တနိုင်ငံလုံး ပူပြင်းလောင်မြိုက် နေတဲ့ ကာလကြီးမှာ ကိုယ်တို့ဆီ မလည်း ကွက်အေးမနေပါဘူး။ ညအိပ်ချိန် ရောက်မှ နည်းနည်းလေး နေသာလာပြီး မနက်ကျရင်တော့ စောင်ခြုံကွေးရပါတယ်။ ဒီမှာကျတော့ ဘယ်လောက်ပူပူ သစ်ရိပ်ဝါးရိပ်အောက် ခိုပြီး လေကလေးတိုက်လာရင် ချွေးသိပ်သွားတာပါပဲ။ ရန်ကုန်ကလူတွေမှာဖြင့် ရာသီဥတု က ပူ။ မီးကပျက်၊ ငရဲတမျှ အသက်ရှူလို့တောင် မဝအောင်ပါပဲတဲ့။ တနိုင်ငံလုံး မီးဖြတ်ပြီး သူတို့တပ်တွင်းမှာပဲ လုံခြုံရေးအရ ၂၄ နာရီ ထိန်ထိန်ငြီးနေအောင် မီးပေးထားတော့ ပူရတဲ့အထဲ အသည်းကပါ နာစရာပေါ့။ တပ်ကလွဲရင် ပြည်သူတရပ်လုံး ရန်သူ ဖြစ်နေပြီ မဟုတ်လား။ သူတို့ကို ထောက်ခံလှပါရဲ့ဆိုတဲ့ အဘဘောမ (ABBM) တွေတောင် ပဋာမြေလူး ငိုချင်းချကုန်ပြီလေ။ “ဟိုအရင် အစက အဘကို ချစ်ခင်။ ဘယ်တုန်းကမှ အပြစ်ကိုလည်းမမြင်။” ဆိုတဲ့သူတွေပေါ့ဗျာ။ မင်းသားရူးလေး ဘာလေး စောင်းလားမြောင်းလားနဲ့။ “ချစ်တုန်းခင်တုန်းမှာဖြင့် သူပြောခဲ့ဖူးတဲ့ စကားသံကလေးတွေ ဒီက ပြောပြမယ်။ သောတနား။ သောတနား ဆင်။” ဆိုပြီး မာမီဒေါ်ရီသန့်နဲ့ ပေးတွေ့ပလိုက်ချင်တယ်။ ဂယ်ပဲ။
ရာသီဥတု ပူလို့ ဒီမှာ ကိုယ်လုပ်နိုင်တာကတော့ ရေ ၂ ခါချိုးတယ်။ ရေတွေ အများကြီးသောက်တယ်။ အရိပ်အောက်မှာ နေတယ်။ နေပူထဲသွားရင် ထီးဆောင်းတယ်။ လူနာတွေအတွက်ဆို နေ့တိုင်း ရေပတ်သုတ်ခိုင်းတယ်။ သက်ကြီးရွယ်အိုတွေဆို “ရော့ Royal D သောက်လိုက်။” လို့ ပေးတယ်။ Heat stroke တွေတော့ ရောက်မလာသေးဘူး။ ညဘက် သိပ်မအိုက်လို့ ဖြစ်မယ်။ တောထဲတောင်ထဲဆိုတာ အရိပ်ရှိ၊ စမ်းရေရှိ၊ အေးတာပဲလေ။ အပင်တွေက အရွက်ကြွေပြီးသွားလို့ ရွက်သစ်တွေ ဝေနေပြီ။ ထမင်းဝိုင်းမှာဆို စိုစိုစိမ်းစိမ်း အရွက်တွေ ချည့်ပဲ စားရတယ်။
