ချန်ဂင်တို့စခန်း (၁၇၁)

လေတွေမိုးတွေ ညာသံပေးလာပေမယ့်လည်း နင်လားငါလား ရွာတာမျိုးတော့ မဟုတ်ပါဘူး။ ခဏတဖြုတ်တော့ အေးသွားတာပေါ့။ မိုးမကျခင် လမ်းကို ဒုန်းစိုင်းပြင်နေကြတာ အဆင်ပြေမပြေ ရေထဲမိုးထဲကျမှ သိရမယ်။ လောလောဆယ်တော့ ဖုန်တထောင်းထောင်းနဲ့ ချောင်းရေတွေ နောက်နေပြီ။ မနှစ်က ဒီအချိန် ချောင်းရေ အရမ်းကြည်တာ။ တချို့က လယ်ပြန်လုပ်ဖို့ တောင်ယာတွေ မီးရှို့နေကြတယ်။ အရှို့ကောင်းလို့ မိုင်းထကွဲတာ အနားက ဆိုင်ကယ်ဖြတ်မောင်းတဲ့ သားအမိကိုမှန်ရော။ အရင်တပါတ်က ဗိုက်ခွဲရတာလေ။ မနက်ဖြန်ဆို ဆေးရုံက ပေးဆင်းပြီ။ ကုတင်နေရာမလောက်လို့ ကြာကြာမထားနိုင်ပါဘူး။ appendix တောင် ၃ ရက်နဲ့ ပေးဆင်းတာ။ မိုင်းထိလူနာတွေ တန်းစီနေတော့ ခြေတုတပ်မပေးနိုင်တောင် ချိုင်းထောက်ကလေးတွေ မှာပေးနိုင်ရင် ကောင်းမှာပဲ လို့ အောင့်မေ့မိတယ်။ ဘယ်က မှာရမှန်း မသိလို့။ ကိုယ်တောင် မသိဘူးဆိုရင် တောကြိုအုံကြား ဆင်းရဲသားလူနာတွေ ဘယ်လိုလုပ် သိနိုင်မှာတုန်း။ လူသားချင်း စာနာထောက်ထားတဲ့အကူအညီဆိုတာ ချိုင်းထောက် မပါဘူးလား မသိ။ ပါလည်း စစ်တပ်ကဖြတ်ယူသွားလို့ ဒီဘက်မရောက်ပါဘူး။ အင်တာနေရှင်နယ် သောက်အကြီးတွေကလည်း “ငါ့ လက်ကလွတ် ဗြွတ်” ဆို ဟိုဟာမကြီး လက်ထဲပဲ ထည့်ထည့်သွားကြတာ။ စစ်တပ်ကသတ်လို့ သေတဲ့လူတွေကို မကူညီပဲ စစ်တပ်လက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပေးသွားတာက အဓိပ္ပါယ်မှ မရှိတာ။

နေက ပူ။ လူနာက များ။ ပြဿနာတွေကလည်း သောင်းခြောက်ထောင်ပါကွယ်။ တစ်နေ့ တစ်မျိုး မရိုးရပါဘူး။ ဒီလိုပဲ ကျော်ဖြတ်ရတာပေါ့။ စိန်ခေါ်မှုအသစ် အသစ်တွေက နေ့တိုင်းကြုံရတယ်။ အဲ့ဒါတွေကို ကျော်လွှားနိုင်ခဲ့လို့ ဒီကနေ့ထိ ရပ်တည်ရှင်သန်နေတာ။ စလုပ်ကာစတုန်းက လူနာတွေ ကြည့်မယ်။ ဆေးကုမယ်။ ခွဲမယ်။ များလေ ကောင်းလေ လို့ တွေးထားခဲ့ပေမယ့် လူနာတွေ တကယ်များလာတဲ့အခါ ဝန် နဲ့ အား မျှအောင် လိုက်ရတာလည်း တော်တော်ကို မလွယ်တဲ့ အလုပ်ပါပဲ။ ကြည့်လူနာ၊ တက်လူနာ၊ ခွဲလူနာတွေ စာရင်းထဲမှာ တစ်လထက်တစ်လ ထောင်တက်လာသလို အလုပ်လုပ်နေတဲ့ လူအင်အား Man power ကလည်း အလိုက်သင့်လေး တက်လာရမယ်။ ကုန်ခမ်းသွားတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ အလျဉ်မီအောင် ပြန်ဖြည့်နိုင်ရမယ်။ စက်ပစ္စည်းကိရိယာတွေရဲ့ သက်တမ်းအလိုက် ပြုပြင်ထိန်းသိမ်းတဲ့ စားရိတ်တွေကလည်း ရှိရဦးမယ်။ ကျားကြီးရင်တော့ ခြေရာကြီးလာတာ သဘာဝပဲ။ အဲ့သလို ကြီးလာတဲ့အခါ နောက်ထပ်လိုအပ်လာတဲ့ ကုသရေး အထောက်အကူ ဌာနတွေလည်း ရှိဖို့ လိုလာပြန်ပါတယ်။ ဓါတ်ခွဲတို့ ၊ ဓါတ်မှန်တို့၊ physiotherapy & rehab တို့လိုမျိုးပေါ့။ ခုလေးတင် ချိုင်းထောက် မရှိလို့ ဒုက္ခရောက်တဲ့အကြောင်း ပြောခဲ့သေးတယ် မဟုတ်လား။

