အခုရက်ပိုင်း ဆေးခန်းမှာ စည်ကားနေတာကတော့ ငှက်ဖျားပါ။ စစ်လိုက်ရင် တစ်နေ့ သုံးလေးယောက်လောက် ပိုးတွေ့နေပါတယ်။ မတွေ့လည်း သူတို့အဖျားက ငှက်ဖျားဆေးပေးမှ သက်သာတယ်။ ဆေးရုံက ဆရာလေးတွေတောင် ငှက်ဖျားပိုးတွေ့လို့ ဆေးသောက်နေရပြီ။ ဆေးရုံမှာရှိတဲ့ ငှက်ဖျားဆေးတွေလည်း ကုန်သွားလို့ ထပ်မှာနေရပြီ။ မနှစ်ကတုန်းက ငှက်ဖျားလူနာ ဒီလောက် မရှိပေမယ့် ဒီနှစ်တော့ outbreak ဖြစ်တယ် ပြောရမလိုပဲ။ ကိုယ်ကိုယ်တိုင်တောင် ဘယ်နေ့ဖြစ်မလဲ မသိနိုင်ဘူး။ ညနေညနေဆို ခြင်တွေ တအားပေါလာပြီ။ မြန်မာပြည်မှာ အလုပ်လုပ်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ငှက်ဖျားဆိုတာ ကြောက်စရာ လို့တော့ မမြင်ပါဘူး။ ငှက်ဖျားနဲ့သေတဲ့ လေပါတီမမြရင်တောင် အနှစ် ၁၀၀ ပြည့် အငြိမ့်ပွဲလုပ်တာ ၁၀ နှစ်လောက် ရှိနေပြီ။ ကျုပ်တို့ဆီ ခုထက်ထိ ငှက်ဖျားကို နိုင်အောင် မကုနိုင်သေးဘူး။ ဆေးတွေဝါးတွေကတော့ ပိုခေတ်မီလာတာ အမှန်ပဲ။ သို့သော် အဲ့ဒီဆေးဝါးတွေက စစ်ကြောင့် ကစဉ့်ကလျား ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေဆီ မရောက်နိုင်တာကသာ ပြဿနာ။ သိတဲ့အတိုင်းပဲလေ။ ရခိုင်က လေဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာ အထောက်အပံ့ ပစ္စည်းတွေတောင် မဝင်အောင် မရောက်အောင် ပိတ်ပင် တားဆီးထားတဲ့ စစ်အစိုးရ မဟုတ်လား။ ဒီဘက်မှာလည်း ဆေးဝါးပစ္စည်းတွေ လူနာတွေဆို စစ်ခွေးဂိတ်တွေက ဖြတ်လို့မရဘူး။ ကုန်စိမ်းသည်ဆီက ဟင်းရွက်ထုပ်တောင် ဘက်နက်နဲ့ထိုးကြည့်ကြတာ။ စစ်သားတွေခမျာလည်း တနေ့တနေ့ ဂိတ်ကြေးသာကောက်နေရတယ်။ တရားနှလုံးသွင်း မပျက်ရှာပါဘူး။ “ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။” ဆိုတဲ့စိတ်နဲ့ နေရာတိုင်းမှာ ရန်သူလာပြီချည့် ထင်နေကြသတဲ့။
ဒီအခြေအနေမျိုးမှာ ဒဏ်ရာရတဲ့ ကလေးတွေ ကိုယ့်ဆီ လာရတာ ဘယ်လောက် ခက်ခဲမလဲ စဉ်းစားကြည့်ပါ။ ပုံမှန်ဆို ၂ နာရီလောက်နဲ့ ရောက်မယ့်ခရီးကို နေကုန်နေခမ်း လာရရှာတယ်။ ကိုယ်တို့လည်း မနက်ခင်း ဖုန်းရကတည်းက ခွဲခန်းအသင့်ပြင်ပြီး စောင့်နေတာပါ။ လမ်းခရီး လုံခြုံပါ့မလား စိတ်တထင့်ထင့်။ အနမ့်ပါတုန်းကဆို ၂ ရက်လောက်နေမှ ရောက်လာတယ်လေ။ စစ်သည်တော်ကျင့်ဝတ်တောင် နားမလည်တဲ့ကောင်တွေကို Geneva Convention အကြောင်း ပြောနေလည်း အပိုပါပဲ။ ဒီကောင်တွေနဲ့ ဘာစကားမှ အချေအတင် ပြောစရာ အကြောင်းမရှိတော့ဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်ရုံသာ။