ကိုယ်တို့တွေလည်း မနက်ခင်း ဟင်းစိမ်းဝယ်ရင် ဟင်းရွက်ကန်စွန်း တင် မနိုင်မနင်း ဝယ်ရတယ်။ လူတဝက် ယုန်တဝက် စားတာပေါ့။ ယုန်တွေက တစ်နေ့ကို ကန်စွန်းရွက်ချည့်ပဲ အစည်း ၂၀-၂၅ ကုန်တယ်။ တစ်နေ့လုံးစား၊ တစ်ညလုံးစား။ ပွါးလည်းပွါးမလာဘူး။ ထွားပဲထွားလာကြတယ်။ လှန်လှောစစ်ဆေးကြည့်မှ မွေးထားမိတာ သမီးတွေချည့်ပဲ ဖြစ်နေရော။ ယုန်ညီအမ ၄ ဖော်ကိုး။ သမီးကညာ အခါမလင့်စေသင့် တဲ့။ အခုတောင် အပျိုကြီးဖားဖား ဖြစ်နေပြီ။ ရွာထဲသွားပြီး အထီးလေး ၂ ကောင် အိမ်အလည် ခေါ်လာလိုက်တယ်။ “စား စား။ မောင်လေး စား။ မောင်လေး အားရပါးရ စား။” ဆို မမတွေနဲ့ အဆင်ပြေမယ် ထင်တာ။ ဟိုက အပျိုကြီးလေးကောင်က ဆိတ်ဆွလွှတ်လိုက်တာ ကောင်လေးတွေ ပတ်ပြေးပြီး ခြံထောင့်မှာ ဝပ်နေရတာ အသားတောင် တဆတ်ဆတ်တုန်တယ်။ အစာတောင် လာမစားရဲ။ ဒီလိုတော့ မဖြစ်သေးပါဘူး။ ရင်းနှီးသွားအောင် လေးငါးရက်လောက်တော့ ဧည့်စာရင်းတိုင်ထားဦးမှပါ။ ယောက်ကျားလေးရှင်ဘက်က တစ်ကောင် တစ်ကောင်ချင်း လဲရအောင်လေ လို့ ပြောပေမယ့် အဲ့လိုကျတော့လည်း ဘယ်တစ်ကောင်ကိုမှ ခွဲမပေးရက်ဘူး။ ယုန် ၆ ကောင် အားတိုင်း အစာကျွေးနေလို့ လူမြင်ရင် ခုန်ခုန်ပြီး ပြေးလာကြရော။ ကောင်လေးတွေ ပြန်သွားရင် အသည်းများကွဲနေကြဦးမလား မပြောတတ်။
သတ္တဝါလေးတွေ မွေးမိတဲ့ သံယောဇဉ်ဆိုတာ အဲ့လိုပါပဲ။ ဆူလို့ဖြိုးလို့ “တစ်ပိဿာလောက်တော့ ရှိရောပေါ့။” ဆိုတဲ့ စိတ်မျိုး ဘယ်ထားရက်မှာလဲ။ သူများကိုတောင် မပေးရက်ပါဘူးဆို။ ဒါပေမယ့်လည်း ဆေးရုံကို ဗုံးလာချရင်တော့ သူတို့လည်း အသံကြားရုံနဲ့တင် နှလုံးကွဲပြီး သေနိုင်တယ်။ ခြေလျင်နဲ့ စစ်ကြောင်းထိုးလာရင်လည်း ဟင်းအိုးထဲ ရောက်ကုန်လိမ့်မယ်။ နောက်ဘေးကတောထဲ သွားလွှတ်ခဲ့မှပါ။ မိစ္ဆာကောင်တွေ အာဏာသိမ်းတာ လူသားတွေတင် ဘယ်ကမလဲ။ ကျွဲနွားတိရစ္ဆာန်တွေလည်း ထောင်နဲ့ချီပြီး သေကြေပျက်စီးကြရတယ်။ ဖက်ဆစ်ဂျပန်တွေက ကြက်ကလေးတွေ ဝက်ကလေးတွေ သိမ်းတုန်းက မျက်ရည်လည်ရွဲနဲ့ ပြန်တောင်းပြန်လုတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့ကြတယ်လေ။ အခု ဖက်ဆစ်ဗမာတွေကျမှ ပြန်တောင်းစရာလူတောင် အရှင်မထားပဲ ဖမ်းခေါ်နှိပ်စက် တရွာလုံး မီးရှို့မှတော့ ကျွဲတွေနွားတွေဆိုတာ စာမဖွဲ့လောက်တော့ဘူး။
