ချန်ဂင်တို့စခန်း (၁၇၄)

ရန်ကုန်မှာ မိုးတွေအရမ်းသည်းတာပဲ လို့ ဖတ်လိုက်ရတဲ့အချိန် ကိုယ်တို့ဆီမှာ နေကျဲကျဲတောက် ပူနေတော့ အဲ့သလောက်တောင် အလှမ်းဝေးတဲ့ နေရာ ရောက်နေသလား လို့ ကိုယ့်ဘာသာ အံ့ဩမိပါတယ်။ ဒီမှာဖြင့် မိုးရိပ်လေရိပ်ကလေးတောင် မမြင်ရသေးဘူးနော်။ ကောင်းကင်ကြီးကလည်း ပြာလဲ့ကြည်စင်လို့ ကောင်းတုန်း။ ရန်ကုန်ကမိုးဟာ ကိုယ့်ဆီရောက်ဖို့ ဘယ်လောက်ကြာမှာပါလိမ့်။ မိုးမျှော်တယ်ဆိုတာ ဒါမျိုးကိုး။

မျှော်သာမျှော် ပေါ်မလာပါဘူးလေ။ ပူလွန်းအားကြီးတော့ ကိုယ့်ဆီကို PDF ကလေးတစ်ယောက် heat stroke နဲ့ ရောက်လာတယ်။ ရေခဲသေတ္တာထဲက ရေခဲခြောက်တွေ အအေးဗူးတွေ အကြိုအကြားညှပ်ပြီး တစ်ကိုယ်လုံး ရွှဲနေအောင် ရေပတ်တိုက်ချတယ်။ တက်နေလို့ Dz တွေလည်းထိုးချရတယ်။ လုပ်တတ်သမျှအားလုံးလုပ်ပြီး physician ဆီကိုလည်း ဖုန်းဆက် တိုင်ပင်ရတယ်။ ကျန်ခဲ့မှာစိုးလို့။ တကိုယ်လုံးအေးသွားမှ သူလည်း အတက်ကျလာတယ်။ သတိရလာတယ်။ drip ပုလင်းတွေ ရေခဲသေတ္တာထဲထည့်ပြီး cool saline တွေ ဆက်ပေးထားတာပေါ့။ ကိုယ်တို့ ထမင်းစားနေရင်းတန်းလန်း နောက်တစ်ခေါက်ပြန်တက်လို့ ပြေးကြရပြန်ရော။ ဒီတစ်ခါတော့ အုတ်ကန်ထဲရေဖြည့်ပြီး ခေါင်းလေးပေါ်ရုံ နှစ်ထားလိုက်တယ်။ တော်တော် လုပ်ယူရတာပဲ။ သက်ကြီးရွယ်အိုတွေဆို အသက်ပါပါသွားမှာ။

ကိုယ်လည်းပဲ သက်ကြီးရွယ်အို စာရင်းထဲ ရောက်ကာနီးပါပြီလေ။ အလုပ်ပင်ပန်းရင် ခါးနာနာနေတာကြာပြီ။ နောက်တော့ ကိုယ်ခွဲနေတဲ့ case က ခက်သလား လွယ်သလား ဆိုတာ ခါးက စကားပြောတတ်လာတယ်။ ခွဲရင်းတန်းလန်း ခါးနာလာပြီဆို အဲ့ဒါ ခက်နေတဲ့ case မို့ပဲ။ အစပိုင်းတော့ ကျောပေါ်တက်နင်းခိုင်းလိုက်ရင် သက်သာတယ်။ နောက်တော့ အနင်းခံရတဲ့ရက်က စိတ်လာတယ်။ ဒါနဲ့ မသင်္ကာလို့ ultrasound ရိုက်ကြည့်တဲ့အခါ left kidney မှာ cyst အကြီးကြီးတွေ့တယ်။ 8 cm တောင် ရှိတာ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက ဆရာဦးကျော်စွာလှိုင် တစ်ခါ စုပ်ထုတ်ပေးဖူးတယ်။ အဲ့တုန်းက 5 cm လောက်ပဲ ရှိတာ။ ဒါနဲ့ ကိုယ့်ရဲ့ ဓါတ်မှန်ဆရာနဲ့ ပြန်တိုင်ပင်ပြီး ကလေးတွေကို စုပ်ထုတ်ခိုင်းတာ ဖန်ခွက်တစ်လုံးစာလောက်ရတယ်။ ခါးနာလည်း သက်သာသွားတယ်။ တောကြိုအုံကြားရောက်နေပေမယ့်လည်း ကိုယ်သင်ပေးထားတဲ့ကလေးတွေ ကိုယ့်ကိုကုပေးနိုင်တဲ့အထိ မျက်နှာလွှဲလို့ရတာ မင်္ဂလာတစ်ပါးပါပဲ။ အရည်ကိုတော့ ဓါတ်ခွဲခန်းပို့ထားတယ်။

