ချန်ဂင်တို့စခန်း (၁၇၅)

ဆေးရုံမှာ ကလေးလူနာတွေနဲ့ မုန်တိုင်းထန်ပြီးတဲ့နောက်မှာ အပြင်လောကမှာလည်း မုန်တိုင်းက ဝင်လာတော့မယ်။ ညဘက်ကြီး မှောင်နဲ့မည်းမည်း post op ကလေးလူနာတွေ တက်ကြည့်ရတာပေါ့။ ကလေးတွေကငို၊ မိဘတွေက စိတ်ပူ၊ နှာခေါင်းပိုက်တွေကျ သေချာထိန်းမထားလို့ ပြန်ပြန်ထည့်ရ။ အဲ့လိုသာ တစ်ယောက် ၃ ချောင်းလောက် ထည့်နေရရင် ငါ့ဆေးရုံကဟာတွေ ကုန်သွားမှာပေါ့ လို့ ဆူရသေးတယ်။ ဆေးရုံကတော့ နေ့လည်းစည် ညလည်းစည်နဲ့ပါ။

နောက်နေ့မနက် ကလေးတွေကို ဓါတ်မှန်ရိုက်ကြည့်တော့ ခြေတွေလက်တွေမှာ အစတွေ တွေ့တယ်။ လောလောဆယ် အလှုပ်အပြုမှာတောင် နာလို့ ငိုယိုနေကြတာမို့ နောက်မှပဲ ထုတ်တော့မယ်။ ဒဏ်ရာရတဲ့ ထဲက နောက်ဆုံးကျန်တဲ့ ကလေးတစ်ယောက်လည်း ဆေးရုံကို လာသွားပြီ။ သူနဲ့ကျမှ ဇာတ်ရည်လည်တာ။ ကျူရှင်မလာတဲ့ကလေးတစ်ယောက်ကို အိမ်လိုက်ခေါ်ကြတယ်။ ရဲစခန်းနောက်ဘက် လမ်းပေါ်မှာ ဘာလေးလဲမသိဘူး ကောက်ရတယ်။ မေမီဆိုတဲ့ကလေးမလေးက အဲ့ဒါ ချိုင်းသုတ်ဆေး ဆို ပွတ်ကြည့်တယ်။ သူတို့ထဲက ကောင်လေးတစ်ယောက်က “မဟုတ်ဘူး။ အဲ့ဒါ မိုင်းကြီး။” ဆို လုယူပြီး ဘောလုံးကွင်းထဲ လွှင့်ပစ်လိုက်တယ်။ ထပေါက်ပြီး အကုန် ဆေးရုံရောက်လာတယ်။ နောက်နေ့ ရွာက ဝိုင်းရှာတော့ နောက်ထပ် ၃ လုံးထွက်လာသေးတယ် တဲ့။ အဲ့ဒါ ရဲစခန်းခြံစည်းရိုး အပြင်က အဖြစ်အပျက်တွေ။ ရဲစခန်းထဲမှာ စစ်တပ်ရှိတယ်။ သူတို့ကို ဘယ်သူမှ အပြစ်မတင်ရဲဘူး။ ဆော့လိုက်တဲ့ကလေးတွေ လို့ပဲ victim blame အလုပ်ခံရတာ။