အင်မတန်မှကို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ မိစ္ဆာစစ်ခွေးတွေဟာ ဟစ်တလာတို့ မူဆိုလိုနီတို့တောင် မသုံးခဲ့တဲ့ စစ်ရေးဗျူဟာတစ်ခုကို အသုံးပြုလာကြပါတယ်။ အဲ့ဒါ အခုရက်ပိုင်း ကစထမှူးတွေ နေရာအပြောင်းအလဲ လုပ်ပြီးနောက်မှ တွေ့လာရတဲ့ စစ်တိုက်ပုံပါ။ စကစ စခန်းတွေမှာရှိတဲ့ သူတို့စစ်သားတွေကို ခွေးထိုးထိုး ကျီးစားစား လဒပဲနားနား “ကိုယ့်စခန်းကိုယ် အသေခံကာကွယ်ကြ။” လို့ အမိန့်တစ်ခုနဲ့ လှစ်လျူရှုထားလိုက်ပြီး တချို့စခန်းတွေကို လာသိမ်းလည်း အလွယ်တကူ လက်လွှတ်လိုက်တယ်။ စစ်ကူစစ်ထောက်၊ စစ်ဆုတ်စစ်ခွါ၊ ဘာတစ်ခုမှ မလုပ်တော့ပဲ “အရေးမကြီးဘူး။ ဒီကောင်တွေ သေချင်သေပစေ။ မသေချင် မကျအောင် ခုခံကြပေါ့။” ဆိုတဲ့သဘော။ ဗျူဟာအနေအထားအရ အဝင်အထွက် လုပ်ရမယ့် အကွက်အကွင်းတွေကိုတော့ လေကြောင်းပစ်ကူရော လက်နက်ကြီး ယန္တရားပါ အားကုန်သုံးပြီး နယ်မြေရှင်းလင်းရေး လုပ်ပြီး ဝင်လာကြတယ်။ အခု ဖားကန့်ပတ်ပတ်လည် လုံးခင်းတကြောမှာ ဝင်မွှေနေတာ အဲ့ဒီသဘောပါပဲ။ ပြီးရင် ရွာထဲကလူတွေကို တစ်အိမ်တက်ဆင်း ဝင်ဖမ်းပြီး သူတို့တပ်တွေ အရွှေ့အပြောင်းမှာ လူသားဒိုင်းကာအဖြစ် သုံးပါတယ်။ ပြန်လွှတ်ပေးမယ်ဆိုတဲ့သူတွေက မလွတ်ခင် ရွာထဲမှာ ဆိုင်းဘုတ်ကိုင်ပြီး လမ်းတစ်ပါတ်လျှောက်ရတယ်။ “KIA/ KIO အလိုမရှိ” “PDF အကြမ်းဖက်သမား အခုထွက်သွား။” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်မှ လွှတ်ပေးတာ။ မှော်ထဲကလူတွေလည်း “ငါတို့သည် ပိုင်တံခွန်များသာ။” ဖြစ်ကုန်ပြီ။ စစ်သားတွေက အရပ်ဝတ်နဲ့ စစ်ကြောင်းထိုးပြီး ရွာသားတွေကို စစ်ယူနီဖောင်း ဝတ်ခိုင်းထားတယ်။ နေရာပြောင်းရင် သူတို့က အိမ်စီးကား နဲ့ ရွာသားတွေကို Faw ကားနဲ့ ခေါ်တာ။ မိုင်းထိရင် အပစ်ခံရရင် သူတို့လွတ်အောင်ပေါ့။ တချို့ကိုတော့ ညှင်းပန်းနှိပ်စက်ပြီး ရာဘတွေ ကျွေးထားနှင့်ပါတယ်။ စစ်ကြောင်းထိုးတဲ့အခါ အဲ့ဒီလူတွေကို ရှေ့က အသေခံတက်ခိုင်းပြီး PDF တွေဆီက ကျည်ဆန်ကုန်အောင် ဖြုန်းခိုင်းတယ်။ လိုင်းပေါ်မှာ စောင်ဆရာကြီးလုပ်နေတဲ့ ကမြင်းမသားတွေနဲ့ နိုင်ငံတကာသတင်းတွေထဲမှာ ဖော်ရှိုးလုပ်နေတဲ့ အလကားကောင်ကြီးတွေက “ဟုတ်ရဲ့လား။ သေချာရဲ့လား။” နဲ့ ဇဝေဇဝါ သံသယ ရှိနေရင် မြေပြင်ကို ဆင်းလာခဲ့စမ်းပါ။ လက်ဆွဲပြီး လိုက်ပြနိုင်ပါတယ်။
