ငှက်ဖျားဟာ နောက်စရာတော့ မဟုတ်ဘူးနော်။ လျှော့မတွက်နဲ့။ လတဝက်ကျိုးရုံရှိသေး လူ ၅၀ လောက် ပေါ့စတစ်ထွက်နေပြီ။ ပိုးမတွေ့လည်း ချမ်းတုန်တဲ့ တက်ဖျားကျဖျားဆို ငှက်ဖျားအဖြစ်နဲ့ပဲ ကုရတာပဲ။ clinical malaria ပေါ့။ ၁၅ ရက်အတွင်းမှာ လူ ၇၀ လောက် ငှက်ဖျားဖြစ်နေတယ်ဆိုတာ တော်တော်များတာပဲ။ ဒါတောင် ကိုယ့်ဆေးရုံက မြို့ထဲရွာထဲက ဆေးရုံ မဟုတ်ဘူး။ တောထဲတောင်ထဲက ဆေးရုံ။ ရွာမှာရှိတဲ့ လူဦးရေနဲ့ဆို မများလွန်းဘူးလား။ စာသင်ကျောင်းက ကလေးတွေ ၁၇ ယောက်ပါတယ်။ တခုခုတော့ လုပ်ဦးမှ။
အခုလောလောဆယ်တော့ ပေးစရာ ငှက်ဖျားဆေးလည်း ကုန်ပြီ။ ဒိတ်မကောင်းတဲ့ဟာတွေပဲ ကျန်တော့တယ်။ စစ်စရာ test kits တွေလည်း ပြတ်တော့မယ်။ နောက်ထပ် မှာထားတာတွေက မရောက်သေးဘူး။ အမှန်ကတော့ ကိုယ် အဝေလွန်သွားတာပါ။ ရှေ့တန်းက ဆေးတပ်သားတွေဆီကို ဆေးတွေ ခွဲပေးရင်းနဲ့ ငှက်ဖျားဆေးတွေ test kits တွေပါ ဝေလိုက်မိတယ်။ မနှစ်ကတုန်းက ကိုယ့်ဆီမှာ အဲ့လောက်လူနာမများတော့ expired ဖြစ်ကုန်တယ်လေ။ ရှေ့တန်းမှာနေတဲ့ကလေးတွေက ပိုဖြစ်မယ် ထင်လို့ သူတို့အတွက် ဦးစားပေးလိုက်တာ။ အခုလည်း ပြန်မှာရင် ရပါတယ်။ ခရီးလမ်းပန်း ခက်ခဲလို့ မရောက်သေးတာ။
ငှက်ဖျားကို လောက်ကိုင်မှာကတည်းက တွေ့ဖူးတယ်။ အမ်းမှာလည်း တွေ့ဖူးတယ်။ အခု ကချင်ပြည်နယ်မှာ လာတွေ့ရပြန်ပြီ။ ဒီက ပိုကြမ်းသလားလို့ပဲ။ နေ့တိုင်းစစ် နေ့တိုင်းတွေ့။ ကျောင်းတောင် ပိတ်ထားရကောင်းမလား စဉ်းစားနေတယ်။ အမှန်ကတော့ ခြင်ဆေးဖြန်းတာ၊ ဖုံးသွန်လဲစစ်တွေ လုပ်ချင်တာ။ ဒေသန္တရ ကျန်းမာရေးစောင့်ရှောက်မှုကြီး ပျက်သွားလို့ LHV တွေ Midwifes တွေ ရှာမရတော့လို့။ HA တွေကလည်း ဒူဂျွန်တွေ လုပ်ကုန်ပြီလေ။ Disease Control ကို ဘယ်သူမှ လုပ်မယ့်သူ မရှိဘူး။
အရင်တုန်းကတော့ ငှက်ဖျားဆေးဆိုတာ မလိုချင်မှ အဆုံး။ ဖောခြင်းသောခြင်းပါ။ အခုကတော့ စစ်ပွဲကာလ မဟုတ်လား။ မရှိ ကိုယ့်ဘာသာဝယ်။ ပစ္စည်းပြတ်လေ ဈေးတင်လေပေါ့။ ရောင်းပေးတာပဲ ကျေးဇူးတင်ရဦးမှာ။ တောထဲကဆေးရုံ စစ်တပ်ကဝင်စီးလို့ ဆေးဘောက်ချာတွေမိရင် ရောင်းပေးလိုက်တဲ့ဆေးဆိုင် ချိတ်ပိတ်ပြီး ပိုင်ရှင်ကို