စစ်ရေးအခြေအနေအရ လုံခြုံရေးစိတ်မချရတာကြောင့် ကိုယ်တို့လည်း လူနာတွေကို ဖုတ်ပူမီးတိုက် ကုသပေးပြီး သက်သာတာနဲ့ အိမ်ပေးပြန်၊ ရွာထဲက စစ်ရှောင်စခန်းမှာ သွားအိပ်ခိုင်း၊ တတ်နိုင်သမျှ ဆေးရုံပေါ် လူနာနည်းအောင် စီမံရတာပါပဲ။ ဒါပေမယ့်လည်း လူနာအသစ်တွေက အမြဲရောက်ရောက်လာတော့ မနက်ပိုင်း ရှင်းထုတ်လိုက်လည်း ညနေဆို ပြန်ပြည့်နေပြီ။ လူအင်အား နိုင်နိုင်နင်းနင်းနဲ့ အဆက်မပြတ် အလုပ်လုပ်နေလို့သာ အလုပ်အကြွေးတွေ ပုံမသွားတာပါ။ ခွဲဖို့ဆုံးဖြတ်ပြီး လူနာသဘောတူတယ်ဆိုရင် ချက်ချင်းခွဲခန်းထဲပို့တာမို့ appendix တို့၊ hernia တို့၊ bladder stone တို့ဆိုရင် ရောက်ပြီး တစ်နာရီလောက်ဆို ခွဲခန်းထဲကတောင် ပြန်ထွက်လာပြီ။ လုပ်ဖန်များတော့ အသားကျလာပြီး အချိန်မကြာတော့ဘူးပေါ့။ specialist consultation လိုတဲ့အခါပဲ အင်တာနက်လိုင်းမရလို့ ပို့ထားတဲ့စာ တွေထွက်အောင်၊ ဟိုဘက်က reply ပြန်လာအောင် စောင့်ရတာ။ ကိုယ့်ဘာကိုယ်ခွဲရမယ့်ဟာဆိုရင်တော့ “လာ။ တက်လေ။ အခုခွဲမယ်။ သဘောတူလား။” မေးရုံပဲ။ “ယူတို့မှာ ပိုက်ဆံပါရဲ့လား။” “ဆရာတို့ကတော့ သွားမယ်နော်။ လူနာဘက်က လိုက်နိုင်မှာလား။ “ အစရှိသဖြင့် ငွေစကားကြေးစကား မပြောရတာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းပါတယ်။
ဒီမနက်မှာတော့ မျက်စိသေနတ်မှန်တဲ့လူနာတစ်ယောက် ရောက်လာတယ်။ ကိုယ်က မျက်စိဆရာဝန် မဟုတ်တော့ ထုံဆေးကို ဘယ်မှာဘယ်လို ထိုးရမှန်း မသိဘူး။ အဲ့ဒါနဲ့ မျက်စိဆရာဝန်ဆီ ဖုန်းဆက်ပြီး သူပြောတဲ့အတိုင်း ထုံဆေးထိုး မျက်ခွံလှန်ပြီး ဝင်သွားတော့ အထဲကနေ ကျည်ဆံအခွံကြီး ဆွဲထုတ်ယူလို့ ရလာတယ်။ တူးမီးသေနတ်ကို ပစ်လိုက်တာ နောက်ပိတ်မလုံလို့ ကျည်ခွံက နောက်ပြန်ကန်ပြီး မျက်လုံးထဲ ဝင်သွားသတဲ့။ ဖြစ်မှဖြစ်ရလေ။ ထုတ်လို့တော့ရပါတယ်။ အဲ့ဒီမျက်လုံးတော့ ပြန်မမြင်နိုင်တော့ဘူး။ သူများကိုချည့် သင်ပေးနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း သင်ယူနေရတုန်းပါ။ ဒီလိုမျိုး အလုပ်နဲ့လက်နဲ့ မပြတ်တော့ ကိုယ့်အာရုံနဲ့ကိုယ် တောင်တောင်အီအီ အတွေးပွါးဖို့ အချိန်မရတော့ဘူး။
