ချန်ဂင်တို့စခန်း (၁၆၃)

ရာသီဥတုက ပူ။ မီးက အလွန်အမင်း ပျက်။ အဲကွန်းဖွင့်ဖို့ နေနေသာသာ ချိုးရေ သုံးရေ ရအောင်တောင် မနည်း ရေစောင့်တင်နေရတဲ့ ရန်ကုန်ကလူတွေရဲ့ ဒုက္ခက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ် မီးစက်နှိုးချင်ရင်တောင် ဆီက ဝယ်ချင်တိုင်း ဝယ်လို့ရတာ မဟုတ်။ ဟိုးအရင်တုန်းကဆိုရင်တော့ Junction Center တစ်ခုခုထဲ ဝင်နေလိုက်ရင် Air con လည်းရ Wifi လည်း သုံးလို့ရ။ ကိုယ့်ဒေတာနဲ့ကိုယ် သုံးမယ်ဆိုရင်တောင် အာဏာမသိမ်းခင်က ကုန်ကျတဲ့ ဖုန်းဘေလ်ဆိုတာ အခုနဲ့ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ အိမ်မှာနေ အဲကွန်းနဲ့။ ကားစီးရင်လည်း အဲကွန်းနဲ့။ ဆေးရုံမှာ အလုပ်လုပ်တော့လည်း အဲကွန်းနဲ့။ တနေကုန် ချွေးမထွက်လို့ ညနေဘက် gym သွားဆော့ရင်တောင် gym မှာလည်း အဲကွန်းနဲ့။ နွေရာသီဆိုတာ မီတာခ ပိုကုန်တာကလွဲလို့ မိတ်ဖုကလေးတစ်ဖုတောင် မထွက်လိုက်ရပါဘူး။ နေ့ခင်းကြောင်တောင်လည်း နေပူစပ်ခါး ကိုယ်တိုင်ထွက်စရာ မလိုဘူး။ foodpanda က မှာမှာ။ grab food နဲ့မှာမှာ ရုံးအရောက် အိမ်အရောက် ပူပူနွေးနွေး လှမ်းမှာစားလို့ရတယ်။ ဘဏ်တွေသွားရင် အချိန်ကုန်လို့ mobile banking နဲ့ ငွေချေပြီး ATM စက်ကလေးတွေက လိုသလောက် ထုတ်သုံးတယ်။ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေကို Netflix ကချည့်ပဲ အထစ်အငေါ့မရှိ ကြည့်တယ်။ ကိုယ့်ပြည်တွင်းမှာ အဲ့သလိုလည်း လူလူသူသူ နေခဲ့ဖူးပါတယ်။ ဟိုခွေးတိရိစ္ဆန်တွေ အာဏာမသိမ်းခင်တုန်းကအထိပေါ့။

အခုတော့ အဲ့ဒါတွေအကုန်လုံး ပုံပြင်လေးတစ်ပုဒ် ဖြစ်ခဲ့ပြီ။ ရှေ့ဆက်ပြီး ဘာတွေဖြစ်ဦးမှာလဲ လို့ မတွေးပါနဲ့။ သေချာပါတယ်။ ဒီ့ထက်ပိုဆိုးတဲ့ အခြေအနေတွေ ရောက်လာတော့မှာ။ စစ်တပ်ကအကောင်တွေဟာ သူတို့လက်လွှတ်ဆုံးရှုံးရတော့မယ် လို့ သိလာတဲ့အခါကျရင် ဘယ်အရာမှ အကောင်းအတိုင်း ချန်ထားရစ်ဖို့ စိတ်ကူးမရှိကြဘူး။ ငါတို့မသယ်နိုင်လည်း ရန်သူ့အတွက်တော့ ရိက္ခာအဖြစ်မခံနိုင်ဘူး ဆိုတဲ့ အယူအဆပဲ ရှိကြတယ်။ သူတို့ဆုတ်ခွါသွားတဲ့ မြို့ပြရပ်ရွာမှန်သမျှကို မီးတိုက်ပစ်ခဲ့တာချည့်ပဲ။ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ ဘာသာရေးအဆောက်အဦ၊ ယဉ်ကျေးမှု အမွေအနှစ်၊ ဘာဆိုဘာမှ ချွင်းချက်မထား မြေလှန်ဖျက်စီးပစ်ခဲ့တာ။ အရင်ဝန်ကြီးနဲ့ နောက်ဝန်ကြီး တရားဝင် နေရာအပြောင်းအလဲမှာတောင် ခြံထဲကမြက်ခင်းပါ ခွါယူတဲ့အထိ မရှက်မကြောက် မျက်နှာပြောင်တဲ့ အောက်တန်းစားတွေ။ အဲ့ဒီလူတွေ ရန်ကုန်မြို့ကြီးက ဆုတ်ခွါထွက်ပြေးရတဲ့ အချိန်ရောက်လာရင် ရွှေတိဂုံဘုရားကြီးကိုတောင် ဒီအတိုင်းထားခဲ့မှာ မဟုတ်တာ သေချာပါတယ်။

