ချန်ဂင်တို့စခန်း(၁၆၄)

ဒီရက်ပိုင်း ကလေးတွေကို တစ်နေ့ တစ်နာရီတော့ စာသင်ဖြစ်ပါတယ်။ White board တွေ marker တွေလည်း ရပြီ။ ရုပ်ပုံကားချပ်တွေလည်း ရပြီ။ လက်တွေ့ပိုင်းကိုလည်း ပိုပေးလုပ်ဖြစ်ပါတယ်။ ဆေးထိုး၊ သွေးဖောက်၊ အချုပ်အလုပ်တွေ အလှည့်ကျ လုပ်ရတယ်။ ဝါဒ်ထဲမှာ လူနာပြုစုတဲ့အလုပ်တွေ အကုန် သူတို့ကိုခိုင်းထားတယ်။ အစက သွေးမြင်ရင် မူးလဲတဲ့ ကလေးတစ်ယောက်တောင် အခုတော့ ကျင့်သားရလာပြီ။ လူနာကို ကိုယ်တိုင်ဆေးပေးတော့ ဆေးအမျိုးအစားတွေလည်း အကျွမ်းတဝင် ရှိလာတာပေါ့။ ဆေးရုံလာပြတဲ့ လူနာဦးရေနဲ့ သူတို့အင်အားနဲ့ဆို နိုင်နိုင်နင်းနင်း အလုပ်လုပ်နိုင်ပါတယ်။

လူနာပါးတဲ့အချိန် ပတ်ဝန်းကျင်သန့်ရှင်းရေးလည်း လုပ်ကြတယ်။ လူအများကြီး တက်တက်ကြွကြွ အလုပ်လုပ်နေတာ မြင်ရတော့ လာပြတဲ့လူနာတွေကလည်း မုန့်ပဲသွားရည်စာတွေ အများကြီး လာလာပို့သွားကြရော။ ဒီရာသီနဲ့ဆို ဖရဲသီးကို အမုန်းစားရတာ။ လူအုပ်တောင့်တော့ ဘာလာလာ ပြိုက်ကနဲ။ အင်းတော်ကြီးမှာ ငါးစာ ငှက်စာ ကျွေးတဲ့အတိုင်းပဲ။ ခွဲခန်းကိုတော့ တစ်ခါဝင် တစ်ယောက်စီပဲ အလှည့်နဲ့ ပေးဝင်တယ်။ ခွဲခန်းထဲကလူတွေကျလည်း တစ်မျိုးသင်ရတာပဲ။ လက်ထောက်ဆရာဝန်လေးတွေကို spinal ပေးထိုး၊ brachial block ပေးထိုး၊ operation လေးတွေ surgeon နေရာက perform ပေးလုပ်တယ်။ သူတို့အကုန်လုံး တစ်ဆင့်စီတက်ပြီး အလုပ်လုပ်နိုင်အောင် သင်ပေးထားတယ်။ ဒီမှာလည်း သင်ကြားရေး နောက်တစ်ခုပဲ။

အဲ့ဒါကြောင့် ကိုယ်တို့ဆေးရုံမှာ တစ်လထက်တစ်လ ပညာသင်တွေ တိုးတိုးလာတယ်။ လူနာတွေလည်း ပိုစည်လာတယ်။ လူနာတွေ အဆက်မပြတ်လာတော့ ဆေးတွေလည်း အဆက်မပြတ် မှာရတာပေါ့လေ။ အခုလာပြနေတဲ့လူနာအားလုံး ရပ်ဝေးကနေ ကားတွေနဲ့ လာပြရတာ။ ကားတစ်စီးဆိုက်ရင် လူနာ ၃-၄ ယောက်တော့ ပါတာပဲ။ ဆေးရုံမှာတော့ ကုတင်တွေ ပြည့်ပြည့်လာလို့ ခပ်သုတ်သုတ် ဆင်းခိုင်းနေရတယ်။ ခွဲခန်းက တချို့ရက်တွေဆို တစ်နေ့တည်း ၃ ယောက်လောက် ခွဲခွဲနေရတာ။ အဲ့ဒီမှာလည်း ကုန်သွားတဲ့ပစ္စည်းတွေ ပြန်ပြန်ဖြည့်ရတာ မနည်းလှ။ တစ်ပါတ် တစ်ပါတ် အချိန်တွေ ဘယ်လိုကုန် သွားမှန်းတောင် မသိ။ လူများတော့ အင်တာနက်ကလည်း လိုင်းကျလို့ လိုင်းပေါ်မှာတောင် သိပ်မရှိနိုင်။ ပြောစရာရှိရင် သံကြိုးရိုက်သလို “အေး။ ပြော။ သိပြီ။” လိုတိုရှင်းနဲ့ ဖြတ်ရတယ်။ လေရှည်နေရင် လိုင်းပြတ်သွားလို့ ပြန်ခေါ်ရရော။ zoom meeting တွေဘာတွေ တက်လို့မရတာကြာပြီ။ ခဏပဲ ဝင်လို့ရပြီး လိုင်းကျကျသွားလို့။

