ချန်ဂင်တို့စခန်း (၁၆၆)

နှစ်ဆန်းတစ်ရက်နေ့ရဲ့ မနက်ခင်းဟာ အမြောက်သံ ဗုံးသံတွေနဲ့ နိုးထရပါတယ်။ “ဆယ်ဇင်းဘက်မှာ ပွဲတွေဖြစ်တယ်။ လူနာတွေ လာစရာရှိတယ်။”ဆိုတော့ ကိုယ်တို့လည်း ထုံးစံနှင့်အညီ ပြင်ဆင်စောင့်မျှော်နေကြပါတယ်။ သွေးလိုရင် လှူဖို့အတွက် မစစ်ရသေးတဲ့ကလေးတွေကို သွေးအမျိုးအစားနဲ့ infection screening လုပ်ထားနှင့်တယ်။ လူနာကို ကားပေါ်က ချပြီးတာနဲ့ ကိုယ့်တာဝန်နဲ့ကိုယ် လုပ်စရာရှိတာ အကုန်လုပ်ကြတယ်။ အရင်နေ့ကပဲ သူတို့ကို ATLS တွေ သင်ထားတယ်။ Shock အကြောင်း သင်ထားတယ်။ Arrest of hemorrhage နဲ့ tourniquet စည်းပုံစည်းနည်း သင်ထားတယ်။ အခု လူနာတွေရောက်လာပြီ။ လက်တွေ့ဝိုင်းလုပ်ကြရုံပဲ။ ပြီးရင် ဒီကလေးတွေဆီကပဲ သွေးထုတ်လှူရတာ။ နှစ်ဆန်းတစ်ရက်နေ့ကြီး ကုသိုလ်ရပါတယ် ကလေးတို့ရယ်။ မြင်တယ်မှလား။ မျက်စိအောက်တင် ဆန့်ငင်ဆန့်ငင်နဲ့ လူနာတစ်ယောက် မရရအောင် အသက်ကယ်ပြီး သွေးတိတ်အောင် စီမံလိုက်တော့ အသက်ရှင်သွားတယ်လေ။ သွေးမသွင်းခင် လူနာဆီမှာ ဖြစ်ပေါ်နေတဲ့ pathophysiology နဲ့ သွေးသွင်းလိုက်လို့ recovery ရလာတဲ့ လူနာရဲ့ vital signs တွေကို မြင်ရတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းသလဲ။ စာတွေ့လည်း သေသေချာချာ နားလည်အောင် ရှင်းပြထားတယ်။ မျက်မြင်လည်း လူနာတွေကို နဖူးတွေ့ဒူးတွေ့ ကြုံရတယ်။ လက်တွေ့လည်း ကိုယ်တိုင်ပါဝင် လုပ်ကိုင်နေရတယ်။ ဒါဆို သူတို့ဘယ်တော့မှ မမေ့တော့ဘူး။ ခွဲတယ်။ ထမင်းထွက်စားကြတယ်။ ထမင်းစားပြီး ပြန်ခွဲတယ်။ ခွဲပြီးတော့ ထမင်းပြန်စားကြပြန်ရော။ ညနေရောက်သွားပြီလေ။ ကျန်တာကို နက်ဖြန်မှ ဆက်ခွဲမယ်။ ပစ္စည်းတွေ ပြန်ပေါင်းရဦးမှာ။

