ချန်ဂင်တို့စခန်း (၁၆၂)

ချမ်းအေးတဲ့ တန်ခူးလရာသီ လို့ ပြောရင် ဒီအရပ်မှာတော့ နောက်ပြောတာ မဟုတ်ဘူး။ တကယ်ပါ။ မနက်လင်းကတည်းက နေရောင်ဆိုတာ ပြောက်တောက်ကျားတားလေးပဲ မြင်ရတယ်။ တနေကုန် မိုးတွေအုံ့နေလို့ ဆိုလာတောင် အားမဝင်ဘူး။ ခွဲခန်းထဲမှာလည်း လူနာကချမ်းလို့ အဲကွန်းတောင် ပိတ်ထားပေးရတယ်။ ညနေစောင်း ရေချိုးချိန်တန်တော့လည်း အေးနေတုန်းပဲ။ ချောင်းထဲ မချိုးနိုင်ဘူး။ အိမ်မှာ ရေနွေးနဲ့ချိုးဖို့ပြင်နေဆဲ ဆေးရုံက လူနာလိုက်ခေါ်တယ်။ ကိဿဂေါတမီ မုန့်ညင်းဆီတောင်းသလိုပဲ။ ကလေးနီတာရဲလေးပိုက်ပြီး “ကျွန်တော်သားလေးကို ကြည့်ပေးပါဦး။” ဆိုတော့ ကလေးငိုသံက ပြာအက်အက်နဲ့။ သူက တက်နေတယ် လို့ ပြောပေမယ့် ကလေးက တက်နေတာတော့ မဟုတ်ဘူး။ ပါးစပ်ထဲမှာ မက်ခရုတွေဖွေးလို့။ “ဘယ်တုန်းကတက်တာလဲ။ ဘယ်ကလာပြတာလဲ။” လို့ မေးတော့မှ သူ့နောက်က ကလေးအမေကိုမြင်တယ်။ ဒါ ဝါဒ်ထဲက လူနာလေ။ မနေ့ကမှ တင်ထားတာ။ heart failure နဲ့။ ဖောလည်းဖောမောလည်းမောနေတဲ့ ကလေးအမေ။ ကလေး ၃ လသားမှာ အမေဖြစ်သူက အာဟာရချို့တဲ့ပြီး Beri Beri နဲ့ heart failure ဝင်နေတာ။ ကိုယ်ဝန်ဆောင်ကာလကတည်းက ဆေးလိပ်ရော အရက်ရော သောက်တယ်။ အခု ကလေးနို့တိုက်နေရင်း အစားကောင်းကောင်းမစားလို့ Vitamin B1 ချို့တဲ့နေတာ။

သူ့ကို မဲကုနေတာနဲ့ သူ့ကလေးကို ဂရုမစိုက်မိဘူး။ ဒီအမေနို့နဲ့ပဲ အသက်ဆက်နေရတဲ့ကလေး။ ဒီအမေလိုပဲ အာဟာရချို့တဲ့နေမှာပေါ့။ ခက်တာက မွေးကင်းစကလေးတွေမှာ ဘယ်လိုရောဂါလက္ခဏာနဲ့ ဆေးရုံကို လာတတ်သလဲ။ ကိုယ်လည်း သေသေချာချာ မမှတ်မိဘူး။ ကလေးကို ကုတင်ပေါ် သေချာချစမ်းတော့ တက်နေတာမဟုတ်ဘူး။ ဝမ်းတွေလည်းသွားထားတယ်။ နို့စို့နိုင်တယ်လည်း ပြောတယ်။ ချေးလူးသေးလူးနဲ့ ကလေးက ချမ်းလို့တုန်နေတာပါ။ အဝတ်အစားလဲပေးထား။ နို့တိုက်ထား။ ဒါ တက်နေတာ မဟုတ်ဘူး။ “တနေကုန် ဆေးရုံမှာ ဆရာဝန်တွေရှိနေတုန်းက မပြဘူး။ ဘာဖြစ်လို့ ဒီချိန်ကြီးကျမှ လာပြရသလဲ။” လို့ အော်တော့ ကလေးအမေက “ပြတာပဲ။ ဂရုမှ မစိုက်ကြတာ။” လို့ ပြန်အော်တယ်ဗျ။