လူနာရောက်တော့ ထုံးစံအတိုင်း shock နဲ့ပါ။ သွေးတစ်လုံး သွင်းလျက် တန်းလန်းပါတယ်။ Donor တစ်ယောက်လည်း လိုက်လာတယ်။ ဒါပေသိ ဒီလောက်နဲ့တော့ မရသေးဘူး။ နောက်ထပ် Donor တစ်ယောက်ရှာ၊ သွေးနှစ်လုံး လက်ထဲရောက်မှ ခွဲခန်းဝင်ကြတယ်။ လူနာကလည်း အဲ့ဒီချိန်ကျမှ သွေးပေါင်ပြန်တက်လာတာကိုး။ သူ့ဘာသူ လမ်းမှာ ဘယ်လောက် ကြာကြာလေ။ ကိုယ့်ဆီရောက်မှတော့ မကြာစေရဘူး။ သေနတ် ဒဏ်ရာက ရင်ဝမှာ ရှိတယ်။ အပေါ်နည်းနည်းရောက်လို့ chest tube ထည့်ဖို့တော့ ပြင်ထားပါတယ်။ သို့သော် ဗိုက်ထဲမှာလည်း သွေးထွက်တဲ့ပုံရှိလို့ ဗိုက်လည်း ဖွင့်ရနိုင်တယ်။ ဘယ်ဟာ အရင်လုပ်ရမလဲ ဆိုတော့ chest က အရေးကြီးတာပေါ့။ သူ့ကို အရင်လုပ်ဖို့ မှန်းတယ်။ မေ့ဆေးပေးပြီး အနာဝကို လက်နှိုက်ကြည့်လိုက်တဲ့အခါမှာတော့ “ဟိုက်” ကနဲ ဖြစ်သွားတယ်။ လက်ညှိုးက ရင်ခေါင်းထဲကို တဆုံးဝင်သွားတယ်။ သို့သော် လက်နဲ့ သပ်ချလို့ရတဲ့အရာက အဆုတ်မဟုတ်ဘူး။ အသည်းကြီး ဖြစ်နေတယ်။ သွားပါပြီ။ Diaphragm ကို ပေါက်ထွက်သွားတာပဲ။
စိတ်ကို အေးအေးထားပြီး chest tube ထည့်တဲ့အလုပ်ကို အရင်လုပ်ပါတယ်။ သွေးတွေအများကြီး ထွက်လာပေမယ့် function ကောင်းကောင်း မလုပ်ဘူး။ ဘယ်လုပ်မလဲ။ diaphragm က အပွင့်ကြီးပဲဟာ။ အဲ့ဒီအပေါက်ကြီး မပိတ်သ၍ အသက်ကောင်းကောင်း ရှူလို့ ရမှာ မဟုတ်။ ဗိုက်ဖွင့်ပြီး အသည်းရှေ့ကို လက်နှိုက်လိုက်တော့ ရင်ခေါင်းထဲရောက်သွားတယ်။ အဲ့ဒီအပေါ်ကို ဘယ်လိုမှ လက်နှိုက်ပြီး ချုပ်လို့ရမှာ မဟုတ်။ သေနတ်ဒဏ်ရာကို ဓါးနဲ့ချဲ့ပြီး ပြဲနေတဲ့ Diaphragm အစတွေကို လှမ်းကိုင်၊ အပေါ်ကနေပဲ ကပ်ကပ်သပ်သပ် လုံအောင်ပိတ်ချုပ်ရတယ်။ ပြီးမှ အနာကို တစ်လွှာချင်း ပြန်ပိတ်။ လေလုံမှပဲ chest tube က ပြန်အလုပ်လုပ်တော့တယ်။