မနက်ကလည်း round ထားပြီးပြီ။ ဒီကနေ့တစ်ရက်တော့ဖြင့် လူနာမကြည့်ပဲ အိပ်နေဦးမယ် ဆိုပြီး အိမ်မှာနားနေတာ။ မရပါဘူး။ နေ့လည်မှာ acute abdomen နဲ့ အသည်းအသန် လူနာတစ်ယောက် သူတို့ နှာနှပ်ထားရတယ်တဲ့။ Pressure လေးပြန်တက်လာပြီး condition stable ဖြစ်တုန်း ဝင်လိုက်မှရမယ်။ အပြင်မှာ Donor ကို stand by စောင့်ခိုင်းပြီး ချက်ချင်းခွဲကြတာပေါ့။ တော်ပါသေးရဲ့။ အထဲမှာ အူတွေက သပြေသီးမှည့်ရောင်ပေါက်ပြီး ပုတ်စော်နံနေပြီ။ အများကြီး ဖြတ်ထုတ်ပစ်လိုက်ရတယ်။ ကိုယ့်ဆီက ကလေးတွေ တတ်တာလည်း မပြောနဲ့။ လူနာမျိုးစုံ case မျိုးစုံ မြင်ဖူး ဝင်ဖူးကြတယ်လေ။ နောက်နေ့ကျ အဲ့ဒီလူနာအကြောင်း စာသင်ပေးရဦးမှာ။ သူတို့ကို တတ်အောင်သင်ပေးထားမှ အရေးအကြောင်းဆို ကိုယ့်ကိုလည်း ပြန်ကုနိုင်တာလေ။

နားဦးမယ် စိတ်ကူးလို့ ထင်ပါရဲ့။ အူအတက်ယောင်တဲ့လူနာတစ်ယောက် ထပ်ရောက်လာတယ်။ ဒီနေ့တော့ မောသွားပြီ။ မနက်ဖြန်မှ ခွဲပေးမယ်နော် လို့ နှပ်ထားမိတာ ဖွင့်လိုက်တော့ burst ဖြစ်နေလို့ စိတ်တောင် မကောင်း။ မနေ့ကစမ်းတုန်းက မပေါက်သေးဘူး။ အိုက်တုန်းက တခါတည်း ခွဲလိုက်ရ ကောင်းသား။ hernia လူနာတစ်ယောက်ပါ ဆက်ခွဲနေတုန်း ဖုန်းထဲမှာ missed call ပေါင်းများစွာ တွေ့လိုက်ရတယ်။ ငယ်ထိပ်တော့ မြွေပေါက်ပြီ ထင်ပါရဲ့။ ဆယ်ဇင်းက မိုင်းထိတဲ့ လူနာတွေ လာမယ်တဲ့။ အသင့်ပြင်ထားရပြန်ပြီ။ လူခွဲပြီး ထမင်းစားထားနှင့်။ စားပြီးတဲ့သူ အိုတီ တန်းဝင်မယ်ပေါ့။