လူနာတွေတရုန်းရုန်း အလုပ်ရှုပ်နေတုန်းမှာပဲ စစ်ရေးအခြေအနေအရ အထူးဂရုပြုပြင်ဆင်ထားဖို့ သတိပေးလာပါတယ်။ ဘယ်လိုလုပ်မလဲ။ ဗိုက်နာနေတဲ့ မွေးလူနာကချည့် နှစ်ယောက်ရှိတယ်။ တစ်ယောက်ကို ခွဲပြီး တစ်ယောက်ကို လွှဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဆေးရုံတက်နေတဲ့ လူနာတွေအားလုံးကို တနေရာရာ ပို့ထားရမှာပေါ့။ ပို့လို့မရတာ အပူလောင်လူနာတစ်ယောက်။ မနေ့ကမှ လောလောလတ်လတ် infarct ရထားတဲ့ နှလုံးရောဂါသည် တစ်ယောက်။ သူ့ကိုတော့ လူနာစောင့်တွေ အကုန်ပြန်လွှတ်ပြီး ကားတစ်စီးနဲ့ ယောက်ကျားလေး ၂ ယောက် ဆေးရုံမှာ stand by ထားခိုင်းတယ်။ တခုခုဆို လူနာ ကားပေါ်တင်ပြီး မောင်းပြေးဖို့ အဆင်သင့်။ Burn လူနာအတွက်လည်း ဆိုင်ကယ်အဆင်သင့် ပြင်ထားတယ်။ သက်သာတဲ့လူနာတွေတော့ အကုန်ပေးဆင်းလိုက်တာပေါ့။ ဟိုတလောက တက်လာတဲ့ B1 deficiency နဲ့ beriberi သားအမိလည်း ဆေးတစ်လစာနဲ့ အိမ်ပြန်။ ရွာထဲက လေဖြတ်တဲ့အဖွားလည်း အိမ်မှာပြန်နေ။ လူနာတော်တော်များများကို day care center လိုပဲ treatment ပေးတော့တယ်။ မွေးလူနာကို ကမန်းကတန်း ခွဲပလိုက်ပြီး အရေးပေါ်ဆေးပုံးတွေ ပြင်ထားလိုက်ပါတယ်။