ညက မိုးရွာထားလို့ လမ်းပျက်သွားပြီ။ လူနာတွေ လာမှာ မဟုတ်ဘူး။ အရေးပေါ်မှာထားတဲ့ဆေးတွေအတွက် ကလေးနှစ်ယောက်ကို မိုးထဲရေထဲ ဆိုင်ကယ်နဲ့ ထွက်အယူခိုင်းရတယ်။ မုန်တိုင်းဝင်ရင် သွားလို့မရတော့ဘူး။ မုန်တိုင်းက ဒီည ဝင်မှာ။ စစ်တွေက ပုံတွေအရ လေလည်း အရမ်းကြမ်းတယ်။ ခေါင်မိုး သွပ်တွေ လန်ကုန်ရင် စတိုထဲကဆေးတွေ ရေစိုပြီး ပျက်လိမ့်မယ်။ မိုးကလည်း ဘယ်နေရာက ဘယ်လိုယိုမယ် မပြောတတ်သေး။ ဆေးဖာတွေကို ပလပ်စတစ်နဲ့ လိုက်အုပ်ရတယ်။ ခေါင်မိုးပေါ်က ဆိုလာပြားတွေ လန်ထွက်ပျံတက်ကုန်ရင် ရေခဲသေတ္တာလည်း ပျက်လိမ့်မယ်။ လူနာစောင့်တွေခေါ်ပြီး တက်ဖြုတ်ထားရတယ်။ တာဝါတိုင်တောင် ကျိုးလောက်ရင် ဆိုလာပြားဆို လွင့်ထွက်သွားမှာပဲ။ ဟိုကောင်တွေမှာဖြင့် အလွမ်းတွေကို စမ်းရေထဲမှာ မျှောလိုက်၊ ရှင်ဥပဂုတ်ကို ပင်လယ်ထဲမှာ မျှောလိုက်နဲ့ ပေါ့ပေါ့ပါးပါးလေးတွေ လုပ်နေတုန်း ကိုယ်တို့မှာတော့ တစ်ဆေးရုံလုံး ခေါင်းပေါ်ရွက်ထားရတယ်။

လမ်းပိတ်လို့ လူနာမလာတော့ဘူး ထင်နေတာ မိုးထဲလေထဲ လင်မယားနှစ်ယောက်တော့ ရောက်လာတယ်ဗျ။ နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ ဗိုက်နာလို့လာတာ။ ဒီထိအောင် လာမှတော့ ရပါတယ်။ အေးဆေး ကလေးမွေး။ မုန်တိုင်းနဲ့အတူ ညှစ်ကြတာပေါ့ လို့ အောင့်မေ့တာ။ မဟုတ်ဘူးဗျ။ သူက မမွေးနိုင်လို့လာတာ။ အချင်းအောက်ကခံနေလို့ ကလေးမဆင်းပဲ သွေးတွေဆင်းနေတာ။ ချက်ချင်း သွေးလှူရှင်ရှာ ခွဲခန်းပြင်ရတယ်။ စိတ်တိုရပြန်ပြီ။ ကိုယ်ဝန်ဆိုတာ အိမ်သာတက်သလို ဗိုက်နာတော့မှ ဆောင့်ကြောင့်ထိုင် ညှစ်ရတာ မဟုတ်ဘူး။ မမွေးခင်ကတည်းက စောင့်ရှောက်ရတယ်။ ဒါလေးတောင် မသိဘူးလား။ ကလေးပဲ ၄ ယောက် ရှိနေပြီဆို။ သူ့ရှေ့ကတစ်ယောက်လည်း ခွဲမွေးထားရတာ။ ဒီကလေး ဘယ်လိုမွေးမယ် နည်းနည်းလေးမှ စဉ်းစားထားတာ မရှိဘူးလား။ ဉာဏ်နည်းရင် သေတတ်တယ်။ အခုကိုပဲ ဒီမှာ ဆေးရုံမရှိရင် သေတာကြာပေါ့။ ကလေးကလည်း ပျော့ဖတ်ပြာနှမ်းထွက်လာလို့ မနည်းနှာနှပ်ရတယ်။ အမေကလည်း သွေးတွေ ဒလဟောဆင်းနေလို့ သွေး ၂ လုံးသွင်းရတယ်။ ညကြီးမင်းကြီး မိုးထဲလေထဲ သွေးလှူရှင် ရှာရတာ လွယ်တယ်များ မှတ်နေ။ ပြီးတော့လည်း ဝါဒ်ထဲမှာ တော်တော်နဲ့ သွေးမတိတ်လို့ လိုက်ကြည့်နေရသေးတာ။

