မိုးတွင်းကာလအတွင်း လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားလို့ ဆေးရုံမှာ လူနာကျဲသွားလိမ့်မယ် ထင်ခဲ့တာ တက်တက်စင်အောင် လွဲပါတယ်။ ဒီလမှာ ဆေးရုံကို OPD လာပြတဲ့လူနာ ၈၈၀ကျော်နဲ့ စံချိန်ချိုးသွားတာ။ ငှက်ဖျားလူနာကချည့် ၁၄၀ ကျော်နဲ့ဆိုတော့ စံချိန်မကျိုးပဲနေမလား။ ကျောင်းတောင် ခနပိတ်ထားရတဲ့ ဥစ္စာ။ ဒါပေမယ့်လည်း အသေအပျောက်က တစ်ယောက်ပဲ ရှိတာ ကိုယ်တို့အများကြီး လုပ်ပေးနိုင်တာ သိသာပါတယ်။ အဲ့ဒီကလေးတောင် ငှက်ဖျားချည့်သက်သက်ဆို သေချင်မှသေမယ်။ သူ့ရောဂါအခံကြောင့် ၅ ရက်လောက် သတိလစ်နေတဲ့အချိန်မှာ နမိုးနီးယား ဝင်ပြီး သေတာ။ ဒါဆိုရင် ဆေးတွေ အကုန်မြန်တာ၊ အောက်ဆီဂျင်တွေ အလျဉ်မမီအောင် ပြတ်တောက်သွားတာ လက်ခံနိုင်လောက်တဲ့ အကြောင်းတရား လို့ ပြောရမှာပေါ့။ အခက်အခဲတွေ ဘယ်လောက်များများ နိုင်နိုင်နင်းနင်း ကျော်ဖြတ်လာခဲ့တယ်။ မှာထားတာတွေ ပို့လိုက်တာတွေကလည်း လာနေပါပြီ။ ရောက်တော့မှာပါ။ မနက်ဖြန် မဟုတ် သဘက်ခါပေါ့။
ဆေးရုံကအဖွဲ့တွေထဲမှာ တဝက်လောက်က ငှက်ဖျားကူးတယ်။ ကံကောင်းထောက်မစွာ ကိုယ်တော့ အကူးမခံရဘူး။ ငယ်တော့တဲ့အရွယ် မဟုတ်ပေမယ့် တောထဲမှာ ကိုဗစ်ကိုလည်း နှစ်ကြိမ် ဖြတ်သန်းခဲ့ပြီးပြီ။ ငှက်ဖျားနဲ့လည်း နှစ်ကြိမ်ရင်ဆိုင်ပြီးပြီ။ ကျန်းမာရေးကောင်းတယ် လို့ ပြောရမှာပဲ။ ရုန်းကန်နေရတော့ သန်စွမ်းတာပေါ့လေ။ သူများကျန်းမာရေး ဂရုစိုက်စောင့်ရှောက်ပေးနေရလို့ ကိုယ့်ကျန်းမာရေးလည်း အလိုလို ကြံ့ခိုင်လာတာနေမယ်။
သို့သော်လည်း အခုရက်ပိုင်းအတွင်းမှာ ဆေးရုံရဲ့ စီမံခန့်ခွဲမှု အလုပ်တွေကြောင့် စိတ်တွေ အရမ်းပင်ပန်းရပါတယ်။ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်။ ကိုယ့်စိတ်ကမြန်လွန်းပြီး သူများတွေက နှေးလွန်းနေတာ အဆင်မပြေဘူး။ အောက်ဆီဂျင်တွေ ခုထိရောက်မလာသေးလို့ GA ပေးရမယ့် ခွဲလူနာတွေ စောင့်ခိုင်းထားရတာ ရက်ကြာနေပြီ။ ရွာထဲက ပန်းနာသည် အမေကြီးတစ်ယောက်ကိုလည်း SpO2 90 ကျော်ကျော်လေးနဲ့ ထိုင်ကြည့်နေရတယ်။ အမြန်ဆုံးဖြစ်မယ်ထင်လို့ စီစဉ်လိုက်တဲ့ကိစ္စတိုင်းဟာ အဆင်မပြေမှုများစွာနဲ့ အကြာဆုံး ဖြစ်နေတယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ tranquilizer လေးနဲ့ sedate လုပ်ထားရမယ့်ပုံပေါ်တယ်။ လည်ပင်းဆိပ်များတက်နေသလား မပြောတတ်ပါဘူး။