ဒီနေ့ ဘာနေ့လဲ မသိဘူး။ မနက် ၆ နာရီ မထိုးခင်ကတည်းက စစ်ရှောင်စခန်းကနေ ဖုန်းလှမ်းခေါ်တယ်။ ဆေးရုံပြနေကျလူနာပါ။ ဗိုက်အရမ်းနာနေလို့ လမ်းမလျှောက်နိုင်လို့ သူ့ကို ကားနဲ့လာခေါ်ပေးပါတဲ့။ လွန်လှချည့်လား။ အလကားလည်း ကုပေးရသေး။ သူ့တောင် လာခေါ်ရဦးမတဲ့။ ခွဲနေရင်းတန်းလန်းလည်း တစ်ယောက်က ဖုန်းဆက်သေး။ “ကျွန်မယောက်ကျား အရမ်းဖျားနေလို့ အိမ်မှာလာကြည့်ပေးပါ။” တဲ့။ ငါ စိတ်အရမ်းရှည်နေတယ်နော်။ အခု လူနာတွေ လာတော့မယ်။ ကုတင်တွေ အရင်ရှင်းရတာပေါ့။ “သက်သာတဲ့လူနာတွေ အိမ်ခဏပြန်နေကြ။ မနက်တစ်ခါ ညတစ်ခါ ဆေးလာထိုးကြ။” လို့ ရုံခါရတယ်။

လာမယ့်လူနာက ကလေးတွေချည့်ပဲ လို့ သိရတော့ ကိုယ့်မှာ ပိုစိတ်တိုရတယ်။ ဒီကလေးလေးတွေ ဆယ်ဇင်းရွာထဲမှာ ဘယ်လိုလုပ် မိုင်းနင်းမိရသလဲ။ သူတို့မိဘတွေက အဲ့လိုပဲ မထိန်းမကျောင်း လွှတ်ထားသလား။ စုစုပေါင်း ကလေး ၅ ယောက် မိုင်းထိတယ်။ အကြီးဆုံးကလေး ၁၀ နှစ်။ အငယ်ဆုံးကလေး ၇ နှစ်။ ဆေးရုံကိုတော့ ၄ ယောက်ပဲ ရောက်လာတယ်။ ၃ ယောက်က ဗိုက်မှာ အပေါက်နဲ့ ။

ကလေးတွေ မေ့ဆေးပေးဖို့ ET tube ရှာတဲ့အခါ အသေးဆုံးက 5.5 ပဲ ရှိတယ်။ အဲ့ဒါနဲ့ အဆင်ပြေနိုင်ပါ့မလား။ ထိုးရမယ့်ဆေးတွေလည်း အကုန် dose တွက်ရမှာ။ ဆရာမေ့ဆီ ဖုန်းဆက်ပြီး အရင်လို နံပါတ်စဉ်တပ်ပြီး check list လုပ်ရပါတယ်။ မေ့ဆေးစက်က setting တွေကိုလည်း ကလေးအဆုတ်နဲ့ကိုက်အောင် ပြန်ချိန်ရသေးတယ်။

တော်တော်တာဝန်ကြီးတဲ့ အလုပ်ပါ။ ဘယ်ကလေးကို အရင်ခွဲမလဲဆိုတဲ့ပြဿနာက ရှိလာတယ်။ လည်ပင်းကို ဗုံးစမှန်ထားတဲ့ကလေးကို အရင်ခေါ်လိုက်တယ်။ မတော်လို့ လည်ပင်းမှာ hematoma က ကြီးလာရင် airway က စိတ်မချရတော့ဘူး။