အိမ်လည်းရောက်ရော မိုးလည်းရွာရော။ လိုင်းတွေလည်းမရ။ ရင်တမမနဲ့ အိပ်ရတာ။ အမိုးက မလုံတော့ အိမ်ခန်းထဲမှာ မိုးတွေရွာပြီ ညို ဖြစ်ရပြန်သေး။ တော်ပါသေးရဲ့။ မိုးကသာ စိမ့်စိမ့်စွေစွေနဲ့ တညလုံးရွာတာ။ လေက ပါမလာဘူး။ မနက်လင်းတာနဲ့ ဆေးရုံသွားပြီး လူနာတွေပြန်ကြည့်။ သူတို့လည်း အေးအေးဆေးဆေးဆိုမှ စိတ်အေးရတယ်။ ခွဲစရာတွေ ဒီနေ့ မခွဲသေးဘူး။ မနက်ဖြန်ကျမှ ခွဲမယ်။ ဒီနေ့ တွင်းရေပြောင်းသုံးဖို့ အုတ်ကန်ကို ရေမော်တာတပ်ရမယ်။ ချောင်းရေတွေက နောက်လာပြီ။ ခေါင်မိုးဖာမယ်။ ဆိုလာပြန်တပ်မယ်။ အလုပ်အားလုံးပြီးရင် ခဏလောက်တော့ နားဦးမယ် လို့ စိတ်ကူးတာ။

အလုပ်တွေ မရပ်မနား လုပ်စရာရှိနေတာဟာလည်း ကိုယ်တို့ဘဝရဲ့ ရှင်သန်ခြင်း မည်ပါတယ်လေ။ ဘာအလုပ်မှ မလုပ်ပဲ မဲဆောက်က ဟော်တယ်ထဲမှာ ဗီဇာမရမချင်း နှစ်ပေါက်အောင် ထိုင်စောင့်နေရလို့ကတော့ သေရင်သေ မသေရင် ရူးသွားမှာ။ အခုတော့ ကိုယ်တို့အတွက် နေ့စဉ် ရင်ဆိုင်ရမယ့် တိုက်ပွဲတွေ ရှိတယ်။ အဆုံးသတ်မှာ အတူတူ အောင်ပွဲခံမယ့် ပန်းတိုင်လည်း ရှိတယ်။ ဘာမှ တွေဝေတုန့်ဆိုင်းစရာ မရှိ။ နေ့တိုင်းလျှောက်တဲ့ ခရီးလမ်း ဘယ်စခန်းထိရောက်ခဲ့ပြီဆိုတာ ရေးလာခဲ့တဲ့ စာတွေထဲမှာကို သိသာတယ်။ milestones လေးတွေ ၁၇၄ ခု စိုက်ခဲ့ပြီးသား။

ကိုယ့်ဆေးရုံကလေးဟာ တော်လှန်ရေးရဲ့ စစ်မျက်နှာတစ်ခုပဲ ဖြစ်ချင်ပါတယ်။ သူဌေးတွေ ကုသိုလ်ယူဖို့ သီတဂူဆေးရုံ မဖြစ်ချင်သလို ဝေဠုကျော်တို့ ခိုင်နှင်းဝေတို့လို ပရဟိတ လူစွမ်းကောင်းကြီး လုပ်ဖို့ မရည်ရွယ်ပါဘူး။ နံမည်ဂုဏ်သတင်း ကျော်ဇောခြင်းကိုလည်း အလိုမရှိပါဘူး။ လမ်းကလေး ချော်ချော်သွားမယ်ကြံရင် ပန်းတိုင်ကို ပြန်ပြန်ကြည့်ပြီး အဲ့ဒီတုရူကို ခရီးဆက်ပါတယ်။ ကိုယ့်အတွက် လူနာတွေအတွက် အကူအညီ လိုအပ်လာတယ် ဆိုလို့ရှိရင် ထိထိရောက်ရောက် ကူညီနိုင်မယ့် ပံ့ပိုးနိုင်မယ့်သူဆီ ကိုယ်တိုင်ကိုယ်ကျ အကူအညီတောင်းတယ်။ အားမနာပါဘူး။ ကိုယ့်ကိုယ်ကျိုးစီးပွါးအတွက် တောင်းတာမဟုတ်ဘူး လို့ စိတ်သန့်လို့။ အဲ့ဒါကလွဲရင်တော့ လိုင်းပေါ်မှာ စာရေးပြီး “လှူပါဦး။ ကူပါဦး။” ဘယ်သူ့ဆီမှ မတောင်းခံဖူးပါဘူး။

