ချန်ဂင်တို့စခန်း (၁၈၄)

ဒီနေ့မနက် အိပ်ယာနိုးတော့ ယုန်ကလေးတွေက ကောက်ရိုးတွေချီပြီး အသိုက်လုပ်နေတာတွေ့တယ်။ ကလေးမွေးချင်နေပြီလား မသိ။ မီးဖိုထဲက ကန်စွန်းရွက်တွေယူပြီးပြန်လာတော့ ယုန်တွေက အစားစားဖို့ စိတ်မဝင်စားပဲ ယောက်ယက်ခတ်နေကြတယ်။ ခုန အသိုက်ထဲမှာတော့ ယုန်ပေါက်ကလေးတွေ ရွစိရွစိနဲ့။ ခြောက်ကောင်တောင်။ ကျန်တဲ့ယုန်တွေက အချင်းချင်း လုံးထွေးကိုက်ခဲပြီး ဘာလို့ပတ်ပြေးနေကြမှန်း မသိဘူး။ ကလေးမွေးထားတဲ့ ယုန်မလေးနောက်ကို အတင်းလိုက်ပြီး မုန်ယိုနေကြတယ်။ အကောင်လေးတွေက ကြွက်ပေါက်ကလေးတွေလို အရေခွံကြည်ကြည် နီတာရဲကလေးမို့ သူ့အမေနဲ့လည်း ခွဲမထားချင်သေးဘူး။ ဟိုက သူ့ကလေးသူ မမှတ်မိတော့ရင် နို့မတိုက်မှာစိုးလို့။ ယုန်က နို့တိုက်သတ္တဝါ ဟုတ်သလား မဟုတ်သလားတောင် ဇဝေဇဝါရယ်။

အဲ့ဒီနောက်တော့ ခွဲလူနာ ၂ ယောက် ရှိလို့ အဲ့ဒီကောင်လေးတွေကို မေ့သွားရော။ ခွဲခန်းက ပြန်ထွက်လာတော့ ယုန်ပေါက်ကလေးတွေ သေနေပြီဗျား။ ပုရွက်ဆိတ်တောင် တက်လို့။ ဟိုအကောင်တွေ သောင်းကျန်းတာ နင်းမိသလား ကိုက်မိသလား မပြောတတ်။ နောက်တစ်ခါကျရင်တော့ သပ်သပ်စီ ခွဲထားရလိမ့်မယ်။ ပေါက်ဦးမှာပါ။ အကောင်တွေ သိပ်များလာရင် ခြံဖွင့်ပေးပြီး အစာပဲ ကျွေးတော့မယ်။ တောသတ္တဝါက တောသဘာဝအတိုင်း နေတာ အကောင်းဆုံး။ တခါတလေ လူတွေ အမဲလိုက်တာလည်း လွတ်အောင်ပုန်းကြပေါ့။ တောထဲရောက်ရင် ပိုင်ရှင်မရှိတော့ဘူး။ ပံ့သကူဖြစ်သွားပြီ။ မနေ့ကတောင် တောထဲက ဆတ်တစ်ကောင်ရလို့ ဆတ်သားအစိုတွေ လာပေးကြသေး။ မိုးရွာတော့ ဖားကျော်လည်း စားရတယ်။ မှိုတွေ၊ မျှစ်တွေ၊ အင်ဥတွေလည်း စားရတယ်။ တောထဲသွား ဟင်းရွက်ခူးတာတော့ မလုပ်နိုင်တော့ဘူး။ လူနာတွေနဲ့ အားမှမအားတာ။

လူနာကတော့ များတုန်းများဆဲပါပဲ။ ဟိုနေ့ကရောက်တဲ့ ငှက်ဖျားဆေးတွေ ကုန်သွားပြီ။ တစ်ပါတ်တောင် မခံဘူး။ လူတွေကလည်း သူတို့ကိုယ်သူတို့ ငှက်ဖျားမှန်း သိပြီးသားပါ။ ဒီမှာ ဆေးအလကားရလို့ လာတာ။ အပြင်မှာဝယ်ရင် ဈေးကြီးတာကိုး။ ကိုယ်လည်းပဲ ခွဲတမ်းရတဲ့ဆေးကုန်ရင် အပြင်က ဈေးကြီးပေးဝယ်ရတာပါပဲ။ Three Diseases Fund တွေ မရတော့ဘူး ထင်ပါရဲ့။ WHO တို့ UNICEF တို့ဆိုတာ စစ်ဗိုလ်ချုပ်တွေနဲ့မှ အလုပ်လုပ်ချင်ကြသလား မသိပါဘူး။ ရုံးခန်းဖွင့်ဖို့ အိမ်ငှါးရင်တောင် အဲ့ဒီလူတွေဆီကပဲ ငှါးတာ။ ဆန်ရှင်က ဆန်ရှင်သပ်သပ်။ ဖန်ဒင်က ဖန်ဒင်သပ်သပ်။ အခု MFTB, MICB ဘဏ်တွေပိတ်ဆို့ အရေးယူလိုက်တော့ ဆေးကုမ္ပဏီတွေ အလုပ်လုပ်ရခက်ပြီး ဒေါ်လာဈေးရော ဆေးဈေးရော မိုးပျံနေအောင် မြင့်တက်ဦးမှာက ရှိသေး။