လူနာတွေ အဝင်အထွက် အတက်အဆင်းများရင် အဖိတ်အစင် ဆိုတာ ရှိလာမှာပဲ။ မော်ကျူရီတစ်ခု ဆောက်ဖို့ စိတ်ကူး ပုံဖော်နေတုန်းပဲ ရှိသေး။ နေရာထိုင်ခင်း အကျယ်အဝန်းလေး တိုင်းပြီး ဆောက်မယ့်နေရာ ရှာထားပြီးပြီ။ “drawing နဲ့ estimate တွက်ပြီး တင်လိုက်။ ဘတ်ဂျက်ထဲထည့်ဆွဲပေးမယ်။” ဆိုတာတောင် အလုပ်မအားလို့ အဲ့ဒီဘက်ကို မလှည့်နိုင်ဘူး။ လိုအပ်တာပေါ့။ ကုတင် ၅၀ ဆေးရုံလောက်နီးနီး ဖြစ်လာမှဟာ။ မော်ကျူရီ မရှိရင် ဘယ်အဆင်ပြေမလဲ။

အခု ညနေပဲ ကြည့်လေ။ သတိလစ်နေတဲ့လူနာ ပါတယ်ဆိုလို့ ချက်ချင်း ကုတင်ပေါ်တင်ကြည့်တာ။ အသက်က မပါတော့ဘူး။ အေးစက်တောင့်တင်းနေပြီ။ အရောင်ကလည်း ဖြူဆုတ်နေတာ။ မနေ့ကမှ ဖျားတယ်ဆိုတဲ့စကားက ယုံလို့ဖြစ်တာ မဟုတ်။ ဆွေမျိုးသားချင်းလည်း တစ်ယောက်မှမပါ။ အသက်ကတော့ ၂၀ အောက်ပဲ မှန်းပါတယ်။ မိန်းကလေးလူနာဖြစ်နေတော့ ပိုခွကျတာပေါ့။ ရင်ခွဲစစ်ဆေးမှု PM မလုပ်ပဲ cause of death ကို ဘယ်လိုပေးမလဲ။ မော်ကျူရီမရှိပဲ ဒီအလောင်းကြီးကို ဘယ်လိုရင်ခွဲမလဲ။ အနံ့အသက်တွေက ထွက်နေပြီ။ မသင်္ကာစရာ။ သေပြီးသားအလောင်းကြီးကို အောက်ပိုင်းနှိုက်စမ်း။ ဆီးပိုက်ထည့်။ ဆီးကို ကိုယ်ဝန်ရှိမရှိစစ်။ ဗိုက်ပေါ်ကနေ ultrasound ထောက်ပြီး ဓါတ်မှန် ဆရာဝန်ဆီ ပို့ရပြန်တယ်။ ကိုယ်လုပ်လို့ ရနိုင်တာ ဒါအကုန်ပဲ။ ခွဲခန်းထဲသွင်း ခွဲလို့လည်းမဖြစ်။ ကုတင်ပေါ်တင် ထိလပ်-ပိုးဖြူ ဇာတ်ကပြန်ရင်လည်း ဘေးကလူနာတွေ အကုန်ထွက်ပြေးမှာ။ ရဲခေါ်လို့ မရတဲ့နေရာမှာ Forensic surgeon လုပ်နေရတာလည်း အဓိပ္ပါယ်မရှိလိုက်လေ။ သူတို့အုပ်ချုပ်ရေးအဖွဲ့ကို ဖုန်းဆက် ခေါ်ပြီး ဆက်လက်ဆောင်ရွက်ရန် ဆို အပ်ပေးလိုက်တယ်။ တော်ပါပြီကွယ်။ တော်နေကြာ လုပ်ပေးနေမှန်း သိရင် ဖားကန့်က မြေစာပုံပြိုတဲ့ ရေမဆေးကျောက် ကောက်တဲ့သူတွေ အကုန် ဒီဘက်လွှတ်လိုက်မှ မိုးကြိုးတွေ ပစ်နေမယ်။ တစ်ခါတစ်ခါ ပြိုရင် လူ ၂၀၀ လောက် သေတဲ့ဥစ္စာ။ Personal identification တောင် လုပ်မရတဲ့အရပ်မှာ စုံထောက်ကြီး ဦးစံရှား လုပ်နေလို့လည်း အပိုပါပဲ။ မော်ကျူရီ ဆောက်မယ့်အစား ward နဲ့ ကုတင် ကို တိုးချဲ့တာက ပိုများကောင်းမလား။ အခု လူနာဆောင် ၂ ဆောင် ပြည့်နေပြီ။ နောက်တစ်ဆောင် ထပ်ဆောက်ရမလို ဖြစ်နေတယ်။