အဲ့ဒီကလေးလေးကတော့ tube ထည့်လို့ အဆင်ပြေသွားတယ်။ မေ့ဆေးပေးထားတာလည်း စိတ်ချရပြီဆိုမှ အောက်ကိုဆင်းပြီး ဗိုက်ခွဲရတယ်။ ဗုံးဆံက ဆီးအိမ်ကဝင်ပြီး အထဲကို ဖောက်ထွက်သွားတယ်။ အူသိမ်ထဲကို ၆ ပေါက်လောက် ထပ်ပေါက်သွားသေး။ သူ့ကို ခွဲပြီးတော့ သူနဲ့ ဘော်ဒီဝိတ်တူ ရွယ်တူ မိန်းကလေးကို ဆက်ခွဲတယ်။ ဒီကလေးမက tube ထည့်ရတာ အဆင်မပြေဘူး။ သေချာ ဝင်ပြီဆို ခင်းကျင်းပြင်ဆင်နေတုန်း အောက်ဆီဂျင်တွေ ကျလာလို့ အပေါ်တက် tube ပြန်ထုတ်ပြီး suction လုပ်။ tube ကို နောက်တစ်ခေါက် မထည့်တော့ပဲ igel နဲ့ ပြောင်းပေးတော့မှ အဆင်ပြေတယ်။ တော်ပါသေးရဲ့။ လူနာလည်းပြာ ကိုယ်လည်းပြာသွားတာပဲ။ သူကတော့ ဆီးအိမ်နံဘေးက ကပ်ဝင်ပြီး အူကိုအပေါက်များလို့ ဖြတ်ဆက်ရတယ်။ သူ့နောက်ကလေးက ၇ နှစ်ကလေး။ ဘော်ဒီဝိတ်လည်း သေးတော့ ဆေးတွေအရင်ပြန်တွက်ရတယ်။ သူနဲ့တော်တဲ့ tube မရှိလို့ igel နဲ့ပဲ မေ့ဆေးဆက်ပေးကြတယ်။ အဆင်ပြေတယ်။ အစာအိမ်ပွင့်နေတယ်။ ကလေးတွေကို ဗိုက်ဆို ဗိုက်ပဲ ဖွင့်နိုင်တယ်။ ခြေတွေလက်တွေ သွေးဒလဟောထွက်မနေရင် နောက်နေ့မှ ဆက်လုပ်မှာပေါ့။ မနက်ကတည်းက ခွဲခန်းဝင်တာ အခုတောင် မိုးစုပ်စုပ် ချုပ်နေပြီ။ လူတွေလည်း ပန်းလှပြီ။ မီးစက်ကြီးလည်း ပူနေပြီ။ နောက်ဆုံးတစ်ယောက်တော့ အားတင်းပြီး ခွဲပါတယ်။ နားထင်မှာ ဗုံးစထုတ်တယ်။ တင်ပါးကအနာကို နှိုက်ကြည့်ပြီး ပြန်ချုပ်တယ်။ နက်ပေမယ့် ဝမ်းခေါင်းထဲ မရောက်။ ခြေသလုံးကအနာ၊ ခြေချောင်းလေးတွေကအနာ၊ မေ့ဆေးမပြယ်ခင် ရသလောက် လုပ်ကြတာပေါ့။ သူ့ကိုတော့ relaxation မလိုလို့ short GA နဲ့ပဲ ခွဲကြတာ။ ဒီနေ့အဖို့တော့ လူနာ ၆ ယောက်ခွဲပြီး စံချိန်သစ်တင်ပါတယ်။ ပစ္စည်းတွေပေါင်းရတာ အလျင်မမီလို့ autoclave အကြီးတစ်လုံး အလှူခံမှ ဖြစ်တော့မယ်။