ငှက်ဖျားဖြစ်တာတွေများလို့ စာသင်ကျောင်းကိုတော့ ခနပိတ်ထားလိုက်ပြီ။ ရွာမှလည်း လူသိပ်မကျန်တော့ဘူး။ လယ်တောဝင်ကုန်ကြပြီ။ တချို့လည်း လယ်တောထဲရောက်မှ ငှက်ဖျားမိတာ။ မနှစ်ကတုန်းက ချောင်းထဲမှာ ရေချိုးတဲ့အခါ ကျီးကန်းတွေ မကြာခဏတွေ့ရတယ်။ အဲ့ဒီတုန်းက ကိုယ်ကတောင် ကြားဖူးနားဝနဲ့ ပြောခဲ့သေးတယ်။ “ဒီရွာမှာ ငှက်ဖျား မရှိဘူး။ ကျီးကန်းတွေ ရှိတဲ့အရပ်မှာ ငှက်ဖျား မရှိဘူး။” လို့။ ဒါပေမယ့် အခု ငှက်ဖျားတွေဖြစ်လာလို့ ကျီးကန်းတွေ ပြန်ရှာကြည့်တဲ့အခါ မတွေ့တော့ဘူး။ ဟုတ်များ ဟုတ်နေသလား မပြောတတ်။ သူတို့ရွာကလူတွေကတော့ ကိုယ့်ထက် မဟုတ်ကဟုတ်က ပြောတတ်ပါတယ်။ အင်းစောင့်ဘိုးဘိုးကြီးနဲ့ ရွှေတောင်အရှင်ကြီး၊ ငွေတောင်အရှင်ကြီးတို့ ဖဲကစားကြတဲ့အခါ ပါလာတဲ့ အသပြာတွေ ကုန်သွားလို့ ကိုယ့်နယ်ထဲမှာရှိတဲ့ ငါးတွေကိုလောင်းကြေးထိုး၊ ခြင်တွေကို လောင်းကြေးထိုး။ ထိုးပြီး ဖဲရိုက်ကြသတဲ့။ ငွေတောင်အရှင်ကြီး ဖဲရှုံးလို့ သူ့နယ်ကခြင်တွေ အကုန်ပေးလိုက်ရတယ်။ ကိုက်စရာခြင်တောင် မကျန်ခဲ့ဘူးတဲ့။ ဒီနှစ်တော့ အဲ့ဘိုးတော်ကြီး ဖဲနိုင်သွားလို့ သူ့ခြင်တွေ အကုန်ပြန်ယူလာခဲ့သလား မသိပါဘူး။ ကိုက်လိုက်တဲ့ခြင်။ နောက်တစ်ခါ ဖဲသွားရိုက်ရင် ဒီဆရာဝန်လေးကိုလည်း ခေါ်ပါ ရှင်ကြီးရှင်ကောင်းတို့။ ဗမာစစ်သားတွေ အကုန်ထည့်ရိုက်ပြီး ခွက်ခွက်လန်အောင် ရှုံးပစ်ခဲ့မယ်။ တစ်ကောင်မှ မကြည့်ချင်လို့။