ဇော်မဲလုံး အမြဲပြောတယ်လေ။ “သူတို့ ရေတွက်ထားသလောက်သာ စစ်သားတွေ သေနေရရင် တိုင်းပြည်အုပ်ချုပ်ဖို့ လူ ဘယ်ကျန်မှာတုန်း။” ဆိုတာ။ ဟုတ်တာပေါ့။ သေတဲ့ထဲမှာ စစ်သားချည့်ပဲမှ မဟုတ်တာ။ စစ်ဝတ်စုံဝတ်ပေး၊ မြင်းဆေးကျွေးပြီး လူသားတံတိုင်း လုပ်ထားတဲ့ အရပ်သားတွေ အများကြီးပါတယ်။ အဲ့ဒါ အခုရက်ပိုင်း ပြောင်းလာတဲ့ စစ်ကောင်စီရဲ့ ဗျူဟာပဲ။ မယုံရင် လာကြည့်လှည့်။
ဟိုးအစောကြီးကတည်းက ပြောဖူးပါတယ်။ ကိုယ်တွေဘက်က ဒီကောင်တွေ ဘယ်လောက် ယုတ်မာနိုင်မလဲ အဆုံးစွန်အထိ တွေးကြည့်လိုက်။ ကိုယ်တွေ တွေးနိုင်သမျှ အစွမ်းကုန်ဟာ သူတို့တတွေ လက်တွေ့လုပ်နေတဲ့ ရက်စက်ယုတ်မာမှုတွေကို ဘယ်တော့မှ လိုက်မမီဘူး။ သူတို့က မျိုးနဲ့ရိုးနဲ့၊ ဆရာသမား နည်းပေးလမ်းပြနဲ့၊ ဆွေမျိုးအသိုင်းအဝိုင်းပါ ယုတ်မာလာခဲ့တာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီ။ စူပါပါဝါ အယုတ်တမာတွေ။ ကိုယ်တွေ ဘယ်လိုမှ လိုက်မီအောင် မတွေးနိုင်ဘူး။ ဦးနေဝင်းဗီဇက အေးနေဝင်းထိအောင်ကို လွှမ်းမိုးတယ် မဟုတ်ဘူးလား။ ဒါတောင် ကျူငုတ်နော်။ ကျူငုတ်။
ကိုယ်တို့ကတော့ အဲ့ဒီလူယုတ်မာတွေ မတရားသဖြင့် အနိုင်ကျင့်သမျှကို လည်စင်းခေါင်းငုံ့ခံနေရလောက်အောင် နိမ့်ပါးတဲ့ ဉာဏ်ရည်မျိုး အတွေးအခေါ်မျိုး မရှိတဲ့အတွက် တွန်းလှန်ရကောင်းမှန်း တော်လှန်ရကောင်းမှန်း သိတယ်။ သိတဲ့အတိုင်းလည်း လက်တွေ့တိုက်ပွဲဝင်နေတယ်။ သူတို့က ထီးရိုးနန်းဆက်လို ကျင့်ကြံပြီး ကိုယ်တွေကို ကျွန်မျိုးသဘောက်မျိုးလောက် သဘောထားတာ ကိုယ့်မိဘလက်ထက်မှာလည်း ခံခဲ့ပြီးပြီ။ ကိုယ့်လက်ထက်မှာလည်း ခံနေရပြီ။ ကိုယ့်သားသမီး မျိုးဆက်ထိ အရောက်မခံနိုင်ဘူး။ အပြတ်ဖြတ်မှာ။ ဘယ်နည်းနဲ့ ပေးဆပ်ရ ပေးဆပ်ရ။ At any cost.