တကယ်ဆို ဒီနယ်မြေဆိုတာ ကျောက်စိမ်းတွေထွက်တယ်။ ပယင်းတွေထွက်တယ်။ ရွှေတွေထွက်တယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ ခုချိန်ထိ အဲ့ဒါတွေ ဘာတစ်ခုမှ မမြင်ဖူးဘူး။ ကိုယ်အောင်တဲ့ ကျောက်က သည်းခြေကျောက်တွေ၊ ဆီးကျောက်တွေ။ ကိုယ့်ဆီကို လူနာတွေ လာလာပေးတဲ့ တွင်းထွက်ပစ္စည်းကတော့ ပုရစ်တွေ။ လယ်ကြွက်တွေ။ တချို့လူတွေက လော်ပန်တွေကို ဆေးကုရတာ ပျော်တယ်။ တချို့ကတော့ VIP လူနာလာရင် ဘယ်သူ့ကိုမှ ပေးမကြည့်ပဲ သူချည့်ပဲ ဂရုစိုက်ပြချင်တယ်။ ကိုယ်ကတော့ ပိုက်ဆံမတတ်နိုင်တဲ့ မရှိဆင်းရဲသားတွေကို ဆေးကုရတာ ပိုစိတ်ချမ်းသာပါတယ်။ အဲ့ဒီတော့ ကိုယ့်စရိုက်နဲ့ကိုယ် ကိုယ်ကြိုက်တဲ့လူနာ ကိုယ်ကုကြမယ်လေ။ ဘာမှပြောစရာ မရှိပါဘူး။
အောက်ပြည်အောက်ရွာက ဝင်လာတဲ့မုန်တိုင်းဟာ မနေ့ညကတော့ ကချင်ပြည်နယ်ကို ရောက်လာပါတယ်။ ကိုယ်တို့တတွေ ရှောင်အိပ်တဲ့နေရာမှာ လေတွေမိုးတွေ ထန်လာလို့ အိပ်ယာအောက်ကို ရေတွေစီးလာရော။ ညကြီးအချိန်မတော် နေရာတွေပြောင်း အိပ်ကြရပြန်တယ်။ ဒီနေ့လည်း မိုးတွေသည်းလာလို့ မိုးလွတ်မယ့် မိုးလုံမယ့်နေရာမှာ ရွှေ့ပြောင်းအိပ်ဖို့ စီစဉ်ရတယ်။ စစ်ပြေးနေရတဲ့ ရွာသားတွေဆို ကိုယ်တို့ထက် ဒုက္ခပိုကြီးမှာပဲ။ တချို့လူနာတွေဆို မိုင်းထိလို့ ဆေးကုပေးထားလျက်နဲ့တောင် ထမင်းစားစရာ ပိုက်ဆံက မရှိဘူး။ အိမ်ပြန်စရာ လမ်းစားရိတ်လည်း မရှိဘူး။ လူတွေအများကြီး သေကြေပျက်စီးရတယ်။ ဒုက္ခပင်လယ်ဝေရတယ်။ မိသားစုတွေအများကြီး ကစဉ့်ကလျား ဖြစ်ရတယ်။ စစ်သားတွေကြောင့်ပေါ့။ မဆိုင်ဘူး ထင်ရင်လည်း မဆိုင်သလို နေကြပါလေ။ ကိုယ့်အလှည့်ရောက်ရင် သိရမှာပ။
ဒုက္ခသည်တွေကို ကယ်ဆယ်တာ လူသား/စာနာဝန်ကြီးဌာနအလုပ်၊ လူနာတွေကို ဆေးကုခွဲစိတ်တာ ဆရာဝန်တွေအလုပ်။ အဲ့ဒါတော့ ဟုတ်တာပေါ့။ ဒါပေသိ ဒုက္ခသည်တွေ၊ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေ ထောင်နဲ့ချီပြီး အဆက်မပြတ် ထွက်ပေါ်လာအောင် လုပ်နေတဲ့ စစ်တပ်ရဲ့ အဓမ္မမှုတွေကို မတားဆီးနိုင်ရင် ကိုယ်တို့လုပ်နေတဲ့ အလုပ်တွေဟာ ဘာအဓိပ္ပါယ် ရှိမှာလဲ။ အတန်တန် ပြောခဲ့ဖူးတယ်လေ။ စစ်မြေပြင်မဟုတ်ပဲ အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ အသက် ဆုံးရှုံးရတာ အကြိမ်ပေါင်းများစွာ ရှိပါပြီ။ ပါးစပ်ပြောလေးနဲ့ ဝမ်းနည်းမပြပဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးကြပါ။ လူတွေအများကြီး သေကြေပျက်စီးပြီး တိုင်းပြည်တစ်ခုလုံး သွေးချောင်းစီးနေတာကို “ဒါ သူတို့ပြည်တွင်းရေးပဲ။” ဆို မဆိုင်သလိုနေတာ စာနာတတ်တဲ့နှလုံးသား မရှိလို့လား။ နှိပ်စက်သတ်ဖြတ်သူမှ ရက်စက်တာ မဟုတ်ပါဘူး။ မတားဆီးပဲ လက်ပိုက်ကြည့်နေတဲ့သူတွေကလည်း ရက်စက်တာပါပဲ။
တနေ့ညက လုံးခင်းဘက်မှာ ဖမ်းသွားတဲ့ လူ ၁၄၀ လောက်ကို အကုန်လုံး ထောင်ထဲပို့လိုက်တယ် လို့ သတင်းတွေတက်လာအပြီးမှာ မနေ့ညကတော့ ဖားကန့်က Happy Karaoke မှာ လုံးခင်းက လော်ပန်နဲ့ ဒုတပ်ရင်းမှူးတစ်ကောင်၊ ရဲတစ်ကောင်၊ သူတို့ရဲ့ကောင်မလေးတွေနဲ့အတူ ပစ်သတ်ခံလိုက်ရတယ် လို့ ဖတ်လိုက်ရပါတယ်။ ဟုတ်လို့လား သေချာလို့လား ယုံမှားသံသယ မရှိပါနဲ့။ ခုလေးတင် ဖမ်းထားတဲ့ထဲက ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းလာပို့သွားတာ သူတို့ဘက်က ဘယ်လောက် ဒေါသူပုန်ထနေသလဲ အသိသာကြီး။ ရန်ကုန်မှာလည်း အောင်ရတနာဆေးခန်းရှေ့မှာ ရွေးကောက်ပွဲကော်မရှင်က ဒုညွှန်ချုပ်တစ်ယောက် ဂန့်သွားတာ ဗီဒီယိုဖိုင်တောင် ထွက်လာတယ်။ ဒီအခါကျမှ တလျှောက်လုံး ရေငုံနှုတ်ပိတ်လာတဲ့ သောတာပန်ပုဂ္ဂိုလ်ကြီးများဆီကနေ ဆုံးမဩဝါဒစကားများ မိန့်ကြားလာကြပါတယ်။ ဒီလိုသာ လက်စားချေနေလို့ကတော့ အမုန်းသံသရာ ဘယ်မှာဆုံးတော့မှာလဲတဲ့။ ခွင့်လွှတ်သင်ပုန်းချေခြင်းကသာ ငြိမ်းချမ်းရေးကို ရှေးရှုနိုင်မှာတဲ့။ စာအရှည်ကြီးတွေ ထရေးပြီး လိုရင်းအနှစ်ချုပ်ကတော့ အဲ့ဒီဘူတာမှာ ဆိုက်တယ်။ ဒီလိုမျိုး ရွှေပြည်အေးတရားများ ဟောချင်သပ ဆိုလည်း မျက်လုံးကြီးစုံမှိတ်ပြီး ပါးစပ်ထဲရှိရာ မဟောပဲ သောက်လုံးလေးများဖွင့်ပြီး