ခွဲလူနာတွေကတော့ အကုန် အဆင်ပြေပါတယ်။ အခုနောက်ပိုင်း ကိုယ်တိုင်ခွဲဖို့ထက် အငယ်တွေကို သင်ပေးပြီး supervised assist လုပ်ပေးဖို့ပဲ ကြိုးစားတော့တယ်။ လာခဲ့။ သင်ပေးမယ်။ တတ်သွားရင် ကိုယ့်နေရာမှာ ကိုယ်ပြန်လုပ်ကြ။ လိုအပ်တာ ကူညီပေးမယ်။ ဆေးတပ်သားတွေကိုလည်း ဒီလိုပဲ လက်တွေ့သင်ပေးတယ်။ ဆေးထိုး သွေးဖောက်၊ လူနာစမ်း၊ ဆေးပေး၊ ကလေးမွေး။ ဆေးရုံမှာ လူ ၂၀ ကျော် နေ့နေ့ညည အလုပ်လုပ်နေကြတယ်လေ။ ကိုယ်ကတော့ ရွာကလူတွေကို တစ်အိမ်တစ်ယောက် အိမ်ပေါက်စေ့ ဆေးရုံလာတက်ဖူးအောင် ခေါ်ချင်တာပါပဲ။ အဲ့ဒါမှ ကိုယ်တို့တတွေ ဘယ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်လို့ ဘာတွေလိုအပ်နေတယ် ဆိုတာ သိသွားမှာ။ မရှိလို့ မပြည့်စုံလို့ မဟုတ်ပါဘူး။ လွယ်ကူသာယာမနေဘူးလို့ သိစေချင်ရုံကလေး။
မလွယ်ပါဘူး။ ခက်ခဲပါတယ်။ ပင်ပန်းပါတယ်။ ရင်ထဲမှာ နာကြင်ရတဲ့အခါတွေလည်း ရှိပါတယ်။ အရှုံးမပေးပဲ ရုန်းကန်နေရင်းကနေ ခြေကုန်လက်ပန်းကျလာရင် အမှတ်မဲ့နဲ့ တ လိုက်မိတာတစ်ခုကို ကိုယ့်ဘာသာ သတိထားမိလာတယ်။ “အမေ” လို့။ ခလုပ်ထိမှ အမိတ သတဲ့။ ဒီအသက် ဒီအရွယ်ကြီးအထိ ကိုယ့်မှာ တ စရာ အမေတစ်ယောက် သက်ရှိထင်ရှား ရှိနေပေးတာ သိပ်ကျေနပ်မိတယ်။ သူ့ကို တ လိုက်ရုံနဲ့ ကိုယ့်စိတ်ထဲမှာ လုံခြုံနွေးထွေးသွားသလို ခံစားရတယ်။ ငယ်ငယ်ကတည်းက ကိုယ့်အပေါ် ပြုစုစောင့်ရှောက်ခဲ့တာတွေ ပြန်တွေးမိရင် နာကြင်မှုတွေ ပြေပျောက်တယ်။ သူကိုယ်တိုင် ကိုယ်တို့မောင်နှမတွေအတွက် မရပ်မနား ရုန်းကန်ခဲ့တာတွေကို သဘောပေါက်လာတဲ့အခါ ကိုယ့်မှာလည်း ခွန်အားတွေ ရလာတယ်။ အမေ က ခုအရွယ်ထိ ကိုယ့်ကို ထမင်းလည်း ချက်ပြုတ်ခူးခပ်ကျွေးတယ်။ အိပ်ယာခြင်ထောင်လည်း ပြင်ဆင်သိမ်းဆည်းပေးတယ်။ နေမကောင်းရင်တော့ ကိုယ့်ခေါ်ပြီး ဆေးထိုးပေးခိုင်းတယ်။ ဒါကြောင့်မို့လည်း ကိုယ့်မှာ မသိစိတ်ကနေ အမေ ကို တ တ နေမိတာနေမယ်။
