ချန်ဂင်တို့စခန်း (၁၈၉)

ဒီအရပ်ကလူတွေ ငှက်ဖျားအရမ်းကူးတဲ့အချိန်၊ မိုးရွာလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တဲ့အချိန်၊ စစ်တပ်ဂိတ်တွေက ဖြတ်လေးဖြတ် ကျင့်သုံးလို့ ဆေးပစ္စည်းတွေ သယ်မရတဲ့အချိန်။ ဒီအချိန်မှာပဲ နောက်ထပ် ဖိအားတစ်ခု ထပ်တိုးလာတာကတော့ စစ်ရေးအခြေအနေ တင်းမာလာခြင်းပါပဲ။ နမ်ဆန်ယန် နဲ့ လိုင်ဆာ နဲ့ နဂါးခေါင်းချင်းဆိုင်ထားတဲ့အချိန်မှာ နောက်ကျောဘက် အမြီးဘက်မှာလည်း ထိတွေ့မှု တိုက်ပွဲတွေနဲ့ မငြိမ်မသက် ရှိနေပါတယ်။ လီဒိုလမ်းပေါ်က ရှဒူဇွပ်ဘက်မှာ ဖြစ်တာ၊ ကိုယ်တို့ဆီက စစ်ကိုင်းနယ်စပ် ပန်ချယ်၊ မန်စိမ်းဘက်မှာဖြစ်တာတွေပေါ့။ မိုးရိပ်တိမ်ရိပ်တွေကြားမှာပဲ ကင်းထောက် စစ်လေယာဉ်တွေ ခဏခဏ လာနေတာလည်း တွေ့ရတယ်။ ပြောလို့တော့ ဘယ်ရမလဲ။ မကြာခင်မှာ ပွဲကြီးပွဲကောင်းတစ်ခု ဆင်နွှဲဖို့ နှစ်ဘက်စလုံးက ပြင်ဆင်နေကြပုံပါပဲ။ ဒါကြောင့်မို့ ကိုယ်တို့လည်း အရေးအကြောင်းရှိရင် အလုပ်အများကြီး လုပ်နိုင်ဖို့ လိုလေသေးမရှိအောင် ပြင်ဆင်နေရပါတယ်။ အထူးအားဖြင့်တော့ လုံခြုံရေးသတိ အမြဲရှိဖို့ လိုတာမို့ အသင့်အနေအထား ပြန်နေနေကြရတယ်။ နဂိုတုန်းက comfort zone ကနေ ထွက်လာပြီး battle zone မှာ ရုန်းကန်လာခဲ့ရတာ ကြာတော့ အဲ့ဒီ battle zone ကိုက ကိုယ်တို့အတွက် comfort zone ဖြစ်လာတာပေါ့။ သိပ် အထွေအထူးကြီး မပင်ပန်းပါဘူး။

ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ်တို့တွေ ရပ်တည်ရှင်သန်နိုင်သေးတယ်။ လူနာဆေးကုနိုင်သေးတယ်။ ခွဲနိုင်သေးတယ်။ ဒါနဲ့တင်ပဲ ကိုယ်တို့ mission တွေ အောင်မြင်နေတယ် လို့ ပြောလို့ရပါတယ်။ urgent operation မရှိရင် elective တွေကို တစ်ရက်တစ်ယောက် ရက်ချိန်းပေးပြီး ခွဲတယ်။ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူဆို ကလေးတွေကို ပေးလုပ်ပြီး ကိုယ်က supervised assist လုပ်ပေးတယ်။ ခက်တာတွေကို ကိုယ်တိုင်လုပ်တယ်။ spinal ထိုးတတ်အောင် tube ထည့်တတ်အောင်၊ မေ့ဆေးပေးတတ်အောင် သင်ပေးထားတယ်။ အလှူရှင်တွေက သူတို့ပစ္စည်းတွေနဲ့ အလုပ်လုပ်တဲ့ပုံလေးတွေ ကြည့်ချင်ပါတယ် ဆိုပေမယ့် တကယ်အလုပ်လုပ်နေတဲ့အချိန်မှာ အကုန်လုံးက stress နဲ့ဆိုတော့ ဘယ်သူကမှ ဖုန်းမကိုင်နိုင်၊ ဓါတ်ပုံမရိုက်နိုင်ပါဘူး။ သူနာပြုတွေမှာလည်း သူတို့ဘက်က stress ရှိတာပဲ။ လိုချင်တဲ့ပစ္စည်းတွေ တောင်းတိုင်း ချက်ချင်းရနေဖို့ဆိုတာ စီမံခန့်ခွဲမှု မကောင်းပဲ မဖြစ်နိုင်ဘူး။ ကိုယ်ခွဲလိုက်လို့ လူနာတစ်ယောက် ရှင်သွားတိုင်း သူတို့ရဲ့ အားထုတ်မှု ကျွမ်းကျင်မှုတွေ ပါတယ်။ အားလုံးဟာ တိုင်ပင်ကိုက် အမှားအယွင်း မရှိ လုပ်ကြရတာ။ ဒီဟာကို ဒီလို လိုချင်တယ်ဆိုရင် လိုချင်တဲ့အတိုင်း ဖြစ်လာမှ။ လူတစ်ဦးချင်းစီရဲ့စရိုက်သဘာဝ ဘယ်လိုပဲ ရှိခဲ့ ရှိခဲ့။ ခွဲခန်းထဲရောက်ရင် အာရုံက တစ်ခုတည်းပဲ။ လေယာဉ်လာလို့တောင် ထွက်မကြည့်ကြဘူး။ တခြားနေရာတွေမှာ ဒါမျိုးဘယ်ရမလဲ။

အခု လတ်တလော အခြေအနေမှာ ငှက်ဖျားကုသရေးစင်တာလို လာလာသမျှ အဖျားတက်နေသူတွေကို သွေးဖောက်၊ ဆေးပေး၊ ပုလင်းချိတ်၊ နေ့ညမပြတ် လုပ်ပေးနေပေမယ့်လည်း၊ တစ်နေ့တစ်ယောက် အဆက်မပြတ်ရအောင် ခွဲပေးနေပေမယ့်လည်း ကိုယ်တို့ဆီမှာ စစ်ပွဲတွေ ရောက်လာပြီ ဆိုတာနဲ့ အဲ့ဒါတွေ အကုန်ရပ်ပစ်ရမှာပါ။ လူနာတွေ ထားခဲ့ပြီး ထွက်ပြေးမယ် လို့ ဆိုလိုတာ မဟုတ်ဘူး။ စစ်မြေပြင်ဆေးရုံအဖြစ် တာဝန်ယူလိုက်တာနဲ့ တပြိုင်နက် ကိုယ်တို့အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အနေအထားတစ်ခုကတော့ readiness ပါပဲ။ ဘယ်သူလာလာ၊ ဘယ်အချိန်လာလာ၊ ဘယ်နှစ်ယောက်လာလာ ကိုယ်တို့မှာ ပြင်ဆင်ပြီးသား အသင့်ဖြစ်နေရမယ်လေ။ စစ်ပွဲဒဏ်ရာတွေ အတုံးအရုံး ကုနေခိုက်မှာ ကင်ဆာလူနာတွေ chemo သွင်းဖို့ oncologist ဆီ ပြပေးနိုင်မှာ မဟုတ်တော့ဘူး။ အရင်တုန်းကဆိုရင်တော့ cycle ပြည့်အောင် ဆေးတွေမှာပေးထားပြီး သူတို့ဆီပေးထားရင် cold chain ပျက်မှာစိုးလို့ ဆေးရုံက ရေခဲသေတ္တာထဲမှာပဲ နံမည်ရေးပြီး သိမ်းထားပေးတယ်။ ဆေးသွင်းတဲ့ ရက်ချိန်းစေ့မှ သွေးဖောက်ပြီး ပြန်လာပြ။ အခု မရတော့ဘူး။ မတော်လို့ ဆေးရုံပေါ် ဗုံးလာကျဲသွားရင် သူ့ဆေးတွေ ပြန်ရှာမဝယ်နိုင်ဘူး။ ကိုယ့်အိမ်ကိုယ် ပြန်ယူသွားကြ။ အခု ခွဲနေတဲ့ gall stones တွေ၊ goiter တွေ ဆိုတာ အားလို့ ခွဲပေးနေတာ။ စစ်ပွဲဖြစ်လာရင် ခွဲမပေးနိုင်တော့ဘူး။ ကိုယ့်မှာရှိတဲ့ resources တွေဟာ စစ်ပွဲဖြစ်လာရင် war injuries တွေ ကုသဖို့ reserve ထားရတော့မယ်။ အဲ့ဒါကြောင့် ဆေးရုံမှာ လူနာတရုံးရုံးနဲ့ ကုတင်နေရာလွတ်တောင် မရှိဘူး ဆိုတာဟာ ကိုယ့်အတွက်တော့ ပျော်စရာကောင်းတဲ့ ဖြစ်ရပ် မဟုတ်ဘူး။ မဖြစ်မနေ လျှော့ရတော့မှာ။ နိုင်နိုင်နင်းနင်း လုပ်ကိုင်စီမံချင်သပ ဆိုရင် ဘယ်ဟာကို ဦးစားပေးမလဲ နားလည်ထားရလိမ့်မယ်။ ခုချိန်ထိတော့ နိုင်နိုင်နင်းနင်းပါပဲ။ လူနာကိုသာ ရောက်အောင်ပို့။ ၁၅ မိနစ်ကနေ နာရီဝက်အတွင်း ခွဲခန်းအသင့်ဖြစ်စေရမယ်။

ကချင်ပြည်နယ်မှာ ဖြစ်တဲ့ စစ်ပွဲတွေဟာ တခြားနေရာတွေမှာလို ချက်ချင်း သတင်းမတက်ပါဘူး။ အထိအခိုက် အသေအပျောက်နဲ့ ပါတ်သက်ရင်လည်း နှစ်ဘက်စလုံးက သိုသိုသိပ်သိပ်နဲ့ ထားလေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ခုရက်ပိုင်း တိုက်ပွဲတွေ ဖြစ်နေတာကတော့ မငြင်းနိုင်ဘူး။ ဒီလိုဆိုရင် ကိုယ်တို့ဆေးရုံကလေးအနေနဲ့ အသင့်ပြင်ဆင်ထားရမယ့်အချိန် ဆိုတာလည်း သဘောပေါက်ပြီးသား ဖြစ်မှာပါ။ ကိုယ်တို့မှာ ဆေးကုတာ ဆေးကု၊ ခွဲတာခွဲရင်းကနေ ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင် ဆိုတဲ့ အခြေအနေပါ။ ဒီအချိန်အတွင်းမှာ ဆေးဝါးနဲ့ အရေးပေါ်အသက်ကယ်ဖို့ ပစ္စည်းကိရိယာတွေကို မိုးတွင်းစာအတွက်သာမက စစ်ပွဲစာအတွက်ပါ စုရပါတယ်။ အရင်ရက်တွေတုန်းက စိတ်တွေလောပြီး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပေမယ့်လည်း အခုရက်ပိုင်းမှာတော့ တော်တော်လေး တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီး လက်ငင်း ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစူးစိုက်ပြီး လုပ်နေတယ်။ ဘာပဲလုပ်ရလုပ်ရ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်တယ်။ ဆရာသမားများနဲ့ တိုင်ပင်တယ်။ ဆေးကုတဲ့အလုပ်က ကိုယ့်အတွက် စစ်မြေပြင်ဖြစ်တာမို့ ကိုယ့် mission နဲ့ကိုယ် အနိုင်ရအောင် တိုက်နေပါတယ်။