အစိုးရစွန့်ခွါသွားတဲ့ ရန်ကုန်မြို့ကြီးရဲ့ အခြေအနေကို ၈၈ အရေးအခင်း သိမီတဲ့သူတွေ ကောင်းကောင်းကြီး ကြုံဖူးသားပဲ။ သူတို့ကိုယ်တိုင် လုယက်ယူငင်ပြီး တောကြောင်တွေလက်ထဲ စွန့်ပစ်ခဲ့တော့ ဆုတ်ခွါတဲ့နောက် ဘယ်သူမှ မလိုက်နိုင်ဘူး မဟုတ်လား။ ဖက်ဆစ်စစ်တပ် အမြစ် ဖြတ်ဖို့ဆိုရင် အဲ့လိုအခြေအနေတွေလည်း မဖြစ်မနေ တွေ့ကြုံ ဖြတ်သန်းရမယ်ဆိုတာ သဘောပေါက်ထားပါတယ်။ ဆက်ဖြစ်လာမယ့် အလားအလာတွေဟာ အခုပြောသလောက် ဆိုးမလာရင်သာနေရမယ်။ အခုဖြစ်နေတာတွေထက်တော့ ဆိုးလာမှာ သေချာပါတယ်လေ။ အဲ့ဒါ အဆိုးမြင်တဲ့စိတ်ဓါတ် မဟုတ်ဘူး။ အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာ။

ကိုင်း ရန်ကုန်ပူရံ မနောရမ္မံ တဲ့။ ရန်ကုန်သူ ရန်ကုန်သားအပေါင်းတို့။ “Are you ready????” မီးလုံးဝ ပေးမယ့်သူ မရှိတာလည်း ဖြစ်သွားနိုင်တယ်။ ရေလုံးဝပေးမယ့်သူ မရှိတာလည်း ဖြစ်သွားနိုင်တယ်။ လောင်စာဆီတွေ ဝယ်လို့မရတာ၊ ဘဏ်တွေက ငွေထုတ်လို့မရတာ၊ ဖုန်းလိုင်းတွေ အကုန်ပြတ်တောက်သွားတာ၊ အရာအားလုံးရပ်တန့်သွားလို့ ဘာမှ လုပ်လို့မရတဲ့ အခြေအနေတစ်ခုကို တမဟုတ်ချင်း ရောက်သွားနိုင်တာနော်။ ယူတို့က ထင်းခွေ ရေခပ်တတ်တာလည်း မဟုတ်၊ တတ်ရင်တောင် ခွေစရာခပ်စရာ ဘယ်မှာမှ မရှိတဲ့အရပ်။ ဒီပြဿနာတွေက ရန်ကုန်မှာသာ မဖြစ်သေးတာ။ မြန်မာပြည်အနှံ့အပြား နေရာတိုင်းမှာ ကြုံတွေ့နေရတဲ့အဖြစ်တွေ။ နောက်ပြီး အနှေးနဲ့အမြန် ရန်ကုန်ကို ရောက်လာရမယ့် အဖြစ်တွေ။ အဲ့ဒါတွေအတွက် ဘယ်လိုပြင်ဆင်ထားသင့်သလဲ။ နည်းနည်းလေးတောင် မတွေးမိဘူးလား။

ယူတို့က မတွေးရင်လည်း အိုင်ကပဲ အကြံပေး သတိပေးထားပါ့မယ်။ ယနေ့ကစလို့ အရေးတော်ပုံကြီး အောင်မြင်သည့်နေ့ရက်တိုင်အောင် အကုသိုလ်ကောင် အစုအဝေးများနဲ့ ဝေးနိုင်သမျှ ဝေးအောင်နေတာ အကောင်းဆုံးပါ။ ခွေးရူးခွေးကန်းတွေ သွေးရူးသွေးတမ်း ဖြစ်တဲ့အချိန်ကျရင် သူ့အနားပတ်ချာလည် အကုန်လှည့်ကိုက်သွားမှာ မသိဘူးလား။ သင်္ကြန်ပွဲတွေ အကယ်ဒမီပွဲတွေနဲ့ လက်ဖျောက်တီးခေါ်ရင် အမြီးလေးနှန့်ပြီး လိုက်မသွားကြနဲ့။ ကောင်းကင်က မိုးကြိုးပစ်ရင် ကိုယ်ပါ စက်ကွင်းမလွတ်ဖြစ်နေမယ်။ မျက်နှာနာစရာရှိလို့ SP မလုပ်ရဲရင်တောင် အဲ့ဒီအကောင်တွေနဲ့ မပူးကြနဲ့။ မပလူးကြနဲ့။ ဝေးလေကောင်းလေ။ ကင်းအောင်နေ။ အထူအပါး နားမလည်ရင် သေတတ်တယ် သိလား။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစား။ မြို့မှာနေတာပဲဥစ္စာ။ အဲသလောက်တော့ အကင်းပါးမှာပါ။