ထောင်ထဲထည့်တာဗျ။ မန်းလေးက ဆေးဆိုင် ၅ ဆိုင်လောက် အဖမ်းခံထားရတယ်။ လိုင်စင်ပိတ်သိမ်းတဲ့ အထူးကုဆေးရုံတွေကလည်း ၄-၅ ခု ရှိတယ်။ စစ်ဗိုလ်စစ်သားများ ဖြစ်လေရာဘဝ သက်ရှည်ကျန်းမာ အနာကင်းဖို့ ကုသိုလ် ယူနေကြတာပ။ ကိုဗစ်တုန်းကတောင် ဒီ့ထက်ဆိုးတာပဲဟာ။ အခုဟာ စာမဖွဲ့လောက်ပါဘူး။
ငှက်ဖျားလူနာတွေက ငှက်ဖျားဆေးချည့် ပေးရတာ မဟုတ်ပါဘူး။ မူးတယ်၊ နုံးတယ်၊ အားပြတ်တယ် ဆိုတော့ အားဆေးပုလင်းကြီးတွေလည်း နေ့တိုင်းလာ ချိတ်ကြသေးတာ။ နဂိုတည်းကိုက မက်ကလောင်ခြစ်ပြီး ဆလိုင်းချိတ်လိုက်ရမှ ဘဝင်ကျတဲ့ အမျိုး မဟုတ်လား။ တစ်မိုးစာ စုထားတဲ့ ဒရစ်ဖာတွေ ကုန်ပါလေရော။ ဘယ်သူပြောတာလဲ။ မိုးတွင်း လမ်းတွေပိတ်ရင် လူနာပါးသွားမယ် ဆိုတာ။ မဟုတ်က ဟုတ်က။ ခေတ်မီဆေးဝါးတွေနဲ့မို့ ငှက်ဖျားဖြစ်တာ မသေနိုင်ပါဘူး လို့လည်း ကံသေကံမ မပြောနိုင်။ အရင်လတုန်းက cerebral malaria ကလေးက organic psychosis ရနေလို့ ဆေးတွေမှာပြီး ထိန်းထားရတယ်။ အခု ဆေးကုန်ပြီ။ မှာထားတာ မရောက်သေး။ လောလောဆယ် သတိလစ်နေတဲ့တစ်ယောက်ကလည်း လုပ်စရာရှိတာ အကုန်လုပ်ပေးပြီး ထိုင်ကြည့်နေရတယ်။ ကိုယ့်ဘက် ပါမလာသေး။ မှာထားတဲ့ဆေးလည်း လမ်းမှာပဲ ရှိသေးတာ။ ဗိုလ်တထောင်ဘုရားသမိုင်းထဲက ဆံတော်ကြိုသလို ရင်ခေါင်းရေမြုတ်တဲ့ထိ ရေထဲဆင်းမျှော်ရမလားမသိ။
ဒီအဖြစ်အပျက်တွေက ကိုယ့်ဆေးရုံတစ်ခုတည်း ကြုံရတဲ့ အဖြစ်အပျက်တော့ မဟုတ်ဘူး ထင်တယ်နော်။ သူများဆေးရုံတွေမှာလည်း ဒီလိုပဲ ရှိလိမ့်မယ်။ ဆရာဝန်မရှိတဲ့ပြဿနာ၊ ဆေးဝါးမရှိတဲ့ ပြဿနာ၊ နိုင်ငံတကာက အထောက်အပံ့မပေးတဲ့ ပြဿနာ မဟုတ်ဘူးလေ။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ပင်ထားလို့ ဖြစ်ရတဲ့ ပြဿနာ။ စစ်ကောင်စီဘက်က စစ်ဆေးရေးဂိတ်တွေမှာ ဆေးဝါးနဲ့ပါတ်သက်တဲ့ ပစ္စည်းကိရိယာတွေတားမြစ်ပိတ်ပင်ထားလို့၊ ဆရာဝန် ဆရာမတွေကို ရှာဖွေဖမ်းဆီးနေလို့၊ ဒဏ်ရာရတဲ့လူနာတွေကို ဖြတ်သန်းပို့ဆောင်ခွင့်မပေးလို့ ကြုံတွေ့ရတဲ့ ပြဿနာတွေပါလေ။ မုန်တိုင်းသင့် စစ်ဘေးသင့် အရပ်တွေမှာ ရာသီဥတုကြမ်းတမ်းလို့ ငှက်ဖျားရောဂါတွေက ကပ်ရောဂါအသွင်နဲ့ ပြန့်နှံ့လာတယ်။ ဒါပေမယ့် ဆေးဝါး