စာသင်နေတဲ့ကလေးတွေက ဆရာတို့လုံခြုံရေးအတွက် သူတို့စောင့်ပေးမယ် လို့ ပြောတယ်။ ဒါပေမယ့် ကိုယ်တို့အတွက်က မလိုပါဘူး။ ဆေးရုံမှာ ကျန်နေတဲ့ လူနာတွေအတွက်ပဲ စောင့်ရမှာ။ မနေ့တနေ့ကပဲ သူတို့ကို Triage တွေ ATLS guidelines တွေ သင်ပေးထားပြီးသား။ Tourniquet, splittage နဲ့ လူနာသယ်ဖို့နည်းတွေ ပြထားပြီးသား။ တခုခုဆို လူနာကို ဘေးလွတ်ရာသာ ပို့ထားနှင့်။ ဆရာတို့က ဘယ်မှ ထွက်မပြေးဘူး။ လေကြောင်းရန်ကင်းတာနဲ့ ကယ်ဆယ်ရေးအလုပ်တွေ စလုပ်ရမှာ။ ကြောက်တတ်မှဖြင့် ဒီကိုတောင် ရောက်နေစရာ အကြောင်းမရှိဘူး။ ဆရာဝန်ပေမယ့်လည်း ဆရာဝန်ထဲမှာ sniper ဆရာဝန်တွေ၊ commando ဆရာဝန်တွေ ရှိနေပါပြီလေ။ နောင်ကျရင် သေသေချာချာ နံမည်တပ်ပြီး ဂုဏ်ပြုရမယ့် သူရဲကောင်းတွေအများကြီးပါ။ မှန်ကန်မှ ရဲရင့်လို့ရတယ်။ ကလိမ်ကကျစ်ကောင်တွေလို ရာဘရှူပြီး ရဲဆေးတင်စရာ မလိုဘူး။ တော်လှန်ရေးစစ်မြေပြင်ဆိုတာ ဇမရှိပဲ အာချောင်ဟောင်ဖွာ လုပ်တဲ့ကောင်တွေ ရှင်သန်လို့ရတဲ့ အရပ်ဒေသ မဟုတ်။ အသက်ကသာ Gen L အသက် ရောက်ချင်ရောက်မယ်။ သွေးကတော့ Gen Z သွေး၊ Gen Z အတွေးပဲ ရှိတယ်။ အဲ့ဒါကမှ စိတ်ပျိုတာ ကိုယ်နုတာထက် လက်တွေ့ဘဝမှာ အသုံးကျသေး။

ကိုယ်တို့ဆေးရုံဟာ အခုလိုအခြေအနေမျိုး ready to move ပြင်ရဆင်ရတာ ဒီတစ်ခါ ပထမဦးဆုံး မဟုတ်ဘူးလေ။ စတည်ကတည်းက စဉ်းစားတွက်ချက်ထားခဲ့တာ။ စစ်ရေးအခြေအနေ ခြိမ်းခြောက်လာတဲ့အခါတိုင်း အခုလိုပဲ အထိအခိုက် မရှိအောင် ပြင်ဆင် ဂရုစိုက်လာခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကိုယ့်ဘက်က မေ့လျော့ပေါ့ဆမှုကြောင့်တော့ ဘာတစ်ခုမှ အထိခိုက် အဆုံးရှုံး မခံနိုင်။ မအိပ်သင့်ဘူးထင်ရင် မအိပ်ပဲနေတယ်။ မသွားသင့်ဘူး ထင်ရင် မသွားပဲနေတယ်။ မရေးသင့်ဘူးထင်လို့ မရေးပဲထားတဲ့အကြောင်းအရာတွေလည်း အများကြီး။ ဒါနဲ့များတောင် အပိုင်း(၁၆၄) ရောက်လာပြီနော်။ အံ့ဩပ။

အလကားနေ ရေးလှချည်လား ပြောနိုင်လှချည်လား မထင်နဲ့။ အဲ့ဒီ ရေးတာတွေ ပြောတာတွေထက် လက်တွေ့မှာ အများကြီး ပိုအလုပ်လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ချင်လို့။ ဘယ်သူပါပါ မပါပါ။ ဘယ်သူကူကူ မကူကူ။ ကိုယ့်စွမ်းအားစိုက်ထုတ်မှုကို တစ်ရွေးသားမျှတောင် သက်သာမခိုဘူး။ အားကုန်သုံးတယ်။ နိုင်ချင်လို့။ ဒီကနေ့ ဒီအချိန်ထိအောင် ရပ်တည်ရှင်သန်နေတယ်ဆိုတာ ဘယ်လိုအချိုးအကွေ့မျိုးမှာမှ မလစ်ဟင်းခဲ့လို့၊ လမ်းရွေးမမှားခဲ့လို့။ လွဲချော်ထွက်မသွားခဲ့တာလည်း ယုံကြည်ချက်ရော ရပ်တည်ချက်ရော ခိုင်မာလို့။ ဒီကနေ့ ရေးတဲ့ စာကို ဖတ်ဖတ်၊ မနှစ်က ရေးခဲ့တဲ့စာကို ဖတ်ဖတ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်က စာကို ဖတ်ဖတ်။ ဘယ်အခါမှ ပလောင်းပလဲ ဒယိမ်းဒယိုင် မရှိဘူး။ တသမတ်တည်း သွားတယ်။ ဆာမိ အိမ်မို့ “ဂစ္ဆာမိ” နဲ့ သီလပေးပြီး မူတူးအိမ်မှာ “ဂစ်မူတူး” ပြောင်းမဟောဘူး။ အဲ့ဒီကောင်က ထမီခြုံ၊ နီပေါ၊ ပြောချင်ရာပြော။ ခုလိုအချိန်မျိုး အဲ့သလို ပြတ်ပြတ်သားသား ရပ်တည်ရဲတာ ဂုဏ်ယူစရာ မဟုတ်ဘူးလား။ မေမေနိုင်မှ အနားပြာလုပ်တဲ့ အစားထဲက မဟုတ်ဘူး။ အခွင့်အရေးရဖို့ မပြောနဲ့ ကိုယ့်အသက်ရှင်ဖို့အတွက်တောင် စစ်ဘီလူးကို ဒူးမထောက်ခဲ့ဘူး။ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။ လူသာ အသေခံမယ်။ ဒီကောင်တွေကိုတော့ အညံ့မခံဘူး။