တော်လှန်ရေးဆိုတာ တစ်ဘီးတည်းလှိမ့်လို့ ရတာ မဟုတ်ဘူး။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ သံတမန်ရေး၊ စစ်မျက်နှာတွေ အများကြီးပါ။ ကိုယ့်စည်း ကိုယ့်တာ ကိုယ် လုံအောင်ထိမ်း၊ နိုင်ရာဝန်ကို ထမ်းနေတဲ့သူတွေ နေရာတိုင်းမှာ ရှိတယ်။ ကိုယ်လိုပဲ လက်မလျော့စတမ်း တောင့်ခံထားတဲ့သူတွေချည့်ပဲ။ ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ကလေးတွေတောင် “တော်ပါပြီ။ ရပ်လိုက်တော့မယ်။” လို့ ဘယ်တော့မှ မပြောဘူး။ ဘယ်လောက်ပဲ ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းသည်ဖြစ်ပစေ၊ ကိုယ်တို့ဘက်က အကြောက်တရားမရှိ၊ ခေါင်းငုံအရှုံးပေးတဲ့စိတ် တစက်ကလေးမှ မရှိတဲ့အချိန်က စလို့ ကိုယ်တို့တတွေ အနိုင်ရခဲ့ပါပြီ။ သူတို့ဘက်က ချုပ်ငြိမ်းပျက်သုဉ်းဖို့သာ ကျန်တော့တာပါ။ အဲ့ဒီအတွက်လည်း တစက်ကလေးမှ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး။ အချိန်ကလေးစောင့်ရုံပဲဥစ္စာ။ ဘာလို့လောမလဲ။

အချိန်ကာလဆိုတာက စောင့်ရသူအတွက် ရှည်ကြာပြီး အာရုံနဲ့အလုပ်နဲ့ သတိကပ်နေတဲ့သူအတွက်တော့ တိုတောင်းပါတယ်။ သို့သော် စက္ကန့် ၆၀ – ၁ မိနစ်၊ မိနစ် ၆၀ – ၁ နာရီချင်းကတော့ အားလုံး အတူတူပါပဲ။ ကုန်လွန်သွားတဲ့ အချိန်တွေအတွင်းမှာ အလုပ်ကောင်းလေးတွေ ပြီးမြောက်ရင် အကျိုးရလဒ်ကောင်းတွေ စုဆောင်းမိလာမှာပေါ့။ အဲ့ဒီအတွက် ခုရက်ပိုင်း ဘုရားမှန်မှန်ရှိခိုးဖြစ်၊ ပုတီးစိတ်ဖြစ်တယ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာလည်း မဟုတ်။ ခလုပ်ထိမှ ဘုရားတတာလည်း မဟုတ်ပါဘူး။ စိတ်အာရုံတွေ တည်ငြိမ်ဖို့၊ ငြိမ်းချမ်းတဲ့ စိတ်နှလုံးလေး ရှိအောင်လို့ပါ။ ဒါမှပဲ ကိုယ်လုပ်တဲ့အလုပ်တွေ ရလဒ်ပိုကောင်းလာမယ်၊ ကိုယ်ရည်ရွယ်ရာပန်းတိုင်ကိုရောက်ဖို့ ပိုနီးစပ်လာမယ် မဟုတ်လား။ စိတ်ညစ်ညူးနောက်ကျိစေမယ့် အကြောင်းအရာတွေကို မတုန့်ပြန်ပဲ ကျော်ဖြတ်သွားလိုက်တယ်။

ဒီလိုနဲ့ပဲ တစ်ပါတ်ဆယ်ရက် အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီ။ စစ်ပွဲအခြေအနေတွေကတော့ သိတဲ့အတိုင်းပါပဲ။ ပြောစရာကို မလိုတော့ဘူး။ ကိုယ်တို့မှာလည်း ပကတိ အေးဆေးတည်ငြိမ်စွာ ဆေးကုလျက် ခွဲစိတ်လျက်ပါပဲ။ တိုက်ပွဲတွေ မရှိလို့ မဟုတ်။ တိုက်ပွဲတွေကြားထဲမှာကို စိတ်အေးလက်အေး အလုပ်လုပ်နေတာပါ။ လိုင်ဆာကလူတွေဆို ဓါတ်ပုံလေးတွေတောင် တင်နိုင်သေးတယ်။ အေးပေါ့။ ဒီအချိန်က တို့တွေဘက်က ပရိတ်ပဌာန်းလေးတွေ ရွတ်ဖတ်ပူဇော်ပြီး မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ဆုတောင်းမေတ္တာ ပို့ပေးရမယ့် အချိန် မဟုတ်လား။

