ချန်ဂင်တို့စခန်း (၁၈၅)

ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ရတဲ့စာတွေထဲမှာ ကိုယ်အညံ့ဆုံးကတော့ ပထဝီ ပါ။ ဘယ်ကိုမှ မရောက်ဖူးပဲ အရပ်ဒေသတွေအကြောင်းကို စာအုပ်ထဲပါတဲ့အတိုင်း အလွတ်ကျက်ရတာကိုး။ ကိုယ်တို့ ကြီးပြင်းခဲ့ရတဲ့ ပညာရေးကလည်း စာစီစာကုံးတောင် အလွတ်ကျက် ခိုင်းတဲ့အထိ အဖြစ်ဆိုးတယ်လေ။ ဒါပေမယ့်လည်း ကျက်ခဲ့ပါတယ်။ ဘယ်လောက်တောင် ကျက်ခဲ့သလဲ ဆို နမ္မတီး ရောက်တော့ သကြားစက် ကို လိုက်ရှာမိတယ်။ ဆားမှော် ဆိုတာကော ဘယ်နားလဲ လိုက်မေးတယ်။ နမ္မတီး နဲ့ ဆားမှော်မှာ သကြားစက် ရှိတယ်။ ဝိုင်းမော်မြို့နယ်မှာ ဝါရှောင်ဆည်ရှိတယ်။ စာအုပ်ထဲမှာသင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ။ အပြင်မှာ အဲ့ဒါကြီးတွေ အလုပ်မလုပ်တော့တာဖြင့် ကြာလှပြီ။ ကိုယ်တို့ဖြေတဲ့ စာမေးပွဲမှာတော့ အဲ့ဒါမပါရင် အမှတ်မရဘူး။ ကျက်ဆိုကျက်လိုက်။ စာကကျက်ရတာ မခက်ပါဘူး။ မြေပုံပဲ မဆွဲတတ်တာ။ ပထဝီဖြေရင် မြေပုံပါရတယ်။ ဒါပေသိ ဘယ်ပထဝီဆရာကမှ မြေပုံဆွဲနည်း သင်မပေးဘူး။ စာပဲသင်ပေးတာ။ ပုံ ကိုယ့်ဘာသာဆွဲတဲ့။ မုန်းဖို့ကောင်းလိုက်တာ။ ဆယ်တန်းအောင်တာနဲ့ ပထဝီ ဆို တာ့တာပဲ။

ဆရာဝန်ဖြစ်လို့ ဘွဲ့လွန်အောင်ပြီးမှပဲ တသက်လုံးပစ်ထားခဲ့တဲ့ ပထဝီမြေပုံကြီးတွေ ကောက်လှန်ရတယ်ဗျ။ ထရန်စဖာအော်ဒါမှာ လောက်ကိုင် လို့ ပါတယ်လေ။ အဲ့ဒီလောက်ကိုင် ဘယ်နားရှိမှန်းမသိဘူး။ ဘယ်လိုသွားရမှန်း မသိဘူး။ ဒါကြောင့်မို့ မြေပုံထဲမှာ လိုက်ရှာရတယ်။ ဆယ်တန်းထိ ကိုယ်သင်ဖူးတဲ့ ပထဝီထဲမတော့ လောက်ကိုင် ဆိုတာ မပါဘူး။ သူ့ဆီမှာ ဘာစက်ရုံမှ မရှိဘူး။ အေးလေ ဖတ်စာအုပ်ထဲမှာ ဘိန်းချက်စက်ရုံ ရှိပါတယ်လို့မှ သင်လို့မရတာ။ သူ့အနားမှာ ကိုယ်သင်ဖူးတဲ့ geographical landmark က ကွမ်လုံကြိုးတံတားပဲ ရှိတယ်။ လောက်ကိုင်ကို လူကိုယ်တိုင်ရောက်တော့မှ ဒေသန္တရပထဝီဝင်တွေမဖြစ်မနေ လေ့လာရတော့တာပဲ။ နို့မို့ အိမ်မပြန်တတ်ပဲနေရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံတော် နဲ့ ဝန်ကြီးဌာနရဲ့ ကျေးဇူးကြောင့် ကိုယ့်မှာ ပထဝီမြေပုံတွေနဲ့ အကျွမ်းတဝင် ရှိလာလိုက်တာ၊ လောက်ကိုင်မှသည် ဘူတန်၊ အမ်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ပြဲပြဲကို စင်ကရော။ အခုတော့ မအလကြီးစနက်ကြောင့် ကချင်ပြည်နယ်ရဲ့ သဘာဝပထဝီဝင်တွေကို လက်တွေ့လေ့လာနေရပြန်ပြီလေ။ ပထဝီ တေဆေး အေဘေး ရေဝေး။ ဓါတ်ကြီးလေးပါး စုံရင် အဲ့ဒီအေဘေးကြီးကို ဖုတ်ကျည်းသင်္ဂြိုလ်လို့ ရပြီ။