ခွဲခန်းသိမ်းပြီးချိန်မှာ စစ်ပွဲကတော့ ပြီးသေးပုံမရဘူး။ လက်နက်ကြီးသံတွေ တချက်တချက် ကြားနေရသေးတယ်။ ဒါဆို ဒီနေ့ညတော့ လေယာဉ်လာဖို့ များတာပေါ့။ လာလည်း မထိခိုက်အောင် ရှောင်နေလို့ပဲ ရမယ်။ ဘေးလွတ်ရာကို ထွက်ပြေးလို့တော့ မရဘူး။ ကယ်ဆယ်ရေးလုပ်ဖို့က ကိုယ်တို့ရှိနေမှ ဖြစ်မယ်။ ပစ္စည်းတွေ ဖြုတ်သိမ်းလို့လည်း မရဘုး။ ဒါတွေနဲ့ အလုပ်ဆက်လုပ်ရမှာ။ ကိုယ်တို့အတွက် အသက်စွန့်ပြီး တိုက်နေတဲ့သူတွေ ရှိတယ်။ အဲ့ဒီလူတွေ ဒဏ်ရာရရင် ကုဖို့ ကိုယ်တို့ရှိတယ်။ သွေးတွေသောက်ပြီး သစ္စာဆိုမထားပေမယ့် ကိုယ်တို့အချင်းချင်း ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ဖြစ်နိုင်ရင် ကန့်ဘလူထိအောင်တောင် ဆင်းကုလိုက်ချင်သေးတာ။ စစ်ပွဲရှိလို့ ထွက်ပြေးမယ့် ဆရာဝန် မဟုတ်ဘူး။ စစ်ပွဲရှိရာ လိုက်ကုမယ့် ဆရာဝန်။

ညဘက်ကျတော့ သတင်းက ရောက်လာတယ်။ သူတို့ ဒီနေ့ည ကိုယ်တို့ဆေးရုံကို ချေမှုန်းမလို့ စစ်ကား ၁၀ စီးနဲ့ စစ်ကြောင်းထိုးလာသတဲ့။ အေးအေး။ လာခဲ့။ လာမယ်ဆို စောင့်မယ်။ ကိုယ်တို့ဘက်ကလည်း အဆင်သင့်ပဲ။ တံတားဦးက လေယာဉ်တစ်စင်းတက်တယ်ဆိုတာ ဒီဘက်ကိုတော့ ရောက်မလာဘူး။ အေလာလေဆိပ်ကတော့ ဒန်တန့်ဒန်သွားရှာပြီ။ ကားလမ်းက လာမယ်ဆိုရင်တော့ ပြေးစရာတောင် မလိုပါဘူး။ လမ်းလျှောက်ပြီး တောထဲဝင်သွားရုံပဲ။ လာစမ်းပါစေဗျာ။ လာတော့လည်း သူသေကိုယ်သေ ဆော်မှာပေါ့။ မလာတော့လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံပေါ့။ ရှေ့တန်းကလူတွေလည်း သူတို့အလုပ်သူတို့ ဆက်လုပ်နေကြလို့ ရန်သူဘက်ကစခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းလာနိုင်တာပေါ့။ အောက်ကလူတွေစစ်ရှုံးတိုင်း တစ်ယောက်ပြီးတစ်ယောက် ဖြုတ်လဲလာခဲ့တာ အခုဆို ကာချုပ်ကို ဖြုတ်လဲရတော့မလား အသည်းအသန် စဉ်းစားနေရတဲ့ အခြေအနေရောက်လာပြီ။ အရှင်ထွက်မလား အသေထွက်မလားပဲ ရွေးရတော့မှာ။