ဒါပေမယ့် ကိုယ်ဟာ ဒီအသက် ဒီအရွယ် ရောက်တာတောင် ဒီအမေကို စိုးရိမ်ပူပန် ထိတ်လန့်အောင် လုပ်နေမိတဲ့သူပါလေ။ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းတယ် သတ်တယ် ဆိုတဲ့ စစ်သားတွေကြောင့် သူလည်း ဘယ်မှာ အအိပ်အစား ဖြောင့်ပါ့မလဲ။ လူထုဦးလှတို့၊ လူထုဒေါ်အမာတို့၊ ဆရာညီပုလေးတို့တောင်မှပဲ ဓါးတောင်သံချောင်းဆီက စာလှမ်းရေးလို့ သားမိသားဖတတွေ ထောင်ထဲဝင်ကြရသေးတယ် မဟုတ်လား။ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ အဖေတွေအမေတွေကို သူတို့ ဘယ်လိုလုပ်ပစ်သလဲ။ လီလီနိုင်ကျော် သေတော့ ဘာမဆိုင်ညာမဆိုင် “ပန်ဆယ်လိုရဲ့ အမျိုးတွေရှာပြီး အကုန်သတ်ပစ်။” လို့ စစ်ခွေးလော်ဘီတွေ အော်ခဲ့ကြတယ် မဟုတ်လား။ ဒီနိုင်ငံမှာ မတရားမှုတွေ အဓမ္မမှုတွေဟာ ဟိုးအရင်ကတည်းက ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ နောင်ကို အမြဲပဲ ရှိနေမှာစိုးလို့ ဒီလမ်းကိုလျှောက်ခဲ့တာ။
ကိုယ်တို့တတွေဟာ ရေဆုံးရေဖျားထိ မလိုက်ပဲ ပြည်ဖုံးကားချချပစ်တတ်လို့ ငရဲခွေးကြီးတွေက ကြီးသထက်ကြီးလာသလား မပြောတတ်ဘူး။ ၁၉ ဇူလိုင် ကိစ္စမှာ ဂဠုန်ဦးစော နဲ့ ရပ်ထားတယ်။ နောက်ကွယ်က လက်နက်တွေ ထုတ်ပေးတဲ့သူကို ဆက်မလိုက်ဘူး။ ICS ဦးတင်ထွဋ် လည်းရောက်ရော တရားခံတောင် လိုက်မရှာတော့ဘူး။ ၆၂ နောက်ပိုင်း ဖမ်းသမျှသတ်သမျှဟာ ရဲအရေးမပိုင်တော့ဘူး။ ရှေ့ဆောင်နွားကြီး ကောက်ကောက်ကွေ့ကွေ့ ဆွဲသွားတော့ နောက်နွားတွေ အကုန် ဒရွတ်တိုက်ပါလာတာပေါ့။ တပ်တွင်းမှာ ဖြစ်ခဲ့သမျှ ဖြုတ်ထုတ်သတ်တွေအားလုံး ဘယ်ဟာမှ တရားဥပဒေနဲ့အညီ မဟုတ်ဘူး။ တရားဥပဒေကသာ သူတို့လုပ်သမျှနဲ့ ညီအောင် လိုက်ဖြတ်ပေးရတာ။ နောက်ဆုံးမှာ မျက်နှာဖုံးကွာကျပြီး တနိုင်ငံလုံးကို တရားဥပဒေမဲ့ သတ်ဖြတ် လုယက် မီးရှို့၊ မုဒိန်းကျင့်နေသော လက်နက်ကိုင်အဖွဲ့အစည်းကြီးပါလား လို့ တကမ္ဘာလုံးက သိသွားတယ်။ လူတွေက မေ့တတ်လွန်းလို့ အမှုတွေ ပြန်တွဲပေးထားတာနော်။ မယုံရင် ကာယကံရှင်တွေ မေးကြည့်။ တစ်ခုမှ မဟုတ်တာ မပါဘူး။