ကချင်ပြည်နယ်ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာ ရှိပြီး ကမ္ဘာ့မြေပုံမှာဆိုရင် ကိုယ်ရောက်ခဲ့ဖူးတဲ့ ဘူတန်တိုင်းပြည်နဲ့ လတ္တီတွဒ် တတန်းတည်းနေလို့ သမပိုင်း ရာသီဥတုမျိုး ရှိမယ် လို့ ထင်ခဲ့တယ်။ သို့သော် မြန်မာ့ရေမြေသဘာဝ အနေအထားအရ ဘင်္ဂလားအော်ထဲကဝင်သမျှ မုတ်သုန်မိုးတိမ်တွေကို ကချင်တောင်တန်းတွေပေါ်တက်ပြီး ကုန်အောင်ရွာခိုင်းတာမို့ မုန်သုန်ရာသီဥတုပဲ ရှိပါတယ်။ ဘူတန်နဲ့ မတူပါဘူး။ သူ့အထက် မြောက်ဘက်ကို တက်ရင် တိဘက်ကုန်းမြေမြင့်ပဲ ရှိတယ်။ အဲ့ဒီမှာ မိုးမရွာဘူး။ အေး၍ခြောက်သွေ့သောရာသီဥတု ရှိတယ်။ ဆောင်းတွင်းရောက်ရင် မြောက်လေလာတာ အဲ့ဒီဘက်က။ အဲ့ဒီတော့ ကချင်ပြည်နယ်ဆိုတာ မြန်မာပြည်ထဲကို ဝင်လာသမျှ မုတ်သုန်တိမ်တိုက်တွေကို သူ့ဆီမှာ ငွေ့ရည်ဖွဲ့ပြီး မိုးရေအဖြစ်နဲ့စုဆောင်းကာ ဧရာဝတီ နဲ့ ချင်းတွင်းအဖြစ်နဲ့ ပြန်လည်စီးဆင်းလာစေဖို့ အဓိကကျတဲ့ ရေဝေရေလဲ တောင်တန်းကြီးတွေ ရှိတဲ့ အရပ်ပါပဲ။ ရာဇဝင်များရဲ့သတို့သမီးဟာ ကချင်မလေးဘဝက လာပါတယ်။ ကချင်ကို ဖဲ့ထုတ်လိုက်ရင် ဗမာပြည်ကြီး ခမ်းခြောက်သွားပါလိမ့်မယ်။ မြစ်ဆုံမှာ ဆည်ဆောက်လိုက်ရင် ဘာတွေဖြစ်ကုန်မလဲ ဆိုတဲ့ အကျိုးဆက်ကိုတောင် တွေးမကြည့်တတ်ဘူး မဟုတ်လား။

ရှင်ဘုရင် လုပ်တဲ့သူတွေက ဘုရားနဲ့ ဆွေမျိုးစပ်ချင်လို့ သူတို့ကိုယ်သူတို့ တကောင်း အဘိရာဇာ သကျသာကီဝင် မင်းမျိုးက လာပါတယ် လို့ မဇ္ဈိမသွေးနှောပြပေမယ့်လည်း မနုဿဗေဒပညာရှင်တွေကတော့ ကိုယ်တို့လူမျိုးဟာ တိဘက်မြန်မာ အနွယ်ဝင်ပါ လို့ ဆိုကြတယ်။ တိဘက်ကုန်းမြေမြင့်ကနေ ကချင်တောင်တန်းတွေက ဖြတ်ကျော်ဝင်ရောက်လာပြီး ဧရာဝတီ-ချင်းတွင်း မြစ်ဝှမ်းလွင်ပြင်မှာ အခြေချတဲ့သူတွေ။ ဒီလိုသာဆိုရင် ကချင် နဲ့ မြန်မာဟာ နီပေါနယ်စပ် ဘီဟားနယ်ကလူတွေထက် ပိုပြီးတော့ သွေးနီးလိမ့်မယ် ထင်ပါတယ်။ အိမ်း မဆလပညာရေးနဲ့ ကြီးပြင်းလာတဲ့စရိုက်ကလည်း ဖျောက်ဖျက်မရပါဘူးလေ။ အခုပဲကြည့် ကချင်တွေကို အကိုကြီးရဲ့ ညီလေးရဲ့ လုပ်ချင်တာနဲ့ပဲ ကိုယ့်ပညာရပ်နယ်ပယ်မဟုတ်တဲ့ ကြားဖူးနားဝတွေကို မှီငြမ်းကိုးကားနေတယ်။ ရှင်းရှင်း ပြောစမ်းပါ။ ဘာလိုချင်တာလဲ။ ခွဲထွက်မသွားဖို့ ပြောချင်တာလား။ ခွဲသွားတယ် မသွားတယ်ဆိုတာ အတူနေတုန်းက ဘယ်လိုနေခဲ့သလဲဆိုတဲ့အပေါ်ပဲ မူတည်တယ်။ ဆွေမျိုးတော်ရုံကလေးနဲ့ လေပြေလာထိုးလို့ ဘယ်ရမှာလဲ။