မနေ့က အကြွေးတင်သွားတဲ့လူနာကို သည်ကနေ့ ဆက်ခွဲပြီးတဲ့အခါ အရင်တုန်းက ပုံမှန်အလုပ်တွေနဲ့ ပြန်လည်ပတ်သွားပါတယ်။ စာသင်မယ်။ လူနာကြည့်မယ်။ ရေတင်၊ ပစ္စည်းပေါင်း၊ ဆေးစတိုကိုစစ်၊ လိုတဲ့ဆေးတွေ ထပ်မှာ၊ ခွဲဖို့ချိန်းထားတဲ့လူနာတွေကို ရက်ချိန်းပြန်ခေါ်။ ရာသီဥတုကတော့ သိသိသာသာကြီး ပူလောင်လာပါတယ်။ ဒီတစ်လပြီးရင် မိုးဝင်တော့မယ်။ မိုးတွင်းစာ ဆေးဝါးရိက္ခာပစ္စည်းတွေ စုထားရမယ့်အချိန် ရောက်လာပါပြီ။ ဆေးရုံအတွက် လိုချင်သော လိုအပ်သော ပစ္စည်းများကိုလည်း အရောက်သယ်ထားမှ ဖြစ်တော့မယ်လေ။ ကာလ ဒေသ ပယောဂ အခြေအနေ ဘယ်လိုပဲရှိရှိ၊ ဆေးရုံမှာ လိုတိုင်းတ ရနေဖို့ဆိုတာ ကိုယ့်အလုပ် ကိုယ့်တာဝန်ပဲ မဟုတ်လား။

ရှေ့လာမယ့် နေ့ရက်များမှာ တိုက်ပွဲတွေ ပိုဖြစ်ဖို့ ရှိပါလိမ့်မယ်။ SNA စခန်းတွေကို တစ်ခုပြီးတစ်ခု ပြန်သိမ်းနေတာကိုး။ ဒါပြီးရင် စကစ စခန်းတွေကို တက်သိမ်းဖို့ လုပ်ကြဦးမှာပဲ။ တခြားပြည်နယ်တွေမှာဆို သိမ်းတောင်သိမ်းပြီးနေပြီ။ ဒါတွေက ရှောင်လွှဲလို့မရဘူး။ ဒီလှိုင်းကြမ်းတွေကို ဖြတ်သန်းပြီးမှ တဘက်ကမ်းကို ရောက်မှာဆိုတော့ ကြံ့ကြံ့ခံ ရင်ဆိုင်ရုံပဲ ရှိတယ်။ ပန်းတိုင်က လက်တကမ်းမှာ ဆိုပေမယ့် ကိုယ်တို့လျှောက်နေရတဲ့ ခရီးလမ်းက ခရီးရှည်ပါတယ်။ အခုကိုပဲ ၂ နှစ်ကျော် ရှိသွားပြီ မဟုတ်လား။ အဲ့ဒီတော့ ကိုယ်တို့လည်း တာဝေးအပြေးသမားတစ်ယောက်ရဲ့ စိတ်ဓါတ်မျိုး ထားမှ ဖြစ်တော့မယ်။ တာတိုမှာ ခွန်အား၊ တာဝေးမှာ စိတ်ဓါတ် တဲ့။ ကိုယ်တို့တတွေ စိတ်ဓါတ်ပျော့ညံ့ရင် ဒီအခြေအနေအထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။ ရှေ့ဆက်ပြီးတော့လည်း စိတ်ဓါတ်ခိုင်မာမှ တော်လှန်ရေးစစ်မြေပြင်မှာ ဆက်ရပ်တည်လို့ ရမယ်။ အဲ့ဒါကြောင့် စိတ်ဓါတ်ခွန်အားဖြစ်အောင်၊ စိတ်ဓါတ်ခိုင်မာအောင်၊ စိတ်ဓါတ်မကျအောင် ကိုယ်ကိုယ်တိုင်လည်း တည်ဆောက်ယူရသလို ကိုယ့်အချင်းချင်းလည်း ဖေးမထောက်ကူပေးရတယ်။