ပြာတောက်ခြောက်ခြားပြီး ပြေးပေါက်မှားနေတဲ့သူတွေကတော့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ပါပဲ။ တစ်ယောက် နဲ့ တစ်ယောက်လည်း မယုံရ။ လှေနစ်ရင် အကုန်သေမှာ သိပြီးသားပေမယ့် ကိုယ့်တစ်ယောက်အတွက်တော့ ထွက်ပေါက်ကျန်လေမလား အသည်းအသန် ရှာဖွေကြိုးစားနေရတဲ့အချိန်။ ကိုယ်တိုင်လိမ်ရင် ဘယ်သူကမှ မယုံတော့ မနက်ဖြန်ပြုတ်မယ့် ထိုင်းဝန်ကြီးကို သုတ်သီးသုတ်ပြာပင့်ပြီး လုပ်ဇာတ်ခင်းခိုင်းပြန်တယ်။ ဒီလူတွေနဲ့ဆက်စပ်ပတ်သက်သမျှဟာ ကောက်ကျစ်ယုတ်မာ လိမ်လည်လှည့်ဖျားသူချည့်သာဆိုတာ ကမ္ဘာကသိအောင် သေဖော်ညှိပြနေတာလေ။ သူတို့စိတ်ထဲမှာ မေမေကယ်မှ အသက်ချမ်းသာရာရမယ် လို့ တွေးမိကြဟန်တူရဲ့။ ဒီအမျိုးသမီးကြီးကို မုန်းလွန်းလို့ အာဏာထသိမ်းပြီး အခုတော့လည်း ဒီအမျိုးသမီးကြီးရဲ့ ထမီရိပ်ခိုဖို့ အောင်သွယ်တွေခေါ်ပြီး ကန်တော့ပွဲနဲ့ ပင့်နေတယ်။ ရှက်မှ မရှက်တတ်ကြပဲကိုး။

အခုလောက်ဆိုရင်ဖြင့် မေမေ့ဆီမှာ ကျီးတွေသာနေတော့မှာပဲ။ ဟိုလူက တိတ်တိတ်ကလေး လာတွေ့လိုက်။ “ကိုးပြစ်ရှိလည်း ကျေပါ ဆယ်ပြစ်ရှိလည်း ကျေပါ။” ထိုင်ရှိခိုးပြီး “အသက်ကိုအပ်ပါတယ်။ သစ္စာတော်ခံပါတယ်။” တောင်းပန်လိုက်။ “ကျွန်တော်မျိုးကြီး double coup လုပ်ပါ့မယ်။ သခင်မကြီး စိုးစံတော်မူပါ။” လာညှိနှိုင်းလိုက်။ ယောက်ယက်ကိုခတ်နေရောပေါ့။ တကာကြီးမောင်ကြင်စိုးအနေနဲ့လည်း “ငါ့အောက်ကလူတွေ ဒီလိုမလုပ်လောက်တာ သေချာပါတယ်။” ဆိုတဲ့ ယုံကြည်မှုကလေး စွဲစွဲမြဲမြဲ ထားနိုင်ပါစေကွယ်။ အောက်က တကာကြီးများကျပြန်တော့လည်း “ငါသည် မုချသေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။” လို့ နှလုံးသွင်းထားပြီး အသေမဦးမီ ဉာဏ်ဦးဖို့ သတိတရားလေးများ လက်ကိုင်ထားကြစေကုန်သတည်း။ ကဲ ကဲ။ ကန်တော့ကြိုးလေးများ ကျက်ထားကြလကွဲ့။

“စကားမပြောတဲ့ ရှမ်းဘုန်းကြီးကို

တိုင်ကာ မငိုတော့ပါ။

တရားသဘောမဲ့ အကြမ်းဆုံးနည်းဆို

နိုင်မှာမို့လို့လား။

ဘုရားဟောတဲ့ လမ်းဆုံးခရီးတွေ

သံသရာမရှည်ဖို့ရာ

ဒါကြောင့်လည်း

အမကြီးရေ ခွင့်လွှတ်ပါကွယ်။”