိုင်းမှူး၊ တပ်မမှူးတွေ လက်နက်မချအောင် မိုတီပေးဖို့ ကြံနေတာလား မသိ။ တပ်ထဲက အကွဲအပြဲ အက်ကြောင်းတွေ အပြင်လူမသိအောင်သာ သတင်းမှောင်ချလို့ ရချင်ရမယ်။ ကိုယ့်ဝမ်းနာတော့ ကိုယ်သာအသိဆုံးပဲ။ ယာဉ်တန်းအပစ်ခံရတဲ့သူ၊ ကင်ဆာဖြစ်တဲ့သူတွေအသံသာ လူကြားရတာ။ စိတ်မချလို့ ကိုယ့်အချင်းချင်း ဆွဲစိထားတဲ့လူတွေကျတော့ အသံဘယ်ထွက်မှာလဲ။ “ဘယ်သူခွဲခွဲ တို့မကွဲ။ အမြဲစည်းလုံးမည်။” ဆိုတာကို ပုတီးပတ်ရေ ၁၀၀၀ ပြည့်အောင် စိတ်ခိုင်းထား။ ကြားလား။

ယူကရိန်းကို နိုင်အောင်မတိုက်နိုင်တဲ့ ရုရှားလက်ပါးစေတပ်တွေဟာ ပူတင်ဆီကို back fire ပြန်လာတာ တွေ့တယ်နော်။ EAO တွေဆီမှာ ထိုးကျွေးထားတဲ့ စစ်သားတွေ ဟိုဘက်က ကောက်စားသွားတာကမှ တော်ဦးမယ်။ ဟိုဘက်နဲ့ ပူးပေါင်းသွားရင်တော့ ကိုယ့်နားထင်ကိုယ် တေ့ဖြုတ်ဖို့သာ ကျည်ဆန်ချန်ထားပါလေ။ အောက်ကလူတွေက သူ့အပေါ် ယုံယုံကြည်ကြည် အသက်ပေးတိုက်ရင်တောင် သူ့ဘက်က ဘယ်သူ့အပေါ်မှ ယုံကြည်လို့မရတာ သူ့ဘဝရဲ့ လက်ငင်းအခြေအနေပဲ။ အခုတောင် မပခ က တိုင်းမှူး၊ တပ်မမှူးတွေကို နေပြည်တော် ပြန်ခေါ်သွားတယ် လို့ သတင်းတက်နေပြီလေ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ငြင်းဦးမှာပါပဲ။

မနေ့ညကတော့ ကိုယ်တို့သမ္မတကြီး ရုံးစိုက်တဲ့နေရာလို့ သူတို့သတင်းကြားတဲ့နေရာကို လက်နက်ကြီးတွေနဲ့ရော လေယာဉ်တွေနဲ့ရော အပြင်းအထန် ထိုးစစ်ဆင်နေတယ် လို့ ဒေသခံတွေဆီက ကြားရတာပဲ။ ဒီဘက်ကတော့ ဘာအထိအခိုက်မှ မကြားသေးဘူး။ ပစ်ကြပစေ တိုက်ကြပစေ။ များများပစ်လေ မြန်မြန်ကုန်လေပဲ။ အခုတောင် ၁၃-၄ နှစ်ကလေးတွေ ပေါ်တာဆွဲပြီး ရှေ့တန်းပို့တိုက်ခိုင်းနေရတာ မဟုတ်လား။ စစ်သားသားသမီးတွေပါ ထည့်လွှတ်လိုက်လေ။ ကျူငုတ်တွေ တခါတည်းပါသွားအောင်။ နေဝင်းလက်ထက်ကတည်းက အောင်းထားသမျှ သွေးကြွေးတွေကို အကုန်ဆပ်ရတော့မယ်။ ကြင်စိုးတစ်ကောင် ဖျင်ယားမိတာ အထုပ်ပိုက်ပြီး နှပ်နေတဲ့ ခွေးအိုကြီးတွေပါ ဖျင်ဝမီးမြှိုက်ခံနေရပြီ။

