စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ အစုလိုက်အပြုံလိုက် ရောက်မလာသေးတာ သူငယ်မကုသိုလ် ငါ့ကုသိုလ်လို့ ပြောရမှာပါပဲ။ ရပ်သူရွာသားတွေအပေါ်မှာ ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ လို့ ပြောချင်လည်းပြော။ နံနက်လင်းတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ကလေးတွေနဲ့သွားပြီး သီလဆောက်တည်ရတဲ့အတွက် ရတနာ ၃ ပါးဂုဏ်နဲ့ လုံခြုံတာလို့ပဲပြောပြော။ ကိုယ်ယုံကြည်ရာကို လက်ခံလို့ရပါတယ်။
အနည်းဆုံးတော့ ကိုယ့်ဆီက ဘုန်းကြီးတွေဟာ စစ်တပ်ကို သတင်းပေးပြီး ပျူစောထီးတွေ မမွေးဘူးပေါ့။ ရွာထဲမှာ ဖွတ်လေးငါးကောင် ရှိသော်ငြားလည်း မြို့တက်ပြီးထောက်ခံပွဲလုပ်တာကလွဲလို့ ရွာမှာ အသံတောင် မထွက်ဝံ့ဘူး။ ဒီအရပ်မှာမှ မဟုတ်ပါဘူး။ ဘယ်အရပ်မှာဖြစ်ဖြစ် စစ်တပ်နဲ့ထွေအုပ်က ဖွတ်မွေးမြူရေးလုပ်မှသာ စားကာဝါးကာ ဆူဆူဖြိုးဖြိုး အသားတိုးဖွတ်တွေ တွေ့ရမှာပါ။ သူတို့လောကမှာ ယုံကြည်ချက်ဆိုတာ မရှိဘူး။ စားခွက်ပဲ ရှိတယ်။ မှတ်မှတ်ရရ ကိုဗစ်စင်တာတုန်းက ဗိုက်နာလို့လာပြတဲ့လူနာတစ်ယောက်ဆို မြင်မြင်ချင်းမှာပဲ “အဲ့ဒီလူ ဆေးသမားဖြစ်မယ်။ သေသေချာချာမေး။” လို့ လက်ထောက်ဆရာဝန်လေးကို မှာလိုက်မိတယ်။ မှန်လိုက်တာ ဆရာရယ်လို့တော့ မအံဩပါနဲ့။ အဲ့ဒါ ဘာဖြစ်လို့လဲ သိလား။ သူက နာနာတို့အသင်းကြီးရဲ့တံဆိပ်ပါတဲ့ တီရှပ်ကို ဝတ်ထားလို့ပေါ့။ ဒါကြီးဝတ်ပြီး တစ်ယောက်တည်း ရွာရိုးကိုးပေါက် လျှောက်သွားရဲတာ ဒီလူတွေပဲရှိတယ်။ အဲ့ဒါကြောင့် ဒီအရပ်ကို စစ်ခွေးကင်းစင် ပြုံးပျော်ရွှင် လို့ ပြောတော့ စစ်ခွေးမယားတွေက ထွန့်ထွန့်လူး လာမန့်တာ။
ရေစက်ပဲပြောပြော ကုသိုလ်ပဲပြောပြော သူ့အရပ်နဲ့တို့ဇာတ်နဲ့ အဟပ်မိအောင်တော့ ကရတော့မှာပဲ။ နဂိုကတော့ ခွဲစိတ်ဆရာဝန်ပေါ့။ သူတို့ဆီလည်းရောက်ရော ဘာလာလာဆရာဝန် ဖြစ်သွားတယ်။ ၃ ပါတ်အတွင်း သွား ၆ ချောင်းနှုတ်ပြီးပြီ။ (အခုလေးတင် စာရေးရင်းတန်းလန်း လူနာလာခေါ်လို့ ၂ ချောင်းထပ်နှုတ်လိုက်ရပြန်ပြီ။ ၈ ချောင်း။) ကလေး ၃ ယောက်မွေးပြီးပြီ။ ရွာကကလေးတွေက ဆေးချိုချိုကလေးတွေတိုက်တဲ့ဆရာဝန်မို့ ဆေးခန်းမှာစည်လို့။ အမှန်တော့ ကိုယ်ဖြစ်နေတာ SMO လို့ခေါ်တဲ့ တိုက်နယ်ဆရာဝန်ပါလေ။ အလုပ်ဝင်စ ဆရာဝန်ကလေးတွေ ပို့တဲ့နေရာမှာပေါ့။ ရုံးပေါ်ကလူတွေကတော့ “ကောင်းတယ် ကောင်းတယ်။ ပင်စင်ယူကာနီးမှ ဆတ်ဆတ်ဆော့ဆော့နဲ့ SCS ဘဝကနေ SMO အဆင့်ထိ ခုန်ဆင်းတယ်။ လခတောင် တစ်ပြားမှ ပေးစရာ မလိုဘူး။ ဝဋ်ကြွေးရှိသမျှ ဆပ်လိုက်စမ်း။” လို့ သရော်ကြမယ် ထင်ပါတယ်။ အေးပေါ့။ သူတို့မှာတော့ ဒီတစ်နှစ်အတွင်းတင် ရာထူးတွေ ခုန်ပျံကျော်လွှား တက်သွားလိုက်၊ အပြင်ဆေးခန်းတွေမှာ သဲ့ယူသလို ငွေရှာလိုက် မဟုတ်လား။ ယူတို့လည်း ယူ့ကုသိုလ်နဲ့ယူ အိုင်လေးလည်း အိုင့်ကုသိုလ်နဲ့အိုင်ပါကွယ်။ အိုင့်မျက်စိထဲမတော့ ယူတို့ကိုယ်ပေါ်မှာ နာနာတို့အသင်းကြီးတံဆိပ်နဲ့ တီရှပ်ကြီး ဝတ်ထားသလိုပဲ မြင်ပါတယ်။ မရှက်လို့ဝတ်တာ ဝတ်ကြပေါ့။
ဆရာဝန်ဖြစ်ကာမှပဲ ဟိုလိုဆရာဝန် သည်လိုဆရာဝန် အဆင့်အတန်းတွေက ခွဲလိုက်တာနော်။ ဆရာဝန်က ဆရာဝန်ပဲ။ ဆေးကုနေတယ်ဆို ပြီးတာပဲ မဟုတ်ဘူးလား။ ဆေးကျောင်းတစ်ကျောင်းတည်းက တစ်နှစ်တည်းဆင်းတဲ့ MBBS ချင်းအတူတူ နှစ်တွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် တတ်ကျွမ်းလိမ်မာမှုတွေ တကွဲတပြားစီ ဖြစ်သွားတာဟာ တစ်ဦးချင်းစီရဲ့ ဉာဏ်ရည်အတိမ်အနက်၊ ကျောင်းကသင်ပေးလိုက်တဲ့ သင်ရိုးညွှန်းတမ်း ကွာခြားလို့မှ မဟုတ်တာ။ ကျောင်းပြီးသွားတဲ့နောက် ဘယ်နေရာမှာ ဘာတွေဆက်ပြီး သင်ယူနေခဲ့သလဲဆိုတဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေမှာ ကွာသွားတာပါ။ ကျောင်းဆင်းတာနဲ့ အကုန်သိအကုန်တတ် အကုန်ပါ မုန်လာ လုပ်လို့ရတယ်ဆိုတာ ဆရာဝန်တွေရဲ့ ပညာတတ်အသိုင်းအဝိုင်းမှာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဆရာဝန်တစ်ယောက်အနေနဲ့ သူ ဘာတွေ လုပ်တတ်သလဲ၊ သူ ဘာတွေ လုပ်နိုင်သလဲ၊ ဆိုတာ အရင်တုန်းက သူ ဘာတွေ လုပ်ခဲ့ရသလဲ၊ သူ ဘာတွေ အလေ့အကျင့်ရခဲ့သလဲ၊ ဆိုတဲ့အပေါ်မှာ တည်ပါတယ်။