လတ်တလော အခြေအနေမှာ ဆေးရုံက မီးစက်တစ်လုံးက ပျက်သွားတယ်။ ခွဲခန်းထဲက မီးစလောင်းတစ်လုံးလည်း ပျက်သွားတယ်။ တနေ့တနေ့ အဲ့ဒါကြီးတွေ ပြင်နေရတာနဲ့ ဒုက္ခကိုရောက်လို့။ ခွဲဖို့တန်းစီထားတဲ့လူနာတွေကို စောင့်ခိုင်းထားရတယ်။ မများပါဘူး။ သည်းခြေကျောက် နဲ့ ၅ ယောက်၊ လည်ပင်းကြီးရောဂါနဲ့ ၂ ယောက်။ အရေးပေါ် လူနာတွေကျ မစောင့်နိုင်ဘူးလေ။ ရှိတာနဲ့ ရအောင်ခွဲ။ အားမရရင် လက်နှိပ်ဓါတ်မီးနဲ့ထိုး။ လောလောဆယ်တော့ ဒါပဲတတ်နိုင်တယ်။ ရေရှည်အတွက်တော့ တစ်မျိုးစီစဉ်ရတာပေါ့။ ကိုယ့်ဆေးရုံမှာ ပြင်/ထိမ်း အင်ဂျင်နီယာ အလုပ်လုပ်ပေးမယ့်သူရှိလို့ အများကြီး ခံသာတာ။ လူနာတွေ များလာသလို အလုပ်လုပ်ဖို့ အဆင်ပြေအောင်လို့ ဆေးရုံကို တိုးချဲ့ပြုပြင်ရတဲ့အလုပ်တွေကြောင့် လူလည်းမအား စိတ်လည်းမအားရပါဘူး။ ဒီကြားထဲမှာ လေကြောင်းအန္တရာယ်လာရင် ဘယ်လိုလုပ်မတုန်း ဆိုတဲ့ကိစ္စက ရှိသေးတယ်။