အဲ့ဒီကောင် အာဏာသိမ်းပြီးတဲ့နောက် ယူကရိန်း နဲ့ ရုရှား စစ်ဖြစ်တဲ့အခါ တတိယကမ္ဘာစစ်ကြီး ထဖြစ်လိုက်ရင် ကောင်းမှာပဲ လို့ ကိုယ်တွေက ကြိတ်ဆုတောင်းမိတယ်။ မထူးဘူးလေ။ ကိုယ်တွေဆီ စစ်ဖြစ်နေမှတော့ တကမ္ဘာလုံး ထပ်စစ်ဖြစ်လည်း ဘာအရေးလဲ။ အုန်း ဒိုင်း ခွမ်း ဆို မြန်မြန် ကိစ္စပြတ်သွားတာပေါ့။သေတဲ့သူတွေ သေကုန်ပြီးတဲ့နောက် ကျန်တဲ့လူတွေ ကောင်းကောင်းနေရမယ်။ နို့မို့ဆို သေလူရော၊ ရှင်လူရော၊ မသေမရှင်လူတွေရော ဒုက္ခပင်လယ်ဝေနေရတာ။

အခုချိန်မှာတော့ ကြင်စိုးကြီးက အဲ့ဒီဆုတောင်းကို အပြည့်စေချင်ဆုံးနေမှာပဲ။ ဗရုတ်သုက္ခ ကမောက်ကမတွေ ဖြစ်မှ သူ့အတွက် ပြေးပေါက်ပွင့်မှာ။ လည်ပင်းမှာ ကြိုးကွင်းက စွပ်လျက်သား မိနေပြီကိုး။ ပြောလို့တော့ မရပါဘူး။ ဆုတောင်းက ပြည့်ချင်လည်း ပြည့်သွားနိုင်တာပဲ။ ပူတင်ဆိုတဲ့ကောင်ကြီးရယ်၊ ဘီလာရုစ်က အကောင်ရယ်၊ ကြင်စိုးရယ်၊ ကျင့်ဖျင်ရယ်၊ ပရာယွတ်ရယ် ကမ္ဘာပေါ်မှာ သောက်ကျင့်အယုတ်ဆုံးကောင်တွေ တစ်လှေတည်း စီးနေကြပြီ။ ငနီပါလို့ မှောက်မယ့်လှေ မဟုတ်ဘူး။ တစ်လှေလုံး ငနီချည့်ပဲမို့ စင်းလုံးကို မြုတ်ရမှာ။ ကမ္ဘာစစ်ကြီးဖြစ်လို့ အဲ့ကောင်တွေအကုန် စမုန်တုံးမယ်ဆိုလို့ရှိရင် အာဒံ နဲ့ ဧဝ က ပြန်စရလည်း တန်ပါတယ်ကွာ။

“ချစ်ကမ္ဘာကြီး အစကဆို

မနုဿအဖြစ်ကို

ရှာကြံတွေးဆအမြဲ

အာဒံ ဧဝ အတွဲ ပုံပြင်လို

ရှေးပုံပြ တွေ့ဆုံကြ

အချစ်အစ သည်လို

ဒဏ္ဍာရီလား ပုံပြင်လေလား

ရှေးကလူကြီးသူမ အဆို

ဗြဟ္မာကြီးတွေရဲ့ ဆန္ဒအလို

မြေဆီကိုလွေး သလေးဆန်ကိုကျို

အို ထိုမှပေါက်ဖွားလာကြ

ယောင်္ကျားအပလိန်း မိန်းမအနန္တဆို

အချစ်ပိုမြင့်မိုရ် လေးဆူဒီပါလုံးကို

ကြုံးယူဖွဲ့ တစ်ဆင့်ပို တစ်ဆင့်ပို

နှလုံးမူလျှက် အချစ်ကိုဖွင့်ဆို

အချစ်နဲ့စသောကမ္ဘာကြီးကို

အမုန်းနဲ့ဆုံးမှာလားပျို။”