ဒီကနေ့ ကိုယ့်ဆီကို သွားအကျိုးအပဲ့နဲ့လူတွေ ရောက်လာဖို့ ကိုယ့်မှာ မနာမကျင်အောင် သွားနှုတ်ပေးနိုင်တဲ့ အလေ့အကျင့် ရှိခဲ့ဖို့ လိုတယ်။ လောက်ကိုင်မှာတုန်းက ၂ နှစ်လုံးလုံး သွားဆရာဝန်ကလေးနဲ့ တစ်ခန်းတည်း အတူနေပြီး သူ သွားနှုတ်တာတွေ ကူပေးဖူးတဲ့ကျေးဇူးပေါ့။ သွားဆေးခန်းဝင်ပြရင်း “ဆရာစိုးမင်း မဟုတ်လား။” ဆို ပိုက်ဆံမယူတဲ့အပြင် သွားပစ္စည်းတွေ ဆေးတွေ အလှူငွေတွေ အကုန်လုံးပြည့်စုံအောင် ထုပ်ပိုးပေးလိုက်တဲ့ နောက်သွားဆရာဝန်တစ်ယောက်ရဲ့ ကျေးဇူးလည်း ပါပါတယ်။ တတ်ရကောင်းစေဆိုတဲ့စိတ်နဲ့ သင်ခဲ့တာ မဟုတ်ပေမယ့် ခရီးသွားဟန်လွှဲ ကူညီပေးရာက ကျွဲကူးရေပါ အတွေ့အကြုံတွေဟာ မထင်မှတ်တဲ့ တချိန်ချိန်မှာ အသုံးဝင်လာပါတယ်။
အလားတူပါပဲ။ ဘူတန်မှာတုန်းက မမအိုဂျီရဲ့ case တွေကို assist ဝင်ပေးခဲ့သမျှဟာလည်း ဒီအချိန်မှာ တပြိုင်တည်း ၂ သက်ကယ်ရတဲ့ အလုပ်တွေကို အကြောက်အလန့်မရှိ လုပ်ရဲကိုင်ရဲတာ ဝမ်းသာစရာပါပဲ။ ဒီ့ထက် တန်ဖိုးရှိတာကတော့ ကိုယ့်ဆရာသမား Gynae Madam ရဲ့ ဆုံးမစကားပါ။ သူက ကိုယ့်ကို Hysterectomy လုပ်တဲ့အထိ step by step သင်ပေးပေမယ့် “ဆရာ။ ဒီပညာတွေကို OG မရှိတဲ့ မရနိုင်တဲ့အခါမှာပဲ သုံးပါ။ OG ရှိနေရင် လုံးဝ မသုံးပါနဲ့။” လို့ သေချာမှာပါတယ်။ အဲ့ဒီတုန်းကတော့ “ကြံကြီးစည်ရာကွယ်။ ဆာဂျင်ကြီးတန်မဲ့ ကလေးဝင်မွေးစရာလား။” လို့ တွေးမိပေမယ့် အခုတော့လည်း
ခွဲခန်းမပြီးခင် မွေးခန်းကို အရင်ပြီးအောင် စီစဉ်ခဲ့ရပါပြီ။
ကိုယ့် professional မဟုတ်တဲ့အလုပ်တွေကို ကျင့်ဝတ်ကျင့်စဉ်နဲ့ မလျော်ညီစွာ စွက်ဖက်လုပ်ကိုင်နေတယ်လို့ ထင်ရင် ကိုယ့်ဘက်က ခိုင်လုံတဲ့ အဖြေ နှစ်ခု ရှိပါတယ်။ နံပါတ် (၁) က ဒါတွေလုပ်ပေးတဲ့အတွက် ကိုယ့်ဘက်က ပိုက်ဆံ ငွေကြေး အကျိုးအမြတ် တစုံတရာ ရယူတာ မရှိဘူး။ အလှူငွေလည်း မကောက်ဘူး။ လူနာတွေဟာ ကိုယ့်နံမည်ကိုတောင် ဘယ်သူဘယ်ဝါမှန် မသိတဲ့အတွက် ကျော်ကြားမှုအတွက်လည်း မဟုတ်ဘူး။ သူတို့က ကိုယ့်ကိုခေါ်တာ “ဖိုးဖိုးဆရာဝန်ကြီး” တဲ့။ သေစမ်း သေစမ်း။ ဒုတိယအချက်ကတော့ ကိုယ် ဒါတွေ လုပ်ပေးတဲ့အတွက် လူနာမှာ ဘာတစ်ခုမှ ဆိုးကျိုးအန္တရာယ် ရှိမသွားဖူးပါဘူး။ “Do no harm.” ကို ထိပ်ဆုံးက စဉ်းစားပါတယ်။