တိုင်းရင်းသား ညီအကို မောင်နှမတွေမို့ မြန်မာပြည်ကြီးကို အမွေဆိုင်အိမ်လို အတူတူပိုင်ဆိုင်ကြတယ် လို့ ဆိုရင် ကချင်တွေဘက်က သာတယ် နာတယ် မစဉ်းစားဘူး လို့ ထင်သလား ဟင်။ သူတို့ပြည်နယ်က ကျောက်စိမ်းတွေထွက်တယ်။ မြန်မာဘုရင်တွေပိုင်တဲ့ ရေနံတွင်းတွေသာ ခန်းသွားတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းတွင်းတွေ ခုထက်ထိ တူးလို့ မကုန်သေးဘူး။ သူ့ပြည်နယ်က ရွှေတွေလည်း ထွက်တယ်လေ။ စစ်တပ်ကအာဏာသိမ်းပြီးမှ အင်းတော်ကြီးအစပ်မှာ ရွှေဝင်တူးတဲ့ပေါ်လိန်ကြီးတောင် နောက်မိန်းမယူဖို့ ရွှေဘယ်လောက်တင်တောင်းသလဲ မြင်တယ်နော်။ သူ့လို အသံမထွက်ပဲ ၁၀ နှစ်၊ အနှစ် ၂၀ ရွှေတူးနေတဲ့ ဇဋိလ သူဌေးကြီးတွေ အများကြီး။ ဦးတေဇကြီး သက်စွန့်ဆံဖျား ဝင်ရှာတာကရော ရေခဲတောင်ပေါ်မှာ ရေခဲခြစ်စားချင်လို့ မှတ်နေတာလား။ ကချင်ပြည်နယ်မှာ မြေရှားသတ္တုလည်း ထွက်တယ်ဗျ။ သယံဇာတဆိုတာ မသိသူကျော်သွား သိသူဖော်စားပဲ။ ဒါတောင် မိုးကုတ်၊ ကျပ်ပြင် ကို မန္တလေးတိုင်းထဲထည့်ပြီး ကောက်စားသွားလို့။ နို့မို့ဆို ပတ္တမြား နဲ့ နီလာ လည်း ကချင်က ထွက်တယ်။ အခုတော့ နီလာတင်မက သီတာတို့ ကြည်ပြာတို့ပါ ထွက်ကုန်ပြီလေ။ ဗမာနံမည်ပြောင်းပြီး အောက်ဘက်ဆင်းကြတာ။

ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်းတွေကို ကချင်တွေကပဲ တူးယူတယ် လို့ ထားလိုက်ပါ။ သို့သော် အကျိုးအမြတ်က ကချင်တွေရတာ သေချာသလား။ ရောင်းတာတော့ ကြိုက်ဈေးရလို့ ရောင်းခဲ့တာချည့်ပဲလေ။ ချမ်းသာတော့ ကိုယ်မဟုတ်ဘူး။ သူများဖြစ်နေတာ။ L ကွန်ဖန်ကြီး တိုင်းမှူးဖြစ်တုန်းက ပြောပလောက်အောင် မချမ်းသာပေမယ့်လည်း နဝတလက်ထက် ကချင်ပြည်နယ်မှာ တိုင်းမှူးဖြစ်ရင် တွင်း ၁ တွေ တွင်း ၂ တွေကို ပလစ်ထားကြလို့ အတွင်းကြိတ် အာဏာသိမ်းပြီး ဖြုတ်ထုတ်သတ် လုပ်ခဲ့ကြတာလေ။ ဖြုတ်တဲ့သူတွေတောင် ပြန်ပြုတ်သွားတာ ကြာပေါ့။ သို့သော် အပြုတ်ချင်းသာတူတယ်။ အထုပ်ချင်းက မတူဘူး။ ရွှေတွင်းသူဌေး သိန်းသုံးသောင်းလောက် အမ်းတာများ ကချင်ပြုတ်တွေက ရယ်တောင်ရယ်ချင်သေး။ ဒါကြီးတွေရေးရတာ ခက်ဇော်လိုလို၊ မင်းဒင်လိုလိုနဲ့။ မဟုတ်သေးပါဘူး။ ပုဂ္ဂိုလ်ရေးတွေ မပါပဲ စကားပြောကြတာပေါ့။