တစ်ရန်တော့ အေးပြီ။ ဒါပေသိ ကျည်ဆန်ကို မတွေ့သေးဘူး။ ဗိုက်ထဲကို ကြည့်ရဦးမယ်။ ဗိုက်ထဲမှာလည်း သွေးတွေထွက်နေတာ မနည်းပါလား။ ထိစရာတော့ liver ပဲ ရှိတာလေ။ လက်နဲ့စမ်းတာတော့ အသည်းကွဲနေပြီ ထင်တယ်။ ခေါင်းမှာ မီးလုံးတပ်ပြီး ဟိုးအထဲချောင်းကြည့်မှ စောစောက Diaphragm အပေါက်နဲ့ တည့်တည့်မှာ stellate laceration ကြီးတွေ့တယ်။ ကျည်ဆန်က အဲ့ထဲမှာ ရှိမယ်။ ဒါပေမယ့် အတင်းမကလော်ရဲဘူး။ ခုတိုင်းလေးက သွေးတိတ်နေတာ။ ကိုယ်နှိုက်လိုက်မှ ဒလဟော ထွက်လာရင် လိုက်ဖမ်းလို့လည်း မိမှာ မဟုတ်။ ဒီတိုင်းလေးပိတ်ချုပ်ပြီး ကျည်ဆန်ကို အသည်းတနေရာမှာ အမှတ်တရ သိမ်းထားခိုင်းလိုက်တော့မယ်။ ဒါတောင် အဲ့လောက်နေရာ ကျဉ်းကျဉ်းကြပ်ကြပ်မှာ မနည်းနှိုက်ပြီး ချုပ်ရတာ။ သွေးက နောက်ထပ် မရနိုင်တော့ဘူး။ အခုတောင် ၃ လုံးရှိပြီ။ တောထဲတောင်ထဲ ညကြီးအချိန်မတော် သွေးလှူရှင် ဘယ်ကသွားရှာမလဲ။
ရင်ခေါင်းလည်း ခွဲရ၊ ဗိုက်လည်း ခွဲရနဲ့။ မပြီးသေးဘူး။ ခြေသလုံးမှာ အဝင်ဒဏ်ရာ အထွက် ဒဏ်ရာနဲ့ ၂ ပေါက်ကျန်သေးတယ်။ သူ့လည်း နှိုက်ကြည့်လိုက်တော့ Tibia ကို ထုတ်ချင်းပေါက် ထွက်သွားတယ်။ External fixators တွေ ရှိပေမယ့် ပေါင်းမထားရသေးဘူး။ ကိုယ်လုပ်နေကျလည်း မဟုတ်ဘူး။ အရိုးက အပေါက်ကို Bone wax နဲ့ ဖြည့်ပြီး သွေးတိတ်အောင်ပဲ လောလောဆယ် လုပ်လို့ရမယ်။ နောက်ရက်ကျမှ PoP စည်းပြီး အရိုးဆရာဝန်ဆီ လွှဲဖို့လုပ်မယ်။ မေ့ဆေးပေးထားတာ ၂ နာရီကျော်နေပြီ။ တော်ကြာ အနှိုးရခက်နေမယ်။ မနက်က ခွဲထားတဲ့ advanced Ca Breast ကလည်း ၃ နာရီတောင် ကြာထားတာ။ Assist ဝင်တဲ့ ဆရာလေးတောင် ခေါင်းမူးလို့ ထွက်ရတယ်။ နောက်နေ့ကျ ငှက်ဖျားပိုးတွေ့တယ်လေ။
Surgeon တစ်ယောက်အတွက် operation တွေဆိုတာ အမြဲတမ်းတော့ လွယ်မနေဘူး။ တခါတလေလည်း ခဲရာခဲဆစ် ပင်ပင်ပန်းပန်း လုပ်ရတာတွေ ရှိတယ်။ အခက်အခဲ ကျဉ်းထဲကြပ်ထဲကို ရောက်သွားတဲ့အခါလည်း ရှိတယ်။ ရင်ထဲမှာ ဒိန်းကနဲ “ဟိုက် သွားပြီဟ။” လို့ ဘုရားတရတဲ့ အချိန်တွေလည်း ရှိတယ်။ အဲ့လိုအချိန်မျိုးမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့က အလေ့အကျင့် လိုတယ်။ မေ့ဆေးတွေ ပေးနေကျ ဥပမာအတိုင်း ပြောရရင် ကိုယ်တို့တစ်ဖွဲ့လုံးဟာ လေယာဉ်တစ်စီးတည်း စီးမိကြပြီ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလို့ မရဘူး။ မေ့ဆေးစပေးကတည်းက flight mode on ပြီး ကျန်တဲ့ကိစ္စတွေ ခေါင်းထဲက ထုတ်ပစ်လိုက်တော့။ လူနာက အန္တရာယ်ကင်းကင်းနဲ့ safely landed မဖြစ်မချင်း ကိုယ့်မှာ တာဝန်ရှိတယ်။