အခု ရက်သတ္တပါတ်ရဲ့ စစ်ရေးနိုင်ငံရေး အခြေအနေကတော့ ဖေ့စ်ဘုတ်ပေါ် လိုင်းမှန်မှန်တက်နိုင်တဲ့သူတွေက ပိုသိမှာပါ။ မြန်မာပြည်မှာ နိုင်ငံရေးပုရောဟိတ်ကြီးတွေ နည်းမှ မနည်းတာ။ ရှေ့ဖြစ်ကိုလည်း ဟောနိုင်တယ်။ နောက်ကြောင်းကိုလည်း သုံးသပ်နိုင်တယ်။ ဘာတစ်ခုမှ ဝင်မလုပ်လို့သာ ခေါင်းဆောင်မဖြစ်တာ။ အမေရီးကားရောက်ပြီး မူးရူးပြဲကွဲနေတဲ့ကောင်တွေကလည်း ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို live လွှင့်ပြီး သုံးသပ်နိုင်တယ်။ ကိုယ်တွေကတော့ တောကြိုအုံကြား ဆေးရုံတစ်ခုနဲ့ လုံးလည်ချာလည် လိုက်နေတာမို့ ကမ္ဘာကြီးနဲ့ မျက်ခြေပြတ်နေပလား တောင် မပြောတတ်။ ဆေးရုံက လောလောဆယ် တစ်ခုတည်း ဆိုပေမယ့် နောက်ထပ် အခုလိုမျိုး တောဆေးခန်းအသေးစားလေးတွေ ထပ်ပွါးလာဖို့ ဆရာဝန် ဆေးတပ်သားလေးတွေ နိုင်သလောက် ခေါ်ခေါ်ပြီး သင်ပြပေးတယ်။ သူတို့နေရာပြန်ရင် ကိုယ်လိုမျိုး အလုပ်လုပ်နိုင်အောင် ကူညီပေးတယ်။ မသေချာသူလောကကြီးထဲမှာ ကိုယ်မရှိတော့ရင်လည်း ဆေးကုမယ့်သူတွေ ဆက်ရှိနေစေချင်သေးတယ်။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့ခေတ်မှာ ဆရာဝန်တွေကို ဖမ်းဆီး သတ်ဖြတ် တားမြစ်နေတဲ့ကြားထဲက ဖြစ်တဲ့နည်းနဲ့ ရှင်သန်ရပ်တည်ပြီး ဆေးဆက်ကုနေတဲ့ ဆရာဝန်တွေ အများကြီး ရှိသေးတယ် ဆိုတာကို သက်သေပြခဲ့မယ်။

တရုတ်ပွဲစားတွေ နေပြည်တော်ကို ခြေချင်းလိမ်ပြီးတဲ့နောက်မှာ ကိုယ်တို့ဆီက ရှေ့တန်းစစ်မျက်နှာမှာတော့ ကိုယ့်ကြက်ကိုယ်ပိုက်ပြီး ခြေဆုပ်လက်နယ် ဖင်လှန်ရေမှုတ် လုပ်နေကြသလား မသိဘူး။ ခန အမောအပန်းဖြေနေကြတယ်။ ဒါလည်း ကောင်းပါတယ်။ အရင်တခါတုန်းက ထိထားတဲ့သူတွေတောင် အခုမှ ဆေးရုံက ပေးဆင်းကာစ ရှိသေး။ ခဏတဖြုတ်တော့ နားပါရစေဦး။ ဒဏ်ရာရတဲ့ လူနာကလေး ပါးသွားရင် ဆေးရုံအတွက် တိုးချဲ့စရာကလေးတွေ ပြင်ဆင်ရဦးမယ်။

သို့သော်လည်း စစ်ကောင်စီက သူတို့အထိုင်ချထားတဲ့ လမ်းမပေါ်က ဂိတ်တွေကိုတော့ အသေကျစ်ပြီး ပိုက်ဆံတောင်းတာနော်။ ကွင်းလမ်းက ပတ်မောင်းတဲ့သူတွေဆို ကွင်းလမ်းအထိ ဆင်းကြပ်တာ။ သေနတ်နဲ့ချိန်ပြီး “ပစ်လိုက်ရမလား။ မသေချင်လှည့်ပြန်။ ဖြတ်စရာရှိ ဂိတ်ကဖြတ်။” လို့ ခြောက်လွှတ်ပါသတဲ့။ ဂိတ်ကဖြတ် ဆိုသော်လည်း ဂိတ်ပေါ်က လုံးဝ ပေးမဖြတ်တဲ့ ကုန်ပစ္စည်း များစွာ ရှိနေပါတယ်။ ဆန် ပေးမဖြတ်ဘူး။ လောင်စာဆီ ပေးမဖြတ်ဘူး။ ဆေးဝါးနဲ့ ဆေးရုံသုံးပစ္စည်း ကိရိယာတွေ ပေးမဖြတ်ပါဘူး။ စီးပွါးရေးသမားတွေကျတော့ အဲဒီဂိတ်တွေမှာ ဥဒဟို ဝင်ထွက်သွားလာနေကျဆိုတော့ လူမြင်လည်း မှတ်မိ၊ ကားမြင်လည်း တန်းသိနေကြတာလေ။ “ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါ။” ပေါ့။ ရှိသမျှ ဂိတ်တွေအားလုံး ဒီလူတွေက ဆက်ကြေးပေးနေရတာ မဟုတ်လား။ ဂိတ်ကြေးများရင် ကုန်ကြေးတက်ယူရုံပဲ ရှိတယ်။ ရွှေဈေး ကျောက်ဈေးတွေ ကိုယ့်အရာ မဟုတ်လို့ ဝင််မငံပါဘူး။ ကိုယ်သိသလောက်တော့ ကြက်သားဈေးဟာ ကိုယ်တို့ဆီက ရွာထဲမှာ ၁၂၀၀၀။ ဖားကန့်မှာ ၂၀၀၀၀။ အနမ့်ပါမှာ ၃၀၀၀၀။ အချိန်ပိုမစီးပေမယ့် ကြေးပိုကြီးသွားတယ်။ အဲ့ဒါ ဂိတ်ကြေးကြောင့်။