ဖားကန့်ကို သွားလည်တုန်းက အသိမိတ်ဆွေတွေက မှာတယ်။ ကျောက်ဝိုင်းကို သွားလည်ချင်သလား။ လည်ချင်လည်၊ ဝယ်တော့ မဝယ်ခဲ့နဲ့။ အမှတ်တရတောင် မဝယ်ခဲ့နဲ့။ သယ်လို့ရမှာ မဟုတ်ဘူး။ ဖမ်းလိမ့်မယ်။ အဲ့ဒါတွေက သူ့လမ်းကြောင်းနဲ့သူ သွားရတာ တဲ့။ ရေမဆေးကျောက် ကောက်တဲ့သူတွေလည်း ဘယ်လိုပင် သက်စွန့်ဆံဖျား ကောက်ရစေကာမူ ရောင်းတဲ့အခါ သူ့လူနဲ့သူ သူ့လမ်းကြောင်းနဲ့သူပဲ ရောင်းလို့ရတယ်။ ဖြတ်ပေးတဲ့ ဈေးပဲ ကျေနပ်ရတယ်။ ကိုယ့်ဘာသာသယ် ကိုယ့်ဘာသာရောင်း၊ ရောင်းချင်လို့ မရဘူး။ လမ်းချော်ရင် ဖမ်းခေါ်သွားမှာ။ အသက်တောင် ပြန်မရ။ ကျင်းသား က ကျင်းသားအကန့်၊ ကယ်ရီ က ကယ်ရီ အကန့်၊ ရာဖြတ်က ရာဖြတ်အကန့်၊ ကုန်သည်က ကုန်သည်အကန့်။ သူ့အကန့်နဲ့သူ နေရတယ်။

ကျားကြီးတော့ ခြေရာကြီးသတဲ့။ ဖားကန့်က ကျောက်တွေ ဘယ်လမ်းကြောင်းအတိုင်း ဘယ်ကိုသယ်သလဲ။ ခြေရာခံစရာ မလိုဘူး။ အကောင်လိုက် မြင်နေရတယ်။ မူဆယ် ကို သွား။ မူဆယ်ကနေ ကြယ်ဂေါင်ကို ကူးလိုက်။ ပလက်ဖောင်း ၂ ခုလောက် လျှောက်မိရင် စကော့ဈေး၊ လေဟာပြင်၊ Junction Center လောက် ရှိတဲ့ ဈေးရုံကြီးတွေ၊ shopping mall ကြီးတွေ မြင်ရလိမ့်မယ်။ ကျောက်စိမ်းချည့်ပဲ ရောင်းနေတာ။ ကျောက်စိမ်းမှတပါး တခြား ဘာမှ မရောင်းဘူး။ မူဆယ်ကလည်း ကျောက်စိမ်းမထွက်၊ ယူနန်ကလည်း ကျောက်စိမ်းမထွက်ပေမယ့် ကျောက်စိမ်းကမ္ဘာကြီးက အဲ့ဒီနေရာမှာ ရှိတယ်။ ကျောက်စိမ်းဆိုတာ မြန်မာပြည်နယ်စပ်ကို ဖြတ်သွားပြီးမှ ကျောက်စိမ်းဖြစ်တာ။ ဒီကထွက်တုန်းက ကျောက်စိမ်း မဟုတ်ဘူး။ ကျောက်ခဲ။ ကျောက်ခဲက ကျောက်ခဲဈေးပဲရမယ်။ ကျောက်စိမ်းဖြစ်မှ ကျောက်စိမ်းဈေးရမယ်။ ရှင်းရှင်းလေးပဲ။ တကယ့်ရတနာတန်းဝင်သွားတဲ့ ကျောက်စိမ်းအစစ်တွေဆို အဲ့ဒီမှာတောင် မနေဘူး။ ဟောင်ကောင်၊ ယူရုတ် တခါတည်းထုတ်သွားတာ။ အဲ့ဒီက ကျောက်စိမ်းတွေက မြန်မာပြည်ထဲကို ပြန်ဂျင်းထည့်မလို့ လက်လက်ထနေအောင် အရောင်တင်ထားတာ။ ပန်းပုလက်ရာ ပန်းတိမ်လက်ရာကတော့ အံ့မခန်းပဲ။ ဒါလည်း မြန်မာပြည်က အလုပ်သမားတွေပဲ လုပ်ထားတာ။ အဲ့ဒီနယ်စပ်မှာတင်။

