သတ္တဝါတွေမှာ သူတို့ရဲ့ ဗီဇသဘာဝဆိုတာ သင်မပေးရပဲနဲ့ အလိုလို တတ်မြောက်ကြတာပဲ။ ယုန်ကလေးတွေဟာ မွေးကတည်းက ကြောင်မွေးမွေးလာပေမယ့် သူတို့ဘာသူတို့ ကျင်းကလေးတွေ ရအောင်တူးပြီး အဲ့ဒီအထဲ ဝင်ဝင်နေလေ့ရှိတယ်။ အပြင်မှာ အန္တရာယ်တွေကြုံလာရင် အဲ့ဒီထဲဝင်ပုန်းမှ စိတ်လုံခြုံလို့ ထင်ပါရဲ့။ လူတွေတောင် လေယာဉ်လာရင် ကျင်းထဲဆင်းပုန်းရတဲ့ အရပ်ဒေသမို့လား။ အဲ့ဒီတော့ သူတို့သဘာဝကို မပိတ်ပင်ပါဘူး။ တူးပလေ့စေ။ အစာကျွေးဖို့ ခေါ်ရင်တော့ အပြေးလာနေကျပဲ ဥစ္စာ။ မနက်တုန်းကတော့ ယုန်ကလေးနှစ်ကောင်က ကျင်းထဲကနေ အပြင်ရောက်အောင် တူးထွက်သွားကြတယ်။ ဝေးဝေးတော့ မပြေးဘူး။ အိမ်ဘေးက ခြုံတွေထဲတင် ရှိတယ်။ အတင်းလိုက်ဖမ်းမှ တောထဲဝင်ပြေးသွားမှာစိုးလို့ လူနဲ့ဝိုင်းပြီး ပြန်ဖမ်းခေါ်လာရတာ။ သူတို့လည်း သဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့လေ။ လွှတ်ပေးလိုက်ရင် တောကောင်တွေရန်က လွတ်အောင်ပြေးနိုင်ပါ့မလား စိတ်မချလို့သာ။ ရွာထဲမှာ အဲ့လိုထွက်ပြေးရင်တော့ ခွေးတွေဝိုင်းဆွဲလို့ သေပြီ။ သူတို့အဖေတောင် အဲ့လိုနဲ့ သေသွားတာ။ ကိုယ့်ဆီမှာတော့ ခွေးမမွေးထားဘူး။ တောထဲမှာ သူတို့ ကျင်းနဲ့နေရင် လုံခြုံနိုင်မလား မသိ။ အစာလေးကျွေးပြီး ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ တစ်သက်လုံး ချုပ်တည်းပိတ်လှောင်ထားဖို့ စိတ်ကူးမရှိပါဘူး။ တောတိရစ္ဆာန်တို့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပေါက်ဖွားရှင်သန်စေချင်ပါတယ်။ အကောင်များပေါက်ချင်နေပြီလားမသိ။
တကယ်တော့ ကိုယ်တို့စခန်းကလေးက healing center အစစ်အမှန်ပါပဲ။ ခြေကျိုးတဲ့ ခွေးကလေးတစ်ကောင် ကြပ်စည်းပေးဖူးတယ်။ လက်ကျိုးတဲ့ မျောက်မလေးတစ်ကောင်လည်း ဆေးကုပေးဖူးတယ်။ ကြက်မလေးတွေ မီးဖိုချောင်ထဲဝင်ဝင်အုတာ နှစ်သားရှိပြီ။ ဥလည်းကုန်ရော ချိနဲ့သွားတဲ့ ကြက်မကလေးက တုံးလုံးပက်လက်လေးဖြစ်ပြီး လမ်းမလျှောက်နိုင်တော့ဘူး။ လူတွေထိုးတဲ့ B1 အားဆေးလေးထိုးပေးမှ လမ်းပြန်လျှောက်နိုင်တာ။ အခု နောက်တစ်သားကျတော့ အုရုံအုပြီး မဝပ်လို့ မီးလုံးလေးအုပ်ပြီး ဆေးထိုးအပ်ကလေးနဲ့ ရေတိုက်ပေးရတယ်။ ကြက်ပေါက်ကလေး ၄ ကောင် ရှင်တယ်။ လူတွေလည်း တူတူပေါ့။ ဟိုရက်တုန်းကလည်း ပြာနှမ်းပျော့ဖတ်ပြီးထွက်လာတဲ့ မွေးကင်းစကလေးကို မရတော့ဘူး မှတ်နေတာ။ suction လေး ဝင်စုတ်လိုက်ရုံနဲ့ အဲ့ကနဲ ထငိုပြီး ပြန်ရဲလာတယ်။ ကိုယ်တို့မှာ healing power တော့ ရှိကိုရှိနေတာ အမှန်။ ဖဲသမားများပြောသလို ပြောရမှာဖြင့် ကိုယ့်အိမ်က အိမ်တက်နေတဲ့အချိန်ပါ။ တဖြောင်းဖြောင်း ခေါ်ရိုက်လည်း တောင်းတဲ့ဖဲ တက်ပါတယ်။ ဘာလုပ်လုပ် အဆင်ပြေမှာပါ။
ဒီနေ့ဆို ကိုယ့်မှာ ဒုက္ခရောက်ပါတယ်။ မီးစလောင်းက မကောင်းသေးတဲ့အချိန်မှာ hemoperitoneum နဲ့ လူနာတစ်ယောက်ကို urgent laparotomy ဝင်စရာ ရှိတယ်။ မခွဲခင်ကတည်းက ဘယ်နေရာ ဘာတွေထိနိုင်သလဲ။ ဘာလုပ်ပေးလို့ရသလဲ။ အကုန်လုံး တွက်ချက်စဉ်းစားရတာ။ ခန့်မှန်းချေ ထွက်နိုင်တဲ့ သွေးပမာဏ နဲ့ သွေးလှူရှင်ကိုလည်း ရှာထားရတယ်။ ခွဲခန်းဝင်ဖို့ မီးစက်နှိုးတဲ့အခါမှာ တစ်လုံးပဲကျန်တဲ့ မီးစက်ကလေးက ထပ်ပျက်သွားရော။ မေ့ဆေးစက်နဲ့ ပေးရမှာ ဖြစ်တဲ့အတွက် ဓါတ်မီးနဲ့ထိုးပြီး ခွဲလို့လည်း မရနိုင်။ ခွဲနေတုန်း မီးပြတ်လို့မှ မရတာ။ ရွာထဲကမီးဆရာသွားခေါ်ပြီး ပျက်တဲ့အပိုင်းကိုကြည့်ကြပါတယ်။ ကျွန်တော့ကို တစ်နာရီပဲ မီးစက်မပျက်အောင် စောင့်ထားပေး။ တစ်နာရီအတွင်း အားလုံးပြီးအောင် ခွဲပေးမယ် ဆိုပြီး မီးဆရာကို မီးစက်ဘေး ငုတ်တုတ်ထားပြီး လူနာဝင်ခွဲပါတယ်။ တကယ်ကို တစ်နာရီနဲ့ အပြီးအစီး တက်သုတ်ရိုက်ခွဲပြီး ဖြစ်နိုင်ချေများစွာထဲက အကောင်းဆုံးရလပ်ကို ပြန်ယူလာခဲ့ပါတယ်။ “The God is with us.” ပါ။
သေခြင်းတရားနဲ့ နေ့တိုင်း ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ ကိုယ့်အတွက် အခက်အခဲ အတားအဆီး အဆင်မပြေမှုများစွာ ပြောလို့မကုန်အောင် ရှိပါတယ်။ သို့သော်လည်း ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထဲကဆို ဘယ်လူနာကိုမှ လက်လျှော့ အရှုံးပေးပြီး သက်သာသလိုနေလိုက်တာ မရှိပါဘူး။ ပင်ပန်းတယ် လို့ မညည်းပေမယ့်လည်း ကိုယ်ဘယ်လောက် ပင်ပန်းသလဲ ကိုယ့်ဘာသာကိုယ် အသိဆုံး။ စိတ်ညစ်လိုက်တာ။ စိတ်ဆင်းရဲလိုက်တာ။ စိတ်နာလိုက်တာ။ အစရှိတဲ့ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်တွေအတွက်တောင် အချိန်မပေးနိုင်ပဲ ၂၄ နာရီလုံးလုံး သူများကိစ္စတွေကို ကိုယ့်ကိစ္စအဖြစ် ခေါင်းထဲမှာထည့်ထားပြီး အလုပ်လုပ်နေခဲ့ပါတယ်။