နံပါတ် (၂) အချက်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ရှင်သန်နိုင်အောင် ကြိုးစားပါ။ alternative ways ဆိုတာကို အမြဲစဉ်းစားထား။ မီးမလာရင် ဘာလုပ်မလဲ။ ရေမလာရင် ဘာလုပ်မလဲ။ ဖုန်းလိုင်းတွေဖြတ်တောက်ထားရင် ဘာလုပ်မလဲ။ ဘဏ်က ပိုက်ဆံတွေ ထုတ်မရတော့ရင် ဘာလုပ်မလဲ။ အရာရာတိုင်းအတွက် အဖြေရှာထားရမယ်။ ဖြစ်လာမှ မလုပ်တတ်မကိုင်တတ် မဖြစ်စေနဲ့။ ဒီကိစ္စတွေက မကြုံဖူးသေးတာလည်း မဟုတ်ဘူး။ မကြာခဏ ကြုံတွေ့နေရလို့ ရိုးတောင်ရိုးသွားတော့မယ်။ ခုလောက်ဆို အဲ့ဒီအရာတွေအတွက် ကိုယ့်ဘာသာဖြေရှင်းလို့ရမယ့် အဖြေတစ်ခု ကောင်းကောင်းရှိသင့်နေပြီ။

နံပါတ် (၃) အချက်။ ကိုယ့်အသက်ဘေးအတွက် သေရေးရှင်ရေး ဖြစ်လာတဲ့အခါမှာ စစ်သားတွေလုပ်သမျှ လည်စင်းပေးပြီး အသေခံမလား။ သူတို့ကို ပြန်တိုက်ပြီး အသက်ဘေးကလွတ်မြောက်အောင် လုပ်မလား။ ဒါ ကာယကံရှင်ရဲ့ ရွေးချယ်မှုပဲ။ ဘာအတိတ်ကံတွေ ဝဋ်ကြွေးတွေမှ မပါဘူး။ ဒီကောင်တွေက ခွေးအတွေလိုပဲ။ ရမှန်းသိရင် အနိုင်ကျင့်တယ်။ ငုံ့မခံရင် အမြီးကုပ်ပြီး နောက်ထပ် အနိုင်ကျင့်လို့ရမယ့်သူ ရှာတယ်။ လူ့ဘဝမှာ သူများအနိုင်ကျင့်ပြီး လူပေါ်လူဇော်လုပ်သမျှ ဖျာအရှည်ကြီးခင်းပြီး စင်းစင်းကြီး ခံချင်သပဆိုလည်း သဘောပဲ။ အရင်တုန်းကလို ကိုယ့်မထိသ၍ မနာတတ်လို့ မဆိုင်သလိုနေလို့ မရဘူး။ အခုဟာက စစ်သားတွေ ကိုယ့်အိမ်တံခါးဝ လာခေါက်နေပြီ လို့ သဘောထား။ ဟိုမှာ ဗိုလ်အောင်ဒင်ကြီး ဘောင်းဘီချွတ်နေပြီ။ မမြဝင်း မင်း ဘာလုပ်မှာလဲ ပြော။