ဒီဘက်အရပ်ဟာ အင်းတော်ကြီးကန်ကို အမှီပြုပြီး သတ္တဝါမျိုးကွဲမျိုးစိတ်တွေ သူ့ဇီဝစက်ဝန်း အသိုင်းအဝိုင်းနဲ့ နေကြတယ်။ ငှက်မျိုးစိတ်တွေ၊ ငါးမျိုးစိတ်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေ တစ်ခုနဲ့တစ်ခု အမှီသဟဲပြုပြီး ဂေဟစံနစ်တစ်ခု ဖွဲ့စည်းထားကြတာ။ အဲ့ဒီထဲမှာ အင်းဆက်ပိုးမွှားတွေလည်း သန်းပေါင်းများစွာ ပါဝင်တယ်လေ။ ကိုယ်တို့ကို တချိန်လုံး ယားယံစေတဲ့ ဖြုတ်ကလေးတွေ၊ သန်းကလေးတွေ၊ မျှော့ကလေးတွေ၊ ကျွတ်ကလေးတွေဆိုတာလည်း ပေါမှပေါ။ ငှက်ဖျားဖြစ်စေတဲ့ ခြင်တစ်မျိုးတည်းကိုမှ ဘိုးဘိုးကြီးက ဖဲပေါင်ရိုက်လို့ ရမလား။ တချို့နှစ်တွေမှာ ခြင်သိပ်မရှိဘူး။ တချို့နှစ်တွေမှာ ခြင်အရမ်းပေါတယ်။ သတိထားမိတဲ့ အပြောင်းအလဲတစ်ခုကို အယူဝါဒ အစွဲအလမ်းနဲ့ ကိုယ့်ဘာသာကိုယ် မှတ်ထားကြဟန် တူပါတယ်။ နှစ်တစ်နှစ်ရဲ့ တချို့လတွေမှာ အင်းထဲကငါးတွေ ရာပေါင်းများစွာ ရေပေါ်ပေါ်လာပြီး ခဏနဲ့ သေကုန်ကြတယ်။ သူတို့ကတော့ အင်းစောင့်နတ် အရှင်ကြီးတွေ ဆေးခပ်လိုက်တယ် လို့ပဲ ပြောကြတာ။ သမီးယောက္ခမနှစ်ယောက် အားတဲ့သူ ဆေးခပ်ကြရာမှာ ယောက္ခမလုပ်သူ ဆေးခပ်တဲ့အလှည့်ကျရင် ငါးတွေ ပိုသေသတဲ့။ အမှန်တော့ အဲနီးညိုးတို့ လာနီးညာတို့မှာလို ဂေဟစံနစ် အပြောင်းအလဲမှာ တချို့သတ္တဝါတွေ အတုံးအရုံးသေကုန်တဲ့ သဘော နေမှာပါ။ ဆေးခပ်တဲ့ငါးကို လူတွေစားကြသလားလို့ မေးကြည့်တော့ စားတယ်။ ဒါပေမယ့် ချက်ချင်းစားမှ ရတယ်။ တညနေလောက်ဆို ပုပ်ကုန်ရောတဲ့။ စားတဲ့သူကိုတော့ အဆိပ်မဖြစ်ဘူး လို့ ပြောတယ်။

အင်းလေးမှာ ငါးဖိန်းတွေ မျိုးတုံးသွားပေမယ့် အင်းတော်ကြီးက ငါးတွေကတော့ ဖမ်းလို့ကို မကုန်သေးဘူး။ အဲ့ဒီဘက်က ဆေးခန်းလာပြတဲ့ လူနာတွေက ခုတ်ထစ်ဆေးကြော ဆားပါနယ်ပြီး ယူလာကြတယ်။ အသင့်ကြော်ရုံတင်။ အင်းတော်ကြီး ငါးချဉ်ကလည်း နံမည်ကြီးသလေ။ ငပိကောင်လည်းသိပ်ကြသဗျ။ ကချင်ပြည်နယ်ရောက်ပြီး မြစ်ဝကျွန်းပေါ်မှာလို ဖားတွေငါးတွေ စားမကုန် ဖြစ်နေတာ။ ရေထဲမှာ ငါးရှိရင် ဖမ်းမယ့်စားမယ့် ငှက်တွေလည်း ပေါပြီပေါ့လေ။ မြောက်များစွာ လို့ပဲ ပြောကြပါစို့။ ချင်းပြည်နယ်မှာအရမ်းရှားပါးသွားပြီဆိုတဲ့ အောက်ချင်းငှက်တွေဟာ ကိုယ်တို့ဆေးရုံနံဘေးက သစ်ပင်အမြင့်ကြီးတွေပေါ်မှာ ဆယ်ကောင်ထက်မနည်း ရှိပါတယ်။ ကိုယ်တို့က အခုတော့ အောက်ချင်းငှက်ပျံလာရင် မော့မကြည့်ပဲနဲ့ကို သိတယ်။ သူ တောင်ပံခတ်တဲ့အသံက လှေလှော်တဲ့အသံလို အိပွဲ့အိပွဲ့ မြည်တာကိုး။ ကြိုးကြာ နဲ့ ငှက်ကြီးဝန်ပိုတွေလည်း လာကြတယ်။ တောထဲမှာ တောရိုင်းသတ္တဝါတွေကို သူ့သဘာဝအတိုင်း မြင်ရတာဟာ တိရိစ္ဆာန်ရုံမှာ သွားကြည့်ရတာ၊ အိမ်မှာလှောင်ပြီးမွေးထားရတာတွေနဲ့ ဘယ်လိုမှ မတူနိုင်ဘူး။ ဒါကြောင့်မို့လို့ ယုန်ကလေးတွေကို သဘာဝအတိုင်း တောထဲမှာ လွှတ်ထားချင်တာ။ ကိုယ့်ဆီလာရင်တော့ အစာကျွေးမယ်လေ။