ထားပါတော့လေ။ ကိုယ်တို့က သူ့အမေကို ကုရင်း “နင့်ကလေးရော ကောင်းတယ်မှလား။ နို့ကောင်းကောင်းစို့သလား။” လို့သာ မေးတာ ကလေးကို အနှီးထုပ် ဖြည်မကြည့်မိဘူး။ ဒါ ကိုယ်တို့ ပေါ့လျော့ခဲ့တာပဲ။ ဒါပေသိ လောလောဆယ်တော့ ကလေးက တက်မနေဘူး။ ကိုယ့်မလည်း ရေချိုးမယ့်တန်းလန်းကြီး။ အင်္ကျီတောင်မပါ။ “သန့်ရှင်းရေးလုပ်ပြီး နို့တိုက်ထားနှင့်။” လို့ ပြောပြီး ကမန်းကတန်း ရေဝင်ချိုးပေမယ့် စိတ်ကမဖြောင့်ဘူး။ သမားတော်ဆီ ကလေးဆရာဝန်ဆီ လှမ်းပြီး ပြထားမှ ဖြစ်မှာပါလေ လို့ အောင့်မေ့တယ်။ ရေချိုးပြီးတာနဲ့ ဆေးရုံသွားပြီး ကလေးကိုပြန်စမ်းမယ် လုပ်တော့ မရှိတော့ဘူး။ ရွာထဲသွားပြီး နတ်ပြတယ် လို့ ဘေးကုတင်က ပြောတယ်။ ဘာရမလဲ။ စိတ်တိုလို့ လူလွှတ်ပြီး အခေါ်ခိုင်းတာပေါ့။ ဒီရွာမှာ နတ်ကတော်ကလည်း ကိုယ့်လူနာပဲ။ အရင်နတ်ကတော်အဟောင်းကြီးတောင် ကိုယ့်ဆေးရုံမှာသေတာ။ ကျော်လို့မရဘူး။ ကျော်လို့မရဘူး။ ပြန်မလာရင် ကြိမ်စကြာနဲ့ ရိုက်ခေါ်မှာ။ ပြန်လာတာနဲ့ သားအမိနှစ်ယောက်လုံး အစအဆုံး ပြန်စမ်းပြီး Physician ဆီ၊ Pediatrician ဆီ on line consultation လုပ်ရပါတယ်။

လူနာများတော့ ကိုယ်တို့လည်း လွတ်သွားမှာ၊ ပေါ့လျော့သတိမထားမိမှာ စိုးတယ်လေ။ မနက်က သူ ကလေးအကြောင်း လာပြောနေတုန်းက လောလောလတ်လတ် လေဖြတ်လာတဲ့ လူနာတစ်ယောက် ရောက်လာလို့ ယောက်ယက်ကိုခတ်နေတာ။ မိုင်းစထုတ်တဲ့လူနာ ခွဲခန်းဝင်တာတောင် လူအကုန်မဝင်နိုင်ဘူး။ အပြင်မှာလည်း OPD လူနာတွေ တရုန်းရုန်း။ လွယ်မွန်က လာပြတဲ့လူနာတွေတောင် ထမင်းစားပြီးမှ ကြည့်ပေးမယ် ဆို စောင့်ခိုင်းထားရတာ။ သူလာပြတုန်းက “ကောင်းနေတယ်၊ မဖျားဘူး။ မတက်ဘူး။” ဆိုလို့ ဒီအတိုင်းပဲ စောင့်ကြည့်နေတာ။ ညနေပိုင်း ကလေးငိုသံက တမျိုးကြီးပဲဆို ပါးစပ်ကိုဖြဲကြည့်မှ မက်ခရုတွေ တွေ့တာ။ ကလေးကို ဗီဒီယိုရိုက်ပြီး ကလေးအထူးကုဆီပြဖြစ်တယ်။ လွတ်တော့ လွတ်မသွားဘူးပေါ့လေ။ တော်သေးတာပေါ့။ ဒါကြောင့် ဘာပဲလုပ်လုပ် checking, counter checking ထားတာ။ လူနာ နဲ့ ဆရာဝန်ပဲ။ စိတ်ဆိုးချင် ဆိုးလို့ရတယ်။ အော်ချင်ငေါက်ချင် အော်ငေါက်ပစ်လိုက်လို့ ရတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့အလုပ် လုပ်ရမယ့်အလုပ်ကိုတော့ အမှားအယွင်း မခံနိုင်ဘူး။ မမှားအောင် ဂရုစိုက်ရမယ်။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် ဘာ့အတွက်ပဲဖြစ်ဖြစ်။ အဲ့ဒါမှ professional ပီသတော့မပေါ့။