ကိုယ့်အလုပ်တွေ အားလုံးပြီးမှ post-op တွေ လိုက်ကြည့်ရင်း ကလေးတွေကို လိုက်အင်တာဗျူးရတယ်။ သူတို့အားလုံးက ကျူရှင်လာတက်တာ။ ကျူရှင်က ဆယ်ဇင်း ရဲစခန်းဘေး အောင်ချမ်းသာခေါက်ဆွဲဆိုင်နေရာမှာ။ သူငယ်ချင်းတစ်ယောက် မလာသေးလို့ အိမ်လိုက်ခေါ်ကြတော့ ရဲစခန်းနောက် ဘောလုံးကွင်းထဲကို ဖြတ်သွားကြတယ်။ သူတို့ထဲက ကလေးတစ်ယောက်က မိုင်းတွေ့လို့ ကောက်ပြီး လွှင့်ပစ်လိုက်တာ ပေါက်ပြီး အကုန်ထိကုန်တာ လို့ ပြောတာပဲ။ ရွာလယ်ခေါင်မှာ ဖြစ်တာ။ ရဲစခန်းနောက်မှာဖြစ်တာ။ ရဲစခန်းထဲမှာ စစ်တပ်က ထိုင်ထားတုန်းမှာ ဖြစ်တာ။ “ကလေးတွေက ဆော့တာကိုး။ ဘယ်တုန်းက ကျန်နေတဲ့ စစ်ကျန်မိုင်းဗုံး အဟောင်းမှန်းမှ မသိတာ။” လို့ ပြောရအောင် ဆယ်ဇင်းရွာက ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ ဝင်တဲ့ထဲလည်း မပါ။ အင်္ဂလိပ်တွေ ဆုတ်တဲ့အထဲလည်း မပါ။ ကလေးတွေ ဥဒဟို သွားလာဆော့ကစားနေတဲ့ ဘောလုံးကွင်းအတွင်းမှာပါ။ ၇ နှစ်ကနေ ၁၀ နှစ်အတွင်း ကလေးတွေက KIA ထဲလည်းမဝင်၊ PDF ထဲလည်း မဝင်နိုင်သေးပါဘူး။ ပဇီကြီးတုန်းကလို “အကြမ်းဖက် လက်နက်ကိုင်တွေ ရှိတဲ့ရွာမို့လို့” လို့ ပြောရင်တော့ ဆယ်ဇင်းရွာထဲမှာ ရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်ဆိုတာ ရဲစခန်းထဲထိုင်ထားတဲ့ စစ်ခွေးတွေကလွဲလို့ မရှိပါဘူး။ ကလေးငါးယောက် မိုင်းကွဲလို့ မသေအောင် မနည်းအသက်ကယ်ထားရတယ် လို့ သိကြရင်တော့ စစ်သားကြီးတွေ စစ်သားမယားတွေ “အောင်ပြီး အောင်ပြီ” ကြွေးကျော်နိုင်ကြပါစေ။ မသေသေအောင် လိုက်သတ်ချင်သပ ဆိုရင်တော့ ဆေးရုံရှိတဲ့ဆီ လေယာဉ်ကြီးနဲ့ ဗုံးလာကျဲခိုင်းလိုက်ပေါ့ဗျာ။ ဒီကလေးတွေလည်း တချိန်ကျ PDF ဖြစ်လာဦးမှာလေ။

ရန်ကုန်က လာမယ်ဆိုတဲ့ မိုးခ ဟာ ဆေးရုံကိုတော့ ဒီနေ့ညကျမှ ရောက်လာတယ်။ မိုး ချည့်မျှသာ။ လေ မပါသေး။ ယုန်ကလေးတွေ ဆာနေကြပြီ။ တနေကုန် ခွဲခန်းထဲမှာမို့ သူတို့ကို ပစ်ထားမိခဲ့တယ်။ မနေ့က ဝုန်းဒိုင်းကျဲပြီး ခွဲထားတဲ့ပစ္စည်းတွေ ပြန်ပေါင်းရဦးမယ်။ ရေတင်ရဦးမယ်။ လူနာတွေ ကြည့်ရဦးမယ်။ လုပ်ရမယ့်အလုပ်တွေက တန်းစီနေတာမို့ ဒီလောက်နဲ့ပဲ ရပ်ပါဦးမယ်။