အသက်မွေးမှုနယ်ပယ်မှာ လူနာတွေဘက်ကမှ မလွှဲသာ ကြမ္မာရိုးပြီး risk ယူ စွန့်စားရတာ မဟုတ်ပါဘူး။ ဆရာဝန်ဘက်ကလည်း ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာပဲ ရှိရှိ စွန့်စွန့်စားစား risk ယူပြီး ဆုံးဖြတ် လုပ်ကိုင်ရတာပါပဲ။ ကောင်းသွားလို့ ပျော်ပြီး ဆေးရုံကဆင်းရင် ဒီဆရာဝန် ဘယ်သူမှန်း မမှတ်မိပေမယ့် အသေအပျောက်ထဲရောက်သွားရင်တော့ အသည်းထဲကိုာစွဲနေအောင် မှတ်သွားတော့တာ မဟုတ်လား။ သူများတကာ DE PE တွေကို အမှုလိုက်စစ်တဲ့ Board လူကြီးဖြစ်ကာမှ ကိုယ်ကိုယ်တိုင် ကျော်မကောင်းကြားမကောင်း အမှုပွေတဲ့ အဘုချေ မဖြစ်ချင်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်ဘာပဲလုပ်လုပ် အမှားအယွင်း မရှိအောင် အထပ်ထပ်အခါခါ ချင့်ချိန်ပါတယ်။ Bulletproof မဝတ်သော်ငြားလည်း foolproof plan နဲ့ အလုပ်လုပ်နေတာပါ။
ဆရာဝန်ဆိုတာက သင်ကြားလို့ သင်ယူလို့ ဆုံးတဲ့အလုပ် မဟုတ်ပါဘူး။ အခုထိလည်း သင်နေရဆဲပါ။ သင်ယူတတ်မြောက်ထားသမျှ ဘာတစ်ခုမှ အသုံးမကျဘူး အသုံးမဝင်ဘူး ရယ်လို့မှ မရှိတာ။ မနှစ်က ကိုဗစ်စင်တာ ကိုဗစ်လူနာဆောင်တွေမှာ နေ့ရောညရော လုပ်အားပေးခဲ့လို့ ဘာမှမရှိတဲ့အရပ်မှာ ဦးစီးဦးဆောင်လုပ်ပြီး စင်တာတစ်ခုထောင်နိုင်ခဲ့တယ်။ တကိုယ်စာ ခရီးဆောင်အိပ်ကလေးဆွဲပြီး လွှတ်ရာစေရာမှာ ဆာဂျင်လုပ်ခဲ့ရာကနေ အခုတော့ ကိုယ့်ခွဲခန်း ကိုယ်တိုင်ဆောက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ကြိုးစားနေရပြီ။
ဒါတွေအားလုံး ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ဖို့ ဂုဏ်ဖော်ကြွားဝါနေတာ မဟုတ်ပါဘူး။ အနစ်နာခံရတယ်လို့တောင် မယူဆဘူး။ အဲ့ဒါ ရွေးချယ်မှုပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ။ ကိုယ်ကိုယ်တိုင် စိတ်လိုလက်ရ ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ လမ်းကြောင်းသာ ဖြစ်တယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဆေးရုံက သော့ပိတ်ပြီးထွက်လာခဲ့ဖို့ ကိုယ့်ကို ဘယ်သူမှ မတိုက်တွန်းဘူး။ non ချင်ရင် ကိုယ့်အဆင့်က night duty တောင် ဆင်းစရာမလိုဘူး။ အငယ်တွေ လှည့်ကြပ်ပြီး ဆေးခန်းမှာ ဒူးနှန့်နေလို့ရတယ်။ တသက်လုံး အပြင်ဆေးခန်းမှာ မခွဲဖူးပေမယ့် အဲ့ဒီကာလအတွင်း တစ်နေ့ ၄-၅ ယောက်လောက် မပြတ်အောင် ခွဲရတယ်။ အရှိန်လေးနဲ့ လှိမ့်လျှောက်ပြီး ဖေ့စ်ဘုတ်ပေါ် ဘုရားတရားလေးနဲ့ သူတော်ကောင်းဆက်လုပ်နေရင် ခုလောက်ရှိ ကွန်ဒိုဝယ်ပြီး လင်ခရူဆာ စီးနေလောက်ပြီ။ ပြီးကျမှ ဂျိန်းစဘွန်းလေးဘာလေး ဝယ်ပြပြီး “ဆာစိုးကို မေ့သွားပြီလား ချစ်ပိတ်သတ်ကြီး။” လုပ်လည်း ရတာပဲဟာကို။ မလုပ်တတ်လို့ လုပ်ရကောင်းမှန်း မသိလို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ မလုပ်ချင်လို့ မလုပ်ခဲ့တဲ့အလုပ်တွေ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲ။ ဘာမှပြောစရာ မရှိဘူး။
ရွာမှာ ကိုဗစ်စင်တာပိတ်တော့ အနီးအနားက အင်မတန်စည်ကားတဲ့ လွတ်မြောက်မြို့တော်တစ်ခုကို သွားလည်ဖြစ်တယ်။ အဲ့ဒီက နံမည်ကြီး အထူးကုဆေးခန်းမှာ အထိုင်ချနေတဲ့ တပည့်တစ်ယောက်နဲ့တွေ့တယ်။ ဟောဒီနယ် တနယ်လုံး ဆာဂျင်တစ်ယောက်မှ မရှိဘူး။ “လာခဲ့စမ်းပါ ဆရာရယ်။ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားမှာပါ။” တဲ့။ ရွှေလက်နဲ့ခေါ်ပေမယ့်လည်း အဲ့ဒီလမ်းဘက် လည်ထွက်မသွားဖို့ ရွေးချယ်ခဲ့တာလည်း ကိုယ့်သဘောနဲ့ကိုယ်ပါပဲ။ “One day, perhaps.” ပေါ့။ ခရီးဆုံးရောက်တဲ့တစ်နေ့ အလုပ်ထဲပြန်မဝင်တော့ဘူးဆိုရင် ပြန်လာခဲ့ပါ့မယ် လို့ နှုတ်ဆက်ခဲ့တယ်။ ကိုယ် ဒီလမ်းကိုလျှောက်နေတာ လိုချင်စိတ်နဲ့ မဟုတ်ဘူး။ ကြောက်စိတ်နဲ့တွန်းပို့ခံရတာလည်း မဟုတ်ဘူး။ ယုံကြည်ချက် ဆုံးဖြတ်ချက်နဲ့လျှောက်လာတာ။ ဆက်လျှောက်ဦးမှာ။ အိုးပစ်အိမ်ပစ် အလုပ်ပစ်အကိုင်ပစ် မိသားစုပါပစ်ပြီး ဒီထိအောင်ရောက်လာတာ တစ်လကို သိန်းတစ်ရာနှစ်ရာ ပိုက်ဆံရှာဖို့ မဟုတ်တာတော့ သေချာပါတယ်။ ကလေးဘဝကတည်းက သူများလက်ထဲကမုန့်တွေကို သွားရည်တမြားမြား မငေးတတ်သလို ကိုယ့်ဆီက ပဲ့ကျသွားတဲ့ မုန့်တွေအတွက် ငိုကြီးချက်မ ဝမ်းမနည်းဖူးပါဘူး။ လူဆိုတာ ကိုယ်လုပ်ချင်တာလုပ်နေရရင် စိတ်ချမ်းသာတာပဲ လို့ ပြောကြရင် ကိုယ့်စိတ်ချမ်းသာမှုဟာလည်း ကိုယ်လုပ်ချင်တာလုပ်နေရတဲ့အတွက် ပြည့်စုံပါတယ်။
“ကောင်းပြီ။ ဒါဆိုရင် မင်းက ဘာဖြစ်ချင်နေတာလဲ။ ရှင်းရှင်းပြောစမ်းပါ။” ဆိုရင် ရှင်းပါတယ်။ ဆရာဝန်ဖြစ်ချင်တာပါ။ Nothing more or nothing less. AS ဘဝမှာ AS လို ကုတယ်။ CS ဘဝမှာလည်း CS လို ကုတယ်။ ကိုယ့်အသက်အရွယ် ကိုယ့်အတွေ့အကြုံနဲ့ အကောင်းဆုံး လုပ်နိုင်ကိုင်နိုင်တဲ့အချိန်၊ လုပ်နိုင်ကိုင်နိုင်တဲ့အရပ်မှာ လိုအပ်သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်လုပ်ကိုင်နေတယ်။ ဘယ်သူ့ကြောင့် ဘယ်သူ့အတွက်မှ မဟုတ်သလို ဘာကိုမှလည်း မမျှော်ကိုးဘူး။ ပျော်လို့လုပ်တာ။ လုပ်ချင်လို့ လုပ်တာ။ ဆေးကျောင်းပြီးလို့ အလုပ်ဝင်စကနေ ဒီကနေ့ထိတိုင်အောင် ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဆေးမကုပဲထိုင်နေတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဆေးကုတဲ့အလုပ်နဲ့ အသက်မွေးတယ်ဆိုပေမယ့် ဆေးကုတဲ့အလုပ်နဲ့ ကြီးပွါးချမ်းသာအောင် လုပ်မစားဖူးဘူး။ CDM ဆရာဝန်တွေ လိုက်ဖမ်းနေလို့ လွတ်ရာကျွတ်ရာမှာ ပုန်းအောင်းနေရတယ်လို့ ပြောလာရင် ရယ်တောင်ရယ်ချင်သေး။ ဘာကိစ္စ ပုန်းရမှာလဲ။ ပေါ်ပေါ်ထင်ထင်ပဲ ဆေးကုနေတယ်လေ။ ဘယ်နိုင်ငံမှ ခိုလှုံနေတာ မဟုတ်ဘူး။ Catch me if you can.
ဒီခရီး ဒီလမ်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် လာခဲ့ရသလိုပဲ ဒီစခန်းကိုရောက်ဖို့ ကိုယ့်ဘက်က ထားခဲ့ရတာတွေလည်း အများကြီးပါ။ သွားတစ်ချောင်း ဆွဲနှုတ်ပစ်လိုက်ဖို့၊ ကလေးတစ်ယောက် အပြင်ကို ချောချောမောမော မွေးထုတ်ဖို့ နာကျင်မှုတွေ အများကြီး လှစ်လျူရှုရသလိုပါပဲ။ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့လမ်းအတွက် ကိုယ့်ဘက်က နာကျင်မှုတွေကို ဥပေက္ခာပြုခဲ့ရတာ ကိုယ်နဲ့ အနီးစပ်ဆုံး နေဖူးတဲ့သူတွေ နားလည်ကြပါတယ်။ ခေတ္တခဏရယ်လို့ ခွဲခွါခဲ့ရတာတွေဟာ တစ်သက်တာ ထာဝရလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်လို့ ကိုယ် သဘောပေါက်ထားပြီးသားပါ။ ဒီနေရာမှာ အဆုံးသတ်လိုက်ရသည်ဖြစ်စေ၊ရှေ့ဆက်ပြီး ခရီးများအဆုံးထိလျှောက်ရသည်ဖြစ်စေ၊ ကိုယ့်ရဲ့ ရပ်တည်ရှင်သန်မှုကတော့ ဆရာဝန်တစ်ယောက် အဖြစ်နဲ့သာပါပဲ။ နံမည်ကို ဘယ်သူမှ မမှတ်မိတော့ချင်လည်း နေပါစေ။ အမည်မဖော်လိုသူ လှထုံတစ်ယောက် ဤနေရာတွင် ဆေးကုခဲ့သည် ဆိုရင် တော်ပါပြီ။
(ဒီနံမည်ကြီးကို ဆရာမင်းလူတောင် ကိုယ့်လောက် ခဏခဏ သုံးခဲ့ရဲ့လား မသိပါဘူး။ လူချင်းတွေ့ပြီး ခွင့်မတောင်းခဲ့ရတာ ခွင့်လွှတ်ပါ ဆရာရယ်။ နောက်ဘဝကျတော့ ဆရာနဲ့ ဆုံချင်ခင်ချင်ပါသေးတယ်။)