အမှန်ကတော့ ဒီခေတ်ဆိုး ကာလဆိုးကြီး အမြန်ပြီးဆုံးသွားစေချင်လို့ရှိရင် သူများလုပ်တာထိုင်ကြည့်ပြီး သူများကယ်တာ ထိုင်စောင့်နေလို့ မရပါဘူး။ ကိုယ်ကိုယ်တိုင် မဖြစ်မနေ ဝင်ရုန်းရပါလိမ့်မယ်။ ဝင်မရုန်းပဲ သက်သာခိုနေတဲ့သူတွေ များလို့ အခုလောက်ထိ ရှည်ကြာနေတာပါ။ ခေတ်အပျက်မှာ လုပ်ကိုင်ရှာဖွေစားသောက်လို့ ကောင်းနေတဲ့ မသမာသူတွေကြောင့်လည်း ပန်းတိုင်မရောက်သေးတာပါ။ ဒီအလုပ်က NLD နဲ့ပဲဆိုင်တဲ့အလုပ်၊ NUG နဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ်ပါဘူး။ လက်လွတ်သွားတဲ့ အာဏာကို ပြန်ရအောင်ကြိုးစားနေတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝ အသက်ရှင်သန် ကျန်ရစ်ရေးဖြစ်ပါတယ်။ ကာလရှည်လာရင် သေတဲ့အထဲ အချိန်မရွေး ကိုယ့်အလှည့်ပါသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တကိုယ်ကောင်းဆန်တယ် အတ္တကြီးတယ် ဆိုရင်တောင် ကိုယ့်အတ္တ ကိုယ့်လွတ်မြောက်ရေး၊ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်ပါဝင် အားထုတ်ဖို့ လိုအပ်ပါတယ်။ ဒီတိုက်ပွဲအောင်မြင်မှ ဆုံးရှုံးထားတဲ့ ကိုယ့်ရဲ့ လူသားအခွင့်အရေးတွေ ပြန်ရမှာပါ။ လူလိုသူလိုနေနိုင်ဖို့ ခွေးလိုကျွန်လို မနေရဖို့ ကိုယ် ဘာလုပ်သင့်သလဲဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ကြဖို့ကောင်းပါတယ်။ ကိုယ့်ကြမ္မာကို ကိုယ့်ဘာသာ မဖန်တီးရင် စစ်သားတွေက သူတို့ကိုယ်ကျိုးအတွက် ဖန်တီးယူသွားလိမ့်မယ်။ မြှောက်ပေးနေတာ မဟုတ်။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားဖို့ food for thought ပါ။

ရန်ကုန်ကလူတွေ ရေမလာ၊ မီးမလာ၊ ဒုက္ခကြီးစွာရောက်တယ်ဆိုတာ အညာမှာ ပြည်နယ်ဇနပုဒ်မှာ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့သူတွေနဲ့ ယှဉ်ရင် မပြောပလောက်ပါဘူး။ မနေ့က တစ်နေ့တည်းတင် ကန့်ဘလူမှာ ၅၀ လောက်သေတယ်။ တောင်ပိုင်းမှာ ၁၀၀ လောက်သေတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ချည့်ပဲ သေတာပါ။ လူ ၁၀၀ သေရင် လူ ၁၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ပြီး နေရပ်ကို စွန့်ခွါကြရတယ် ဆိုတာလည်း မမေ့လိုက်နဲ့ဦး။ ဒီဘက်ကလူတွေ သေမှာ မကြောက်တော့တဲ့စိတ်ဓါတ်က အလကားနေရင်း ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ စစ်တပ်ကကောင်တွေ ဘုရင့်နောင် ဖောင်ဖျက်တဲ့စိတ်ဓါတ်က နောက်ကြောင်းပြန်မလှည့်နိုင်ရုံပဲ ရှိတယ်။ ကိုယ်တို့အရပ်သားပြည်သူတွေအတွက်ကတော့ ပြန်စရာအိမ် မပြောနဲ့၊ ရပ်ရောရွာပါ မရှိကြတော့ဘူး။ ဆက်ပြီး တပ်မက်ရှင်သန်စရာ ဘဝလည်း မရှိတော့ဘူး။ ဒါကြောင့်မို့ ကိုယ်တို့အသက်တွေ သေချင်သေပါစေ။ ဒီစစ်သားတွေကိုတော့ တစ်ယောက်မှ ချန်ထားလို့ မဖြစ်ဘူး။ စစ်သားတွေနဲ့အတူ ရပ်တည်လိုသူတွေ၊ စစ်တပ်ရဲ့ လက်ကိုင်တုတ်တွေကိုလည်း ခွင့်လွှတ်ချွင်းချန်ထားစရာ ဘာအကြောင်းမှ မရှိတော့ဘူး။ ကိုယ်တို့ရဲ့အသက်တွေ ဘဝတွေကို စစ်ခွေးတွေက နင်းချေဖျက်ဆီးသွားခဲ့ပြီ။ မသေလို့ ကျန်ရုံလေးပဲကျန်နေတဲ့အသက်ကို စစ်ခွေးတွေနှိမ်နှင်းဖို့ပဲ သန္နိဌာန်ချထားလိုက်ကြတယ်။ နိဗ္ဗာန် မဂ်ဖိုလ်တွေ နေပါစေတော့။ ဒီဘဝအတွက်တော့ အသက်ချင်းကို လဲပစ်ခဲ့ဦးမှာ။