အရေးပေါ်အခြေအနေအရ အခု

Medical team ကို ၂ ဖွဲ့ခွဲလိုက်တယ်။ တနေရာစီနေဖို့။ မတော်လို့ ထိခိုက်စရာရှိလာရင် အကုန်လုံး အရုပ်ကြိုးပြတ် ဖြစ်မသွားဖို့။ နောက်ဆုံး သေစရာရှိရင်တောင် တဝက်ကျန်ခဲ့ဖို့။ ရှင်းရှင်းပဲ။ မနက်ကျ ဆေးရုံပြန်ပြီး လူနာတွေ ပြန်ကြည့်မှာ။ ခွဲစရာရှိတာ ဆက်ခွဲမှာ။ ကိုယ်မရှိလို့တောင် ဒီဆေးရုံက ရပ်သွားစရာ အကြောင်းမရှိ။ ကျန်တဲ့သူ ဆက်လုပ်လို့ရအောင် သင်ပေးထားတယ်။ ဘယ်သူတွေ ရှိရှိ မရှိရှိ၊ ဒီတော်လှန်ရေးကလည်း ရပ်သွားစရာအကြောင်းမရှိ။ ကိုယ်တို့မှာ မျိုးဆက်သစ်တွေက အမြဲတိုးပွါးနေတာ။ သူတို့သာ ဒေါ်စိန်အေးတစ်ကျောင်းလုံး ကျီးနဲ့ဖုတ်ဖုတ် မျိုးပြုတ်လုလု ဖြစ်နေတာ။

ပဝေသဏီ အလီရှစ်စိတ်က ကြားဖူးနားဝ ကိစ္စတွေကိုတောင် ခရေစေ့တွင်းကျ မှတ်မိနိုင်လွန်းသလို အစပြန်ပြန်ဖော်ပြီး ရေးနိုင်လွန်းတဲ့ ကိုယ့်အတွက်တော့ ဒီ ၂ နှစ်စာကာလအတွင်းမှာ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့သမျှတွေကိုလည်း မှတ်မှတ်သားသား စာရင်းတို့ထားခဲ့တာတွေ အများကြီးပါ။ ပြန်ဆုတ်ရမယ့် ဘောက်ချာများကိုလည်း မမေ့မလျော့ သိမ်းထားပါတယ်။ မပြောချင်လို့သာ မပြောသေးတာ။ မသိလိုက်တာ မဟုတ်သလို မေ့နေတာလည်း မဟုတ်ဘူး။ ဒီကာလအတောအတွင်းမှာ လူတွေက ကိုယ့်အပေါ်ထားတဲ့သဘောထားမှန်ကို အကဲခတ်နားလည်နိုင်ခဲ့လို့ အရင်ကထက် ပိုရင့်ကျက်လာတယ် လို့ ပြောရမှာပဲ။ ဒါကြီးပြီးရင် တချို့လူတွေနဲ့ ပြန်ဆုံခွင့် မရတော့သလို တချို့လူတွေနဲ့တော့ ပြန်မဆုံချင်တော့ဘူး။ ငါနဲ့မတူ ငါ့ရန်သူ လို့ သဘောမထားပေမယ့်လည်း ဒီလူတွေကိုမှ ဖက်၊ လျက်၊ ပူး၊ ပလူးနေတဲ့သူတွေ၊ စိတ်တူကိုယ်တူရှိတဲ့သူတွေဆို ရွံတယ်။ မပေါင်းချင်ဘူး။ စိမ်းစိမ်း ကျက်ကျက်။