လူတိုင်းကတော့ ကိုယ်ခေါ်ရာ ကြိုက်ဈေးရလို့ ရောင်းကြတာချည့်ပါ။ ဘယ်သူကမှ အနစ်နာခံပြီး တန်ရာတန်ကြေးထက် လျှော့မယူကြပါဘူး။ သို့သော်လည်း သူတို့အားလုံး ရောင်းဝယ်ဖောက်ကားနေသမျှဟာ ပေါက်ဖော်ကြီးရဲ့ အိပ်ကပ်ထဲမှာတင် ရှိတယ်။ ကိုယ်စီကိုယ်စီကို ကိုယ်ကျိုးစီးပွါး ငါးစာတပ်ထားလိုက်ရင် စာရင်းချုပ်တော့ သူ့ဆီမှာချည့် သပိတ်ဝင် အိပ်ဝင်။ အဲ့ဒီ ကိုယ်ကျိုးစီးပွါးတွေကရော ပြည်နယ်အတွက် ဘာတွေ ကျန်လို့လဲ။ အကိုထွန်းကြီး ရွှေတွေအောင်တော့ မက်မုံကိုင်၊ မိုင်းနောင်မှာ စာသင်ကျောင်းတစ်ကျောင်း တိုးမလာပါဘူး။ သားရှင်ပြုပြီး ကျောင်းဆောက်လှူလိုက်ရင် “နိဗ္ဗာန်ပင် ဝင်နိုင်ပါတဲ့ ရှစ်ပါးမြတ်မဂ္ဂင်” ဆို ရေစက်ချပေးလိုက်တာ။ သယံဇာတဆိုတာ ကချင်ပြည်နယ်ဘက်က စဉ်းစားရင် ရင်ထဲကဖဲ့ပေးလိုက်ရတာနဲ့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်တာနဲ့က မတန်တဆတွေပါ။ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးရတာပဲ အဖတ်တင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်သွားလည်း ပေါက်ဖော်ကြီးအိပ်ကပ်ထဲက လွတ်အောင်မရုန်းနိုင်လို့ရှိရင် ဟိုက ဧရာဝတီကိုတောင် အကြွေးနဲ့ သိမ်းမယ့်သဘောရှိတယ်။

၁၉၄၈ ကနေ စလို့ ၂၀၂၁ ရောက်တဲ့တိုင်အောင် ကိုယ့်တိုင်းပြည်ကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေတဲ့ အဲ့ဒီပေါက်ဖော်ကြီးတွေကို “မလုပ်ပါနဲ့။ မလုပ်သင့်ပါဘူး။” လူသိရှင်ကြား တားမြစ်ကန့်ကွက်ရဲတာ အမျိုးသမီးကြီး တစ်ယောက်ပဲ ရှိတယ်။ လက်နက်ကိုင် စစ်သည်ဗိုလ်ပါအားလုံးက ကြိုးဆွဲရာ ကနေရတဲ့ ဘဝ။ ပြည်ပရန်ကို ကာကွယ်ဖို့ဆိုတာ လက်နက်ရှိရုံနဲ့ မရဘူးလေ။ ဦးနှောက်ရှိမှ ရတာ။ စောင့်ကြည့်လေ။ ထောင်ကဲကြီးက အခု ကချင်စာ၊ ရှမ်းစာတွေ အီလို့ ရခိုင်စာတောင် လှမ်းတွယ်နေပြီ။ ဆီးဖုဒ်လေးဘာလေး စားချင်ဟန် ရှိတယ်။ လအု ဖြုတ်ကိုက်တဲ့ ကောင်တွေနဲ့တော့ တွေ့ကြပြီပေါ့ကွာ။