ငယ်တဲ့သူတွေက ဒါတွေ မသိပါဘူး။ ငယ်ရာက ကြီးလာတိုင်းလည်း အလိုလို သိမသွားဘူး။ ကိုယ့်ဟာကိုယ် lessons တွေကနေ learn လုပ်ရတာ။ ဒါလည်း learn လုပ်တတ်တဲ့သူမှ ရမှာ။ အင်္ဂလန်က ဘုရင်မကြီးဆီမှာ စကပ်ဖိုးပေးပြီး fellowship ဖြေလည်း သူတို့က စာမေးပွဲကောက်စစ်ပြီး “အောင်ပြီ သား။ အောင်ပြီ။” လို့ပဲ လက်မှတ် ပေးလွှတ်လိုက်မှာ။ ဒီဟာတွေ သင်မပေးဘူး။ သင်ပေးလည်း အသင်မခံချင်ကြပါဘူးလေ။ အပိုဆာဒါး အာဝါဒါးတွေပဲ မှတ်မှာ။ ဒါတွေသင်မယ့်အစား အပြင်မှာခွဲရင် assist ခေါ်ဖို့ပဲ အရေးကြီးပါတယ်နော့။
ဆရာဝန်ဆိုတာ ငယ်ရာက ကြီးလာကြတာချည့်ပဲ။ PG အောင်ပြီးစ YGH မှာ SAS လုပ်ရတဲ့ အခြေအနေ၊ Worker’s မှာ FA လုပ်ရတဲ့ အခြေအနေ၊ လောက်ကိုင်မှာ independent surgeon အနေနဲ့ ရပ်တည်ရတဲ့အချိန်၊ ဘူတန်မှာ၊ အမ်းမှာ၊ အဲ့ဒီနောက် YGH မှာ၊ အခု တောထဲမှာ။ ကိုယ့်ရဲ့ learning curve ဟာ အဆက်မပြတ်တော့ ဆက်သွားနေတာပဲ။ လုပ်ပုံကိုင်ပုံရော တွေးပုံခေါ်ပုံရော မတူတော့ဘူး။ “ဘာတွေဖြစ်သွားပြီလဲ။ ပို တော်လာလို့လား။” လို့တော့ မမေးပါနဲ့။ ကိုယ့်အကြောင်းကိုယ် သူများပြောမှ သိရတဲ့ အခြေအနေလည်း မဟုတ်ဘူး။ ကိုယ့်အပေါ် သူများရဲ့ အထင်အမြင်တွေကိုလည်း အဲ့လောက် ဂရုမစိုက်တတ်ဘူး။ အရေးကြီးတာ ကိုယ်လုပ်သမျှ အပေါက်အလမ်းတည့်တည့် အမှားအယွင်းမရှိအောင် လုပ်နိုင်ဖို့ပဲ လိုတာလေ။ ဘယ်လောက်ပဲခက်ခက် ဘယ်လောက်ပဲလွယ်လွယ်။ အဲ့ဒါမှ professional ပီသတယ် လို့ ခေါ်မှာပေါ့။
CDM လုပ်လို့ တောထဲရောက်နေတာပဲ ၂ နှစ်ရှိပြီ။ ဒါပေမယ့်လည်း ကိုယ့်မှာ ဒီရောက်မှ learn လုပ်ယူရတဲ့ အတွေ့အကြုံတွေ ပြောလို့မကုန်အောင်ပဲနော်။ ultrasound လည်း ကိုယ့်ဘာသာ ထောက်တတ်ပြီ။ မေ့ဆေးလည်း ကိုယ့်ဘာသာပေးတတ်ပြီ။ Brachial block လည်း ထိုးတတ်ပြီ။ Parotid tumor လည်း ခွဲတတ်ပြီ။ ဒီတစ်ခါတော့ diaphragm အပေါက်ကြီးကို ရင်ခေါင်းထဲက တက်ချုပ်တတ်ပြီ။ သေနတ်ဒဏ်ရာမျိုးစုံ၊ မိုင်းထိဒဏ်ရာမျိုးစုံ၊ လက်နက်ကြီးထိတဲ့ ဒဏ်ရာမျိုးစုံ ကြုံဖူးသွားပြီ။ တစ်နှစ်အတွင်း လူနာ ၃၀၀ လောက် ခွဲတယ်ဆိုတာ ကိုယ့်သက်တမ်းတလျှောက် အများဆုံးပမာဏပဲ။