သို့သော်လည်း အခုတခါတော့ အကူအညီတစ်ခု တောင်းချင်တယ်ဗျ။ ကိုယ့်ဆီကို လှူဖို့ မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နဲ့နီးစပ်ရာ၊ ကိုယ့်မျက်စိအောက်မှာ ရောက်နေတဲ့ PDF ကလေးတွေကို “ကူညီကြပါ။ စောင့်ရှောက်ကြပါ။ လှူစရာရှိလည်း သူတို့ကို လှူပါ။ ” လို့။ ဘာလို့ဆိုတော့ တော်လှန်ရေးဆိုတာ သူတစ်ယောက်တည်း ကိုယ်တစ်ယောက်တည်း ရုန်းလို့ ခရီးရောက်မယ့် ကိစ္စမှ မဟုတ်တာ။ ဒီစစ်ခွေးတွေ လက်က မလွတ်မြောက်ချင်ဘူးလား။ လွတ်မြောက်ချင်ရင် ကိုယ်တိုင်ဝင်ရုန်းရပါမယ်။ မရုန်းနိုင်ရင် ရုန်းနေတဲ့သူကို ဖေးမရပါမယ်။ အခြေအနေအရ အကြောင်းကြောင်းကြောင့် Non C ဖြစ်နေပေမယ့်လည်း လူနာနဲ့ပါတ်သက်ပြီး ကိုယ့်ဘက်က အကြံဉာဏ် အကူအညီတောင်းလာတဲ့အခါ မညီးမညူ ကူညီပါဝင်ပေးနေတဲ့သူတွေ ရှိသလို ကိုယ်ရေးတဲ့စာ သူတို့ newsfeeds မှာ တက်နေလို့ရှိရင် အဖမ်းခံရလိမ့်မယ် ထင်ပြီး အခေါ်အပြော မလုပ်တော့တဲ့သူတွေလည်း ရှိပါတယ်။ ရှိပစေလေ။ ဒါ လောကဓံပဲ။ အခုပြောချင်တာ ဒီဆရာဝန်လေးကို သောက်ညင်ကပ်လို့ ကင်းကင်းနေတယ်ဆိုရင်လည်း ယူတို့အနားမှာ မကင်းရာမကင်းကြောင်းရှိတဲ့ Gen Z ကလေးတွေကို သားသမီးချင်းစာနာပြီး ကူညီဖေးမပေးကြပါ လို့ ပြောချင်တာပါ။ တော်လှန်ရေးက ၂ နှစ်ကြာခဲ့ပြီ။ ကလေးတွေလည်း မပန်းပဲ မနေပါဘူး။ ခဏလောက်ဖြစ်ဖြစ် ချွေးသိပ်စရာ အရိပ်ကောင်းကလေးတော့ ဖြစ်ပေးကြပါ။ နောက်ထပ်တစ်နှစ် မကြာစေရဘူးလို့ အာမခံနိုင်ပါတယ်။ အခုကလေးတွေက တောထဲမှာ မဟုတ်တော့ဘူး။ မြို့တက်လာကြပြီမို့ ပြောရတာပါ။

ခုမနက်တော့ မုန်တိုင်းစဲသွားပြီ။ “မခွဲဘူး။ နားမယ်။” ဆိုတာ စကားပဲ အဖတ်တင်တာပါလေ။ အူအတက်လူနာတစ်ယောက် လာတော့လည်း ခွဲရတာပဲ မဟုတ်လား။ ကလေးတွေ လုပ်တာပေမယ့် ကိုယ်ကတော့ ရှိနေပေးရတာပေါ့။ မုန်တိုင်းကြောင့် ဟင်းစိမ်းသည်တွေ တစ်သည်မှ မလာပေမယ့်လည်း လက်ကျန်ကလေးတွေနဲ့ ချက်ပြုတ်စားသောက်နိုင်ပါသေးတယ်။ လူ ၁၄-၅ ယောက်စာ စားအိုးက မကြီးပဲ ဘယ်နေမလဲ။ ဒါပေသိ ခုလိုအချိန်မှာ အမိုးအကာအောက် အနွေးထည်လေးတွေဝတ်ပြီး နွေးနွေးထွေးထွေး ထမင်းလေးစားနိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ တောထဲမှာပေမယ့် ကိုယ်တို့အတွက် ဘယ်အရာမှ ရှားပါးဆင်းရဲခြင်း မရှိပါဘူး။ အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးတဲ့သူတွေ ရှိတာကိုး။