ကိုယ် အကဲခတ်မိသလောက်ကတော့ ကချင်တွေဟာ မအပါဘူး။ လူငယ်တွေကို ပညာတတ်အောင် မွေးပြီး သွေးသစ်လောင်းနေတယ်။ အမေရိကား၊ ဩစတြေးလျား ကို ကျောထောက်နောက်ခံ ယူချင်ဟန် ရှိတယ်။ မြန်မာတနိုင်ငံလုံး ထောင်းလမောင်းကျေအောင် မွှေနှောက်တိုက်ခတ်ခံရတဲ့ နွေဦးမုန်တိုင်းမှာ သူ့ပြည်နယ်ကို အတတ်နိုင်ဆုံး အထိအခိုက်နည်းအောင် နေတယ်။ စစ်တိုက်စရာရှိရင် ကချင်မြေကို တတ်နိုင်သမျှ ရှောင်ပြီး စစ်ကိုင်းဘက် ဆင်းတိုက်တယ်။ တိုင်းရင်းသားပြည်နယ်တွေထဲမှာ ကိုယ်ပိုင်ပညာရေးနဲ့ တက္ကသိုလ်တွေဖွင့်သင်တာ သူပထမဦးဆုံးပဲ။ Federal ပြည်ထောင်စုအတွက် လိုအပ်သမျှ infrastructure တွေကို အခုကတည်းက ပြင်ဆင်နေတယ်။ အုပ်ချုပ်ရေး ယန္တရား ဖွဲ့စည်းပြီးပြီ။ နိုင်ငံရေးပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့၊ စည်းရုံးရေးဆင်းဖို့ ပါတီကိုလည်း ဖွဲ့ထားပြီးပြီ။ သိတယ်နော်။ SNLD ပဲ ရှိတယ်။ KNLD မရှိဘူး။ ရှမ်းပြည်မှာ အစိတ်စိတ်ကွဲသလိုလည်း အကွဲမခံဘူး။ KNU လို ကရင်တပ်အချင်းချင်း ပြန်တိုက်ရတာမျိုးလည်း သူအဖြစ်မခံဘူး။ နွေဦးတော်လှန်ရေးမှာသူ့အတွက် အမြတ်ထွက်တာက ပြည်သူနဲ့အတူ ရပ်တည်တဲ့အတွက် လူထုထောက်ခံမှုကို ရသွားတယ်။ ဇင်ဝိုင်းတို့ စိုးမြတ်သူဇာတို့ရိုက်ပြခဲ့တဲ့ သူပုန်ပုံရိပ်တွေ ပျောက်သွားတယ်။ ပြည်မကလူတွေ သူ့ဆီ ရောက်လာတဲ့အတွက် လူသတ်တာ ဘယ်သူလဲ။ ပေါ်တာဆွဲတာ ဘယ်သူလဲ။ ဆက်ကြေးကောက်တာ ဘယ်သူလဲ။ ကိုယ်တိုင် သိမြင်သွားတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်စရာ မလိုတော့ဘူး။ ကိုယ်တောင် သူ့အကြောင်း ကောင်းတာတွေ ရေးပေးနေရပြီ မဟုတ်လား။

မကောင်းတာ မကြိုက်တာလည်း ရှိမှာပါ။ ဒါကျတော့ မရေးရဲလို့ မရေးတာ မဟုတ်လား လို့ ဆိုကြမယ်ကွယ်။ မရေးရဲစရာ မရှိပါဘူး။ မှန်တယ်ထင်ရင် ရေးမှာပဲ။ ကိုယ့်စိတ်ထဲ သူတို့ကို သဘောမကျတာ ရှိပါတယ်။ သူတို့က မြန်မာစစ်တပ်ကလူတွေကို တော်လှန်နေပေမယ့် အကြီးပိုင်းကို ရောက်လာရင် မြန်မာစစ်တပ်က လူကြီးတွေနဲ့ တူတူလာတာပါ။ ဖွင့်ပွဲတွေ လုပ်ချင်တယ်။ မိန့်ခွန်းတွေ ပြောချင်တယ်။ ဂေါက်ပွဲတွေ လုပ်ချင်တယ်။ အခမ်းအနား နဲ့ အရိုအသေပေးခြင်းတွေကို သာယာတယ်။ နောင်တစ်ချိန်မှာ သူတို့ကိုယ်တိုင် စစ်အာဏာရှင်ဖြစ်သွားမှာပဲ စိုးရိမ်ပါတယ်။ လူပဲပြောင်းပြီး စံနစ်မပြောင်းရင် တော်လှန်ရေး ဘယ်ဟုတ်ပါ့မလဲ။ ကချင်မှ မဟုတ်ဘူး။ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံးအတွက်လည်း အတူတူပဲ စဉ်းစားရမယ်။ အာဏာရှင်ကို တော်လှန်မှတော့ အာဏာရှင်ဆီက သောက်ချိုးတွေ အတုခိုးလို့ မဖြစ်ဘူး။ ဦးနေဝင်းခေတ်က စစ်သားတွေရဲ့သောက်ချိုးနဲ့ မင်းအောင်လှိုင်ခေတ်က စစ်သားတွေရဲ့ သောက်ချိုးတွေဟာ နည်းနည်းမှ မတူတော့ဘူး မဟုတ်လား။ မှတ်ထားနော်။ သောက်ကျင့် ဆိုတာ ပျက်ပြီးသွားရင် ပြင်မရဘူး။ အစမလုပ်တာကောင်းတယ်။