ဒီကလေးရဲ့ အမေက အာဟာရတင် ချို့တဲ့တာ မဟုတ်ပါဘူး။ အသိဉာဏ်လည်း လုံလုံလောက်လောက် မရှိရှာဘူး။ အရက်လည်းသောက်တယ်။ ဆေးလိပ်လည်းသောက်တယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာကို သောက်တာ။ အခု ဆေးရုံတက်နေတုန်းကို ခိုးခိုးသောက်တာ။ ဒါတွေက အခုလိုရောဂါဖြစ်စေတတ်တယ် လို့ ရှင်းပြလည်း “ဟင် ဟုတ်လား။ နို့ သိမှသိပဲကို။” လို့ ပြောချင်ပြောမယ်။ သိသိကြီးနဲ့ မဖြတ်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီအရပ်မှာက ရွှေလည်းတူးလို့မခက်ဘူး။ ကျောက်လည်း တူးလို့ မခက်ဘူး။ သစ်လည်းခုတ်လို့ မခက်ဘူး။ သို့သော် အဲ့ဒီအသိဉာဏ်ကိုတော့ ဘယ်မှာမှ သွားတူးလို့ မရဘူး။

ရွှေအောင်ရင် ကျောက်အောင်ရင် သူဌေးဖြစ်မှာလေ။ စာမေးပွဲအောင်ရုံနဲ့တော့ ခွေးပဲဖြစ်ဦးမှာ။ ဒီလိုပဲ သူတို့တွေးကြလိမ့်မယ်။ “ဆယ်တန်းအောင်ဖို့မလိုဘူး။ အလိုက်သိဖို့ပဲလိုတယ်။” ဆိုတဲ့ လောဂျစ်ကြီးကို အဟုတ်အဟပ် မှတ်နေကြတာကိုး။ ဒီဘက်က ကလေးအများစုမှာ တကယ်လည်း ဆယ်တန်းအောင်တဲ့သူ ဘွဲ့ရတဲ့သူ ရှားပါတယ်။ ပညာရေးက ထမင်းမကျွေးနိုင်သလို စိန်တူတစ်ချောင်းလောက်မှ မျှော်လင့်ချက် ရေရေရာရာ မပေးနိုင်ဘူး။ မင်းသမီးကို ရွှေ ၂ ပိဿာတင်တောင်းတဲ့ကော်ရီးက ဒီအရပ်ကဗျ။ သိန်းတစ်သောင်းဖိုးလောက် မိန်းမတင်တောင်းတာကို စာလာဖွဲ့နေတာ ရယ်ချင်စရာကြီး။ ဆယ်ဇင်းက လော်ပန်တွေဆို အသစ်တွေ့တိုင်း သိန်းငါးထောင် တင်တောင်းလာတာ အယောက် ၂၀ တောင် မက။ ဒီအရပ်က ကလေးတွေအတွက်တော့ “ရွှေရှာတာမဟုတ်ဘူး။ ငွေရှာတာ မဟုတ်ဘူး။ အချိုရှာတာပါ ကိုကိုရယ်။ အချစ်ဆိုတာ ဒါလား။ ဘီယာလိုပဲခါးတယ်နော်။” ဆိုတဲ့ မမဂျူး ဆယ်ကျော်သက်တုန်းက ကဗျာတွေက ရင်မခုန်လောက်ဘူး။

ကလေးတွေ ပညာမတတ်တော့ အဲ့သလို ရွှေအောင်တဲ့ ကျောက်အောင်တဲ့သူတွေက တော်ကောက်မြှောက်စားမယ့် ဘဝကိုပဲ အထင်တကြီး မျှော်လင့်နေမှာ စိုးရတယ်။ သူတို့မိဘတွေ ပညာမတတ်တော့ ပိုဆိုးတာပေါ့။ “သမီးရယ်။ ကြိုက်လိုက်ပါ သမီးရယ်။” ချည့်ပဲ။ ဥစ္စာဟူသည် မျက်လှည့်မျိုးကို သူတို့ သင်ခန်းစာ မယူတတ်ဘူး။ လင့်ပစ္စည်း မယားတဝက်ဆိုင်တယ်ဆိုတာ အပိုင်တွက်ထားလို့မှ မရတာ။ မင်းသမီးတွေ သူဌေးကြီးနဲ့ယူတာ တစ်သက်စာဖူလုံရဲ့လား မို့မို့မြင့်အောင်တို့ ခင်ဇာခြည်ကျော်တို့ အသိဆုံး။ နောက်ဆုံးကျတော့ ကိုယ့်ပညာနဲ့ကိုယ်ပဲ ပြန်ရပ်တည်ရတာ။ ပညာသာလျှင် ကိုယ်ပိုင်ဥစ္စာ အားကိုးရာပါလေ။

တကယ်တော့ ဒီဒေသမှာ ဘွဲ့ရ ပညာတတ်တွေလည်း ရှိကြပါတယ်။ ပထမဦးဆုံးအကြိမ် ကချင်ပြည်နယ်ကို ရောက်ဖူးတုန်းက ကိုယ့်ကိုအလည်ခေါ်တဲ့ အမျိုးသမီးကြီးက နန့်မွန်းသူ၊ မြစ်ကြီးနားတက္ကသိုလ်ဆင်း။ ရွှေတွေကျောက်တွေ မအောင်သော်လည်းပဲ ပညာရေးမှာအောင်တော့ သူ့သားတွေ နိုင်ငံရပ်ခြားမှာ ပညာရှင်အဖြစ်နဲ့ အခြေကျလို့။ ပညာတတ်တာ ကိုယ့်လက်ထက်မှာ အပင်ပျိုးဦးတော့ ကိုယ့်သားသမီးလက်ထက်ကျ အသီးတင်တာပဲ။ ရွှေတွေငွေတွေက ဆာလာအိပ်နဲ့ သွန်ချလို့ မြင်နိုင်ပေမယ့် အတွေးအခေါ် အသိဉာဏ်က မမြင်နိုင်ဘူး မဟုတ်လား။ လူလူချင်း ချိန်ခွင်ပေါ်တင်ကြည့်ရင် ပညာတတ်တဲ့ဘက်က အလေးသာပါတယ်။

နဂိုတုန်းက ရည်ရွယ်စိတ်ကူးတဲ့အထဲမှာ မပါပေမယ့် လိုအပ်ချက်အရ နောက်ထပ်တိုးပြီး ယူလာရတဲ့ တာဝန်တစ်ခု ပိုလာတာပေါ့လေ။ ကိုယ့်ဆီမှာ စာသင်ပေးစရာ ကလေး ၁၅ ယောက်လောက် စုမိနေပြီ။ စာသင်တဲ့အလုပ်တွေ ပြန်လုပ်ပေးရဦးတော့မှာပဲ။ ရန်ကုန်ကို စာအုပ်တွေ ရုပ်ပုံကားချပ်တွေ မှာထားတယ်။ ချန်ဂင်သင်ကြားရေးဆေးရုံ လို့ နံမည်ပြောင်းခေါ်ရတော့မယ် ထင်ပါရဲ့။ ရွှေပင်ငွေပင် စိန်ပင်ကျောက်ပင်တွေ စိုက်တာထက် ပညာအပင်စိုက်တာက နောက်မျိုးဆက်အတွက် ပိုပြီး အကျိုးများစေမှာပါလေ။ ပညာမတတ်ပဲ ကိုယ့်ကိုယ်ကိုယ် ဘွဲ့ပေးပြီး အတင်းအဓမ္မ အစိုးရတက်လုပ်ချင်တဲ့ စောင်ရူးတွေအုပ်ချုပ်ခံရရင် ဘယ်လောက် ဒုက္ခများသလဲဆိုတာ မြန်မာတွေလောက် သိတဲ့သူ ဒီကမ္ဘာမှာ ရှိနိုင်ပါဦးမလား။ ပြောစမ်းပါ။ အဲ့ဒါကြောင့် ငါးကောင်တို့ရေ ပညာကိုသာ တတ်အောင်သင်ကြပါဟ။ နို့မို့ အဲ့ဒီစောင်ရူးကြီးတွေ ဂျင်းထည့်သမျှ လှိမ့်ပိန့်ခံနေရတဲ့ Gen Lee ကြီးတွေဘဝကိုရောက်လိမ့်မယ်။ ဟိုမှာတွေ့လား။ ကျက်သရေအဖြာဖြာတုံးတယ်နော်။ ကြောက်စရာကြီးနော့။