နဲ့ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေကို စစ်အစိုးရက ဖြတ်တောက် ပိတ်ပင်ထားတယ်။ အာစီယံဆိုတဲ့ အဖွဲ့ကြီးကတော့ အဲ့ဒီကိစ္စတွေကို လှစ်လျူရှုပြီး အာဏာသိမ်းစစ်ကောင်စီကို နို့ချိုတိုက်ကျွေး မေ့ရင်သွေးလုပ်မလို့ သိမ်းသွင်းချော့မြှူနေတယ်။ ကမ္ဘာပေါ်မှာ ဒီ့ထက်ရှင်းလင်းပြတ်သားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နမူနာပြစရာ မရှိဘူး။ မသိမမြင်တာလား။ ဉာဏ်မမီတာလား။ တရုတ် နဲ့ ရုရှားကို မလွန်ဆန်ဝံ့တာလား။ အကုန်လုံး ပါလိမ့်မယ် ထင်ပါတယ်။
မျှော်တုန်းမျှော်ဆဲမှာပဲ ဆေးတွေရောက်လာလို့ လူကိုယ်တိုင်ထွက်ပြီး သွားယူလိုက်တယ်။ တော်ပါသေးရဲ့ အလျဉ်မီရုံကလေးရယ်။ သို့သော် ထပ်မှာရဦးမယ်။ မလောက်သေးဘူး။ ဒီလထဲမှာ ငှက်ဖျားလူနာက ၁၀၀ ကျော်နေပြီ။ ခုထက်ထိ မရပ်သေးဘူး။ လာနေတုန်း။ ရှေးတုန်းက ရွှေတော ငှက်တောထဲသွားရရင် အသေအပျောက်များလွန်းလို့ ဆိုတာ အခုလို ငှက်ကိုပြောတာနေမှာ။ ward ထဲက လူနာကိုတော့ ICU ထဲကလိုပဲ unconscious care နဲ့ ပြုစုနေရတယ်။ အောက်ဆီဂျင်တွေ ကုန်သလား မမေးနဲ့။ မိုးကရွာ၊ လမ်းကပျက်၊ ဂိတ်ကဖမ်း၊ ဆေးကကုန်၊ လူနာကပုံ။ ချာလပတ်ကို ယမ်းနေရော။
ဘယ်လောက်ပဲ အခက်အခဲ အတားအဆီးတွေ များပလေ့စေ။ အဖက်ဖက်က ဝိုင်းဝန်းကူညီ ပံ့ပိုးတဲ့သူတွေ လျော့မသွားပဲ တိုးလာတဲ့အတွက် ကိုယ်တို့ဆေးရုံကလေးက တနေ့ထက်တနေ့ ပြည့်စုံလာပါတယ်။ ကျား လူနာဆောင် မ လူနာဆောင်အပြင်ကို war injury နဲ့ လူနာတွေ သပ်သပ်ထားဖို့ နောက်ထပ် လူနာဆောင်တစ်ဆောင် ဆောက်နေပြီ။ ဓါတ်မှန်ဆောင်တစ်ဆောင်လည်း ဆောက်နေပြီ။ ရင်ခွဲရုံ ဇရပ်တစ်ဆောင်လည်း ဆောက်မှဖြစ်တော့မယ်။ cerebral malaria နဲ့ PDF ကလေးက အခုလေးတင်ပဲ ဆုံးသွားရှာပြီ။ သူ့မိဘဆွေမျိုးတွေလည်း လိုက်မလာနိုင်ကြ။ လူနာဆောင်ထဲမှာပဲ ဘုန်းကြီးပင့်၊ တရားနာ၊ အသုဘကိစ္စဆောင်ရွက်ရတာ တခြားလူနာတွေအတွက် အဆင်မပြေပေမယ့် ဒီလိုပဲလုပ်ရတယ်လေ။