စိတ်မပူပါနဲ့။ ကိုယ်တို့ဘက်မှာ ဟိုမအိမ်လုံးတွေကလွဲလို့ တလောကလုံး ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကိုယ်တို့က လောကနိယာမတရားအရ အမှား နဲ့အမှန်၊ တရားမှု နဲ့ မတရားမှု၊ ဓမ္မ နဲ့ အဓမ္မ ကြားမှာ မှန်တဲ့ဘက်က ရပ်တည်ရတာမို့ အဆုံးသတ်မှာ နိုင်ကိုနိုင်ရမယ် ဆိုတဲ့ သေချာမှုတစ်ခု ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲလုပ်လုပ် နေဆိုတာ အနောက်ကထွက်ပြီး အရှေ့မှာ မဝင်ဘူး။ ဇော်မဲလုံးပါးစပ်ထဲက အရှေ့ကိုအနောက်၊ အနောက်ကိုအရှေ့၊ ဦးစောက်ပြောင်းပြန်တွေ ပြောချင်သလိုပြော၊ နေ့ရက်တိုင်းမှာ နေဆိုတာ ဒီအရပ်မျက်နှာက ထွက်လာပြီး ဒီအရပ်မျက်နှာမှာဝင်တယ်။ ကိုယ်တို့က အမှန်တရားဘက်မှာ ရပ်တည်တာမို့ အငြင်းအခုန် အသတ်အဖြတ်တွေ မလုပ်လည်းပဲ သဘာဝတရားကြီးကိုက ကိုယ်တို့နဲ့အတူ ရပ်တည်တယ်။ အဲ့ဒီတော့ အဖြေကို ကိုယ်တို့ပြောစရာ ငြင်းစရာ မလိုဘူး။ အချိန်က စကားပြောလိမ့်မယ်။ နိုင်မယ်ဆိုတာ သေချာသိနေမှတော့ ဘာတွေတွေးပြီး စိတ်အားငယ်စရာ ရှိမှာလဲ။ အဲ့ဒါကို ယုံကြည်ချက် လို့ ခေါ်တယ်။

တော်လှန်ရေးခရီးဟာ ယုံကြည်ချက် ခိုင်မာမှ လျှောက်လို့ရပါတယ်။ ဘာကိုမှ မယုံကြည်ပဲ သူများလုပ်လို့ လိုက်လုပ်တဲ့သူ၊ စားသာမလားလို့ လှေကြုံစီးတဲ့သူတွေဟာ လှိုင်းကလေးတစ်ချက်နှစ်ချက် ပုတ်ရင် ငုတ်တုတ်ကလေး ကျန်နေရစ်တော့တာပါပဲ။ မြန်မာပြည်မှာနေရင် ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်ရယ် လို့ ဖူးဖူးမှုတ်ခံရပေမယ့် ထိုင်းက ဘီယာဆိုင်ရောက်သွားရင် ကိုယ့်နံမည်တောင် မှန်အောင်အခေါ်မခံရလို့ ပေါက်ကွဲတယ်ဆိုတာ တော်လှန်ရေးအပေါ်မှာထားတဲ့ ခံယူချက်က ကိုယ့်ကိုယ်ကိုယ်အပေါ်ထားတဲ့ self esteem လောက် မခိုင်မာလို့ပေါ့။ ဒီလမ်းကိုလျှောက်တာ ego နဲ့ လျှောက်လို့မှ မရတာ။ R ဇာနည် ဘယ်လိုလျှောက်သလဲ။ ဖြူဖြူကျော်သိန်း ဘယ်လိုစကားတွေ ပြောသလဲ။ သရဝဏ်(ပြည်)က ဘယ်လိုစာတွေ ရေးပြီး သက္ကမိုးညိုက သူ့ဝေါပေါ်မှာ ဘာတွေတင်သလဲ ကြည့်လိုက်ရင် အဲ့ဒီလူတွေရဲ့ တော်လှန်ရေးအပေါ်မှာထားတဲ့ ယုံကြည်ချက် အနိမ့်အမြင့်ကို မြင်ရမှာပါ။ ဒီခရီးကိုလျှောက်တဲ့လူတိုင်းဟာ အခက်အခဲ အတားအဆီးတွေ အမျိုးမျိုး ကြုံတွေ့ရမှာပဲ။ အသက်အန္တရာယ်တောင် ရှောင်လွှဲလို့ မရတဲ့ဟာကို။ တချို့လည်း ခံနိုင်ရည် ရှိလိမ့်မယ်။ တချို့လည်း ခံနိုင်ရည် မရှိဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်း အနေအထားချင်းမှ မတူတာ။ ပင်ကိုယ်ဓါတ်ခံချင်းလည်း ကွာတယ်။ ဒီခရီးကို အဆုံးအထိလျှောက်ဖို့ဆိုတာ ကိုယ့်ဘက်က အမှန်တရားအပေါ်မှာ ဘယ်လောက်အထိ ဖက်တွယ်ရပ်တည်နိုင်မလဲ ဆိုတဲ့ ဇွဲသတ္တိအပေါ် မူတည်တယ်။ ဘာပဲပြောပြော ဟိုဘက်ကကောင်တွေလို နေ့စားခ ရလို့၊ ထွက်မပြေးရဲလို့၊ အရိုးအရင်း ကိုက်ရလို့၊ ငါ့အဘ ပြုတ်ရင် ငါတို့ခွေးဖြစ်မှာမို့လို့ ဆိုတဲ့ ဘာခံယူချက်မှ မရှိတဲ့သူတွေကို မနိုင်စရာလားဗျာ။ သင်္ကြန်မှာနန့်နေတဲ့ တပ်ထောက်ခံသူတွေက သူ့အဘတွေသေရင် ဖိနပ် တောင် မပါဘူး လစ်မှာ။ မာရ်ညစ်ရဲ့ ရန်စစ်ဘွေဆိုတာ ဆံညှစ်ရေထဲ အလိုလို မျောတယ်။ လိုက်တိုက်စရာ မလို။ ဒီကောင်တွေက အရိပ်အဆင့်လောက်ပဲ ရှိတာ။