ကိုယ်က ဆရာဝန်ဖြစ်လို့ လူနာတွေကို ဆေးကုပေးသလိုပါပဲ။ ကိုယ့်တိုင်းပြည်ကြီး ချွတ်ခြုံကျပြီး နာမကျန်းဖြစ်စေတဲ့ အကြောင်းရင်းကိုလည်း သိအောင်ရှာတယ်။ မြင်အောင်ပြတယ်။ ရောဂါဖြစ်စေတဲ့ သွေးပုပ် ပြည်ပုပ် လောက်ကောင်တွေကိုလည်း ကုန်အောင်စင်အောင် ဖောက်ထုတ်သန့်စင်ပစ်ချင်ပါတယ်။ ဒီအလုပ်လုပ်တာ ကိုယ့်အတွက် အန္တရာယ်များမှန်း သိပေမယ့် ဒီအလုပ်ကို လုပ်မယ့်သူ မရှိလို့ တိုင်းပြည်က အဆိပ်တက်နေတာကို ဒီအတိုင်းမှ ကြည့်မနေနိုင်တာ။
ဒီစာတွေ ရေးတဲ့အခါ နှစ်သက်တဲ့သူ အားပေးတဲ့သူ အများကြီး ရှိပေမယ့်လည်း ကိုယ့်အမေကတော့ အမြဲတားပါတယ်။ မရေးစေချင်ပါဘူး။ ကိုယ့်ညီကလေး ထောင်ထဲမှာရောက်နေတဲ့အခါ ကိုယ်ပါ ထောင်ထဲကိုရောက်သွားမှာ သူ အရမ်းပူတယ်။ သားနှစ်ယောက် ဆရာဝန်ဖြစ်လာအောင် သူ မနည်း ပျိုးထောင်ထားရတာ နှစ်ယောက်လုံး ထောင်ထဲရောက်သွားရင် သူ ခံနိုင်ရည် မရှိဘူး တဲ့။ ဒါနဲ့ပဲ ကိုယ်လည်း ထောင်ထဲမရောက်အောင် နေတယ်လေ။ တောထဲမှာ မသေအောင်လည်း နေနေတယ်လေ။ ကိုယ့်အတွက်တော့ ပူစရာ မရှိဘူး။ ကိုယ်ကသာ သူ့အတွက် စိတ်ပူနေရတာ။
ကိုယ့်အသက်ကိုယ့်အရွယ်နဲ့တောင် “မွေးမေလေ့” လို့ တ နေရရင် ဆယ်ကျော်သက်သာသာမှာ ပင်ပန်းဆင်းရဲစွာ တိုက်ပွဲဝင်နေရတဲ့ ကလေးတွေကို တွေးကြည့်ပါလေ။ မိသားစုကို ငဲ့ရလို့ စစ်အစိုးရကို မဆန့်ကျင်ရဲဘူး ဆိုတဲ့လူတွေလိုပဲ ကိုယ့်မှာလည်း မိသားစု ရှိပါတယ်။ အဲ့ဒီကလေးတွေမှာလည်း မိသားစု ရှိပါတယ်။ မိဘရင်ခွင်မှာ ပညာသင်နေဆဲ အရွယ်ကလေးတွေပါ။ ကိုယ့်အိမ်မှာ သူတို့နဲ့ သက်တူရွယ်တူလေးတွေရှိရင် စာနာကြည့်။ တချို့လူတွေရဲ့ စိတ်နေစိတ်ထားက သိပ်အသည်းနာစရာကောင်းတယ်။ သူတို့သားသမီးတွေ နိုင်ငံခြားက တက္ကသိုလ်တွေမှာ ဘွဲ့ယူတဲ့ပုံတွေတင်ပြီး ပြုံးပျော်ပြတယ်။ အမေရိကား၊ ယူရုတ်၊ ထိုင်း နဲ့ စင်္ကာပူမှာ ပြဲပြဲစင်အောင် လည်ပတ်ပြတယ်။ ကမ်းခြေမှာ သာယာလို့။ “ငါတို့မှာလည်း stress တွေနဲ့ပဲလေ။ မပျော်ရတော့ဘူးလား။ မနာလိုဘူးလား။ J ဝင်တာလား။” လို့ သူတို့ကတောင် စိတ်ဆိုးမာန်ဆိုး caption တွေ ထိုးကြတယ်။ မနာလို မရှိပါဘူး။ စွမြင်ကပ်တာ စိတ်နာတာပဲ ရှိတယ်။ နောင်တနေ့ကျ အဲ့ဒီလူတွေကပဲ နေရာတော်လေးခင်းပြီး ရေပေါ်ဆီ လုပ်ကြဦးမှာ။ ဖအေသေရင်တောင် ၇ ရက်ထက်ပိုပြီး မျက်နှာပိုးသပ်မရတဲ့သူတွေက ၂ နှစ်ကျော်လို့ ၃ နှစ်ထဲ ဝင်တဲ့အထိ ပွဲလမ်းသဘင် အပျော်အပါး မသွားပဲနေလို့ရှိရင် positive vibes တွေ ပျောက်ကုန်မှာစိုးလို့ relax လုပ်ရပါတယ် ဆိုရင်လည်း တိုးတိုးတိတ်တိတ်လုပ်ရောပေါ့။
ကမ္ဘာကြီးက ၂ ခြမ်းရှိတယ်လေ။ အနေအစားမပျက် သူ့ဘာသူ သာသာယာယာ ရှိနေတဲ့အခြမ်းဘက်ကို ဘာဖြစ်လို့ အပူမီး ကူးစေချင်ရတာတုန်း။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် စစ်မီးတောက်တဲ့ ကမ္ဘာထဲကို ပြေးဝင်ခဲ့ပြီးမှ ဒီဘက်ကလူတွေ သာယာနေတာမြင်ပြီး နောင်တရနေတာလား။ ထွီ။ ရွံစရာကောင်းလိုက်တာ။ အဲ့ဒီဘက်က ပျော်ပါးမော်ကြွားနေသမျှကို ဒီဘက်ကလူတွေ အားလုံးက ချေးကျရာ ပျော်တဲ့လောက် လို့ပဲ သဘောထားပါတယ်။ ဖြစ်နိုင်ရင် ပျော်နိုင်ရင် အဲ့ဒီချေးတွင်းထဲမှာပဲ တသက်လုံးနေရစ်ကြ။ သာမှ ဒီဘက်ကို ကူးမလာနဲ့။ ချေးစော်နံတယ်။
သူတို့အကြောင်းများ အရေးအရာလုပ်ပြီး စာထဲတောင် ထည့်ရေးချင်တာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ရှေ့တန်းစစ်မျက်နှာမှာ နာကြင်ပင်ပန်းရလို့ အဖေအမေ တ နေမိတဲ့ ကလေးတွေ အိမ်မပြန်ရတာ ကြာပြီလေ။ အရေးမပါတဲ့ ပေါ်ပင်တွေနောက်ကို လိုက်ခွီရင်း သူတို့လေးတွေရဲ့ ဖြစ်တည်မှု၊ ရပ်တည်မှု၊ ရုန်းကန်မှုတွေကို မေ့လျော့သွားမှာစိုးလို့၊ သွေးအေးသွားမှာစိုးလို့ သံပတ်ပြန်တင်းပေးတာပါ။ ပစ်မထားပါနဲ့။ ဖေးကူကြပါဦး။ အားပေးကြပါဦး။ ဝန်းရံကြပါဦး။ ပြောမယ့်သာပြောတာပါ။ ကိုယ်တို့ကတော့ မည်သူမဆို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်းကိုယ် အဆုံးထိ ဆက်လျှောက်ဖို့ စိတ်ဓါတ်ခိုင်မာပြီးသားပါ။ တခါတလေတော့လည်း အတွေးအိပ်မက်ထဲမှာ နေ့ခင်းအိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်ကြတာပေါ့။ ဒီလောက်ပါပဲ။