ဟောတော်မူပါ အာစရိတို့။ လူတစ်ထောင်သတ်နေတုန်းက မသိချင်ယောင်ဆောင်နေပြီး တားတဲ့စကား တစ်ခွန်းထွက်ဖူးသလား။ သည်းခံလို့သာ ရပ်သွားမယ်ဆိုရင် နောက်ထပ်သေလူတွေ ထွက်ထွက်မလာပါဘူး။ သတ်တဲ့သူဘက်ကို အရပ်မခိုင်းပဲ သေတဲ့သူဘက်ကို လက်တုံ့ပြန်တာ မကောင်းပါဘူး တရားချတာ ဘယ်လို စိတ်ရင်းစေတနာမျိုးပါလိမ့်။ စစ်ဗိုလ်တွေကို ဟောတဲ့တရားကျတော့ ဒုဌဂါမဏိဇာတ်တဲ့ဗျား။ အံ့ဩရယ်မှ ကုန်နိုင်ဖွယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစဖို့ အပစ်အခတ်ရပ်စဲရေးကို အရင်စရတယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အသတ်အဖြတ်ရပ်စဲရေး ဆိုပြီး ဘာဖြစ်လို့ မတားတာတာလဲ။ “အသတ်ခံရတဲ့သူက ငြိမ်နေလိုက်ရင် ပြီးသွားမယ့်ဟာ” ဆိုတာ ဝင်ရောက်ဖြန်ဖြေတဲ့စကား မဟုတ်ပါဘူး။ သတ်လို့ရအောင် ဝိုင်းကူ ချုပ်နှောင်ပေးတဲ့ စကားပါ။ အခုကစပြီး နောက်နောင်မှာ စစ်ကောင်စီဘက်က အရပ်သားတွေပေါ်ကို ဗုံးကျဲရင် cluster bombs တွေ၊ chemical weapons တွေ သုံးတော့မယ် လို့တောင် ခြိမ်းခြောက်နေကြသေးတယ်။
အဲ့ဒါလည်း ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေဦးမှာပါလေ။ ဒါမျိုးမြင်ရခဲတယ် မဟုတ်လား။ ဗီဒီယိုဖိုင်လေးများတက်လာရင် save တောင် လုပ်ထားကြမှာ။ MTV ရိုက်တော့ သုံးလို့ရတာပေါ့။ “Stop War. Make Love.” တို့ ဘာတို့ slogan လေးဘာလေး ရေးလို့ကောင်းတယ်လေ။ လာကြပါ။ ကြည့်ကြပါ။ ယူကြုံးမရ ခံစားကြပါ။ ခများတို့ ခံစားလို့ကောင်းအောင် ဒီမှာ တကယ်ကြီးတွေ သေပေးနေကြတယ်လေ။ like & share လေး လုပ်သွားပါဦးလား။ “One more. One more.” လက်ခုပ်တီးချင်သေးလား။ သဘာဝကျတယ် မှလား။ ဖြစ်ရပ်မှန်လေ။ တကယ်အစစ်အတိုင်းပဲ မဟုတ်ဘူးလား။ ဟုတ်တာပေါ့။ တကယ်ကြီး အစစ်ကြီး အသတ်ခံနေရတာ။ ရေကျော်ပွဲဈေးထဲ မျောက်ပွဲကြည့်သလို မိုးတိုးမတ်တတ်လေး ခဏကြည့်ပြီးနောက်တစ်စင်ဆက်လျှောက်မှာ သိပါတယ်။ ကြည့်ချင်ပွဲတွေ အများကြီးဟာကို။ မျောက်ပွဲလောက်နဲ့ မိုးအလင်းကြည့်မယ့်သူ ရေကျော်မှာလည်း မရှိဘူး။ ရွှေစာရံမှာလည်း မရှိဘူး။ တကမ္ဘာလုံးမှာလည်း မရှိဘူး။