ဟား အိုက်လောက်တောင် ခွဲနေရမှတော့ ပိုက်ဆံတွေ ထားစရာနေရာ ရှိမှာ မဟုတ်ဘူးနော့။ ဟုတ်ပ။ ထားစရာ မရှိတာ နေရာ မဟုတ်ပါဘူး။ ပိုက်ဆံကို မရှိတာပါ။ ဒါပေမယ့် ကိုယ်လိုချင်တာ ပိုက်ဆံ မဟုတ်ဘူးလေ။ အလကားခွဲပေးတာကို လိုချင်တာ။ အဲ့သလောက်များတဲ့လူနာတွေကို အခမဲ့ ခွဲပေးနိုင်ခဲ့တယ်။ ကောင်းအောင်ခွဲပေးနိုင်ခဲ့တယ်။ အသေအပျောက် မရှိအောင် ခွဲပေးနိုင်ခဲ့တယ်။ ကြည့်စမ်း ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းသလဲ။ ဒီအချိန် ဒီကာလကြီး အတွင်းမှာလေ။ ကျန်တာ ဘာမှ စဉ်းစားစရာ မလိုဘူး။ အဲ့ဒါနဲ့တင် ကျေနပ်တယ်။ အပြင်ဆေးခန်းတွေမှာ သူခိုးဖမ်းသလို လိုက်ဖမ်းနေပြီး “CDM ဆရာဝန်ဆို လာမခွဲစေနဲ့နော်။ အလုပ်မခန့်နဲ့နော်။” ဆိုတဲ့ လောက်ထီးလောက်မတွေကို ထွီကနဲ မျက်ခွက်တံတွေးနဲ့ထွေးလိုက်ရသလိုကို ကျေနပ်တယ်။ နင်တို့လည်း ဒီကျောင်းက ဆရာဝန်ဖြစ်ခဲ့တာ။ ငါလည်း ဒီကျောင်းက ဆရာဝန်ဖြစ်ခဲ့တာ။ ဘယ်သူက ဆရာဝန် စစ်သလဲ။ ဖြေစမ်း။
ဆရာဝန်ဖြစ်ကာစက JICA ဆေးရုံကို ရောက်သွားတဲ့အခါ ပထမဦးဆုံးရောက်တဲ့ ward က Surgical ward ပါ။ FA လုပ်တဲ့ ဆရာဦးခင်မောင်ကြည်ရော၊ team leader လုပ်တဲ့ မပြုံးမာဆွေတို့ ကိုခင်ဇော်တို့ရောက ကိုယ့်ကို ခိုင်းလည်းခိုင်းတယ်။ သင်လည်းသင်တယ်။ ဘွဲ့လွန်ဖြေရင် Surgery ပဲ ဖြေစေချင်ကြတယ်။ မေ့ဆေးကိုရောက်သွားတော့ အမကြီး ဒေါ်ကြည်ကြည်စန်းက မေ့ဆေးဖြေပါလားပဲ တိုက်တွန်းတယ်။ သင်လည်း သင်ပေးတယ်။ Uro Surgical ရောက်တော့လည်း ဆရာဦးတိုးလွင် က MMA မှာ သူ့မိန်းမ နဲ့တွေ့လို့ မိတ်ဆက်ပေးတဲ့အခါ “အဲ့ဒါ ကိုစိုးမင်း လေ။ One day, he’ll become a surgeon.” လို့ ပြောသွားတာ။ အဲ့ဒီအချိန်ကတည်းက Surgeon ဖြစ်ချင်တဲ့စိတ် ကိုယ့်မှာ ရှိတယ်။ မကောင်းတဲ့အရာတွေကို ဖြတ်တောက်ဖောက်ထုတ်ချင်လို့။ မှားနေတဲ့အရာတွေကို မိမိရရ ကိုင်တွယ်ပြုပြင်ချင်လို့။ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်လှစ်စောကြောနိုင်ဖို့။ အဲ့ဒါ အကုန်ပဲ။ အပြင်မှာ ခွဲစားရင် ပိုက်ဆံရလို့ ဆိုတဲ့အတွေးကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ခုထက်ထိလည်း ခွဲမစားဖူးဘူး။ နောက်ဆုံးတော့ ကိုယ်နဲ့သင့်တော်မယ့် ခွဲစိတ်ဆေးရုံတစ်ရုံကို ကိုယ်ကိုယ်တိုင်ပဲ မတည်ထူထောင်ဖြစ်သွားပါတယ်။ ဒါလည်း ကံအကြောင်းတရားက ဒီလိုဖြစ်ဖို့ဖန်လာတာ ဖြစ်ချင်ဖြစ်မှာ။ ငယ်ငယ်က သင်ထားခဲ့တဲ့ မေ့ဆေးပညာအခံရှိလို့ အခု ကိုယ့်ဘာသာ မေ့ဆေးပေးပြီး ခွဲနိုင်တာ။ AYA center မှာ ဝင်လုပ်မထားဖူးရင်လည်း ဆယ်ဇင်းမှာ ကိုဗစ်စင်တာထောင်ဖို့ ဘယ်ဖြစ်နိုင်မှာလဲ။ လိုင်းပေါ်မှာ စာစောင့်ဖတ်တဲ့ ပရိသတ် မရှိရင်လည်း ဒီဆေးရုံလေးကို လည်ပတ်ဖို့ support လုပ်မယ့်သူ ရှိမှာ မဟုတ်ဘူး။ အရာအားလုံးဟာ ရှေ့ကပြုခဲ့ဖူးတဲ့ ကောင်းမှုကုသလ ရှိလို့သာ နောက်ပြုမယ့် ကောင်းမှုကုသလတွေကို အထောက်အပံ့ ဖြစ်သွားစေခဲ့တာချည့်ပဲ။ “ပုရိမာ ပုရိမာ ကုသလာဓမ္မာ” ဆိုတာတွေပေါ့။ သေမှာကြောက်လို့ ပဌာန်းပွဲလုပ်နေသူတွေ နားမလည်နိုင်ပါဘူးလေ။
တနေ့တနေ့ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာထိုးရတာလည်း ရိုးပဲ မရိုးနိုင်ဘူးနော်။ ကြော်ငြာဆိုတဲ့သဘောက ရောင်းမယ့်ပစ္စည်းကိုပဲ လူသိအောင် လုပ်ရတာ မဟုတ်လား။ ကိုယ်က ရောင်းမှ မရောင်းပံ။ အလကားပေးနေတာ။ ဘာကြော်ငြာမှ မလိုဘူး။ အမ်းမှာတုန်းက 80% burn လူနာကို မသေအောင် ကုနိုင်လို့ ဝမ်းသာအားရ Facebook ပေါ်တင်တဲ့အခါ “ဆရာဝန်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာမဝင်ရဘူး။ အက်သစ်နဲ့မညီဘူး။” လို့ ဘလိုင်းကြီး လာဖဲ့ပါလေရော။ ကြော်ငြာဝင်ရအောင် ဆေးခန်းမှာခွဲပြီး “ဒေါက်တာစိုးမင်း အားကြီးကောင်း။” ထအော်နေတာမှ မဟုတ်တာ။ ဘာဆေးမှလည်း ထိုးမရောင်းနေပါဘူး။ online shopping လည်း လုပ်မနေပါဘူး။ လိုင်းပေါ်မှာ followers ရှာပြီး ပါတီထောင်မယ်လည်း စိတ်မကူးပါဘူး။ ဘယ့်နှယ့်ဘယ့်နှယ်ကြောင့် ကျင့်ဝတ်ကြီးနဲ့တောင် လာကိုင်ပေါက်နေရပါလိမ့်။ ရာရာသသ။
ကိုယ့်ရဲ့ ဆရာဝန်ဘဝမှာ ငွေရေးကြေးရေးနဲ့ ပါတ်သက်ပြီး ဘယ်သူ့ဆီကမှ သေးသေးတင် မခံခဲ့ဘူး။ လုံးကြီးတင်လည်း မခံခဲ့ဘူး။ ဟောက်ဆာဂျင် ဘဝမှာကတည်းက “ဆရာဝန်ဆိုတာ ပေးမှ ကျွေးမှ ငါတို့လူနာ ဂရုစိုက်တာ။” ဆိုတာမျိုး အကျောမခံနိုင်လို့ အဲ့ဒီကိစ္စတွေ ကင်းအောင်နေတယ်။ အရှင်မွေးရင် နေ့ချင်းကြီးမှန်းလည်း သိတယ်။ မွေးချင်တဲ့သူတွေလည်း ရှိပါလျက်နဲ့ သူများလက်သပ်မွေးမှ ၃ ဂါဝုတ်ကြီးကြီးလာတဲ့ ဟာနုမာန် မဖြစ်ချင်လို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ကိုယ် ကြိုးစားတာ။ ဒီ့ထက်ပိုမကြီးနိုင်ရင်လည်း ရှိပါစေတော့။ ပင်စင်ယူဖို့ ငါးနှစ်လောက်အလိုထိ လောက်လောက်လားလား ပိုင်ဆိုင်မှု ဘာတစ်ခုမှ မရှိသော်ငြား နေလည်း နေပျော်တယ်။ သေရင်လည်း သေပျော်တယ်။ ဒီ့ထက်ပိုပြီး ဘာကိုမှ မရချင်။ နံမည်လည်းကြီးစရာ မလိုဘူး။ ကိုယ့်ဘဝက အမေမိဘမွေးကတည်းက အကုန် အပြည့်အစုံပါတယ်။ ရုပ်ရည်လည်း မချို့တဲ့။ ဉာဏ်ရည်လည်း မချို့ငဲ့ဘူး။ အသိ အလိမ်မာ၊ ဉာဏ်ပညာ။ ဘယ်နေရာမှ သူများအောက် နောက်ကျကျန်ရစ်တာ မရှိဘူး။ ဒီနေ့ ကိုယ်ဖြစ်နေတဲ့ ဆရာဝန်ဘဝဟာ ကိုယ့်ကို သွန်သင်ပျိုးထောင်ခဲ့တဲ့ မိဘဘိုးဘွားတွေ မျက်နှာငယ်စရာ အရှက်ရစရာ မဟုတ်တာတော့ သေချာတယ်။
“ဆရာက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတာပဲနော်။” လို့ ပြောရင် သည်းလေးရဲ့ အဖြေ မှန်ပါတယ်ကွယ်။ သူများက ကိုယ့်ကို အထင်ကြီးဖို့ မကြိုးစားပါဘူး။ ကိုယ့်အကြောင်းကိုယ် အသိဆုံးမို့ ကိုယ့်ဘာသာကိုယ်ပဲ အထင်ကြီးနိုင်ဖို့ ကြိုးစားပါတယ်။ ကိုယ် ၆ တုံးမကျရင်လည်း မကျမှန်း သိဖို့လိုသလို တဖြေးဖြေးနဲ့ ၆ တုံးကျကျ လာပြီဆိုရင်လည်း ကိုယ့်ဘာသာကိုယ် အချဉ်ပေါင်းသည်ဖြစ်လာပြီ လို့ သိရပါမယ်။ အထင်တို့ အမြင်တို့ထက် အရှိတရား အသိတရားက ပိုအရေးကြီးတာ မဟုတ်ဘူးလား။
ကိုယ့်ရဲ့အရှေ့မှာ ဒီလမ်းကိုလျှောက်သွားတဲ့ စီနီယာဆာဂျင်တွေ အများကြီးရှိတယ်။ ဘယ်သူ့ကိုမှ မပုတ်ခတ် မစော်ကားပါဘူး။ ကိုယ်နဲ့ ခေတ်ပြိုင်၊ ကိုယ့်ထက်အငယ်၊ ကိုယ်ကသင်ပေးဖူးတဲ့ ကိုယ့်တပည့်။ သူတို့ကိုလည်း ဘာမှ ဝေဖန်ပြောဆိုစရာ အကြောင်း မရှိဘူး။ ကိုယ့်မှာ ဖြန့်ကျက် ဆင်ခြင်နိုင်လောက်တဲ့ ရွှေဉာဏ်တော်ကွန်ယက်လည်း မရှိဘူး။ မရှိမဲ့ ရှိမဲ့ ကိုယ့်အာရုံကလေးကို အခုလက်ရှိ ကိုယ်ကုနေတဲ့ လူနာအပေါ်မှာပဲ focus လုပ်ထားတယ်။ ဆေးလောကထဲမှာ ကိုယ် ဘာကောင်မှ မဟုတ်မှန်း ကိုယ့်ဘာသာ သိတယ်။ “မင်း က ဘာကောင်တုန်း။” ဘယ်သူကမေးမေး ရဲရဲကြီး ပြန်ဖြေမှာက “ဆရာဝန်တစ်ယောက်လေ။ ဆရာဝန်ပါပဲ။ Nothing more or nothing less. ပါ။ ဒါပဲနော်။ ဖုန်းချလိုက်တော့မယ်။ ဂလောက်။”