ပြည်ထောင်စု မပြိုကွဲရေးကို တို့တာဝန်အရေး ၃ ပါး ထိပ်ဆုံးမှာထားတဲ့ မြန်မာစစ်တပ်ကြီးက အာဏာသိမ်းလိုက်တဲ့အတွက် ပြည်နယ်ပြည်မတွေ အစိတ်စိတ်အမွှာမွှာ ကွဲထွက်တာကို မကြာခင် မြင်ရပါတော့မယ်။ အဲ့သလိုကွဲထွက်နေတဲ့ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပြီးတော့မှ တိုင်းပြည်တစ်ပြည်အဖြစ် ပြန်လည်စုစည်းကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုစံနစ်ကို ထူထောင်ကြမယ်ပေါ့။ မတတ်နိုင်ဘူးလေ။ ကိုယ်တောင်မှ စစ်အစိုးရလက်အောက်မှာ ဘယ်လိုမှ မနေနိုင်လို့ လက်နက်ကိုင်တော်လှန်နေရတဲ့ဟာ သူတို့ဘက်မှာ ဒီဒုက္ခမျိုးက ရိုးဟိုးဟိုးတောင်နေပြီ။ ခက်ထိန်နန်တို့၊ ဆခုန်တိမ့်ယိမ်းတို့၊ လဘန်ဂယောင်တို့လို ကိုယ်ကျိုးစီးပွါးအတွက် ဘုရားထူးမယ့်သူတွေကလွဲရင် ဘယ်ကချင်မှ စစ်တပ်ကို မယုံဘူး။ ကချင်ပြည်သူတွေရဲ့ဆန္ဒ ဘယ်လိုပဲရှိရှိ၊ အဲ့လိုမျိုး စစ်တပ်လက်ပါးစေ ကချင် တစ်ယောက်နှစ်ယောက်လောက် ကို စစ်တပ်က ကချင်ခေါင်းဆောင်ခန့်ပြီး ကချင်ပြည်နယ်ကို အုပ်ချုပ်ခိုင်းမယ် ဆိုရင် ကချင်တွေက ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှာလား။ အဲ့ဒါကြောင့် Mandate power လို့ခေါ်တဲ့ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်တဲ့သူကို လိုတာလေ။ အာဏာကို ပြည်သူကပဲ ပေးအပ်လို့ရမယ်။ လက်နက်နဲ့ သတ်ဖြတ်လုယူလို့မရဘူး။ မရတဲ့စံနစ်တစ်ခုကို ထူထောင်ယူတာ။ အဲ့ဒီစံနစ်ကို ရောက်သွားရင် ကချင်ပြည်နယ်ရဲ့ ကံကြမ္မာနဲ့ အနာဂတ်ဟာ ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်နယ်ခေါင်းဆောင်ရဲ့ ဦးနှောက်နဲ့ အရည်အချင်း အပေါ်မှာပဲ မူတည်တော့မယ်။ ဒါကြောင့်မို့လို မျိုးဆက်သစ်တွေမှာ အသိဉာဏ်ပါလာအောင် အခုကတည်းက လေ့ကျင့်ပျိုးထောင်ထားရတာ။ “ပညာတတ်ရင် လူပါးဝလာတယ်။ ငါတို့အုပ်ချုပ်သလို မနာခံတော့ဘူး။” ဆိုပြီး ပညာရေးစံနစ်ကို ဖျက်စီးပစ်တဲ့ မြန်မာစစ်အုပ်ချုပ်ရေးကို သင်ခန်းစာယူကြလေ။