အရိပ် နဲ့ အကောင် မှာ ကိုယ်ကိုယ်တိုင်က အကောင်ဖြစ်ဖို့အတွက် သူတပါးကို မမှီခိုပဲ ကိုယ့်ဘာသာရပ်တည်နိုင်အောင် ကြိုးစားယူရပါတယ်။ CDM လုပ်တော့ ဘယ်သူမှ လခမရကြပါဘူး။ ကိုယ်ဆို ကိုဗစ်ကာလမှာကတည်းက ဘဏ်မှာသွားတန်းမစီနိုင်လို့ လခမထုတ်နိုင်ဘူး။ ဒါပေမယ့် ရန်ကုန်မှာ နေစဉ်ကာလမှာ CDM တွေကို ထောက်ပံ့ဖို့ အလှူငွေတွေ ရတဲ့အတွက် ဆေးရုံက ဆရာမတွေ အလုပ်သမားတွေ အတွက် ၂ ကြိမ် ၃ ကြိမ် ထောက်ပံ့ကြေး လိုက်ပေးဖြစ်သေးတယ်။ ဒါဟာ အဖြေမဟုတ်ဘူးလို့တော့ သိတယ်။ အလုပ်မလုပ်ပဲ ရှိတာလေးတွေ မကုန်မချင်း ထိုင်စားလို့ မရဘူး။ အဖမ်းမခံရအောင် ရန်ကုန်မြို့ထဲတင် လှည့်ပတ်ပုန်းခိုနေလို့ မလုံခြုံဘူးဆိုတာ သိတဲ့အခါ ဒီဘက်အရပ်ကို ထွက်လာခဲ့တယ်။ ဒီဘက်အရပ်မှာကော အလုပ်မလုပ်ပဲ ခိုရုံကလေး ခိုနေရင် ရေရှည်မှာ ကိုယ့်ကို ဘယ်သူက ထမင်းကျွေးထားမှာလဲ။ ဒါကြောင့် ဘယ်မှာပဲဖြစ်ဖြစ် ကိုယ့်ခြေကိုယ့်လက် ကိုယ်တတ်တဲ့ပညာနဲ့ အလုပ်ကတော့ လုပ်ကိုလုပ်ရပါတယ်။ ဆရာဝန်မို့ ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုနိုင်ဖို့အတွက် ကိုယ်တို့မှာ ထရံကိုလည်း ကိုယ်တိုင်ကာရတယ်။ မြေကိုလည်း ကိုယ်တိုင်တူးရတယ်။ မလုပ်ခဲ့ရတာ ဘာမှမရှိ။