မနက်လင်းတဲ့အခါကျတော့ အေးအေးဆေးဆေးပဲ ချမ်းသာစွာနိုးထပြီး အလုပ်တွေ ပြန်လုပ်ကြပါတယ်။ အလကားနေရင်း ကြောက်လန့်ပြီး အိမ်မှာတောင် မအိပ်ရဲတာ မထင်ပါနဲ့။ အာဏာသိမ်းကတည်းက ဒီလိုမျိုး သတိ နဲ့ အသိ နဲ့ နေတတ်လို့ ဒီကောင်တွေရန်က လွတ်မြောက်နေတာပေါ့။ အဲ့သလို ရှောင်နိုင်တိမ်းနိုင်လို့လည်း ခုချိန်ထိ အလုပ်လုပ်လို့ ရနေတာပေါ့။ ကြောက်တာကတော့ တစက်ကလေးမှ မကြောက်ပေါင်။ လေယာဉ်နဲ့ ဗုံးကြဲလိုက်၊ လက်နက်ကြီးမျိုးစုံထုလိုက် လုပ်နေတဲ့ကောင်တွေက “သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့။” ခေါ်တိုင်း ထွက်ရအောင် စောင်ရူးမှ မဟုတ်တာ။ သေချင်သေပစေ ဂရုမစိုက်တဲ့လူတွေရဲ့စိတ်မှာ ဘာအကြောက်တရားမှ မရှိတော့ဘူး။ ရာထူးပျောက်မှာ ကြောက်နေတဲ့ကောင်တွေ၊ ဝဋ်လည်မှာ ကြောက်နေတဲ့ကောင်တွေ၊ အောက်လူ ပုန်ကန်မှာ ကြောက်နေတဲ့သူတွေသာ နေ့စဉ်နဲ့အမျှ အကြောက်တရားက နှိပ်စက်နေတာ။ မမြင်ဘူးလား။ အရပ်ရှစ်မျက်နှာ သေနတ်နဲ့ ချိန်၊ လုံခြုံရေးအထပ်ထပ်ချ၊ jumpers တွေ နေရာအနှံ့ဆင်ပြီးမှ ရေကစားရဲတဲ့ကောင်တွေကများ ရာရာသသ။ ရှေ့လျှောက် မသေမချင်း ကျီးလန့်စာစား ဖယိုဖရဲ နေထိုင်ရှင်သန်သွားရမယ့်ကောင်တွေ။ သူများတွေ ဘယ်လိုပဲ စောင်မှတ်ရှိရှိ မရှိရှိ။ ကိုယ်တို့ရင်ထဲက အမုန်းမီးကတော့ ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ငြိမ်းသွားမှာ မဟုတ်ဘူး။ ဖွဲမီးလိုလည်း တငွေ့ငွေ့လှိုက်ပြီး လောင်မနေဘူး။ တောမီးလို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကူးစက်ပျံ့နှံ့ပြီး ပြောင်တလင်းခါအောင် လောင်ပလိုက်မှာ။ ဘာမှ အရင်စလို အလောတကြီး မရှိပါဘူး။ စိမ်ပြေနပြေ အရသာခံပြီး တစ်ယောက်မှ မကျန်အောင် အကြွေးပြန်တောင်းယူမယ်။ သေးသွားတဲ့စစ်သားတစ်ယောက်စီတိုင်းအတွက် ကျေကျေနပ်နပ်ကြီး ပြုံးပျော်ပြီး ဂျိုကာလိုပဲ လှေခါးထစ်ပေါ်က ကလို့ခုန်လို့ သင်္ကြန်ကျဖို့ လာခဲ့မှာလေ။ ပြည်သူ့သင်္ကြန်ဆိုတာ ဒါမျိုးမဟုတ်လား။

“ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကစဉ် လက်ခုပ်သံစည်းချက်လိုက်မှာလား။”