ကိုယ်တို့ဆီက ထွက်ပြေးပြီး တောပုန်းကြီး လုပ်နေတဲ့ ယုန်ကလေးလည်း နေ့တိုင်း အစာလာစားပါတယ်။ အထဲက အကောင်လေးတွေနဲ့လည်း တွတ်တီးတွတ်တာ လာပြောတယ်။ မသိရင် သူတို့ကို ကိုယ်ကပဲ ခွဲထားတဲ့ပုံ။ ယုန်ကလေးတွေက တော်တော်လေး အကင်းပါးတယ်။ ပြေးရင်းက တုန့်ကနဲရပ်ပြီး နောက်ဘက်ကို ခုန်ထွက်သွားတတ်တယ်။ မြန်လည်းမြန်တယ်။ “ယုန်တောင်ပြေး ခွေးမြောက်လိုက်” ဆိုတာ သူတို့ လှုပ်ရှားမှုကို ကြည့်ပြီး ပြောတာဖြစ်မယ်။ အစာလေးနဲ့မျှားပြီး တောင်းနဲ့ အုပ်မယ်ကြံရင်လည်း တစ်ခါပဲ ရမယ်။ နှစ်ခါ မအဘူး။ အဲ့ဒီတောင်းထဲ ကြောင်တွေပဲ ဝင်ဝင်ဆော့လို့ “ယုန်ထောင် ကြောင်မိ” လို့ ပြောတာနေမယ်။ တောင်ပြုံးကလူတွေ ယုန်လိုက်ထိုးရင်တော့ ဘယ့်နှယ်ကြောင့် မိုးမွှန်အောင် ဆဲကြသလဲ မပြောတတ်ပေါင်။

ဖား၊ ပုရစ်၊ ပဒတ်၊ ပုတ်သင်တွေ ပေါတော့ မြွေကလည်း အလိုလို ပေါပြီပေါ့နော်။ ခဏခဏကိုတွေ့နေရတာ။ သို့သော် မြွေကိုက်ခံရတဲ့လူနာက တစ်နှစ်လုံးနေမှ ၂ ယောက် ၃ ယောက်လောက်ပဲ ရှိတယ်။ အဆိပ်သင့်တဲ့ လက္ခဏာလည်း မတွေ့ဘူး။ မြွေဆိပ်ဖြေဆေးတော့ အလုံအလောက် ဆောင်ထားတယ်။ ပျဉ်းမပင်တွေ ဝေနေအောင် ပွင့်တဲ့အချိန်ဆို ကိုယ်တို့အိမ်ရှေ့ကသစ်ပင်ကြီး တစ်ပင်လုံး ပိတုန်းတွေ လာဝဲနေတာ ဟတ်စကီးလာသလား အောင့်မေ့ရတယ်။ တောင်ပံခတ်သံက။ ကောင်ရေလေးငါးရာထက် မနည်း။ တောထဲမှာ အကောင်တစ်မျိုးမျိုးက အရမ်းပွါးလို့ ကောင်ရေထောင်သောင်းချီလာတဲ့အခါ သူတို့ကိုဖမ်းစားမယ့် နောက်အကောင်တစ်မျိုးမျိုးနဲ့ မျှခြေရောက်အောင် ပြန်ထိန်းထားသလိုဖြစ်နေတာပေါ့။ အဲ့လိုမဟုတ်ရင် ဩစတြေးလျမှာ ယုန်တွေ ဘီလီယံနဲ့ချီလာလို့ အစိုးရက ဘတ်ဂျက်အများကြီးသုံးပြီး ရှင်းပစ်ရတယ် ဆိုတာမျိုး ဖြစ်လာလိမ့်မယ်။