တခါတခါမှာ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေဟာ ထိုင်စဉ်းစားနေမယ်ဆိုရင် ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အလုပ်တွေပါ။ ဘယ်သူနဲ့မှ ဘာအဆက်အသွယ်မှ မရှိပဲ ဘယ်ကိုမှန်းလည်းမသိ ဘယ်လောက်ကြာမယ်မှန်းလည်း မသိတဲ့ ခရီးတစ်ခုကို “အဖော်လိုက်ခဲ့ပါလား။ အတူတူ သွားရအောင်။” လို့ ခေါ်ရင် ဘယ်သူက လိုက်လာမှာလဲ။ ကျောပိုးအိပ်ကလေး တစ်လုံးစီနဲ့ တောထဲကို ဝင်လာတဲ့လူနှစ်ယောက်က ဆေးရုံတစ်လုံးထောင်ပြီး ဆေးထိုင်ကုမယ်လေ လို့ ပြောလာရင် ဘယ်သူက ယုံမှာလဲ။ “ကျွန်တော်တို့ ဒီနေရာမှာ ဆေးရုံကလေး ဆောက်ပါရစေနော်။ ဒါပြီးရင် လူနာတွေကို အလကားကုပေးပါ့မယ်။” လို့ ပြောတုန်းကရော “ကြည့်ကြသေးတာပေါ့။ ဘယ်နှစ်ရက် ခံမှာမို့လဲ။” ဆိုတဲ့ အပြုံးကို မဖတ်တတ်ဘူး ထင်လို့လား။ ဒီကနေ့ ကိုယ်လုပ်နေသမျှ အလုပ်တွေဟာ ကိုယ့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းအားနဲ့ ချင့်ချိန်ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့ အတိုင်းအတာတွေချည့်ပါပဲ။ မေ့ဆေးစက် ဝယ်ဖို့ ကြိုးစားတုန်းကလည်း ဘယ်သူမှ မေ့ဆေးမပေးတတ်လို့ ပိုက်ဆံကုန်ပြီး ချောင်ထိုးထားရမယ့် အလုပ်တစ်ခု လို့ ပြောကြတယ်။ ကျွမ်းကျင်တဲ့မေ့ဆေးမရှိပဲနဲ့ elective operations တွေကိုတော့ GA နဲ့ risk ယူပြီး မခွဲသင့်ဘူး လို့ တားကြတယ်။ ဖြစ်နိုင်ချေ အလားအလာနဲ့တွက်ရင် ဘယ်လိုမှမျှော်လင့်လို့ မရကောင်းတဲ့အရာတွေကို ကိုယ်ကတော့ တက်ဖဲလေးအားကိုးနဲ့ ဆင်ကန်းတောတိုး အရဲစွန့်ပြီး မိုက်ခဲ့တာချည့်ပဲ။ ဒါပေမယ့် မယုံနိုင်လောက်အောင် အောင်မြင်ပါတယ်။ ဒါကိုမှ ဘုရားသခင်က ကိုယ်နဲ့အတူရှိတယ် မပြောရင် ဘယ်လိုပြောရမှာလဲ။ တကယ်တော့ အဲ့ဒါ ဘုရားက ကိုယ့်ဘက်မှာ ရှိလို့ မဟုတ်ဘူးလေ။ ကိုယ်က ဘုရားဘက်မှာ ရှိလို့ပါ။ ကောင်းတာပဲတွေးတယ်။ ကောင်းတာပဲ လုပ်တယ်။ မှန်တာပဲ ပြောတယ်။ ကံ ၃ ပါးစလုံးဟာ ဘုရားအဆုံးအမနဲ့အညီပဲ။ ချစ်လို့ချိုပြီး မုန်းလို့ခါးတာ မရှိဘူး။ အမှန် က အမှန်၊ အမှား က အမှား ကွဲပြားပါတယ်။