အဲ့ဒီတော့ မြန်မာပြည်မှာ စစ်ကောင်စီက လူတွေရက်ရက်စက်စက် သတ်ဖြတ်နေတယ်ဆိုတာ UN လောက်၊ ASEANs လောက်က မျောက်ပွဲကြည့်သလောက် စိတ်ဝင်တစား ရှိရင်ကို ကံကောင်းလှပြီ။ အိမ်နီးချင်းနိုင်ငံတွေကဆို အချဉ်ပေါင်း၊ ရေသန့်ဘူး၊ နေကြာ ကွာစိ ဝင်ရောင်းဖို့ပဲ စဉ်းစားတာ။ ဒီပွဲမျိုးက ကြည့်နေကျ၊ ရိုးဟိုးဟိုးနေပါပြီမောင်ရာ။ ၈၈တုန်းက စစ်သားတွေကို တော်လှန်ဖို့ တို့ဆီပြေးလာတဲ့ကောင်တွေပဲ ခုပွဲမှာ စစ်သားတွေကောင်းလွန်းလို့ “အိုးရဲ အိုးရဲ” ဖြစ်နေကြတာ မြင်တယ်မှလား လို့ ယပလက်စစ်ဗိုလ်ကြီးတွေက ပြောမှာပေါ့။ အေးပါကွာ။ မဲ့ပင်လိုင်။ မဲ့ပင်လိုင်။ ငါတို့ကလည်း ဒီတစ်ခါ ဘယ်သူ့ကိုမှ အားမကိုးတော့ပါဘူး။ အောင်ပွဲမရမချင်း ကိုယ့်အားကိုယ်ကိုးပြီး အဆုံးထိတိုက်မှာ။ ငါတို့မှာ ငါတို့ပဲရှိတယ်။ နားလည်ပြီးသား။
နောက်ကို ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလို့ မခံမရပ်နိုင် ဖြစ်လာရင် မြန်မာပြည်ဘက်မှာ လာခိုလှုံပြီး တော်လှန်ရေးသင်တန်း လာတက်ကြ။ သိလား။ တရုတ်ပြည်က ပန်းသေးမူစလင်တွေ ဖက်ဒရယ်လိုချင်ရင်လည်း မြန်မာဗျူဟာကို လာလေ့လာလှည့်ကြ။ ငါတို့အောင်ပွဲရလို့ကတော့ သယံဇာတတွေ ထုတ်ရောင်းစရာ မလိုတော့ဘူး။ revolution အမျိုးမျိုး export လုပ်ရောင်းမှာ။ ကရင်နီစတိုင်လေးလား။ ချင်းပုံစံကလေးလား။ ကချင်ချက်ကလေး ချက်ချင်သလား။ ကရင်တာလပေါလေး စားချင်သလား။ မီနူးတွေမှ စုံလို့။ အညာသားနှပ်နည်း မီးအေးအေး ပြာပူနွေးနွေးလေးနဲ့ စိမ်ပြေနပြေ နှပ်ထားချင်လည်း ရတယ်။ ဘယ်လောက်ကြမ်းတမ်းရက်စက်တဲ့ စစ်အာဏာရှင်ပဲဖြစ်ဖြစ် မြန်မာတွေဆီက နည်းနာနိဿယ ယူလိုက်ရင် အရိုးတောင် ရှာမရတော့ဘူး။ နူးအိသွားမယ်။ ငါးသလောက်ပေါင်းကလေးလို။ ကမ္ဘာ့သမိုင်းမှာ မြန်မာ့နွေဦး နဲ့တွေ့ရင် အာရပ်နွေဦး ကတောင် အရောင်မှိန်သွားလိမ့်ဦးမယ်။ ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေလေ။ ရဲသလား မမေးနဲ့ စွေးစွေးနီ လို့ပါကွယ်။