အာဃာတ အညှိုးအတေးတွေ တယ်ကြီးတာကိုး။ ဟုတ်ကဲ့။ ကြီးပါတယ်။ ခွင့်လွှတ်တယ်ဆိုတာ ကိုယ်က အထက်စီးပြန်ရောက်မှ စဉ်းစားရတဲ့အရာပါ။ သည်းခံတယ်ဆိုတာလည်း မသေမချင်း ခေါင်းငုံ့ခံရမယ် လို့ အနက်အဓိပ္ပါယ် မထွက်ပါဘူး။ မိုးတွေသည်းသည်းထန်ထန် ရွာနေတုန်းကလည်း အိုးစုတ်ဖျာစုတ်လေးတွေရွက်လို့ စစ်ရှောင် စစ်ပြေးလုပ်ရတယ်။ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းတွင်းကြီးမှာလည်း ပြာပုံနံဘေးမှာ ကိုယ့်မိသားစုကိုယ် လူစုံအောင် လိုက်ရှာရတယ်။ အခုနွေခေါင်ခေါင် ပူလောင်ခြင်းများစွာထဲမှာ လေယာဉ်တွေနဲ့ ရွာထဲလာ ဗုံးကျဲတယ်။ တစ်နှစ်လည်းမဟုတ်။ နှစ်နှစ်လည်းမဟုတ်။ ဒါ ခွင့်လွှတ်သည်းခံရမယ့်အတိုင်းအတာ မဟုတ်ဘူးဆိုတာ ကိုယ်တိုင်ကြုံဖူးသူတိုင်း သဘောပေါက်တယ်။ ဘယ်သူ့အကယ်အတင်ကိုမှ မစောင့်နိုင်ဘုး။ ဘယ်သူ့အကူအညီကိုမှလည်း အားမကိုးတော့ဘူး။ ဒီစစ်ပွဲဟာ သူမသေမချင်း ကိုယ်မသေမချင်း ပုဝါလည်းမကူ ရေလည်းမရှူ ဆက်တိုက်မှာ။ မသိသေးဘူး ထင်လို့ သိအောင်ပြောပြတာနော်။ ဟိုဘက်ကကောင်တွေကတော့ အကုန်သိပြီးသား။ သူတို့သားသမီးတွေ အကုန် နိုင်ငံခြားမှာ။ ခုချိန်ထိ တပ်ထဲမှာ လုံလုံခြုံခြုံ ရှိနေပါသေးတယ်ဆိုရင် အဲ့ဒါ မိသားစုလိုက် အကျယ်ချုပ် ကျနေတာ။ နားလည်လား။

ကြိုကြိုတင်တင် သတိပေးတာပါလေ။ ခြိမ်းခြောက်တဲ့သဘောလည်းမပါပါဘူး။ ဟိန်းဟောက်တဲ့ အဓိပ္ပါယ်လည်း မသက်ရောက်ပါဘူး။ မနှစ်တုန်းကလည်း ဒီလိုပဲ ရေချိုးခန်းထဲ ရေချိုးသလို ကိုယ်စိုကိုယ်ပက် သင်္ကြန်ရက် လုပ်ခဲ့ကြသေးတယ် မှလား။ ဒီနှစ်လည်း လူကြီးကအတင်းခိုင်းလို့ မဖြစ်မနေ သွားရရင် လက်မောင်းမှာ အမည်၊ အသက် နဲ့ သွေးအမျိုးအစားကို မင်မပျက်အောင် ရေးသွားနော်။ လာပြီ လာပြီ ဒေါ်အုန်းကြည် နဲ့တွေ့မှ တစစီလိုက်ကောက်နေရမှာစိုးလို့။ တခါတည်းပြီးသွားရင်တော်ရဲ့။ တိုးလို့တန်းလန်းကြီးနဲ့ဆို နန်းစိန်တွေလက်ထဲမှာ မသေမရှင် ဆန့်ငင်ဆန့်ငင် ဖြစ်ရဦးမယ်။ မီးတွေကပျက်တော့ ရေခဲတိုက်ကလည်း အေးမှာ မဟုတ်ဘူးနော်။ ဒီဇယ်တွေ ဝယ်မရလို့ ရေဝေးကလည်း အားလုံးပေါင်းပြီး ပန်းဝေသီလုပ်မှာ။ အမယ်ငှီး။ သေတာထက်တောင် ကြောက်ဖို့ကောင်းသေး။