တော်လှန်ရေးကာလအတွင်းမှာ အမည်နာမ မထင်ရှားတဲ့ အညတြလူငယ်ကလေးတွေ အသက်ဆုံးရှုံးရတာ အများကြီးပါ။ သူတို့က မသိနားမလည်လို့ သူများသွေးဆောင် ဖြားယောင်းရာ ပါပြီး ဒီလမ်းပေါ် ရောက်လာကြတာ မဟုတ်ဘူး။ မြို့ပေါ်မှာ သူတို့သူငယ်ချင်းတွေ ဘားသွား၊ ကလပ်တက်၊ အနေအစားမပျက် ရှိနေကြမှန်း သူတို့ကိုယ်တိုင်လည်း သိပါတယ်။ ဒီလမ်းကိုလျှောက်ရင် သေတတ်မှန်းလည်း မသိစရာ မရှိ။ သူတို့မျက်စိအောက်မှာတင် ခွဲခွါသွားရတဲ့ သူငယ်ချင်း ရဲဘော်တွေ ဘယ်မေ့နိုင်ဦးမလဲ။ မိဝေးဖဝေး တောထဲတောင်ထဲမှာ နာနေဖျားနေတဲ့အခါ အိမ်ပြန်ချင်တယ် ဆိုတဲ့စိတ်လည်း မပေါ်ပဲ ဘယ်နေမှာလဲ။ အဲ့ဒါတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးလို့ ထုံနေပြီ။ ဘာခံစားချက်မှ မရှိကြတော့ဘူး လို့ ပြောရင် ယုံပါ့မလား။ ကိုယ်ကတော့ ယုံတယ်။ ကိုယ်ကိုယ်တိုင်လည်း သူတို့နဲ့အတူတူပဲ ဥစ္စာ။ သူတို့ခံစားတဲ့အတိုင်း ခံစားရတာပေါ့။ ဒီအချိန်ထိအောင် ဘယ်သူကမှ နောက်ပြန်မလှည့်ပဲ ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ စိတ်ဓါတ်ကို ကိုယ်တို့အချင်းချင်းပဲ သဘောပေါက်ပါတယ်။ လက်နက်မဲ့ပြည်သူတွေကို လက်နက်မျိုးစုံကိုင်ဆောင်ထားတဲ့ စစ်တပ်က အကြမ်းဖက် ချေမှုန်းရာကနေ နောက်ဆုံးတော့အဲ့ဒီစစ်တပ်ကိုယ်တိုင် လက်နက်ချ အညံ့ခံရတဲ့အချိန်ကို ရောက်လာပြီလေ။ မြန်မာ မှာရော ကမ္ဘာမှာရော။ နောက်နောင် စစ်တပ်က အာဏာသိမ်းပြီး ပြည်သူကို သတ်ဖြတ်တယ် ဆိုရင် ဘယ်သူကမှ ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူးဆိုတာ နမူနာသာဓက ပြရဦးမှာပေါ့။
ကက်ဆက်ကြားထဲညပ်သွားရင် ဆယ်လိုတိပ်လေးနဲ့ ကပ်ပြီး ပြန်ဆက်ရတဲ့ C60 တိတ်ခွေကလေးတွေကို ဒီခေတ်မှာ ဘယ်သူမှ နားမထောင်ကြတော့ဘူး။ အောက်စက်ဘေးနားမှာ အရက်ပျံနဲ့ ဂွမ်းထုပ်ကလေးထားပြီး ချေးဆေးဆေးကြည့်ရတဲ့ ဗီဒီယိုတိတ်ခွေတွေကိုလည်း ဟောဒီက တောကြိုအုံကြားမှာတောင် မကြည့်ကြတော့ဘူး။ နဂ္ဂတစ် ဖလင်အခွေလိုက်ကြီးကို ကပ်ကြေးနဲ့ညှပ်ပြီး တည်းဖြတ်ကူးဆက်ယူရတဲ့ ရုပ်ရှင်ကင်မရာကြီးတွေကိုရော သုံးတဲ့သူ ရှိသေးလို့လား။ ခေတ်စံနစ်ရဲ့ ရေစီးကြောင်းအောက်မှာ အဟောင်းတွေဟာ ပျောက်ကွယ်ကျန်ရစ်ခဲ့ရစမြဲပဲ။ သူများနိုင်ငံတွေမှာ ဟယ်လီကော်ပတာနဲ့ လူနာပို့ပြီး robotic surgery လုပ်နေတဲ့ခေတ်မှာ ကိုယ့်ဆီမှာတော့ တစ်ရက် ၄ နာရီ အလှည့်ကျ မီးပေးပြီး ငှက်ဖျားရောဂါကို အသေအကြေ ကုယူရတဲ့ခေတ်ကို ပြန်သွားနေတာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ မြန်မာတနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စစ်တပ်အုပ်ချုပ်တာ လက်ခံမယ့်သူ တစ်ကောင်တစ်မြီးမှ မရှိဘူးဆိုတာ လက်တွေ့ သိမြင်စေရမယ်။ မင်းတို့ခေတ် ကုန်ပြီ။ မင်းတို့ကို ဘယ်သူမှ သုံးစားမယ့်သူ မရှိဘူး။ ပုံနှိပ်စာမူတွေမှာ မင်အမည်းကြီးနဲ့ ပိတ်အုပ်ထားသလိုမျိုး၊ ဘုရားစောင်းတန်းက အလှူကမ္ဗည်းတွေမှာ နံမည်တွေ ပြန်ဖြုတ်သွားသလိုမျိုး၊
စစ်ဗိုလ်စစ်သားတွေရဲ့ ဖြစ်တည်မှုမှန်သမျှ အငုံ့စိတ်နဲ့ နှုတ်ပိတ် ဇာတ်မြှုတ်နေထိုင်သွားရမယ်။
တို့ဆေးရုံမှာ သန့်ရှင်းရေးလုပ်တဲ့ကလေးကအစ စမတ်ဖုန်းသုံး ဖေ့စ်ဘုတ်ဖွင့်ပြီး တစ်တော့ဆော့နေတဲ့အချိန်မှာ တပ်ထဲက ဗိုလ်ကတော်တွေ အစိနှိပ်တောင် တပ်ရေးဗိုလ်ကြီး PW ပေးထားပြီး သုံးနေရတယ်ဆို။ စစ်တပ်မီဒီယာကလွဲရင် ဘာသတင်းမှ နားမထောင်ရ အမိန့်တောင် ထုတ်ရသေးသတဲ့။ ဟ ဟာဟာဟ ရယ်လိုက်ကြ။ ရှေ့ဆက်ရမယ့် အပြောင်းအလဲ အချိုးအကွေ့တွေမှာ တပ်ထဲကလူတွေ ကိုယ်တိုင်က တပ်တွင်းတော်လှန်ရေးလုပ်လာကြတော့မှာကို သာသာယာယာလေး ထိုင်ကြည့်ရုံပဲ။ အခုတောင် သူတို့ရပ်ကွက်ထဲ ပူပြင်း လောင်မြိုက်နေတာတွေ တွေ့တယ်မှလား။ ကရင်နီဘက်က လာလေမလား။ တောင်ငူဘက်က လာလေမလား။ မကွေးဘက်က လာလေမလား။ သောကတွေ ပွေနေရင်းကနေပြည်တော်မှာတင် ကိုယ့်ဂိုးကိုယ် ပြန်ရှူးမယ့်သူ ပေါ်လာမှ ယူကြုံးမရ ဖြစ်ရလိမ့်မယ်။ သတိအကြီးကြီး ထားနေနော်။ ညည မအိပ်နဲ့။ ဘယ်သူ့ကိုမှလည်း မယုံနဲ့။ သိလား။ ကိုယ်တောင် ဘယ်သူ့အပေါ်မှ သစ္စာမရှိခဲ့တာ။ ကိုယ့်အပေါ်လည်း ဘယ်သူကမှ သစ္စာမရှိဘူး။ အပြန်အလှန်ပဲ။ ကြင်စိုးဘဝကြီးက အဲ့လိုကြီးပါလား။ ဝမ်းသာလိုက်ထာဗျာ။
“မိုး ရွာတိုင်း
ရင်ဘတ်မှာ အသစ်တဖန်ဖြစ် အဟောင်းဇာတ်လမ်းတွေ။
သေမလောက်ခံစားရ။
တိတ် တိတ်ကလေး
နောက်ကျောကထိုးမှာစိုးလို့
ရင်ကော့ပေးမိမှ။
တကယ်လုပ်ရက်သွားတာ။
အမှန်မဟုတ်ပဲ
အပျော်တမ်း ယုံတမ်း
သူ ပုံပြင်တွေပြောသွား။
မထင်မှတ်ပဲ
ကြုံမှ ယုံရ
အကုန် မာယာတွေချည့်ပါ။”