အကူအညီ နဲ့ အခွင့်အလမ်းဆိုတာက အလုပ်လုပ်နေတဲ့သူတွေအတွက်ပဲ ပေါ်လာတာ။ ထိုင်နေတဲ့သူတွေဆီ အလိုလို ရောက်မလာဘူး။ ဒီနေရာမှာ ဆေးရုံဆောက်ဖို့ မတည်လှူဒါန်းတဲ့ အလှူရှင် ရှိတယ်ဆိုပေမယ့် လိုချင်တာရှိတိုင်း သူ့အပေါ်ချည့် ပုံအားကိုးလို့မရဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်ပဲ တချိန်လုံး သူများကျောထောက်နောက်ခံနဲ့ မှီခိုနေရင် အရင်းလှဲတာနဲ့ အဖျား ထင်းဖြစ်မှာ။ အကူအညီ အထောက်အပံ့ဆိုတာ အားကိုးလောက်ပါတယ်။ သို့သော် သူ့ချည့်မှီခိုလို့တော့ မဖြစ်ဘူး။ ပဒေသာပင်ဆိုတာ ဘုန်းကြီးကျောင်းမှာ ကထိန်ခင်းသလို လိုချင်တာတွေ ဖြုတ်ယူဖို့ မဟုတ်ဘူး။ လက်ငုတ် လက်ရင်းနဲ့ အလုပ်လုပ်ရင်း အဆက်မပြတ် တိုးပွါးလာရတာ။ ကိုယ့်အတွက်တော့ CDM လုပ်တယ်ဆိုတာ ဆေးရုံကြီးမှာ အလုပ်လုပ်တာထက် အဆပေါင်းများစွာ အလုပ်လုပ်ရပါတယ်။ ပိတ်ရက်၊ နားချိန်၊ အားလပ်ချိန်လည်း မရှိပါဘူး။ Gym လည်း မဆော့နိုင်၊ TV လည်း မကြည့်နိုင်၊ သီချင်းတောင် နားမထောင်နိုင်လောက်အောင်ပါပဲ။ လိုင်းပေါ်တော့ လတ်လျားလတ်လျား အတက်နိုင်သားပဲ မမှတ်နဲ့။ အဲ့ဒီလိုင်းပေါ်လည်း အလုပ်သဘောအရ အလုပ်လုပ်ဖို့ပဲ တက်ပါတယ်။ လိုင်းပေါ်မှာ စာရေးနေတာလည်း အလေလိုက်နေတာ မဟုတ်။ အလုပ်လုပ်နေတာပါ။ တကိုယ်ရေကျော်ကြားမှုအတွက် မဟုတ်။ တော်လှန်ရေးအတွက်ပါ။ ဒီပေါ်မှာ ဆယ်လီဖြစ်လို့ ဇာတ်ထဲလိုက် သီချင်းဆိုနေတာမှ မဟုတ်တာ။