ပိုက်ဆံရှိရင် ပညာတတ်တွေ ကြိုက်သလောက် ခေါ်ခိုင်းလို့ ရတာပဲ ဆိုတာ ပညာမဲ့လို့ အဲ့သလိုတွေးတာ။ ပိုက်ဆံပဲ နင်းကန် ရှာပြီး ခေါင်းထဲမှာ အသိဉာဏ်မရှိရင် ပိုက်ဆံရဲ့ ကျေးကျွန်ပဲဖြစ်မယ်။ သူ့ရှိတဲ့ ပိုက်ဆံတောင် သူမပိုင်ဘူး။ ပိုက်ဆံက သူ့ကိုပိုင်တာ။ ပိုက်ဆံရှိတိုင်း ပညာကိုဝယ်လို့ရမယ်ထင်ရင် ဆင်စီး ထီးမိုးပြီး ဒေါက်တာဘွဲ့ယူတဲ့ အန်ကယ်ကြီးကို သတိရလိုက်။ ပညာသင်ဖို့ ပိုက်ဆံအရင်းအနှီးလိုပေမယ့် ပညာတတ်ဖို့ကျတော့ ဦးနှောက်အရင်းအနှီး မပါပဲ မရဘူး။ (နှလုံးသားအရင်းအနှီးကတော့ အိုင်ရင်းဇင်မာမြင့်ပဲ ဆိုခိုင်းလိုက်တော့နော်။)

မဆလ ပညာရေး နဲ့ ပထဝီတွေ အလွတ်ကျက်ပြီး မြေပုံတောင် ကိုယ့်ဘာသာ မဆွဲတတ်တဲ့ old school’s thought က ဟောဒီလောက် အရိပ်အမြွက် ပြခဲ့ရင် အင်္ဂလန်၊ အော်ဇီ၊ နယူးယောက်မှာ ဘက်ချလာ၊ မာစတာ ရခဲ့တဲ့ စောင်ကလေးလေးတွေက အကောင်လိုက်မြင်လိမ့်မယ် လို့ ယူဆရတာပဲ။ ခေတ်ချင်းမှ မတူတာ။ အတတ်ပညာတွေက တားဆီးပိတ်ပင်လို့ မရဘူး။ ကရင်နီတောင် star-link ချိတ်ထားပြီ။ အနာဂတ်ဟာ သူတို့လက်ထဲမှာပဲ ရှိတယ်။ Gen L တွေက အတိတ်မှာ ကျန်ခဲ့တော့မယ့်သူတွေ။ ကမ္ဘာအရပ်ရပ်ကို လွယ်လင့်တကူ ချိတ်ဆက်နှီးနှောလို့ရတဲ့ မြန်နှုန်းမြင့် နည်းပညာခေတ်ကြီးမှာ အသိဉာဏ်၊ အတွေးအခေါ်တွေ လေးတယ်ထင်ပြီး ချန်ထားခဲ့မိမှာစိုးလို့ နောက်ကလိုက်ပေးတယ် လို့ပဲ သဘောထားပါလေ။ နောက်နောင်ကျ ဆရာကြီးဖြစ်ချင်လာတဲ့အခါ အဲ့ဒီဟာတွေက အသုံးတည့်မှာပါ။ ကိုယ်တို့တုန်းကတော့ ကချင်ပြည်နယ်ကို မရောက်ဖူးပေမယ့် ကချင်ပြည်နယ်ရဲ့ ပထဝီတွေကို အလွတ်ကျက်ရုံနဲ့ အားမရလို့ သီချင်းထဲမှာတောင် ထည့်ဆိုလာကြတာပါ။ ကိုင်း လာ။ ဒါလေးနဲ့ Zumba ကပြီး TikTok ရိုက်ရအောင်။

“ လမ်းညွှန်မယ်လေ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲရွာအလွန်

ဧရာဝတီ မြစ်ဖျားရဲ့အစ

မေခ မလိခ ပေါင်းဆုံရာဒေသ

သုံးမြောင့်ပုံသဏ္ဍာန် တြိဂံနယ်မြေ

မြောက်ပိုင်းရဲ့ကုန်းမြင့်မှာ

တည်ရှိနေ

စိမ်းလန်းတဲ့မြက်ခင်းများ စိုစိုပြေ။“