ကလေးတွေမှာကျတော့ အားပေးထောက်ပံ့တဲ့သူ မရှိရင် အားငယ်မှာ စိုးလို့ပါ။ စစ်ခွေးတွေဘက်က Psywar တွေ သုံးပြီး အမျိုးမျိုး သွေးခွဲနေတာလေ။ “မင်းတို့ကသာ တောထဲမှာ အနေဆင်းရဲ အစားဆင်းရဲ နဲ့ ဒုက္ခခံနေတာ။ သူများတွေ ဘားတွေကလပ်တွေမှာ အပြည့်ပဲ။ မြင်လား။” လို့ စိတ်ဓါတ်ကို ရိုက်ချိုးချင်ကြတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ကိုယ်တို့တော်လှန်ရေးက အောင်ကိုအောင်မယ့်ပွဲပါ။ ဆန္ဒပြတာ၊ တောခိုတာချင်းတူပေမယ့် ၈၈ တုန်းကလို တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ခိုလှုံပြီး တငွေ့ငွေ့နဲ့ ပြာဖုံးသွားတဲ့ ပါပီမ ဇာတ်သိမ်းမျိုး မဟုတ်ဘူး။ ဟိုးတုန်းက လူတွေက တောထဲဆင်းသွားပြီးရင် မြို့ပေါ် ပြန်မှ မတက်နိုင်တာ။ ဟိုနားသည်နားလေး ဗုံးခွဲတာလောက်ပဲ တတ်နိုင်တယ်။ အခု ကလေးတွေက တောထဲမှာတောင် မကျန်တော့ဘူး။ အကုန်မြို့ပေါ်ပြန်ရောက်နေပြီ။ နှစ် ၆၀ ကျော် မွေးထားတဲ့ ပြည်တွင်းစစ်ကာလအတွင်း အခက်တွေအခွေတွေ ပြုတ်ပြုတ်ပြုန်းအောင် ဘယ်တိုင်းရင်းသားလက်နက်ကိုင်မှ မတိုက်နိုင်ခဲ့ဘူး။ ဒီကလေးတွေပဲ တိုက်နိုင်တာလေ။ စွန့်ဝံ့တဲ့သူတွေမို့လို့ပေါ့။ ကိုယ်တို့ကတော့ “ငါတို့တွေ နိုင်ကိုနိုင်ရမယ်။” လို့ ယုံတယ်။ Gen L တွေကတော့ “စစ်တပ်ကို ဘယ်တုန်းကမှ မနိုင်ဖူးပါဘူး။ သူတို့အလိုကျ ချော့ပေါင်းနိုင်မှ ငါတို့အတွက် ဘေးကင်းလိမ့်မယ်။” လို့ ယုံတယ်။ Gen L လား Gen Z လား ဆိုတာ အသက်အရွယ်၊ ပညာတတ်တာ မတတ်တာနဲ့ ခွဲလို့မရဘူး။ အဲ့ဒီ concept တစ်ခုတည်းနဲ့ ခွဲလို့ရတယ်။

Gen L ဖြစ်လို့လည်း အားမငယ်ပါနဲ့။ ကိုယ်က ရှေ့တန်းကမတိုက်နိုင်တောင် ကလေးတွေကို ကူညီပံ့ပိုး ထောက်ပံ့လို့ ရပါတယ်။ “စစ်တပ်က သိရင် ဖမ်းမှာပေါ့။” လို့ မတွေးပဲ “စစ်တပ်က မသိအောင် တိတ်တိတ်ကလေး ထောက်ပံ့လို့ ရသားပဲ။” ဆိုတဲ့သတ္တိလေး မွေးရုံပဲ။ Gen L လည်း ဖြစ်နိုင်ရင် စစ်ဘိနပ်အောက်မှာတော့ မနေလိုဘူး မဟုတ်လား။ အဲ့လိုဆိုရင် တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ တစ်ချက်လောက်တော့ ဝင်လှော်ပါဦးနော်။ ဒီရေကလည်း တက်လာပြီ။ လှိုင်းတွေကလည်း ဖွေးနေပြီ။ မုန်တိုင်းကလည်း ကြမ်းနေပြီမို့ပါ။