စစ်ကောင်စီရဲ့ ရက်စက်ပုံ ယုတ်မာပုံတွေကို ကိုယ်တိုင်လည်းကြုံတယ်။ မျက်မြင်လည်းတွေ့တယ်။ မှတ်မှတ်သားသားလည်း ထားပြီး သက်သေသက္ကာယနဲ့ စာရေးတင်နေတယ်။ အဲ့ဒါနဲ့မှ “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး။” ဆိုတဲ့သူတွေကိုတော့ ဆက်ပြီး အငြင်းအခုန် မလုပ်ပါဘူး။ “သွား သွား။ လာမဖတ်နဲ့တော့။ သူလည်းအချိန်ကုန် ကိုယ်လည်း အကျိုးမရှိ။” တခါတည်း အန်ပလိုက်တယ်။ မြဝတီသတင်းနဲ့ပဲ တန်တဲ့သူတွေက သပ်သပ်ကို ရှိတာ။ ၂ ဘက်စကားကို ကြားနာရမယ် ဆိုတဲ့ ဖော်မြူလာကြီးက အမှား နဲ့ အမှန် ကို ကိုယ့်ဦးနှောက်နဲ့ကိုယ် ဝေဖန်နိုင်မှ သုံးစားလို့ရတယ်။ မှားတဲ့သူ နဲ့ မှန်တဲ့သူကြားမှာ ထက်ပိုင်းပိုင်းပြီး တဝက်စီယူကြ။ နင်တဝက်မှန်တယ်။ သူလည်း တဝက်မှန်တယ်။” ဆိုတာ ဖြန်ဖြေတဲ့စကား မဟုတ်ဘူး။ သားတရားစီရင်ခန်းမှာ “ကလေးကို ထက်ပိုင်းပိုင်း၍ တဝက်စီယူစေ။” လို့ စီရင်လို့ ရသလား။ မတရားတဲ့အကြမ်းဖက်မှုတိုင်းမှာ လက်လွန်ခြေလွန်မဖြစ်အောင် ဝင်ဆွဲတဲ့အလုပ်ကို အရင်လုပ်ရတာလေ။ ဆေးရုံတွေ ဗုံးနဲ့ကျဲလည်း ထိုင်ကြည့်နေကြတာပဲ။ ကလေးတွေ အစုလိုက်အပြုံလိုက် သတ်လည်း “ဝင်မပါနဲ့ဦး။ အခြေအနေတွေ ရှုပ်ထွေးနေတယ်။” ဆို ဗီတိုအာဏာ သုံးပြီးတော့တောင် ကန့်ကွက်တယ်။ ဒီလူတွေဆီက မျှတတဲ့ တရားစီရင်မှုလည်း စောင့်မနေနိုင်ဘူး။ ညှာတာသနားတဲ့ မျက်ရည်နှစ်စက်လောက်ကိုလည်း အဖက်လုပ်မနေတော့ဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်မှာ။
လက်တွေ့ကျကျ ပြောရရင် စစ်ကောင်စီဟာ တချို့နေရာတွေမှာ နယ်မြေစိုးမိုးမှုကို စွန့်လွှတ်ပြီး သူ့ရှိတဲ့ အင်အားတွေ စုစည်းလို့ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို ဂိတ်တွေမှာ ပိတ်ထိုင်လိုက်တယ်။ အဝင်အထွက် နဲ့ ကုန်စည်စီးဆင်းမှုကို သူ့စိတ်တိုင်းကျ ကန့်သတ်တယ်။ ပစ္စည်းတန်ကြေးအလိုက် တောင်းသလောက်ပိုက်ဆံပေးနိုင်မှ ဖြတ်ခွင့်ပြုတယ်။ ဒေသတစ်ခုလုံးကို ဂိတ်ကနေ ထိန်းချုပ်လိုတဲ့သဘော။ ဘယ်လောက်ပဲ လွတ်မြောက်နယ်မြေ ကြွေးကြော်နေပစေ။ ၂၁ မိုင် ဂိတ်ကြီး ရှိနေသမျှ မြစ်ကြီးနား က လွတ်တယ် မခေါ်ဘူး။ နန့်စီးအောင် ဂိတ်ကြီး ရှိနေသမျှ ကချင်ပြည်နယ် မလွတ်ဘူး။ ညောင်ခါးရှည်ဂိတ် ရှိနေသမျှ မွန်၊ ကရင်၊ တနင်္သာရီ လမ်းကြောင်း မပွင့်ဘူး။ အဲ့ဒီဂိတ်တွေကနေ ပိတ်ပြီးတော့ စောင့်နေတာ။ အဲ့ဒါကြောင့် မြို့သိမ်းတိုက်ပွဲ နယ်သိမ်းတိုက်ပွဲတွေ ဖြစ်မလာခင် ဂိတ်သိမ်းတိုက်ပွဲတွေနဲ့ အရင်တွေ့ဖို့ ရှိတယ်။ တချို့နေရာတွေမှာ သိမ်းတောင် သိမ်းထားပြီးပြီ။ အဲ့ဒီဂိတ်တွေမှာ စုပေါင်းစစ်ဆေးရေးလုပ်နေရတဲ့ ဝန်ထမ်းတွေ အာရကေ မက်လို့ မှိန်းနေရင် သော်ရကေရဖို့ နီးနေပြီ။ အသက်ကို ဉာဏ်စောင့်သတဲ့။ လော်တစ်တော့ လော်တစ်တော့။ ဖြစ်ရင်သူတို့က ကိုယ့်အရင် အသေခံခိုင်းမှာ။ သိတယ်ဟုတ်။
သူတို့ထဲမှာ စစ်တိုက်စရာ စစ်သားတောင် သိပ်မကျန်တော့လို့ ချော့တစ်မျိုး ခြောက်တစ်မျိုးနဲ့ မပြေးအောင် မနည်းစည်းရုံးထားရတာ။ အခုဆို နေ့တိုင်းသေတဲ့စာရင်းထဲ ဗိုလ်မှူးတွေ၊ ဒုဗိုလ်မှူးကြီးတွေ ပါလာပြီ။ ဒါတောင် မနှစ်တစ်နှစ်ကမှ သေနတ်ကိုင်ဖူးတဲ့ ၂၀ ပတ်ချာလည် ကလေးတွေနဲ့ တိုက်နေတာနော်။ ကြည်းရေလေတပ်မတော်ကြီးက PDF ကလေးတွေကို ဘယ်လိုတွေတောင် ရုပ်ပျက်ဆင်းပျက် ကာကွယ်နေရသလဲ တွေ့တဲ့အတိုင်းပဲ။ Domino effect ဆိုတာကြီးက မြင်နေရပြီ။ မကုန်သေးလို့သာ ဆုံးအောင်လိုက်ကြည့်နေတာ။
ကရင်၊ ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ တနင်္သာရီ၊ ကချင်၊ ရခိုင်။ အဲ့ဒါတွေက တစ်ခုပြီးတစ်ခု စကစလက်အောက်က ရုန်းထွက်လာကြပြီ။ ကျန်တဲ့ဟာတွေကလည်း မြန်မာပြည်ကြီး နှစ်ခြမ်းကွဲရင် စကစရှိတဲ့ဘက်မှာ နေခဲ့မယ် ဆိုတာ ဘယ်ပြည်နယ်မှာမှ မရှိဘူး။ လယ်ဝေး၊ ပျဉ်းမနားမှာတောင် မရှိဘူး။ ချန်ကေရှိတ်ကြီး ထိုင်ဝမ် ပြေးသလို ကိုကိုးကျွန်းပြေးပြီး လက်နက်နိုင်ငံ ထူထောင်ရင်ကော ယုန်လေးတို့၊ နေအောင်တို့၊ စိုးမြတ်သူဇာတို့က လိုက်လာမယ် ထင်သလား။ ဝေးသေး။ မဟာမအိမ်လုံးကြီးလို့ ချီးမြှောက်ပြီး ယတြာပေးနေကျ ရှမ်းဘုန်းကြီးတောင် အကိုင်းကူးနေပြီ။ သိရဲ့လား။ ဒင်းက အကောင်တော့ အကောင်ပဲ။ ဂိကိုဂိမယ့် အကောင်။ သူဟောထားတယ်လေ။ အာဏာသိမ်းရင် အကြီးအကဲဖြစ်လာမယ် ဆိုတာ အထိ မှန်တယ်။ ဂိတဲ့အခါ တိုင်းတပါးမှာ သွားဂိရမယ် ဆိုတဲ့တဝက် ကျန်သေးတယ်။ မမှတ်မိဘူးလား။
ကိုင်း အခု ဂိချိန်တန်ပြီ အဘိုးကြီး။ လစ်လိုက်တော့။ လစ်လိုက်တော့။ အောင်ဖေ၊ မားကို့စ် ပြီးရင် လှိုင်သာယာ ပါတယ် ဆရာရေ့။ အများကြီးဆင်းမယ်။ အေးဆေး အေးဆေး။