သတ္တဝါထဲမှာ လူ ဆိုတဲ့အကောင်ကိုကျတော့ ဘယ်သူမှ မစားဘူးနော်။ ဘီလူး ဆိုတာ လူ့ထက်အရင် မျိုးတုံးပျောက်ကွယ်သွားပြီ။ ကျားတွေ၊ ခြင်္သေ့တွေ၊ မိကျောင်းတွေကျတော့လည်း လူသားစားတယ်ဆိုရင် လူတွေက မရရအောင် သုတ်သင်ပစ်ကြတာကိုး။ အဲ့ဒီအကောင်တွေရဲ့ အစာကလည်း လူမဟုတ်ပါဘူး။ လူဆိုလူမှ။ လူသားပဲစားတယ် ဆိုတာမျိုးလည်း မရှိဘူး။ လူတွေက လူအချင်းချင်းပဲ စားတာလေ။ “မောင်လေးစား မောင်လေးစား။” တို့၊ “ကိုကျော်ဝဏ္ဏ စားလေ။” တို့ ကြားဖူးတယ် မဟုတ်လား။ စားဘဲကြီးတို့၊ စားဆော်ကြီးတို့ ဆိုတာလည်း မြင်ဖူးကြမှာပါ။ အချင်းချင်း စားမှပဲ ရမယ်။ လူမှာ predator မရှိဘူး။ လူတွေကို လူအချင်းချင်းကပဲ သတ်ဖြတ်ချေမှုန်းကြတာ။ အချစ်ကြောင့်ဖြစ်သော စစ်ပွဲများ၊ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ၊ ဘာသာတရားကြောင့်ဖြစ်သော စစ်ပွဲများ၊ နယ်မြေပိုင်ဆိုင်မှု အကျိုးစီးပွါးကြောင့်ဖြစ်သော စစ်ပွဲများ။ ပြောလို့ကုန်မှာ မဟုတ်ပါဘူး။ လူတွေမှာ စစ်ပွဲဖြစ်ရသော အကြောင်းတရား များစွာရှိတယ်။

ကိုယ်တို့ဆီမှာ လောလောဆယ် ဖြစ်နေတဲ့ စစ်ပွဲကတော့ အာဏာလက်မလွှတ်နိုင်သော စစ်ဗိုလ်ချုပ်များက တိုင်းသူပြည်သားများကို အလွန်အမင်း တရားမဲ့စွာ နှိပ်စက်သတ်ဖြတ်နေတာ မခံမရပ်နိုင်လွန်းတဲ့အတွက် ပြည်သူတွေက အုံကြွတော်လှန်ကြတဲ့ စစ်ပွဲပါ။ ရွေးစရာလည်း မရှိဘူး။ ရှောင်လွှဲလို့လည်း မရဘူး။ ဘယ်လိုပင်ရက်စက်တဲ့ လက်နက်များစွာနဲ့ ချေမှုန်းသည်ဖြစ်စေ။ ပြတ်ပြတ်သားသား အဖြေမထွက်မချင်း သတ်တဲ့ဖြတ်တဲ့အလုပ်တွေ လက်စသတ်မှာ မဟုတ်ပါဘူး။ နာကျည်းမုန်းတီးမှုတွေ သိပ်များလွန်းတဲ့အခါ ငြိမ်းချမ်းရေးစကားက နားခါးပါတယ်။ တုတ်ကကျိုးနှင့်ပြီလေ။ မြွေက မသေသေးရင် ကိုယ့်လာပေါက်သတ်တော့မှာပေါ့။

ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်ဆိုတဲ့အတိုင်း အကြောင်းအကျိုးကို ဆက်စပ်အဖြေရှာကြည့်ရင် ဖားကိုမြွေမျိုတာကျမှ ပါဏာတိပါတာ ကံထိုက်တယ် လို့ အပြစ်မမြင်နိုင်ပါဘူး။ predator and prey ဆိုတာ ဒီလိုပဲ ရှိကြတာပေါ့။ တောသူတောင်သားတွေ ဟင်းစားရှာတယ်၊ ငါးဖမ်းတယ်ဆိုတာလည်း သူများအသက်သတ်တဲ့ အကုသိုလ်အလုပ်လို့ ကဲ့ရဲ့ရှုံ့ချရင် သိပ်တော့မတရားဘူး လို့ ထင်တယ်။ တောင်ဖြိုပြီး မြေလှန် ကျောက်တူး ရွှေတူးတဲ့သူတွေကျတော့ အကုသိုလ်ကင်းတယ်ပေါ့။ မြေဆီလွှာတွေပျက်ယွင်း၊ မြစ်ချောင်းရေတွေ ညစ်ညမ်းပြီး ဂေဟစံနစ်ထိခိုက်လို့ သန်းနဲ့ချီတဲ့ သတ္တဝါတွေ သေကုန်တာ သိမှမသိပဲနဲ့။ သတ္တဝါတစ်ကောင်ရဲ့ သေခြင်းဟာ ကောင်ရေတစ်သန်းလောက် အသက်ချမ်းသာရာရစေမယ့် အဖြေတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီပါဏာတိပါတကံကို ကိုယ်တော့ ကျူးလွန်မိမလား မသိဘူး။ ငရဲကြီးရင်လည်း အကြီးခံလိုက်တော့မယ်။ တန်ပါတယ်။ ရှင်းရှင်းပြောရရင် အခုချိန်မှာ စစ်ခွေးတွေ ဘောမတွေကို နှိမ်နှင်းဆုံးမရတဲ့အလုပ်ဆိုတာ တလောကလုံး သာယာအေးချမ်းဖို့ အကျိုးငှါ၊ ကိုယ်အဆွေအမျိုး အပေါင်းအသင်းမိတ်ဆွေတွေ ဘေးကင်းလုံခြုံဖို့အလို့ငှါ၊ လုပ်သင့်လုပ်ထိုက်တယ် လို့ ယုံကြည်တယ်။ လောကတ္တစရိယံ၊ ဉာတတ္ထစရိယံ ဆိုတာမျိုးလေ။ လူသာမန်တွေ ကျင့်နိုင်ခဲတဲ့အလုပ်။ အမျိုး ဘာသာ သာသနာကြွေးကြော်ပြီး ကိုယ့်ဆွေမျိုးမဟုတ်သမျှ၊ ကိုယ်နဲ့ဘာသာအယူဝါဒ မတူသမျှ လူတွေကို အတိုင်းအဆမဲ့ သတ်ဖြတ်ခွင့်ရှိတယ် လို့ တွေးတာထက်တော့ သာပါတယ်။

သတ္တဝါတစ်ခု ကံတစ်ခု လို့ ဆိုရိုးစကားသာ မှန်ခဲ့မယ် ဆိုရင် သတ္တဝါဆယ်သန်း ကံဆယ်သန်း ရှိရမှာပဲ။ မြန်မာပြည်က လူသားပေါင်း သန်း ၅၀ ရဲ့ ကံတွေဟာ မအိမ်လုံးကြီး တစ်ကျိပ်နှစ်ကျိပ်လောက်နဲ့ နောက်လိုက်ဗိုလ်ပါ ကံ ၂ သိန်းလောက်ကို မှုစရာ မလိုပါဘူး။ “ကလျာဏံဝါ ကောင်းသည်လည်းဖြစ်သော၊ ပါပကံဝါ မကောင်းသည်လည်း ဖြစ်သော ယံကမ္မံ အကြင်ကံကို ကရိဿာမိ ပြုငြားအံ့။ တဿကမ္မဿ ထိုကောင်းမှု မကောင်းမှုကံ၏ ဒါယာဒေါ ကောင်းမွေဆိုးမွေခံသည် ဘဝိဿတိ ဖြစ်ရချေ၏။” တဲ့။ “ဣိတိ ဤသို့ အဘိဏှံ နေ့ညဉ့်မပြတ် ပစ္စဝက္ခိတဗ္ဗံ ဆင်ခြင်အပ်ကုန်သည် ဖြစ်၏။” လို့ ဆိုတယ်နော်။ ဘုရားထီးတော် ခေါင်းပေါ်ရွက်ပြီး လက်ဖွဲ့ခမည်းကြိုးကြီး လက်မှာပတ်ထားလည်း ငရဲလားမယ့်သူက လားမှာပါပဲ။ နောက်ကလိုက်မယ့်သူတွေလည်း လိုက်ကြမှာပါပဲ။ ဒီလူတွေကုန်ရင်တော့ ကမ္ဘာလောကကြီး သာယာလှပလာကောင်းပါရဲ့လေ။