လူမစွမ်းရင် နတ်မ တယ်တဲ့။ ကိုယ့်ဘာသာ မစွမ်းဆောင်နိုင်တဲ့ ကိစ္စ မှန်သမျှ ကိုယ့်ကို ကူညီပံ့ပိုးမယ့်သူရှိတယ်။ နည်းပေးလမ်းပြမယ့်သူ ရှိတယ်။ အဝေးရပ်က တစ်ကြိမ်တစ်ခါမျှ မမြင်မသိဖူးသူများဆီက ယုံကြည်စွာ ထောက်ပံ့မှုကို ရတယ်။ ကိုယ်မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့ အခက်အခဲရှိရင် အမြဲလိုလို ကယ်တင်ရှင် ပေါ်လာတာပဲ။ အဲ့သလိုဆို ကိုယ်ကလည်း သူတို့အကူအညီကိုယူပြီး အားကုန်ရုန်းတာပဲ။ ဥပမာအားဖြင့် ဒီနေ့ခွဲတဲ့လူနာပေါ့။ မခွဲလို့ မဖြစ်ဘူး။ ဗိုက်ထဲမှာ သွေးထွက်နေတယ်။ ဗိုက်ကြီးက ပူတင်းပြောင်နေတာပဲ။ ပေကြိုးနဲ့တိုင်းနေရင်းကို တက်တက်လာတာ မြင်ရတယ်။ ခွဲမယ်ပြင်တော့ မီးစက်ပျက်တယ်။ ရွာထဲသွား မီးဆရာခေါ်တော့ လိုက်လာပြင်ပေးတယ်။ မရဘူး။ မော်တာမလည်နိုင်ဘူး။ အထဲက ဘောတွေကွဲပြီး ဂျမ်းဖြစ်နေတယ်။ နှိုးရင်လည်မယ်။ အပူချိန်တက်လာရင် ဂက်စကက်ပြတ်မယ်။ “ဒီလိုဆိုရင် တစ်နာရီပဲ နှိုးပေးမလား။ ကျွန်တော် တစ်နာရီနဲ့ အပြီးခွဲမယ်။” ဆို ခွဲတာ။ ပြောသလိုမဖြစ်ရင် ဘာလုပ်မယ် ဆိုတဲ့ plan B မရှိပဲ မိုက်တာနော်။ နောက်တစ်ခေါက် နောက်တစ်ခေါက် လာမပြောနဲ့။ ဟင့်အင်းပဲ။ တော်ပြီ။ ခွဲခန်းပြီးမှ မီးစက်သပ်ပြီး မော်တာပြေးပြင်ရတယ်။ အမှန်တော့ ကိုယ်က ဖဲတွက်တတ်ပါတယ်။ ဒီအဆင်နဲ့ ဒီအဆင်ဆို အထဲမှာ ဘာဖြစ်မယ်မှန်း မခွဲခင်ကတည်းက တွေးပြီးသား။ ဒဲဖီ နဲ့ ဒဲဖီ။ ဒါပဲ တက်စရာ ရှိတာလေ။ ဒါကြောင့်လည်း လုပ်ရဲတာပေါ့။ လွဲစရာ မရှိဘူး။ ကံက ကိုယ့်ဘက်မှာ။
ကိုယ့်မှာရှိတာ ဒီအခက်အခဲ တစ်ခုတည်း မဟုတ်ပါဘူး။ ပြဿနာပေါင်း သောင်းခြောက်ထောင်ပါ။ ကုန်အောင်သာ ရေးပြရရင် ယူတို့ ရူးတောင်ရူးသွားဦးမယ်။ တတ်နိုင်ဘူးလေ။ ဒီလိုပဲ ဆက်ရှင်းရတာပေါ့။ မပူပါနဲ့။ အဆင်ပြေပါတယ်။ ကံ က ကိုယ့်ဘက်မှာပါ။ ကိုယ်က ဘုရားသခင်ဘက်မှာပါ။ ဘုရားသခင်နဲ့အတူရှိနေသ၍ ပြဿနာက ပြဿနာ မဟုတ်တော့ဘူးလေ။