ဒီဆေးရုံမှာ ဆေးကုသပေးခြင်း၊ ဖေ့စ်ဘုတ်ပေါ်မှာ စာရေးခြင်းတို့ကြောင့် ဆေးရုံအတွက် ဝိုင်းဝန်းထောက်ပံ့ ပံ့ပိုးမှုတွေကို ငွေရပေါက်ရလမ်းတစ်ခု (earning) လို့ ယူဆမယ်ဆို ရပါတယ်။ အဲ့ဒါတွေနဲ့ ဆေးဝါးပစ္စည်းကိရိယာတွေ ဝယ်ရတယ်။ ကုန်ခမ်းသွားသော အရာအားလုံး ပြန်လည်ဖြည့်တင်းရတယ်။ ပြုပြင်ထိန်းသိမ်းရသော စားရိတ်စားခတွေ ရှိတယ်။ ကိုယ်တို့တစ်ဖွဲ့သားလုံး နေထိုင်စားသောက် စားရိတ်တွေ ရှိမယ်။ အငယ်တွေကို ဝန်ထမ်းလစာပေးတာတွေ ရှိမယ်။ ကိုယ်ကတော့ အဲ့ဒါတွေက expenses တွေအတွက် income လို့ပဲ ယူဆပါတယ်။ earning မဟုတ်ပါဘူး။ ကိုယ့် earning က သေမယ့်လူနာတွေ ဒီကိုရောက်လာပြီး မသေပဲ ပြန်သွားရတယ်။ အဲ့ဒါ earning ။ တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ကလေးတွေ အဖိတ်အစင် မရှိပဲ ဆေးကုပေးပြီး တပ်ရင်း ပြန်ပို့နိုင်တယ်။ အဲ့ဒါ earning ။ ကိုယ်သင်ပေးထားတဲ့ကလေးတွေ ကိုယ်မရှိလည်း သူတို့ဘာသာ အလုပ်လုပ်နိုင်တယ်။ အဲ့ဒါ earning ။ ကိုယ်တို့ရဲ့ တော်လှန်ရေးကြီး တစ်နေ့ထက်တစ်နေ့ အောင်မြင်လာတယ်။ အဲ့ဒါ earning ပါပဲ။ ကိုယ်က ငွေကြေးကို ရေတွက်လေ့ မရှိပါဘူး။ target ကိုတော့ count down ထားပါတယ်။

တစ်နေ့ပြီးတစ်နေ့ ကိုယ် တော်ကြောင်း တတ်ကြောင်းတွေ ဂုဏ်ဖော်ပြီး အမွှန်းမတင်ပါဘူး။ တော်လှန်ရေးခရီးမှာ စိတ်ဓါတ်ကျနေသူတွေ၊ စိတ်ပျက်အားငယ်နေသူတွေ၊ ဆက်မလိုက်နိုင်တော့ဘူး နေရစ်ခဲ့တော့မယ် ဆိုတဲ့သူတွေ မိုတီတက်အောင် ကိုယ်တော့ဖြင့် ဒီအကွေ့မှာ ဒီတက်နဲ့ လှော်ပလိုက်တာပဲ လို့ ဆရာစားမချန် နည်းပေးလမ်းပြ လုပ်တာပါ။ မောရင်ပန်းရင် ခဏနားပါ။ အပန်းဖြေပါ။ ပြီးရင် အတူတူ ဆက်လျှောက်ကြရအောင်ပါ။ ဒီလောက်ကြီးတောင် လျှောက်လာခဲ့ပြီးမှ အားမလျှော့ပါနဲ့။ ဟိုမှာ မြင်လား။ ရောက်တော့မယ်။

“စိမ့်ကြီးမြိုင်ကြီး

ရိပ်ကြီးငယ်

သာဆန်းလေစွ တကယ်။

တစ်လှမ်းမကွာတယ်

ဘယ်ဆီမြန်းပါစေတော့ရယ်။

နန်းညာနွယ်

တွယ်မှီကာ လိုက်ရှာလေခဲ့တယ်။

ကန္တာမဆုံးမီမှာကွယ်

တလမ်းလုံး သီကရီ

မဒီ ပန်းရှာရော့မယ်။

ရွှေအားတော် ငယ်နဲ့ကွယ်

ရွှေအားတော် ငယ်နဲ့ကွယ်

ဟောဒီ ကုန်းတက်ကလေးက ချော်မယ်။

မောင့်ပုခုံးပေါ် မှီတွဲဖက်ပါ့ကွယ်။”