ဒီအခြေအနေအတိုင်းသာဆိုရင်တော့ ကိုယ့်ဆေးရုံကလေးကို ကနေ့ နက်ဖြန် လေယာဉ်နဲ့ လာပြီး ဗုံးကျဲစရာ မရှိသေးဘူး လို့တော့ အကြမ်းဖျဉ်း ယူဆလို့ရတယ်။ သို့သော် ကြောင် ကြာကြာရေမငုတ်ဘူး။ ဘီလူးရုပ် ပြန်ပေါ်မှာ။ ကချင်တွေဟာ တရုတ်ကြီး ကြိုးဆွဲလို့ NCA လက်မှတ်ထိုးစရာတော့ မရှိပါဘူး။ ကိုးကန့်လို တရုတ်လူမျိုးတွေ မြန်မာပြည်ထဲ ကျွံဝင်လာတာမှ မဟုတ်တာ။ သူတို့လည်း သူတို့ရေမြေ သူတို့အချုပ်အချာ အာဏာကို တရုတ်အောက် အရောက်မခံပါဘူး။ KIA နဲ့ မြန်မာစစ်တပ်ဆိုတာကလည်း အနှစ် ၆၀ ကျော်ကြာအောင် သမိုင်းကြောင်းနဲ့ တိုက်နေရတဲ့ ရန်သူမို့လို့ ကိုယ်တွေသိတာထက်တော့ ပိုသိပါတယ်။ တော်လှန်ရေးရဲ့ အရှိန်အဟုန်တွေက စစ်လော်ဘီတွေ နှပ်ကြောင်းပေးထားသလို သန်းရွှေကြီး နဲ့ သိန်းစိန်ကြီးနဲ့ အောင်စေပိုင်စေ နိုင်စေပွဲပေါင်း ဝင်ကလို့ ရမယ့် အခြေအနေဟုတ်ပါ့မလား။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တော်လှန်ရေးကတော့ ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။ The show must go on. လေ။

The hospital also must go on. ပါ။ စာရေးနေတဲ့အချိန်အတောအတွင်း မှာပဲ မိုးတွေရွာလာပြီ။ ဒီနေ့အတွက် တတိယမြောက် ခွဲလူနာကို ward ထဲပြန်ပို့ခဲ့ပြီ။ ဘယ်လိုအခက်အခဲမျိုးပဲရှိရှိ ကိုယ့်ဆေးရုံက အလုပ်တွေလည်း ရပ်မသွားသေးပါဘူး။ ပို၍ကောင်းသော အခြေအနေမျိုးအတွက် နေ့ရှိသ၍ ကြိုးစားအားထုတ်နေပါတယ်။ ပို၍ဆိုးသော အခြေအနေများကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်သွားမှာပါ။ ပြုပြုသမျှသော လုံ့လပယောဂအားလုံးအတွက် တော်လှန်ရေးအောင်ဆုမှတပါး ဘာကိုမှ အလိုမရှိတော့ပါဘူး။ နိန္နံ၊ ပသာနံ၊ သုခံ၊ ဒုက္ခံ။ ရှိချင်ရာတွေ ရှိချင်သလိုသာ ရှိကြပါတော့။ ကိုင်း မိုးလည်းတိတ်ပြီ။ ဆေးရုံတစ်ခေါက်ပြန်ပြီး လူနာသွားကြည့်ချေဦးမယ်။ လိုင်းပေါ်မှာ ကိုယ်မရှိတုန်း ကြင်စိုးတို့တသိုက် ဂိသွားတယ်ဆိုလည်း ဖုန်းလေးဘာလေး ဆက်ကြပါဦး။ အသိနောက်ကျမှာစိုးလို့ပါ။ မီးလာရင်တောင် ဟေးကနဲ အော်ကြတာ။ ဒီကောင်တွေဂန့်လို့ကတော့ မိုးမြေသိမ့်သိမ့်တုန်သွားမှာပါလေ။