ကိုယ့်ကို အစဉ်တစိုက် စောင့်ကြည့်နေပြီး လိုအပ်သမျှ ကူညီဖေးမကြတဲ့အထဲမှာ ကိုယ့်အပေါ် ချစ်ခင်လေးစား စေတနာထားကြတဲ့ အပေါင်းအသင်းမိတ်ဆွေတွေချည့်ပဲတော့ ဟုတ်မထင်ပါဘူး။ “ဒီအကောင် တော်တော် သောက်ညင်ကပ်ဖို့ကောင်းတဲ့အကောင်။” ဆိုပြီး မေတ္တာပျက် စိတ်အချဉ်ပေါက်နေသူ ဟိုဘက်ရပ်ကွက်ကသူများလည်း “လုပ်ပါ နှုတ်ပါ ထုတ်ပါဦး။ ကျွန်တော့်ဖင်က လောက်စာလုံး။” လို့ မရမက အကူအညီသွားတောင်းရင် “ဟွန်း။ လိုချင်တာလေးများရှိရင် လာအပူကပ်ပြီ။” ဆို မျက်စောင်းလေး ဝင့်ကာဝင့်ကာ ဆောင့်ကြီးအောင့်ကြီး ကူညီပေးလိုက်တာပါပဲ။ မလုပ်ချင်လို့ မသိချင်ယောင်ဆောင်ပြီး လွှတ်ပေးလိုက်တဲ့ထဲမှာ ဟိုသေချင်းဆိုးတွေလည်း ပါတာကို ကိုယ်ကလည်း ပြန် မသိချင်ယောင်ဆောင် ထားပေးလိုက်တာပေါ့။ တချို့ဘေးအန္တရာယ်တွေ ကိုယ့်အပေါ်ကျမလာတာ တချို့လူတွေရဲ့ သက်ညှာမှုတော့ ပါနိုင်လောက်တယ်လေ။ “ဘယ်မှာလဲ။ ဆရာစိုး။ ကျွန်တော်တော့ မတွေ့မိပါဘူး။ ခင်ဗျားရော တွေ့လို့လား။ မရှိပါဘူး။ စိတ်ထင်လို့ပါ။”အဲ့သလိုမျိုး။
ဖဲကစားတဲ့ ဥပမာပေးပြီးရင် ဒီတစ်ခါတော့ မြင်းလောင်းတဲ့ ဥပမာနဲ့ ပေးရဦးမှာပဲ။ မြင်းလောင်းတဲ့အခါ လူကြိုက်များပြီး တာထွက်အကျောယူပြေးတဲ့ မြင်းတွေဟာလည်း ခြေကုန်လာရင် နောက်ကကောင်တွေ ကျော်တက်ကြတော့တာပဲ။ မဖုတ်လောက် မသုတ်လောက်တဲ့ တောကျော်ကလေးတွေက လှစ်လှစ်ကလေးနေအောင် မနားတမ်း ပြေးလာရင် ပန်းဝင်ဖို့ နီးလာတဲ့ ကော်ကောင်ကလေးတွေ အဖြစ် တွေ့ရမှာပ။ နိုင်မယ့်မြင်းကိုမှ လောင်းချင်တယ်ဆို နည်းနည်းပါးပါး အကဲခတ်လေ။ ကိုယ့်ကိုယ်ကိုယ် တော်လှချည့် မှန်လှချည့် မပြောလိုပါဘူး။ ဒါပေမယ့် ယူတို့သိဖို့က ကိုယ့်ဘက်မှာ ဘုရားသခင်ရှိတယ်။ အဲလေ ဘုရားသခင် ရှိတဲ့ဘက်မှာ ကိုယ်ရှိတယ်။ မေမေ ရှိတဲ့ဘက်မှာ ကိုယ်ရှိတယ်။ ဆာစိုး ဆာစိုး နဲ့ မနေနိုင်မထိုင်နိုင် သည်းသည်းလှုပ် ချစ်ခင်ကြသူများဘက်မှာ ကိုယ်ရှိတယ်။ သောက်မြင်ကပ်ရင်တောင် စူပွစူပွ ကူညီရတဲ့ မိတ်ဆွေသူငယ်ချင်းများဘက်မှာ ကိုယ်ရှိတယ်။ သတ်ချင်နေတဲ့ ရန်သူတွေကတောင် “ငါ တယ် လုပ်လိုက်ရ။” ဆိုပြီး မှန်အောင်မပစ်ရက်တဲ့ အရိန္နမာအသိဆုံး ကြံဆစ်သားလေးဘက်ကိုမှ နိုင်မြင်းအဖြစ်နဲ့ မလောင်းချင်ဘူးဆိုရင် ဘယ်မြင်းကို လောင်းစရာရှိလို့လဲ။ ယုံယုံကြည်ကြည် ပုံအောပြီး စွန့်လိုက်စမ်းပါ။ နိုင်ကိုနိုင်ရမှာ။ ကံကြမ္မာက ကိုယ့်ဘက်မှာ။ မကြောက်နဲ့နော်။ ဟုတ်ပြီလား။